ပုစဉ်းရင်ကွဲကို ချောင်းမြောင်းနေတဲ့ ရှိခိုးကောင်
Vol. 40 Ch. 587
အပေါ်ထပ်မှ လူတစ်ယောက်က ထိုလူပိန်၏အမူအရာကို လှမ်းကြည့်လိုက်ပြီး ခေါင်းပြန်ညိတ်ပြလိုက်သည်။ ထို့နောက် သူက စင်္ကြံအဆုံးရှိ အဆင့်မြင့်အခန်းတစ်ခုဆီသို့ လျှောက်သွားကာ တံခါးကို ညင်သာစွာ ခေါက်လိုက်ပြီး အခန်းထဲသို့ မဝင်ခင် ခဏမျှ စောင့်နေခဲ့သည်။
"ဒါတွေကို ပြန်ယူသွားတော့"
ထိုလူပိန် ထွက်သွားပြီးနောက် စူးချင်းက စားပွဲပေါ်ရှိ ပန်းကန်လုံးကြီးများနှင့် ပန်းကန်များကို ညွှန်ပြကာ တည်းခိုဆောင်အစေခံကို အမိန့်ပေးသည်။ စူးချင်းက ထိုအစားအသောက်များနှင့် ပတ်သတ်၍ မေးခွန်းထုတ်မည့်ဟန် မပေါ်သောကြောင့် တည်းခိုဆောင်အစေခံက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ တည်းခိုဆောင်ပိုင်ရှင်က ပို၍ လိမ္မာပါးနပ်သူ ဖြစ်ပြီး သူ့မျက်နှာတွင် အပြုံးတစ်ခု ဖော်ပြထားကာ ဘာမှမဖြစ်ခဲ့သည့်အမူအရာဖြင့် စူးချင်းတို့ကို လက်ခုပ်အုပ်နှုတ်ဆက်လိုက်သည်။
“ဒါဆိုလည်း အနားယူလိုက်ကြပါဦး။ ဧည်သည်တော်ကြီးတို့ ပင်ပန်းလာတယ်ဆိုတော့ စောစောအိပ်ကြပါ"
“အမ်း”
စူးချင်းက အနည်းငယ် ခေါင်းဆတ်ပြလိုက်ပြီး အသံတိမ်တိမ်ဖြင့် တုံ့ပြန်လိုက်သည်။ တည်းခိုဆောင်ပိုင်ရှင်နှင့် အစေခံတို့၏ မျက်လုံးများထဲတွင် စိတ်မသက်မသာမှုများသာ ရှိနေပြီး ထိုပိန်သေးသေးလူ၏မျက်လုံးများကတော့ စူးစမ်းမှုနှင့် တွက်ချက်မှုများ ပြည့်နှက်နေသည်ကို စူးချင်း အကဲခတ်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုပိန်သေးသေးလူက ဆေးခပ်သူ ဖြစ်နိုင်ကြောင်း သူမ ကောက်ချက်ချလိုက်သည်။
စူးချင်းက တည်းခိုဆောင်ပိုင်ရှင် ပြန်ထွက်သွားသည်ကို စောင့်ကြည့်နေပြီးမှ စားပွဲရှင်းနေသော အစေခံကို ခပ်တိုးတိုးအသံဖြင့် လှမ်းမေးလိုက်သည်။
“အခု လာပို့လိုက်တဲ့ စားစရာတွေကို ဘယ်သူ ထိလိုက်သေးလဲ?”
"ဟမ်? မဟုတ်… ကျွန်တော် မလုပ်ရဲ...”
စူးချင်းက ထိုကိစ္စအား တူးထုတ်တော့မည်ဟု ထင်သွားသည့် အစေခံက အလွန်ကြောက်လန့်ကာ ကယောင်ကတမ်း ဖြစ်နေရှာသည်။
"မင်း မဟုတ်မှန်း ငါ သိတယ်"
စူးချင်းက သူစိတ်အေးသွားစေရန် သူ့စကားကို ဖြတ်ပြောလိုက်သည်။ စူးချင်းက သူ့ကို အပြစ်မတင်တော့မှန် သိသွားချိန်တွင်တော့ အစေခံက မကြောက်တော့ဘဲ သူ့အသံကို အတိုးဆုံးအထိ လျှော့ချပြီးမှ ပြန်ဖြေလိုက်သည်။
“ခုနက စားစရာတွေ ယူလာတဲ့အချိန်မှာ အဲ့ဒီလူက ကျွန်တော်လက်ထဲက ဗန်းကို လုယူသွားခဲ့တယ်”
စူးချင်းက သူမ၏ ခန့်မှန်းချက်ကို အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း၊ မင်း အခု ထွက်သွားလို့ ရပြီ"
အစေခံထွက်သွားပြီးနောက် ကျုံးယုံနှင့် ရှောင်တင်းတို့က စူးချင်းရှေ့သို့တိုးလာကြသည်။
"ဆရာ၊ ကျွန်တော် သူတို့ သေတဲ့အထိ သွားရိုက်ပစ်မယ်"
ကျုံးယုံက ထိုလူပိန်ကြီးကို မုန်းတီးနေပြီး ထိုလူကို့ သူ့၏သံတူဖြင့် ရိုက်သတ်ရန် စိတ်အားထက်သန်နေသည်။
"အခု မလိုသေးဘူး၊ အပြင်ရောက်တဲ့အချိန်မှ သူတို့ကို မင်းအကြောင်းပြောပါလိုက်၊ ပြီးတော့.....”
စူးချင်းက ကျုံးယုံနှင့် သက်တော်စောင့်ရှောင်တင်းကို နှုတ်ခမ်းလှုပ်ရုံ အသံတိုးတိုးဖြင့် ညွှန်ကြားချက်ပေးလိုက်သည်။
အခုတော့ လေးယောက်လုံး အခန်းထဲမှာ စုနေလို့ မဖြစ်တော့ဘူး၊ သူတို့ဘက်က တစ်ခုခု ထပ်လုပ်ရင် ဘယ်လိုလုပ်ကြမလဲ?
“ဟုတ်ကဲ့ပါ ဆရာ”
ကျုံးယုံက စူးချင်း၏အမိန့်တိုင်းကို ခြွင်းချက်မရှိ နာခံနေလေ့ရှိပြီး သက်တော်စောင့်ရှောင်တင်းကတော့ ထည့်ပြောရန်ပင် မလိုတော့ပေ။ နှစ်ယောက်သား အပြင်ထွက်သွားကြပြီး ဘေးအိမ်မှ လူပိန်ကလည်း သူတို့ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
"လာပါကွာ၊ ခရီး အရှည်ကြီး ထွက်လာရတာ အရမ်းပင်ပန်းနေပြီ။ မိန်းမလှလေးတွေနဲ့ သွားပျော်ကြမယ်"
ကျုံးယုံက သက်တော်စောင့်ရှောင်တင်း၏ပခုံးကို ပွေ့ဖက်ကာ လက်တစ်ဖက် တင်ပြီး ကျယ်လောင်သော အသံဖြင့် ဆွဲခေါ်နေသည်။
"ဟုတ်တယ်။ ဘုန်းကြီးလို နေနေရတာ လဝက်လောက်ရှိနေပြီ"
ရှောင်တင်းကလည်း ကောင်းကောင်း ပူးပေါင်းနိုင်ပြီး စိတ်လှုပ်ရှားဟန်ဖြင့် သူ့လက်ဝါးနှစ်ဖက်ကို ပွတ်ကာ ကျုံးယုံကို စပ်ဖြဲဖြဲ ပြန်ပြောလိုက်သည်။
“ခဏနေဦး၊ လောင်းကစားအိမ်ရှိ မရှိ အရင်မေးကြမယ်။ ပိုက်ဆံနည်းနည်းလောက် ရှာနိုင်ရင် ပိုကောင်းတာပေါ့ကွ"
လူပိန်က သူ့အခန်းထဲရှိ လူနှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး ကျုံးယုံနှင့် ရှောင်တင်းတို့နောက်သို့ လိုက်သွားရန် အချက်ပြလိုက်သည်။
ကျုံးယုံနှင့် ရှောင်တင်းတို့က အရှေ့ဘက်ကို ထွက်သွားပြီး တည်းခိုဆောင်ပိုင်ရှင်၏ ကောင်တာရှေ့တွင်ရပ်ကာ လောင်းကစားအိမ်နှင့် မိန်းကလေးများ ရှိနိုင်မည့်နေရာကို မေးမြန်းနေကြသည်။
အခြားလူနှစ်ယောက်ကလည်း သူတို့နောက်သို့ ရောက်လာပြီး သူတို့၏စကားဝိုင်းကို ဂရုတစိုက် နားထောင်နေကြသည်။ ကျုံးယုံနှင့် ရှောင်တင်းတို့ ထွက်သွားတော့မည်ကို မြင်လိုက်ချိန်တွင် ထိုနှစ်ယောက်ကလည်း နောက်မှ လိုက်သွားရန် ပြင်လိုက်ကြသည်။ သို့သော် စူးချင်းက အခန်းထဲမှ ထွက်လာပြီး သူတို့နှစ်ယောက်ကို တားဆီးလိုက်သည်။
"ညီငယ်လေးနှစ်ယောက်၊ အိပ်ယာခင်းတွေ ဝယ်လို့ရမယ့် နေရာကို သိလား?"
"ဟင့်အင်း၊ မသိဘူး"
နှစ်ယောက်သား စူးချင်းကို စိတ်မရှည်စွာ စိုက်ကြည့်လိုက်ကြပြီး ကျော်ဖြတ်သွားချင်သော်လည်း သူမ ထပ်တားနေပြန်သည်။
"ဒါက ဘယ်လိုတောင် မောက်မာတာလဲ? ဘာလဲ? ငါက အသက်ကြီးတဲ့လူလေ၊ မင်းတို့ဘက်က နည်းနည်းတော့ လေးစားသမှု ရှိသင့်တာပေါ့၊ မင်းတို့ရဲ့အိမ်မှာ ဆိုရင် မင်းတို့ရဲ့အဖေတွေ ဒီလိုမျိုး ဆက်ဆံရဲလို့လား?"
ထိုလူနှစ်ယောက်ကလည်း ကျုံးယုံနှင့် ရှောင်တင်းတို့ ထွက်ခွာသွားသည်ကို လိုက်ကြည့်နေပြီး အလျင်လိုစိတ်၊ ဒေါသစိတ်တို့ဖြင့် စူးချင်းကို လက်သီးဖြင့် ထိုးရန် လက်မြှောက်လိုက်ကြသည်။
"ဖယ်စမ်း၊ ကြာလာရင် ငါ မင်းကို ထိုးမိတော့မယ်!"
“သူဌေး၊ အာဏာပိုင်တွေကို သတင်းပို့ပေးပါဦး၊ ဒီနှစ်ယောက်က အသက်ကြီးတဲ့ ဒီလူအိုကြီးကို အနိုင်ကျင့်နေကြတယ်”
စူးချင်းက သူတို့ကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားပြီး တည်းခိုဆောင်ပိုင်ရှင်ကို လှမ်းအော်ပြောလိုက်သည်။
ထိုလူပိန်ကလည်း အဖြစ်အပျက်ကို သတိပြုမိသွားပြီး အပြေးအလွှား ရောက်လာတော့သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျုပ်ရဲ့အစေခံနှစ်ယောက်က မသိနားမလည်လို့ ခင်ဗျားကို စော်ကားမိသလို ဖြစ်သွားတာပါ၊ ကျုပ်ကပဲ တောင်းပန်ပါတယ်"
တောင်းပန်ခံလိုက်ရပြီးနောက် စူးချင်းက ထိုနှစ်ယောက်ကို လွှတ်ပေးလိုက်သည်။ သို့သော် သူမက သူတို့နှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်ကာ ထပ်ပြောလိုက်သေးသည်။
"ဒီနေ့ မင်းတို့ရဲ့သခင်ကြောင့် ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်"
"ခင်ဗျားက အိပ်ယာခင်း ဝယ်ချင်တာလား? ဝယ်နိုင်မယ့်နေရာကို ကျုပ် သိတယ်။ ကျုပ် မင်းကို ခေါ်သွားပေးမယ်လေ"
လူပိန်က စူးချင်းကို ကူညီပေးရန် စိတ်အားထက်သန်နေပုံဖြင့် ဖမ်းဆွဲထားကာ သူ့လူနှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး ကျုံးယုံတို့ နောက်သို့ လိုက်သွားရန် ထပ်အချက်ပြလိုက်သည်။
"ကျေးဇူးပဲကွာ၊ ကျုပ်ရဲ့သားနှစ်ယောက်ကတော့ တကယ့်ကို နာခံမှု မရှိကြဘူး။ အိပ်ယာ ဝယ်ဖို့ ပိုက်ဆံပေးလိုက်တာကို ပိုက်ဆံရတာနဲ့ အပျော်ရှာဖို့ ထွက်သွားကြတယ်၊ ဟူး ကျုပ် ဘယ်လိုအပြစ်မျိုးတွေ ကျူးလွန်ခဲ့မိပါလိမ့်”
စူးချင်းက မိမိ၏ကံကြမ္မာအတွက် နာကျင်ကြေကွဲနေသည့် အမှုအရာကို ပုံဖော်ထားပြီး ပိန်သေးသေးလူက အပြုံးဖြင့် နှစ်သိမ့်ပေးခဲ့သည်။ နှစ်ယောက်သား စကားစမြည်ပြောရင်း တည်းခိုဆောင်ထဲမှ ထွက်လာကြသည်။
လမ်းက သိပ်မရှည်သောကြောင့် ခဏမျှ လမ်းလျှောက်ပြီးသည်နှင့် မလှမ်းမကမ်းမှ အထည်ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။ ထိုဆိုင်တွင် အထည်အမျိုးမျိုး၊ အပ်ချည်နှင့် အိပ်ယာခင်းအပါးစသည်ဖြင့် အမျိုးစုံ ရောင်းချနေသည်။ ထိုပစ္စည်းအများစုကို ပိတ်ကြမ်းများဖြင့် ပြုလုပ်ထားပြီး ပိုးထည်နှင့် ဖဲသားအထည်ကတော့ အနည်းငယ်သာ ရောင်းချနိုင်ပုံရသည်။ အရောအတွက်ကလည်း နည်းပါးလွန်းပြီး သူတို့စင်များကိုပင် အပြည့်မဖြည့်ထားနိုင်ကြပေ။
“ခင်ဗျား ဒီမှာ ဝယ်လို့ ရတယ်။ ကျုပ် အရင် ပြန်နှင့်တော့မယ်နော်"
လူပိန်က စူးချင်းကို အထည်ဆိုင်သို့ ပို့ပေးပြီး ချက်ချင်း ပြန်ထွက်သွားရန် ပြင်လိုက်သော်လည်း စူးချင်းက သူ့ကို ဆွဲထားပြီး လက်လွှတ်ပေးရန် ငြင်းဆန်နေတော့သည်။
“မသွားပါနဲ့ဦးကွ၊ ခနနေလို့ စျေးဝယ်ပြီးရင် ကျုပ်ကို ကူသယ်ပေးဦးလေ၊ ကျုပ်က အသက်ကြီးဖို့ လူကလည်းဝနေတော့ ဒါတွေကို မသယ်နိုင်တော့ဘူး”
ထိုပိန်သေးသေးလူ၏ မျက်လုံးများထဲမှ ဒေါသအခိုးအငွေ့များ ထွက်ပေါ်လာသော်လည်း သူက သူ့စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေပြီး အပြုံးဖြင့် ငြင်းဆန်နေသည်။
"တောင်းပန်ပါတယ်၊ ကျုပ်လည်း လုပ်စရာ ရှိသေးတယ်။ ခင်ဗျား ဝယ်ပြီးရင် ဒီဆိုင်က ဆိုင်အကူကို လိုက်ပို့ခိုင်းလို့ ရတယ်”
“ခဏလေး၊ ကျုပ် ခုန အလောတကြီး ထွက်လာပြီး ငွေယူလာဖို့ မေ့လာတယ်။ ခင်ဗျား ကျုပ်ကို နည်းနည်းလောက် ချေးပေးပါဦး"
စူးချင်းက သူ့ကို ဆက်ဆွဲထားပြီး ယခုတကြိမ်တွင်တော့ ပိုက်ဆံတောင်းလိုက်သည်။
“ကျုပ်လည်း ယူမလာဘူး။ ဒါပေမယ့် ခင်ဗျား ဆိုင်အကူကို တည်းခိုခန်းအထိ ပြန်ပို့ခိုင်းပြီး သူ့နဲ့ပိုက်ဆံ ပြန်ပေးလိုက်လို့ ရတယ်”
ထိုလူပိန်က သူ့ဒေါသကို မထိန်းနိုင်တော့ပုံဖြင့် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ သူ၏အမူအရာက ကြောက်မက်ဖွယ်ကောင်းလာပြီး သူ့အသံတွင်လည်း မကျေမနပ်ဖြစ်နေသည့်အရိပ်အယောင်များ ပါဝင်လာသည်။
ဒါက သူတပါးကို အမြတ်ထုတ်တတ်တဲ့ လူမိုက်တွေရဲ့ အပြူအမူပဲ။ အခွင့်ကောင်း ရတာနဲ့ သူများကို ဂုတ်သွေးစုတ် တွယ်ကပ်နေတဲ့သူက ဘယ်လိုလုပ်ပြီး အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်နိုင်မှာလဲ။ ကြည့်ရတာ သူက အရေးပါတဲ့သူ မဖြစ်နိုင်ဘူး။
"ဒါဆိုလည်း... အေးပါကွာ"
နောက်ဆုံးတွင် စူးချင်းက သူ့ကို လွှတ်ပေးလိုက်ပြီး ထိုလူပိန်က ကမန်းကတန်း ထွက်သွားတော့သည်။
ဒီလူအိုကြီးနဲ့ အကြာကြီး ဆက်နေမိရင် သူ ဒီလူအိုကြီးကို သတ်ပစ်မိမှာ သေချာတယ်။
စူးချင်းကတော့ ဆိုင်ထဲသို့ ဝင်သွားပြီး အိပ်ယာခင်းများကို အေးအေးဆေးဆေး ရွေးချယ်နေသည်။ ကျုံးယုံတို့နှစ်ယောက် ယနေ့ည ပြန်လာတော့မည်မဟုတ်ဘဲ သူမနှင့် ကျန်းယွိရန်သာ ကျန်တော့မည်ဆိုသော်လည်း သူမက အိပ်ယာလေးစုံ ဝယ်ရန် တွေးထားခဲ့သည်။ သူမ ဝယ်ပြီးသည့်နောက် ဆိုင်တွင် သုံးစုံသာ ကျန်နေသည်ကို သူမ တွေ့လိုက်ရပြီး အားလုံးကို တခါတည်းဝယ်ယူလိုက်သည်။
ဆိုင်အကူက ပစ္စည်းများ ပြန်ပို့ပေးရန် ကူညီပေးခဲ့ပြီး စူးချင်းက အပြင်တွင် ကြာကြာမနေတော့ဘဲ အထည်ဆိုင်မှ ဆိုင်အကူကို ခေါ်ကာ တည်းခိုဆောင်ဆီသို့ ပြန်လာခဲ့သည်။
စူးချင်း ပြန်ရောက်သွားချိန်တွင် ကျန်းယွိရန်က ရေချိုးပြီးသွားပြီဖြစ်ကာ တည်းခိုဆောင်အစေခံအား ရေချိုးစည်ထဲမှ ရေများ လဲလှယ်ပေးရန် တောင်းဆိုနေသည်။ ဘေးခန်းမှ လူပိန်ကလည်း ပြန်ရောက်နေပြီ ဖြစ်သည်။ သို့သော် သူက အပေါ်ထပ်သို့ တတ်သွားပြီး သူ ဘာလုပ်နေသည်ကို သူမတို့လည်း မသိနိုင်တော့ပေ။
အထည်ဆိုင်မှ ဆိုင်အကူနှင့် တည်းခိုဆောင်အစေခံတို့ ထွက်သွားပြီးနောက် စူးချင်းလည်း ရေချိုးလိုက်ပြီး နှစ်ယောက်သား စောစောအိပ်ယာဝင်လိုက်ကြသည်။ ညဉ့်နက်သန်းခေါင်တွင် ဘေးခန်းမှ ဆူညံသံများ ထွက်ပေါ်လာသည်။
“ယားလိုက်တာ၊ အရမ်း ယားတာပဲ၊ ဟင် ဒါက ဘယ်လိုပိုးကောင်မျိုးလဲ"
စူးချင်းက သူမ၏မျက်လုံးကို ဖွင့်လိုက်ပြီး ပြုံးရုံလေး ပြုံးလိုက်သည်။
‘နင်တို့က ငါ့ကို ဆေးခပ်မှ ငါက ပိုးကောင်တွေ ပြန်ပေးရမှာပေါ့။ ဒါကို အပြန်အလှန် အပေးအယူမျှတော့မှာပေါ့’
“အား၊ အရမ်းယားနေပြီကွာ။ ဒါက ဘယ်လိုပိုးကောင်တွေများလဲကွာ"
စူးချင်းကလည်း သူမ၏အခန်းထဲမှ အလားတူ အော်ပြောလိုက်ပြီး သူမတို့၏အခန်းထဲတွင်လည်း ပိုးကောင်များ ရှိနေသလို ဖြစ်သွားစေကာ ဘေးခန်းမှလူများ နားလည်မှုလွဲအောင် ဖန်တီးနေပြန်သည်။
ဘေးခန်းမှလူများကတော့ မခံမရပ်နိုင်အောင် နာကျင်လာပြီး တံခါးဖွင့် ထွက်လာကာ တည်းခိုဆောင်အစေခံကို သွားရှာတော့သည်။
“လာစမ်း၊ ဒီကို အခု လာကြည့်။ ဒါက ဘာပိုးကောင်တွေလဲ?"
စူးချင်းကလည်း သူမ၏တံခါးကို ဖွင့်ကာ ထွက်လာခဲ့ပြီး တည်းခိုဆောင်အစေခံနှင့်အတူ ဘေးခန်းထဲသို့ လိုက်ဝင်သွားတော့သည်။
"ခင်ဗျားတို့ အခန်းထဲမှာလည်း ပိုးကောင်တွေ ရှိနေတာလား?"
သူမက လူပိန်ကြီးကို ဖော်ဖော်ရွေရွေ လှမ်းမေးလိုက်သည်။ ယခုအချိန်တွင် ထိုလူပိန်က အင်းစက်များ အကိုက်ခံထားရပြီး အနီကွက်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ထို့အပြင် အခန်းတစ်ခုလုံး၌ တွားသွားနေသော အနက်ရောင် ပိုးကောင်များ ရှိနေပြီး ၎င်းတို့က အလွန်များပြားလွန်းသောကြောင့် မြင်ရသူကို အမွေးများထောင်သွားသည်အထိ ထိတ်လန့်စေနိုင်သည်။
အခန်းထဲသို့ ဝင်လာပြီးနောက် စူးချင်း အတွင်းမှ လူအရေအတွက်ကို အရင် စစ်ဆေးလိုက်သည်။ စုစုပေါင်းလူခြောက်ယောက် ရှိနေပြီး ကျုံးယုံတို့နောက်သို့ လိုက်သွားသည့်လူနှစ်ယောက်လည်း အခန်းထဲတွင် ရှိနေသည်။ ထို့ကြောင့် သူတို့ ကျုံးယုံတို့နောက်သို့ မလိုက်နိုင်ခဲ့ကြောင်း သိသာနေသည်။
တည်းခိုဆောင်အစေခံကတော့ အနက်ရောင်ပိုးကောင်များကို ကြည့်ကာ ထိတ်လန့်နေပြီး လူပိန်ကလည်း သူ့ဂုတ်ကို ဖမ်းဆွဲထားသောကြောင့် သူ့ကို ကြည့်ရသည်မှာ သနားစရာ ကောင်းလှသည်။
“သခင်ကြီး၊ ကျွန်တော်လည်း ဒါက ဘာပိုးကောင်မှန်း မသိဘူး။ အား... အရမ်းကြောက်ဖို့ ကောင်းတယ်”
"ငါတို့က ဒီမှာ ဘယ်လို ဆက်နေရမှာလဲ? အခု ဘယ်လို လုပ်ပေးမှာတုန်း"
လူပိန်က သူ့ခန္ဓာကိုယ်မှ ယားယံမှုကြောင့် မသက်မသာ ဖြစ်နေပုံရကာ သူက ကုတ်ခြစ်နေရင်း တည်းခိုဆောင်အစေခံကို ကြိမ်းမောင်းလိုက်သည်။
"ကျွန်တော်... ငရုတ်ကောင်းမှုန့် သွားယူလိုက်မယ်၊ ဒီအကောင်တွေ ပြေးသွားမလားလို့ စမ်းကြည့်ရမယ်”
ထို့နောက် တည်းခိုဆောင်အစေခံက အမြန်ပြေးထွက်သွားတော့သည်။
သူ မထွက်သွားရင် ဒီပိန်ပိန်ပါးပါးလူကြီးက သူ့ကို လည်ပင်းညှစ်သတ်တော့မယ်လို့ သူ ခံစားနေရတယ်။ အဲ့တော့ ပြေးမှ ဖြစ်မယ်။
"ခင်ဗျားက ဘာလို့ ဒီကို ရောက်နေတာလဲ?"
လူပိန်က စူးချင်းကို ထိုအချိန်မှ သတိထားမိသွားပြီး သူမကို ခပ်မာမာ လှမ်းမေးလိုက်သည်။
(t/N; ရှိခိုးကောင်ဆိုတာက Mantis ကို ပြောတာပါ၊ မောင်းထောင်ကောင်/ဓားခုတ်ကောင်/ ကျိုင်းကောင်လိုလည်း ခေါ်ကြတယ်၊ ဒီအခန်းရဲ့ ခေါင်းစဥ်က တရုတ်ပညာပေးစကားပုံကနေ လာတာပါ၊ ရှိခိုးကောင်က သူနောက်က စာဝါငှက်ကို သတိမထားမိပဲ အရှေ့က ပုစဥ်းရင်ကွဲကိုပဲ အာရုံစိုက်နေလို့ ဒုက္ခရောက်ရတာကို ဥပမာပေးပြီး ဆုံးမတဲ့စကားပါ)