ထောင်ချောက်ထဲက ထောင်ချောက်
Vol. 40 Ch. 589
စူးချင်းက မီးခွက်ကို ကိုင်လိုက်ပြီး ထိုလူ၏မျက်နှာကို ကြည့်လိုက်သည်။ ထိုမျက်နှာက သာမာန်အသွင်အပြင်သာ ဖြစ်ပြီး လူအုပ်ထဲ၌ ရောနေလျှင် မထူးမခြားဖြစ်နေကာ သတိမမှုမိနိုင်သည့် မျက်နှာမျိုးဖြစ်သည်။
ထို့နောက် စူးချင်းက ထိုလူ၏မျက်နှာကို အနီးကပ် သေသေချာချာ ကြည့်ရန် မီးခွက်ကို ထိုမျက်နှာရှေ့သို့ ထပ်တိုးလိုက်ပြီး မျက်နှာဖုံး တပ်ထားခြင်းရှိ မရှိ ရှာဖွေရန် သူ့နားရွက်နောက်ကို ထိကြည့်လိုက်သည်။ နောက်ဆုံးတွင်သူမက သူမနှင့် ရင်းနှီးသောမျက်နှာကို မြင်ရမည်ဟု တွေးလိုက်ပြီး ထိုလူ၏မျက်နှာဖုံးကို ဆွဲချွတ်လိုက်သော်လည်း ထိုသို့မဟုတ်နေပေ။
ထိုလူ၏မျက်နှာက ကြည့်ရဆိုးလှပြီး သူ့မျက်နှာပေါ်မှအရေပြားက ကောင်းသည့်နေရာ တစ်လက်မမှ မကျန်သည်အထိ လောင်ကျွမ်းနေသည်။ တစ်စုံတစ်ယောက်က သူ့မျက်နှာကို သံပူပြားဖြင့်ကပ်ထားသလို ဖြစ်နေပြီး သူ့မျက်နှာပြင်တစ်ခုလုံး မီးလောင်ဒဏ်ရာများ ဖုံးလွှမ်းထားသည်။
ဘယ်သူက သူ့ကို ဒီလို လုပ်ခဲ့တာလဲ? ဘာကြောင့် ဒီလောက်ရက်ရက်စက်စက် နှိပ်စက်ထားရတာလဲ?
စူးချင်းကလည်း သူမကိုယ်တိုင် သံမဏိကဲ့သို့ မာကျောပြီး ရက်စက်တတ်သော်လည်း ဤကြောက်စရာကောင်းလှသည့်မျက်နှာက သူမကိုပင် တုန်လှုပ်စေခဲ့သည်။
ဒဏ်ရာတွေရဲ့ အခြေအနေကို ကြည့်ရတာတော့ ဒါက ဒဏ်ရာအသစ်တွေပဲ။ သူ ဒီဒဏ်ရာတွေ ရလာတာ နှစ်လထက် မပိုနိုင်ဘူး။
ဒါက လန်ထင် ခေါ်သွားတဲ့ လှေသင်္ဘောတွေတောင် တည်ဆောက်နိုင်တယ်ဆိုတဲ့လူလား? ဒါဆို ဘယ်သူက သူ့ကို ဒီလို ဒဏ်ရာတွေရအောင် လုပ်တဲ့သူက ဘယ်သူလဲ?
စူးချင်းက ဤလူ၏အထောက်အထားကို သိရှိရန် သူ့မျက်နှာ၏ဓာတ်ပုံရိုက်လိုက်ပြီး မူလအသွင်အပြင် ပြန်ပုံဖော်ပေးရန် ရှောင်ချီကို တောင်းဆိုခဲ့သည်။
ယနေ့တွင် ရှောင်ချီလည်း အလွန်အလုပ်များနေပြီး အောက်ထပ်ရှိ လူများကို ပိတ်ဆို့ပေးရန် သူမ၏သခင်ကို ကူညီပေးခဲ့ရသည်။ ယခုလည်း သူမအတွက် တာဝန်အသစ်တစ်ခု လက်ခံရရှိလာပြန်သည်။ သို့သော် ထိုအကောင်ငယ်လေးက အလုပ်ကြိုးစားသူလေး ဖြစ်ပြီး တာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်လျှင် ပျော်ရွှင်နေတတ်သည်။
စူးချင်းက ရှောင်ချီအလုပ်လုပ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ ခုတင်ပေါ်ရှိ အမျိုးသား၏ သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ ထိုလူက အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပုံပေါ်နေပြီး အလွန်အားနည်းနေကြောင်း သူမ သိလိုက်ရသည်။ သူက အာဟာရချို့တဲ့ပြီး အသက်ကြာကြာရှည်နိုင်တော့မည်မဟုတ်ဟု သူမ ခန့်မှန်းလိုက်သည်။
ထိုလူ၏သွေးခုန်နှုန်းကို စစ်ဆေးနေရင်း သူ့၏လက်မောင်းပေါ်မှ ဒဏ်ရာဟောင်းများနှင့် အသစ်များကို စူးချင်း ထပ်တွေ့လိုက်ရသည်။ သူမက ထိုလူ၏အင်္ကျီလည်ပင်းစကိုပါ ဆွဲဖွင့်ကာ စစ်ဆေးလိုက်သည်။ သူ့၏ရင်ဘတ်တွင်လည်း သံတံဆိပ်ပြားရာများကြောင့် မီးလောင်နေသည့် ဒဏ်ရာများ ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်နေခဲ့သည်။
"သခင်၊ သူက ချင်ထျဲ"
ရှောင်ချီက ထိုလူ၏ အထောက်အထားကို စနစ်အတွင်းရှိ ကွန်ပျူတာမှတဆင့် စစ်ဆေးလိုက်ပြီး သခင်ဖြစ်သူထံ သတင်းပို့လိုက်သည်။
ထိုအချက်အလက်က စူးချင်းကို အံ့သြသွားစေခဲ့သည်။ လန်ထင်က ခေါ်သွားသူက ချင်ထျဲဖြစ်နိုင်ကြောင်း သူမ မှန်းဆထားခဲ့သော်လည်း သူ ဤမျှလောက် နှိပ်စက်ခံရထားမည်ဟုတော့ သူမ မျှော်လင့်ထားခဲ့ပေ။
အသက်ရှင်ရန် အချိန်အနည်းငယ်သာကျန်တော့သည့် ချင်ထျဲကို ကြည့်နေရင်း စူးချင်းတစ်ယောက် မျက်မှောင်ကြုတ်နေပြန်သည်။
တစ်ချိန်က သူမ သူ့ကို အရမ်းယုံကြည်လေးစားခဲ့ပေမယ့် သူက သူမရဲ့ယုံကြည်မှုကို သစ္စာဖောက်ခဲ့တယ်။
စူးချင်းက သစ္စာဖောက်ခြင်းကို အလွန်မုန်းတီးပြီး တစ်ကြိမ် သစ္စာမဲ့ဖူးလျှင် အကြိမ်တစ်ရာသစ္စာမဲ့နိုင်သည်ဟု တွေးကာ ထိုလူကို ပြန်အသုံးမပြုချင်တော့ပေ။ ယခု ဒဏ်ရာအပြင်းအထန်ရနေသည့် ချင်ထျဲကို တွေ့လိုက်ရချိန်တွက်လည်း သူမက ဒေါသထွက်နေပြီး သူမ၏အင်္ကျီလက်ကို ခါယမ်းကာ မတ်တပ်ထရပ်လိုက်သည်။
သို့သော် တံခါးဝသို့ ရောက်သွားပြီးနောက် သူမ၏ခြေလှမ်းများ ရပ်တန့်သွားပြန်သည်။
ချင်ထျဲ ဘာလို့ ဒီလိုဒဏ်ရာတွေ ရခဲ့လဲဆိုတာ သူမ သိချင်တယ်။
ပြီးတော့ လန်ထင်က သူ့ကို ဘယ်လိုရှာတွေ့သွားတာလဲ? သူ့ကို ဘယ်နေရာမှာ အသုံးချချင်လို့ ခေါ်သွားဖို့ ကြိုးစားနေတာလဲ?
လက်ရှိမှာ သူမက လူအိုကြီးတစ်ယောက်ရဲ့ပုံသဏ္ဍာန်နဲ့ဆိုတော့ ချင်ထျဲ သူမကို မှတ်မိသွားမှာ ကြောက်ဖို့ မလိုဘူး။ သူ့ဆီကနေ လန်ထင်ရဲ့အစီအစဉ်တွေကို သိရရင် ပိုကောင်းနိုင်တယ်။
ပြီးတော့ ချင်ထျဲက ဂျပန်တွေ နောက်ကို လိုက်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် သူမတို့အတွက် ဖုန်းကွယ်နေမယ့် အနာဂတ်အန္တရာယ်တွေကို မကျန်နေအောင် သူ့အသက်ကို အခု အဆုံးသတ်ပေးလိုက်တာ အကောင်းဆုံးပဲ။
ထိုအတွေးများကြောင့် စူးချင်းက အတွင်းသို့ ပြန်ဝင်လိုက်ပြီး တံခါးကို သေသေချာချာ ပြန်ပိတ်လိုက်သည်။ သူမကြောင့် ဆေးမိပြီး လဲကျနေသည့် ကင်းသမားက၏ လှေကား၏အရိပ်ထဲတွင် ရှိနေပြီး အောက်ထပ်မှ လှမ်းကြည့်လျှင်ပင် မည်သူမျှ သံသယဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် မည်သူကမျှ သူမကို နှောင့်ယှက်နိုင်တော့မည် မဟုတ်ပေ။
စူးချင်းက ချင်ထျဲ စကားပြောနိုင်စေရန် သူ၏ ခွန်အားတစ်ချို့ ပြန်ရစေဖို့ သူ့ကို ဆေးတစ်လုံး တိုက်လိုက်သည်။ ထို့နောက်မှ သူမက သူ့ကို အိပ်ဆေးအတွက် ဖြေဆေးရှူခိုင်းလိုက်သည်။
ချင်ထျဲက တဖြည်းဖြည်း ပြန်နိုးလာပြီး သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ အလင်းရောင်ဖျော့ဖျော့ကို မြင်လိုက်ချိန်တွင် သူက သူ့ခေါင်းလှည့်ရန် ခက်ခက်ခဲခဲ ကြိုးစားပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ ဗိုက်ပူပူ အဘိုးကြီးတစ်ယောက်က သူ့ကို အေးစက်စွာ ကြည့်နေကြောင်း သိလိုက်ရသည့်အတွက် ချင်ထျဲက အနည်းငယ် အံ့အားသင့်သွားပုံရသော်လည်း သူ့အမူအရာက ချက်ချင်း ဘာမှမဖြစ်သလို ဖြစ်သွားပြန်သည်။ သူက စူးချင်းထံမှ မျက်နှာပြန်လွှဲသွားပြီး သူ့လည်ထဲချောင်းမှ အက်ရှရှစကားသံများ ထွက်လာခဲ့သည်။
"မင်းတို့ရဲ့ အင်အားတွေကို ဖြုန်းတီးနေစရာ မလိုဘူး။ ငါ မင်းတို့အတွက် ဘာလက်နက်မှ လုပ်ပေးမှာ မဟုတ်ဘူး"
"မင်း သေမှာ မကြောက်ဘူးလား?"
ချင်ထျဲ၏စကားက စူးချင်းကို အံ့သြသွားစေပြီး သူက အိုမင်းသောအသံဖြင့် ပြန်မေးလိုက်သည်။
"မကြောက်ဘူး"
ချင်ထျဲ၏မျက်လုံးများက သူ့စကား လုံးဝ ခိုင်မာကြောင်း ထင်ရှားနေသည်။ သူ ရက်ပေါင်းများစွာ အစာငတ်ခံ ဆန္ဒပြနေခဲ့ပြီး သူထံတွင် စကားပြောရန် ခွန်အားမရှိတော့သော်လည်း သူ၏ဆုံးဖြတ်ချက်ကတော့ လုံးဝ မယိမ်းယိုင်သွားတော့ပေ။
“ငါ သခင်လေးကို တခါ ပြစ်မှားခဲ့ပြီပြီ။ အခု သခင်လေးနဲ့ သခင်မလေးစူးကို ထပ်ပြီး သစ္စာမဖောက်တော့ဘူး။ မင်းတို့ အိမ်မက်မက်မနေနဲ့တော့”
ချင်ထျဲ၏စကားများက စူးချင်း၏စိတ်ကို လှုပ်ခတ်သွားစေပြန်သည်။ သူမက ခဏလောက် စကားရပ်ထားပြီးမှ ထပ်ပြောလိုက်သည်။
“ငါက မင်းအတွက် ဂုဏ်ကျက်အသရေရော စည်းစိမ်ကြွယ်ဝမှုူပါ ပေးနိုင်တယ်နော်။ မင်း လိုချင်တာမှန်သမျှ ရနိုင်တယ်။ မင်းရဲ့သခင်လေးဆိုတဲ့ကောင်က မင်းကို ဒီလိုဖြစ်အောင် ရိုက်နှက်ထားပြီးပြီ၊ မင်းက သူ့အပေါ်သစ္စာရှိနေတုန်းလား? မင်းက ငတုံးပဲ၊ မင်း ဒီမှာသေသွားရင်တောင် သူ သိနိုင်မယ်လို့ ငါ မထင်ဘူး။ မင်း ငြင်းနေတာက ဘာအဓိပ္ပါယ်ရှိလို့လဲ?"
“သေခြင်းတရားက ငှက်မွေးလို ပေါ့ပါးတာမျိုးဖြစ်နိုင်သလို ထိုက်တောင်လို လေးလံတာလည်း ဖြစ်နိုင်တယ်။ ငါ ချင်ထျဲကတော့ သေရမှာကို မကြောက်ဘူး။ ငါ့အတွက် ဒီလောကမှာ ဖွက်တွယ်ထားစရာ ဘာမှ မရှိတော့ဘူး။ ဂုဏ်ကျက်အသရေနဲ့ စည်းစိမ်ကြွယ်ဝမှုူဆိုတာလည်း မတည်မြဲတဲ့ အပေါ်ယံတွေပဲ။ ငါ ဒီမှာ သေသွားမှန်း သခင်လေး မသိရင်တောင် ကိစ္စမရှိဘူး၊ အနည်းဆုံးတော့ ငါ့ဘာသာ လိပ်ပြာလုံနိုင်သေးတယ်”
ချင်ထျဲက စူးချင်းကို မထီမဲ့မြင် စိုက်ကြည့်ကာ ပြတ်ပြတ်သားသား ထပ်ပြောလိုက်သည်။
“မင်းတို့ ဝူးခို့တွေက အရိုင်းအစိုင်းတွေပဲ၊ မင်းတို့က သိုးအရေခြုံထားတဲ့ ဝံပုလွေတွေ။ ငါက ငါ့သခင်လေးကို သစ္စာဖောက်ပြီး မင်းတို့လို လူဆိုးတွေကို ကူညီမယ်လို့ မင်းတို့ ထင်နေတာလား၊ လုံးဝ မဖြစ်နိုင်ဘူး"
“ဟား ဟား၊ ပြောတာ ကောင်းတယ်၊ ဒါပေမယ့် လက်တွေ့ကရော။ မင်း သစ္စာခံပါမယ့်လို့ ကြိမ်ဆိုထာတဲ့ သခင်လေးကို မင်း ဘာလို့ သစ္စာဖောက်ခဲ့တာလဲ? တစ်ကြိမ် သစ္စာဖောက်ပြီးမှတော့ နောက်တစ်ကြိမ် သစ္စာဖောက်လို့လည်း ဘာမှ မဖြစ်သွားပါဘူးကွာ၊ မင်းကိုယ်မင်း အသံကောင်းဟစ်ပြီး မြင့်မြတ်သလို ဟန်ဆောင်မနေစမ်းပါနဲ့"
စူးချင်းက နှာမှုတ်လိုက်ပြီး ချင်ထျဲကို လှောင်ပြောင်လိုက်သည်။ သူမက ချင်ထျဲ၏ သစ္စာဖောက်မှုအပေါ် ယခုတိုင် ဒေါသထွက်နေဆဲဖြစ်သည်။
သူမတို့ရဲ့စစ်သည်တွေ အများကြီး ကျဆုံးခဲ့တာက သူ့ပယောဂကင်းလို့လား?
“ဟုတ်တယ်၊ အဲ့ဒါက လူယုတ်မာတစ်ယောက်က ငါ့ကို လှည့်စားခဲ့တာကြောင့်ပဲ၊ အဲ့ဒါကြောင့် ငါ သခင်လေးတို့ကို သစ္စာဖောက်ခဲ့မိတယ်။ ငါ့သမီးက ဝမ်ယွိလင်ရဲ့လက်ထဲမှာ ရှိနေတယ်လို့ ငါ သိခဲ့ရတယ်။ အဲ့ဒါက ငါ့အမှားပဲ။ ငါ အဲ့ဒိမြေခွေးလို ယုတ်မာတဲ့ကောင်ရဲ့စကားကို မယုံခဲ့သင့်ဘူး။ ငါက သေဖို့ ထိုက်တန်တယ်။ ငါ့ကြောင့် ကျဆုံးခဲ့ရတဲ့ စစ်သည်တွေအတွက်တော့ ငါက အပြစ်သားပဲ”
စူးချင်း၏ စကားများကို ကြားလိုက်ရချိန်တွင် ချင်ထျဲ၏မျက်လုံးများထဲမှ ဝမ်းနည်းရိပ်များ အထင်အရှား ထွက်ပေါ်လာပြီး သူက သူ့မျက်လုံးကို မှိတ်ချလိုက်ကာ မျက်ရည်များ စီးကျလာသည်။ ထိုနောက် သူက သူ့ကိုယ့်သူ အပြစ်တင်ခြင်းများ ပြည့်နှက်နေသည့် အမူအရာဖြင့် တိုးတိုးလေးရေရွတ်နေခဲ့သည်။
စူးချင်း၏မျက်လုံးများကလည်း အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ သို့သော်လည်း သူမ၏နှလုံးသားကတော့ မာကျောနေဆဲပင်။
အခြားတစ်ယောက်က သူ့ကို လှည့်စားခဲ့တယ်ဆိုရင်တောင် သူ သစ္စာဖောက်သင့်လို့လား?
စူးချင်းက ချင်ထျဲကို တမင်တာကာ ထပ်မေးလိုက်သည်။
“မင်းရဲ့ ဒီဒဏ်ရာတွေက မင်းရဲ့သခင်လေး လုပ်ထားတာလား?"
"မင်းက ဘယ်သူလဲ?"
ချင်ထျဲက အခုမှ ရုတ်တရက် သတိဝင်လာပုံရပြီး စူးချင်းကို ပြန်မေးလိုက်သည်။ သူက စူးချင်းကို ရဲရဲတင်းတင်း စိုက်ကြည့်နေကာ သူ့၏မျက်ရည်ဝဲနေသော မျက်လုံးများက သူမကို အကဲခတ်နေပုံရသည်။
“ငါက တုံးယင်ပြည်ထောင်ရဲ့ မဟာသေနာပတိ၊ ငါက မင်းကို မင်းလိုသမျှ ပေးနိုင်တယ်"
စူးချင်း၏အမူအရာက လုံးဝ အပြောင်းအလဲ မရှိဘဲ သူမက သူမ၏နောက်ခံကို ပေါ့ပေါ့တန်တန် ဖန်တီးကာ လိမ်ညာလိုက်သည်။
“ငါ့မှာ ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး”
ချင်ထျဲက သူ့မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး သေခြင်းတရားကို လုံးဝ မကြောက်ဟန်ဖြင့် စူးချင်းကို လျစ်လျူရှုလိုက်သည်။
စူးချင်းက သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးမှ သူ့ကို မသတ်တော့ဘဲ ပြန်လှည့်ထွက်လာခဲ့သည်။
ချင်ထျဲက ပိတ်သွားသည့်တံခါးကို အံ့ဩတကြီး စိုက်ကြည့်နေပြီးမှ ခါးခါးသီးသီး ပြုံးလိုက်ပြန်သည်။
သူတို့က လက်မလျှော့သေးဘူးပဲ။
ခဏအကြာတွင် ချင်ထျဲက ခုတင်ပေါ်မှ ထရန် ရုန်းကန်လိုက်ပြီး သူ့ခါးမှ ခါးပတ်ကြိုးကို ဖြည်ကာ ခုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ ထို့နောက် သူက ထိုခါးပတ်ကြိုးကို ခုတင်ခေါင်းရင်းမှ တိုင်တွင် ချည်လိုက်ပြီး သူ့ခေါင်းကို ကြိုးကွင်းထဲသို့ ထိုးထည့်လိုက်သည်။
သူ့မှာ သူ့အပြစ်တွေအတွက် ပေးဆပ်စရာဆိုလို့ သေခြင်းတရားပဲရှိတော့တယ်၊ သူ သေသွားရင် သည်းမခံနိုင်လောက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ခံရတော့မှာ မဟုတ်ဘူး။
အခန်းထဲမှ ပြန်ထွက်လာသည့် စူးချင်းကလည်း ကြမ်းပြင်၏ပြင်းပြင်းထန်ထန် တုန်ခါမှုကို ခံစားလိုက်ရပြီး နောက်ပြန်လှည့်လာခဲ့သည်။ သူမ တံခါးမှ ပြန်ဝင်လိုက်သည်နှင့် ချင်ထျဲက သူ ခါးပတ်နှင့်လုပ်ထားသည့် ကြိုးကွင်းထဲသို့ ခေါင်းထည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမက ချင်ထျဲနားသို့ အလျင်အမြန် ချဥ်းကပ်သွားပြီး ချင်ထျဲ၏ အပ်စိုက်မှတ်တစ်ခုကို နှိပ်ချလိုက်သည်။
ချင်ထျဲက စူးချင်းကို ဒေါသတကြီး စိုက်ကြည့်ကာ သူ အားအင်ရှိသလောက် အော်ဟစ်လိုက်သည်။
“ငါ စိတ်ပိုင်းဖြတ်ပြီးပြီ။ မင်းတို့ ငါ့ကို တစ်ကြိမ် တားနိုင်ရင်တောင် အကြိမ်ကြိမ်အခါခါ့တော့ တားနိုင်မှာ မဟုတ်ဘူး"
“မင်းကိုယ်ပေါ်က ဒဏ်ရာတွေ အားလုံးကို ဖြစ်စေခဲ့တဲ့သူက ဝမ်ယွိလင်လား?"
ချင်ထျဲက သူမတို့ကို သစ္စာဖောက်ရမည်ထက် အသေခံရန်လိုလားနေကြောင်း မြင်လိုက်ရသဖြင့် စူးချင်း၏ အေးစက်သောနှလုံးသားပင် တုန်လှုပ်သွားခဲ့ရသည်။ သူမက ချင်ထျဲကို အေးစက်သောလေသံဖြင့် ထပ်မေးလိုက်သည်။
"ဟုတ်တယ်၊ ဝမ်ယွိလင်က ငါ့ကို ဒီလောက် ညှဉ်းပန်းနှိပ်စက်တာတောင် ငါ အညံ့မခံနိုင်ဘူး၊ မင်းတို့လည်း မင်းတို့တက်နိုင်လောက် ကြိုးစားကြည့်နိုင်တယ်"
ချင်ထျဲက စူးချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး အလွန်ဖြောင့်မတ်သေချာဟန်ဖြင့် တုံ့ပြန်လိုက်သည်။
“ကောင်းပြီလေ၊ မဆိုးပါဘူး”
စူးချင်းက သူ့ကို ခေါင်းဆတ်ပြလိုက်သည်။
“လောလောဆယ်တော့ မင်း အသက်ဆက် ရှင်နေ။ ငါ မင်းကို ဘယ်လို ကိုင်တွယ်မယ်သင့်တယ်ဆိုတာ ငါ သိပြီ"
ချင်ထျဲက စူးချင်းကို သံသယဖြင့် လှမ်းကြည့်လိုက်ပြန်သည်။
ဒီစကားတွေက ဘာကြောင့် သခင်မလေးရဲ့လေယူလေသိမ်းနဲ့ ခပ်ဆင်ဆင်တူနေရတာလဲ??
စူးချင်းက ချင်ထျဲ၏အခန်းမှ ထွက်လာခဲ့ပြီး အောက်ထပ်မ အငြင်းအခုံကလည်း ပြီးသွားပြီဖြစ်သည်။
သူမ ရှာသောလူကို တွေ့နေပြီ ဖြစ်သောကြောင့် လန်ထင်နှင့် အခြားသူများကို ချန်ထားစရာ အကြောင်းမရှိတော့ပေ။ သို့သော် သူမက သူတို့၏လှေသင်္ဘောကိုလည်း လိုချင်နေပြီး လန်ထင်ကို လာခေါ်မည့် အချိန်နှင့် နေရာအကြောင်း အတိအကျ မသိရသေးပေ။ သို့သော် ထိုအရာက သူမအတွက် ပြဿနာမဟုတ်ဘဲ သူမထံတွင် သိနိုင်မည့် နည်းလမ်းများစွာ ရှိနေသေးသည်။
စူးချင်းက အပေါ်ထပ်တွင် ရပ်နေပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ထပ်တစ်ခုလုံး တိတ်ဆိတ်နေသော်လည်း အနက်ရောင်အရိပ်တစ်ခုက တည်းခိုဆောင်၏ ဝင်ပေါက်နားသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။ ထိုအရိပ်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးမှ တံခါးကို ဂရုတစိုက် ဖွင့်လိုက်သော်လည်း လုံးဝ တိတ်ဆိတ်နေသောကြောင့် သစ်သားတံခါးမှ ထွက်လာသည့်အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။