ပုစဉ်းရင်ကွဲကို ချောင်းမြောင်းနေတဲ့ ရှိခိုးကောင် (အပိုင်း ၂)
Vol. 40 Ch. 588
“ကျုပ်တို့အခန်းထဲမှာလည်း အင်းဆက်ပိုးကောင်တွေ ရောက်နေတယ်၊ ဒါပေမယ့် ခင်ဗျားတို့အခန်းက အကောင်တွေလောက်တော့ မများဘူး။ အဲ့ဒါတွေကို မောင်းထုတ်ပေးဖို့ ဒီကောင်လေးကို လာခေါ်တာ"
စူးချင်းက ခပ်တည်တည်ဖြင့် မျက်တောင်မခတ်ဘဲ ပြန်ဖြေလိုက်သည်။ ဤအခန်းထဲတွင် နေထိုင်သူများက အပေါ်ထပ်မှ လူများ၏ သက်တော်စောင့်များ ဖြစ်သည်ကို သူမ အတည်ပြုပြီးပြီ ဖြစ်သောကြောင့် ဤနေရာ၌ ဆက်နေရန် မလိုအပ်တော့ပေ။
"ခင်ဗျားတို့အခန်းထဲမှာလည်း ပိုးကောင်တွေ ရှိနေတာလား?"
စူးချင်း၏အခန်းထဲတွင် အင်းစက်ပိုးမွှားများ ရှိနေသည်ဟု ကြားလိုက်ရပြီး စူးချင်းကိုယ်တိုင်လည်း သူမ၏လက်နှစ်ဖက်နှင့် လည်ပင်းကို အဆက်မပြတ် ကုတ်ခြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ထိုလူပိန်၏ သံသယစိတ်များ လျော့ပါးလာသည်။
“ဟုတ်တယ်၊ ခင်ဗျားတို့လောက်တော့ မများဘူး၊ ဒါပေမယ့်လည်း အကိုက်တော့ ခံနေရတာပဲလေ”
စူးချင်းက လုံးဝ သေချာကြောင်း ထပ်အတည်ပြုပေးလိုက်သည်။ ထိုအချိန်တွင် တည်းခိုဆောင်အစေခံက ငရုတ်ကောင်းမှုန့် လက်တစ်ဆုပ်စာဖြင့် အပြေးပြန်ရောက်လာပြီး ပိုးကောင်များအပေါ် ဖြန်းချလိုက်သည်။ စူးချင်းကလည်း သူ့ဆီမှ ငရုတ်ကောင်းမှုန့်နည်းနည်းတောင်းကာ သူမ၏ အခန်းဆီသို့ ပြန်လာခဲ့သည်။
ဘေးခန်းမှလူများကတော့ လုံးဝ မအိပ်နိုင်ကြတော့ဘဲ တစ်ညလုံး ငုတ်တုတ်ကင်းစောင့်နေကြသည်။ အပေါ်ထပ်မှ ကင်းသမားဖြစ်ဟန်တူသည့် သက်တော်စောင့်က သူတို့ကို စစ်ဆေးရန် ရောက်လာခဲ့ပြီး အနက်ရောင်ပိုးကောင်များကို မြင်သွားကာ ထိတ်လန့်တကြား ပြန်ပြေးသွားတော့သည်။
သို့သော် သူ ထိုအခန်းထဲမှ ထွက်လိုက်သည်နှင့် မှုန်ဝါးဝါးအဖြူရောင်အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ ထိုအရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင်မှာပင် ထိုအရိပ်က သူ့ပေါ်သို့ အုပ်မိုးလာသည်။ သူ အနီးကပ်ကြည့်လိုက်ရာ တိရစ္ဆာန်တစ်ကောင်ကောင်နှင့် တူနေပြီး မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းထော်ထော်၊ သွားသုံးချောင်းနှင့် ခြေတံလက်တံတိုတိုလေးများကို တွေ့လိုက်ရသည်။
သူက ထိုသတ္တဝါလေးကို ဖျပ်ခနဲ ဖမ်းကိုင်ကာ မြေကြီးပေါ်သို့ ပေါက်ချမည်ဟု တွေးလိုက်သည်။ သို့သော် သူ တွေးနေရုံမျှသာရှိပြီး ဘာမှ မလုပ်နိုင်ခင်မှာပင် ထိုသတ္တဝါလေးက သူ့မျက်နှာကို ကုတ်ခြစ်လိုက်ပြီး သူ အချိန်မီ မရှောင်တိမ်းနိုင်လျှင် မျက်စိပင်ကန်းသွားနိုင်သည်။
ထို့နောက် သူ ထိုသတ္တဝါလေးကို လှမ်းဖမ်းလိုက်သော်လည်း ထိုအရိပ်က တစ်ခါမှ မပေါ်လာခဲ့သလို လုံးဝ ပျောက်ကွယ်သွားတော့သည်။
ထိုလူက ဆဲဆိုကြိမ်းမောင်းနေပြီး သူ့ပြောနေသည့်စကားက အလယ်ပိုင်းလွင်ပြင်တွင် သုံးသည့်ဘာသာစကား မဟုတ်ပေ။
ထို့နောက် သူ အပေါ်ထပ်သို့ တက်လာခဲ့ရာ လှေကားတစ်ထပ် ပျောက်နေပြီး လှေကားအောက်သို့ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် သူ့ခေါင်းထဲသို့ အတွေးတချို့ဝင်လာပြီး သူ ကြောက်လန့်လာပြီ ဖြစ်သည်။
သူ နေ့တိုင်းနေ့တိုင်း ဒီလှေကားထစ်ကနေ အတက်အဆင်း လုပ်နေတာ အဆင်ပြေနေတာပဲ မဟုတ်လား? ဒီနေ့မှ ဘာလို့ သူ့ခြေထောက်အောက်က လှေကားထစ်က ချက်ချင်း ပျောက်သွားရတာလဲ?
ထိုလူက လှေကားပေါ်မှ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီး သူ့မေးရိုးတစ်ခုခု ဖြစ်သွားပုံရကာ သူ့ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။ လူပိန်က ယားယံမှုကို သည်းခံပြီး သူ့ကို ကူညီပေးရန် ချက်ချင်း ရောက်လာခဲ့သည်။ သို့သော် သူက လှေကားထစ်ကို အရင်စစ်ဆေးလိုက်သည်။ လှေကားထစ်က ကျိုးနေသော်လည်း ဓား (သို့မဟုတ်) အခြားအရာတစ်ခုခုနှင့် ဖြတ်တောက်ထားသည့် အရာမျိူး မရှိပေ။ လူများက တမင်ဖန်တီးထားခြင်းမဟုတ်ဘဲ လူ၏အလေးချိန်ကို မခံနိုင်သောကြောင့် မတော်တဆ ကျိုးသွားသည်ဟုသာ ကောက်ချက်ချနိုင်သည်။
"တောက်၊ ငါ ဘာလို့ ဒီလောက်ကံဆိုးနေရတာလဲကွ"
"ဘာဖြစ်တာလဲ?"
အပေါ်ထပ်က အခန်းထဲမှ လူနှစ်ယောက် ထွက်လာပြီး တံခါးဝတွင် ရပ်ကာ သူတို့ကို လှမ်းမေးလိုက်သည်။
“လှေကားကျိုးကျတာပါ”
ကင်းသမားက သူ့ခန္ဓာကိုယ်ကို အလျင်အမြန် ပြန်မတ်လိုက်ပြီး သူ့မေးစေ့မှ စူးရှနာကျင်မှုကို သည်းခံကာ ပြန်ဖြေလိုက်သည်။ သူ့၏ အပြုအမူက အလယ်ပိုင်းလွင်ပြင်မှလူများနှင့် လုံးဝမတူပေ။ တည်းခိုဆောင်အစေခံကပင် မျက်လုံးများ ပြူးကျယ်လာပြီး သူတို့ကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။
"မြန်မြန် တက်လာခဲ့"
အပေါ်ထပ်ကလူက အမှောင်ထဲတွင် ရပ်နေရင်း ခပ်မာမာ အမိန့်ပေးလိုက်ရာ ထိုသက်တော်စောင့်ကလည်း အပေါ်ထပ်သို့ အမြန်တက်သွားတော့သည်။
တည်းခိုဆောင်အစေခံက သူ့၏ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ထိုလူပြောလိုက်သည့်စကားကို မကြားချင်ယောင်ဆောင်ပြီး လှည့်ထွက်သွားသည်။
"မင်း ဘာကြားလိုက်သေးလဲ"
လူပိန်က သမ်းဝေရင်း ထွက်သွားသည့် တည်းခိုဆောင်အစေခံကို တားဆီးကာ မေးမြန်းလိုက်သည်။
"ဧည့်သည်တော်ကြီး၊ ကျွန်တော် ဧည့်သည်တော်ကြီးတို့အတွက် ပိုးကောင်တွေ ဖယ်ရှားပေးပြီးပါပြီ၊ ပြီးတော့ ကျွန်တော် အရမ်းအိပ်ချင်နေပြီ၊ သွားအိပ်ပါရစေတော့"
လူပိန်က တည်းခိုဆောင်အစေခံကို စိုက်ကြည့်နေသည်။ တည်းခိုဆောင်အစေခံကတော့ သူ သမ်းဝေရင်း ငရုတ်ကောင်းကိုင်ထားသည့်လက်ဖြင့် သူ့ပါးစပ်ကို အုပ်လိုက်မိသောကြောင့် နှာချေလာပြန်သည်။ ထို့ကြောင့် နောက်ဆုံးတွင် လူပိန်က သူ့ကို လွှတ်ပေးလိုက်သည်။
သို့သော် သူက တည်းခိုဆောင်အစေခံကို စောင့်ကြည့်ရန် သူ့လူတစ်ယောက် ချက်ချင်း စေလွှတ်လိုက်သည်။ ထိုကောင်လေး ဤတည်းခိုခန်းမှ ထွက်သွားပါက ကရုဏာမဲ့စွာ သတ်ဖြတ်ခံရမည်ဖြစ်သည်။
အပေါ်ထပ်မှလူများကလည်း နောက်သို့ ပြန်လှည့်ပြီး သူတို့အခန်းထဲသို့ ပြန်ဝင်လိုက်ကြသည်။ သို့သော် သူတို့ တံခါးကို ပိတ်လိုက်ချိန်တွင် အခန်းထဲ၌ သူစိမ်းတစ်ယောက်ရှိနေသလို ခံစားလိုက်ကြရသည်။ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရပြီး အော်ရန် ပြင်လိုက်ချိန်မှာပင် ထူးဆန်းသောအနံ့တစ်ခု ရလိုက်ပြန်သည်။
စူးချင်းက အခန်းအတွင်းရှိ ရေနံဆီမီးခွက်ကို မီးထွန်းညှိကာ ထိုလူနှစ်ဦးကို စစ်ဆေးရန် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။
သူတို့က လူ့အရေခွံမျက်နှာဖုံးများ ဝတ်ဆင်ထားကြပြီး စူးချင်းက ၎င်းတို့ကို ဆွဲဖယ်ကာ သူတို့၏မျက်နှာကို ကြည့်ပြီးမှ ဖြည်းဖြည်းချင်း ပြုံးနေလေသည်။
တစ်ယောက်က သံတမန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမ မမှတ်မိသည့် ဂျပန်လူမျိုးတစ်ယောက် ဖြစ်သည်။
စူးချင်းက သူတို့နှစ်ယောက်၏ခန္ဓာကိုယ်ကို ရှာဖွေခဲ့ပြီး သူတို့၏အထောက်အထား စာရွက်စာတမ်းများကို ရှာတွေ့သွားသည်။ သူတို့က လှေဖြင့် ကုန်ကူးသည့် ကုန်သည်များအဖြစ် စာရင်းသွင်းထားကြသည်။ သံတမန်၏အထောက်အထားကိုတော့ သမင်သားရေအိတ်ထဲတွင် သိမ်းထားပြီး စူးချင်းက ထိုအရာကို သိမ်းဆည်လိုက်သည်။ ထိုနောက် သူမက သူတို့နှစ်ယောက် မလှုပ်နိုင်အောင် အကြောပိတ်ပြီးမှ ကြိုးချည်ကာ ကုတင်ပေါ်သို့ ပြန်တင်ထားလိုက်သည်။
ထိုနောက် သူမ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တပြိုင်နက်မှာပင် အောက်ထပ်မှ တံခါးသံတစ်ခု ထွက်ပေါ်လာသည်။ ကင်းတာဝန်ကျသည့် သက်တော်စောင့်က အောက်ထပ်သို့ ကမန်းကတန်း လှမ်းကြည့်လိုက်ချိန်တွင် စူးချင်းက ထိုအခွင့်အရေးကို အသုံးချကာ အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ ထို့နောက် သူမက ထိုလူ၏နောက်မှ ဖြတ်ကျော်သွားပြီး ရှောင်ချီလည်း ထွက်ပေါ်လာခဲ့သည်။
ရှောင်ချီ၏ရုတ်တရက် ထွက်ပေါ်လာမှုက ထိုလူကို ထိတ်လန့်သွားစေခဲ့သည်။ သူက သူ့ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ ရှောင်ချီကို လှမ်းခုတ်လိုက်သည်။
ရှောင်ချီက တုံးအအချစ်စဖွယ်လေး ဖြစ်နေသော်လည်း သူမ၏လှုပ်ရှားမှုကတော့ အလွန် လျင်မြန်လှသည်။ သူမက ထိုလူ၏ခေါင်းပေါ်သို့ ခုန်တက်ကာ သူ့၏မျက်လုံးများကို သူမ၏ ခြေသည်းတိုလေးနှစ်ချောင်းဖြင့် လှမ်းကုတ်လိုက်သည်။ ထိုလူက အလွန်ကြောက်လန့်သွားပြီး သူမကို ဖမ်းဆွဲလိုက်သော်လည်း ရှောင်ချီက သူ့ပုခုံးပေါ်မှ ခုန်ဆင်းသွားရင်း သူ့ကို အောက်ထပ်ကို ကန်ချလိုက်သည်။
လူပိန်နှင့် အခြားသူများကလည်း သူတို့၏အဖွဲ့သား တစ္ဆေနှင့်တူသော အဖြူရောင်သတ္တဝါနှင့် တိုက်ခိုက်နေသည်ကို မြင်သွားပြီး ကူညီရန် ပြေးလာကြသည်။ တည်းခိုဆောင် အစေခံကလည်း သူ့တံခါးကို ဖွင့်ကာ ထွက်လာပြီး ထိုအချိန်တွင် ကျုံးယုံနှင့် ရှောင်တင်းတို့က ဆဲဆိုရင်း အပြင်မှ ပြန်ဝင်လာကြသည်။
ရှောင်ချီက ထိုအရှုပ်အထွေးကို အခွင့်ကောင်းယူကာ အောက်သို့ ခုန်ဆင်းပြီး တံခါးအပြင်သို့ ပြေးထွက်သွားသည်။ ကျုံးယုံက သူမကို မြင်သွားပြီး ခဏလောက် မှင်သက်နေသေးသည်။ ထို့နောက် သူက ပြန်သတိဝင်လာကာ ရှောင်ချီနောက်သို့ ပြေးလိုက်ရန် ပြင်လိုက်သည်။ သို့သော် ရှောင်တင်းက သူ့ကို ဖမ်းဆွဲထားလိုက်သည်။
"ငါ သူ့ကို သွားသတ်မယ်"
ရှောင်ချီကြောင့် နှစ်ကြိမ်တိုင်တိုင် နာကျင်ခဲ့ရသည့်ကင်းသမားကတော့ အလွန်အကျွံဒေါသထွက်နေဟန်ဖြင့် အော်ဟစ်နေကာ သူမနောက်သို့ ပြေးလိုက်သွားသည်။ သို့သော် လူပိန်ကလည်း သူ့ကို ပြန်ဆွဲထားပြန်သည်။
“မလိုက်နဲ့တော့”
လူပိန်က တည်းခိုဆောင်အစေခံဘက်သို့ လှည့်လိုက်ပြီး သည်းမခံနိုင်တော့ဟန် မျက်နှာမည်းကြီးဖြင့် အော်မေးလိုက်သည်။
"ကောင်လေး၊ ဒါက ဘာတွေ ဖြစ်နေတာလဲ?"
"ကျွန်တော် မသိဘူး။ ကျွန်တော်တောင် ကြောက်လွန်းလို့ သေတော့မယ်။ ဒါကြီးက တစ္ဆေကြီးလား?"
တည်းခိုဆောင်အစေခံက မျက်နှာက သူ အလွန်ထိတ်လန့်နေမှန်း သိသာနေသည်။
သူတို့ဆိုင်မှာ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒီက သတ္တဝါလေးဆိုပေမယ့် ချက်ချင်းပေါ်ပြီး ချက်ချင်းပျောက်သွားတာက အရမ်းကြောက်စရာကောင်းတယ်။
ကျုံးယုံနှင့် ကိုယ်ရံတော်ရှောင်တင်းတို့ဘက်တွင်လည်း ရှောင်တင်းက အံ့သြတကြီး အော်ဟစ်လိုက်သည်။
“ငါ ဒါကို အရင်က ကြားဖူးတယ်။ ဒါက ကံမကောင်းသူတွေကို နှောက်ယှက်တတ်တဲ့ မှင်စာလေးပဲ၊ သူ ပေါ်လာပြီး တိုက်ခိုက်တာနဲ့ အဲ့ဒီအတိုက်ခံရတဲ့လူက သေရဖို့ သေချာနေပြီ”
လူပိန်နှင့် ကင်းသမား၏အမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။ သူတို့ ရှောင်တင်း၏စကားကို မယုံချင်ကြသော်လည်း ထိုအရိပ်သတ္တဝါလေး၏အသွင်အပြင်က ထူးဆန်းနေသည်။ အထူးသဖြင့် ရှောင်ချီက လူတို့ပင် အောက်ထပ်သို့ ကန်ထုတ်နိုင်သောကြောင့် သူတို့၏မျက်လုံးများထဲတွင် ကြောက်လန့်နေသည့်အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာခဲ့သည်။
ထို့အပြင် ကင်းသမားက သူ့ကိုယ်သူ သိုင်းပညာ ကျွမ်းကျင်သည်ဟု ထင်ထားခဲ့သော်လည်း ထိုအရာကို ထိပင်မထိနိုင်လောက်အောင် ချော်ထွက်သွားခဲ့သည်။ သူ ထိုအရာကို မဖမ်းနိုင်သည့်အပြင် ထိုအရာ၏ပတ်ဝန်းကျင်တွင်လည်း အပူချိန်လျော့ကျနေပြီး ရေခဲကဲ့သို့ အေးစက်နေသလို သူ ခံစားခဲ့ရသည်။ ထို့ကြောင့် သူက အတွေးဖြင့်ပင် ကြောက်လန့်နေပြီ ဖြစ်သည်။
လူပိန်ကတော့ တည်းခိုဆောင်အစေခံကို ထပ်စိုက်ကြည့်နေပြန်သည်။ ဤအခိုက်အတန့်တွင် ဤတည်းခိုဆောင်က တစ်ခုခု လှည့်စားနေသည်ဟု သူ သတ်မှတ်ထားပြီး အများကြီး စိတ်ပူနေခြင်း မရှိပေ။
ရလဒ်အနေဖြင့် တည်းခိုဆောင်အစေခံလည်း ကြောက်ရွံ့တုန်လှုပ်နေသည်ကို သူ တွေ့လိုက်ရပြီး ထိုလူငယ်က ဤအရာလေးကို တစ်ခါမှ မမြင်ဖူးခဲ့ကြောင်း သူ သိလိုက်ရပြန်သည်။
ဒါဆို သူတို့ မသန့်ရှင်းတဲ့အရာ တစ်ခုခုကို ထိမိခဲ့တာ ဖြစ်နိုင်လား?
အပေါ်ထပ်တွင်မှု စူးချင်းက အပေါ်ထပ်မှ နောက်ထပ်အခန်းတစ်ခန်းကို ဆွဲဖွင့်လိုက်ပြီး အခန်းထဲမှာ မစင်နှင့် ဆီးနံ့များ လှိုင်ထွက်လာသည်။ ခုတင်ပေါ်တွင် လူတစ်ယောက် လဲလျောင်းနေပြီး တစ်စုံတစ်ယောက် ဝင်လာသည်ကို မြင်လိုက်သည်နှင့် ခပ်ထန်ထန် လှမ်းမေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ? ဘာလို့ ဒီလောက်ဆူညံနေတာတုန်း?"
ဒီအသံက.... သူမလား?
စူးချင်းက ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံနေလိုက်သည်။ ထို့နောက် သူမက အိပ်ယာဘေးသို့ လျှောက်သွားပြီး လန်ထင်၏မျက်နှာပေါ်သို့ ဆေးမှုန့်အနည်းငယ် ဖြူးချလိုက်သည်။
သူမက ကုတင်ပေါ်ကနေ မထနိုင်တာတောင် သူများကို ရန်စချင်နေသေးတယ်။
သို့သော် သူမ၏အဓိကပစ်မှတ်က လန်ထင် မဟုတ်ဘဲ ဆက်ရှာရန် အခန်းတစ်ခန်း ကျန်နေသေးသောကြောင့် စူးချင်းက လန်ထင်၏အခန်းထဲမှ ပြန်ထွက်ကာ နောက်တစ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ကင်းသမားက အပေါ်ထပ်ကို ပြန်တက်လာပြီ ဖြစ်ကာ သူ့၏ခြေသံက အလွန်သတိထားနေမှန်း သိသာနေသည်။
သူ ထပ်ပြုတ်ကျမှာကို ကြောက်နေတယ်ထင်ပါရဲ့။
စူးချင်းက နောက်ထပ်အခန်း၏တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုနေရာတွင်လည်း လူတစ်ယောက်က ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူမ ဝင်လာသည့်တိုင် မလှုပ်မယှက်ဖြစ်နေကာ အိပ်ပျော်နေပုံရသည်။
စူးချင်းက လုံးဝ ဘေးကင်းစေရန် ဆေးမှုန့်အနည်းငယ် ဖြန်းပြီးမှ အခန်းတွင်းရှိ ရေနံဆီမီးခွက်ကို မီးထွန်းလိုက်သည်။
ထို့နောက် သူမက မီးခွက်ကို ကိုင်ကာ ခုတင်ဆီသို့ လျှောက်သွားလိုက်သည်။ အခန်းအပြင်တွင် စောင့်ရသည့်ကင်းသမားက ပြန်ရောက်လာပြီး အပေါ်ထပ်မှ အခန်းတံခါးကို ခေါက်လိုက်သော်လည်း အခန်းထဲမှ တုံ့ပြန်မှုမရှိသဖြင့် သံသယဖြစ်လာသည်။
“သခင်ကြီး၊ သခင်ကြီး”
ထိုလူက သူတို၏ဘာသာစကားဖြင့် အခန်းထဲကို လှမ်းခေါ်လိုက်ပြီး စူးချင်းက အေးအေးဆေးဆေး တံခါးဖွင့်ပေးလိုက်သည်။ ထိုကင်းသမားက ခြေသံကြောင့် စူးချင်းကို လှမ်းကြည့်လိုက်သည်။ သို့သော် သူ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် ဆေးမိပြီး လဲကျသွားရသည်။
အောက်ထပ်တွင် ကျုံးယုံနှင့် ရှောင်တင်းတို့က လူပိန်ကို ခြောက်လန့်နေကြဆဲဖြစ်သည်။ သူတို့က စူးချင်းအတွက် ထိုလူကို အချိန်ဆွဲပေးထားခြင်းပင်။ စူးချင်းက အခန်းထဲသို့ ပြန်ဝင်လိုက်ပြီး ခုတင်ဘေးသို့ ပြန်သွားကာ မီးခွက်ကို ယူလိုက်ပြီး အလင်းရောင်၏အကူအညီဖြင့် ခုတင်ပေါ်မှ လူ၏မျက်နှာကို ကြည့်လိုက်သည်။