ကမ္ဘာမြေ၏မီးတောက်
Vol. 1 Ch. 170
အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသော သခင်လေးက အမိန့်ပေးလိုက်ရာ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များသည် အံကြိတ်ပြီး တိုက်ခိုက်ရန်မှ လွဲ၍ ရွေးစရာ မရှိတော့ပေ။ သူတို့ မတိုက်ပါက ခရမ်းရောင် နန်းတော်ရှင်အဆင့် သိုင်းသမားများ အသက်မရှင် နိုင်လောက်ပေ။ သူတို့ တိုက်ခိုက်ရင်း အချိန်ဆွဲနိုင်လျှင် အခြားသူများက သူတို့ အသက်ရှင်ရန် အခွင့်အလမ်း ပိုများ သွားပေလိမ့်မည်။
စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူအချို့သည် စတင် တိုက်လိုက်ရန် အတွင်းအားများ ထုတ်ဖော် လိုက်ကြသည်။ ဓားအလင်း များစွာသည် ဖီးနစ်ငှက်ထံ ကျဆင်း သွားခဲ့လေသည်။ ဖီးနစ်ငှက်သည် အန္တရာယ်ကို ခံစားမိလိုက်ဟန်ရကာ မီးများကို မှုတ်ထုတ်၍ ကောင်းကင်ထက် ထိုးတက် သွားခဲ့လေသည်။
"ဘုန်း”
အတွင်းအားများနှင့် မီးတောက်များ လေထဲတွင် တိုက်မိရာမှ ကောင်းကင်တွင် ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ် လာခဲ့သည်။ လေပြင်းတစ်ချက် ရိုက်ခတ်သွားခဲ့ပြီး အနီးအနားရှိ သစ်ပင်များ လဲကျ ကုန်လေသည်။ ကောင်းကင်မှ မီးတောက်များ ကျဆင်းလာခဲ့ပြီး မြေပြင်ထက်တွင် မီးလောင်ပြင်ကြီး ဖြစ်သွားခဲ့သည်။ ခရမ်းရောင် နန်းတော်ရှင်အဆင့် လူတစ်ဦး၏ ကျောထက် မီးတောက်များ ကျဆင်းသွားခဲ့ပြီး ထိုလူသည် ကျယ်လောင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျ သေဆုံး သွားလေတော့သည်။
"ဝှစ် ..."
လူအိုကြီး တစ်ယောက်သည် သစ်တောများကို အကာအကွယ် ယူ၍ တောင်ပေါ်သို့ လျင်မြန်စွာ တက်လာခဲ့သည်။ ထိုလူကြီးသည် မီးတောင် အပေါက်ဝသို့ ခိုးကြောင်ခိုးဝှက် သွားနေခဲ့သည်။
အစောပိုင်းက ဖီးနစ်ငှက်ကို လူတိုင်း ထိတ်လန့် နေကြပြီး မီးတောက်များ ထိမှန်၍ သူတို့အားလုံး သေဆုံးသွားမည်ကို စိုးရိမ် နေခဲ့ကြသည်။ ယခုမူ သူတို့သည် ဆုတ်ခွာလာကြပြီး လူပြန်စုမိပြီ ဖြစ်ရာ မကြောက်လန့် ကြတော့ပေ။
သူတို့တွင် မူလက မီးလင်ဇီးမှို အကြောင်း တွေးချိန်ပင် မရလိုက်ပေ။ ကျန်းရီ ထိုနေရာသို့ ပြေးဝင်သွားမှသာ သူတို့ သတိဝင်လာ ခဲ့ကြသည်။ မီးလင်ဇီးမှိုကြောင့် သူတို့ လူအမြောက်အမြား သေဆုံးခဲ့ကြသည်။ ထိုအရာကို ကျန်းရီ ယူသွားမည်အား သူတို့ လွယ်လွယ်ခွင့်မပြု လိုက်နိုင်ပေ။
စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူများသည် တောင်အောက်မှ ချက်ချင်း ပြန်တက်လာကာ လူစု ခွဲလိုက်ကြသည်။ ဖီးနစ်ငှက်သည် လူတစ်ယောက်ကို တိုက်ခိုက်လျှင် ကျန်လူများသည် ဖီးနစ်ငှက်အား ဝိုင်းဝန်း တိုက်ခိုက်ကြရာ အတိုက်ခံရသော သူသည် အလွယ်တကူ ရှောင်တိမ်း နိုင်လေသည်။
'ရန်သူတိုက်ရင် ငါတို့ဆုတ်မယ် ... ရန်သူဆုတ်ရင် ငါတို့ ပြန်ပြီး တိုက်မယ်'
ဖီးနစ်ငှက်သည် ဉာဏ်ရည်နိမ့်ပါးရာ လူတစ်အုပ်၏ ဝိုင်းဝန်း အရူးလုပ်ခြင်းအား အလွယ်တကူ ခံနေရလေသည်။ ဖီးနစ်ငှက်သည် အချိန်အတော်ကြာသည် အထိ လူတစ်ယောက်ကိုမှ မသတ်နိုင်သောကြောင့် ပိုမို ဒေါသထွက်လာခဲ့သည်။ ၎င်းသည် မီးတောင်ထိပ်ဆီ တိတ်တဆိတ် တက်နေသော ဟုန်လောင်အား နှောင့်ယှက်ရန်လည်း အချိန်မရှိတော့ပေ။
အပြင်မှာ ဘာတွေ ဖြစ်နေသည်ကို ကျန်းရီ သေချာမသိပေ။ ထို့ပြင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် တတိယအဆင့် လူတစ်ဦး သူ့ထံ လျင်မြန်စွာ ချဉ်းကပ် လာသည်ကိုလည်း သူမသိချေ။ သူသည် ကြိုးကိုဆွဲ၍ လျှောဆင်းသွားခဲ့သည်။ တခြား ဖီးနစ်ငှက်တစ်ကောင် ပြန်လာမည့် အချိန်ကို သူမသိရာ မီးလင်ဇီးမှိုနှင့် မီးဝိညာဉ်ပုလဲ စုပ်ယူရန် ကမ္ဘာမြေ၏ မီးတောက်များကို အမြန်ဆုံးနှုန်းနှင့် ရှာဖွေရန် လိုလေသည်။
***
အလင်းရောင်တစ်ခု ... အဲဒါ ကမ္ဘာမြေရဲ့ မီးတောက်တွေပဲ ဖြစ်ရမယ်။
မီးတောင်သည် အလွန်ကြီးမား၍ အတွင်းတွင်လည်း အတော်နက်လေသည်။ ကျန်းရီသည် ပေငါးထောင်ခန့် ဆင်းပြီး ဖြစ်သော်လည်း အောက်ခြေကို မမြင်ရပဲ မှိန်ပြပြ အလင်းတစ်ခုကိုသာ တွေ့ရ သေးလေသည်။
ကျန်းရီသည် ကြိုးကိုဆွဲကာ လျှပ်စီးအလျင်နှင့် အောက်သို့ ဆက်ဆင်း သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် နောက်ထပ် ပေတစ်ထောင်ခန့် ဆင်းပြီးခဲ့လေပြီ။ အောက်ခြေမှ အလင်းရောင်သည် လင်းသည်ထက် လင်းလာခဲ့သည်။ ကျန်းရီသည် အနံ့စူးစူး တစ်ခုကို ရလိုက်ပြီး သူ့ကိုယ်ပေါ်မှ မီးဝိညာဉ်ပုလဲသည် အနီရောင် အလင်းများ ဖြာထွက်လာခဲ့သည်။ သူ့ကိုယ်ပေါ်တွင် အလင်းလွှာ ပါးပါးတစ်ခု ဖြစ်တည် လာခဲ့လေသည်။ ၎င်းမှာ ပြင်းထန်သော အပူရှိန်ကြောင့် မီးဝိညာဉ်ပုလဲက ပိုင်ရှင်အား ကာကွယ် လိုက်ခြင်းသာ ဖြစ်လေသည်။
"ကမ္ဘာမြေရဲ့ မီးတောက်"
ကျန်းရီသည် မျက်လုံးဆီသို့ အနက်ရောင် အတွင်းအားများကို ပို့လိုက်ကာ အမြင်အာရုံအား မြှင့်တင်၍ အောက်သို့ ကြည့်လိုက်သည်။ အောက်ခြေတွင် အရည်ပျော်နေသော ချော်ခဲများကို သူမြင်လိုက်ရသည်။ ချော်ခဲများ၏ အပေါ်ယံ အလွှာသည် မျက်စိကျိန်းမတတ် နီရဲနေလေရာ သူပို၍ စိတ်လှုပ်ရှား လာခဲ့သည်။ သူသည် အောက်ခြေကို ထပ်မံ စစ်ဆေး လိုက်ပါသော်လည်း မည်သည့် ဆေးပင်ကိုမှ မတွေ့ရပေ။
ကျန်းရီသည် နောက်ထပ် ပေတစ်ထောင်ခန့် ဆင်းပြီးနောက် အောက်ခြေမှ ချော်ခဲများနှင့် ပေတစ်ရာခန့်သာ ကွာတော့သည်ကို တွေ့လိုက်ရကာ ရပ်တန့် လိုက်ရသည်။ အနက်ရောင်ကြိုး၏ အောက်ခြေမှာ လောင်ကျွမ်းသွားခဲ့ပြီး ဖြစ်သည်။
"ငါအခု ဘာလုပ်သင့်လဲ"
အောက်ခြေတွင် ချော်ရည်များ စီးဆင်းနေသော ချိုင့်ဝှမ်းကြီး တစ်ခု ရှိနေလေသည်။ သူခြေချရန် ကျောက်တုံးနှင့် တူသည့်အရာပင် မရှိပေ။ သူသာ ချော်ရည်အိုင်ကြီးထဲ ပြုတ်ကျသွားလျှင် ပြန်တက် လာနိုင်စရာ အကြောင်းမရှိပေ။
ကျန်းရီတွင် မီးဝိညာဉ်ပုလဲထဲ၌ ကြိုးအချို့ ပါရှိသေးသည်။ သို့သော် ဤအနက်ရောင် ကြိုးမှာ အပူဒဏ်ကို အတော်အတန် ခံနိုင်ရန် အထူး သတ္တုတစ်မျိုးဖြင့် လုပ်ထားခြင်း ဖြစ်သည်။ သူသာ သူ့ကြိုးများကို ထုတ်လိုက်လျှင် ကြိုးမှာ ချက်ချင်း ပြာကျ သွားပေလိမ့်မည်။
"ပြန်လှည့်ရမလား"
မီးဝိညာဉ်ပုလဲသာ အပူဒဏ်ကို မခံနိုင်တော့လျှင် သူခုန်ချပါက ချက်ချင်း သေသွားလိမ့်မည်။ ချော်ရည်များ အတွင်း မသေခဲ့လျှင်တောင် ဤနေရာတွင် သေသည်အထိ ပိတ်မိ နေနိုင်လေသည်။ ချော်ရည်များ အတွင်းရှိ မြေဆီလွှာသည် ကမ္ဘာမြေ၏ မီးတောက်များ၏ အချိန်ကြာမြင့်စွာ တိုက်စားထားခြင်း ခံရရာ အနက်ရောင် အကြေးခွံဓားကလည်း မြေဆီလွှာကို မဖြတ်တောက်နိုင် လောက်ပေ။
သူလှည့်ပြန် သွားခဲ့လျှင်လည်း ဤခရီးမှာ အလဟဿ ဖြစ်သွား ပေလိမ့်မည်။ ထိုအရာက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ကျန်းရီအတွက် အချိန် များများစားစား မကျန်တော့ချေ။ ဖီးနစ်ငှက်မှာ မကြာခင် ပြန်ရောက်လာ တော့မည်။ သူ့စိတ်သည် တွေးတော နေရဆဲသာ ဖြစ်လေသည်။
သူဆက်ပြီး တွေးတောနေစရာ မလိုတော့ချေ။ အနက်ရောင် အရိပ်တစ်ခုသည် အပေါ်မှ အလွန်မြန်သော နှုန်းဖြင့် ဆင်းလာနေပြီး အော်ဟစ်လာခဲ့သည်။
"မျိုးမစစ်လေး ... ငါတို့ ပစ္စည်းတွေကို လာပြီး အလစ်သုတ်ရဲ တယ်လား ... သေစမ်း"
စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် …
ကျန်းရီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့သည်။ သူသည် မီးဝိညာဉ်ပုလဲကို လက်အတွင်း ဆုပ်ကိုင် ထားလိုက်ပြီး စိတ်ဝိညာဉ် မျောလွင့်ခရီးသည်အဆင့် လူကို ကြည့်ကာ တိုက်ခိုက်ရန် ပြင်ဆင် ထားလိုက်သည်။
"ဝှစ် ... ဝှစ် ..."
ဟုန်လောင်သည် ကျန်းရီနှင့် ပေတစ်ထောင်ခန့် အကွာသို့ ရောက်သည်နှင့် အတွင်းအားကို သုံးကာ ဓားဖြင့် ကျန်းရီ၏ ခေါင်းကို ပိုင်းချလာခဲ့သည်။
ကျန်းရီသည် ဟုန်လောင်၏ လက်တွင် အတွင်းအားများ သိပ်သည်း လာသည်ကို မြင်လိုက်သောအခါ နံရံတစ်ဖက်သို့ အားကုန်အော်လျက် ခုန်ကူးလိုက်သည်။ သူ့ကိုယ်သည် လေကိုခွင်းသွား၍ နံရံတစ်ဖက်ခြမ်းရှိ ကြိုးကို ဆုပ်ကိုင်လိုက်သည်။
"ဘန်း"
ဓားအလင်း ကျဆင်းလာခဲ့ပြီး ကျန်းရီမူလက ကိုင်ထားသော ကြိုးသည် တစ်စစီ ဖြစ်သွားခဲ့သည်။ ထို့နောက် ကြိုးသည် ချော်ရည်အိုင်ထဲ ကျသွားကာ ချော်ရည်များ လွင့်စဉ်လာခဲ့သည်။ အောက်ခြေမှ ကမ္ဘာမြေ၏ မီးတောက်တစ်ခုသည် ဟုန်းခနဲ အသံမြည်သွားခဲ့ပြီး မီးတောင်၏ အပူရှိန်သည်လည်း သိသိသာသာ တိုးလာခဲ့သည်။
"မင်းက ရှောင်တိမ်းတဲ့ နေရာမှာလည်း တော်တာပဲလား ... ဟမ် ... မင်းဘယ်လောက် ရှောင်နိုင်မလဲ ဆိုတာ ဒီအဘိုးကြီး သိချင်နေပြီ"
ပေတစ်ထောင်ခန့် ပိုမြင့်သော နေရာတွင် ရှိနေသော ဟုန်လောင်သည် လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ ဓားအလင်းများ ထွက်ပေါ်လာခဲ့သည်။ ဓားချက်များသည် ကျန်းရီကို ဦးတည်နေခြင်း မဟုတ်ဘဲ နံရံထက်မှ ကြိုးများထံ ကျဆင်းသွားခဲ့သည်။
ဒီခွေးအိုကြီးက တော်တော် ယုတ်မာတာပဲ …
ကျန်းရီသည် တိတ်တဆိတ် ဆဲရေးလိုက်သည်။ သို့သော် သူဘာမှ မတတ်နိုင်ပေ။
ဟုန်လောင်သည် သတိရှိသူပီပီ သူတို့နှစ်ဦးကြားတွင် နေရာကျယ်ကျယ် ချန်ထားခဲ့သည်။ ကျန်းရီတွင် မီးဝိညာဉ် ကျောက်တုံးကို သုံးရန် အခွင့်အရေး မရပေ။ ကောင်းကင်နတ်ဆိုး ပိုးချည်မှာလည်း သူ့စိတ်စွမ်းအင်ဖြင့် မပေါင်းစပ်ရ သေးရာ အသုံးပြု၍ မရသေးပေ။ သူသည် ကြိုးများ တစ်ခုပြီးတစ်ခု ဖြတ်ခံ နေရသည်ကိုသာ ကြည့်နေ ရပေသည်။
"ဘန်း"
သူ ကိုင်ထားသောကြိုး ပြတ်တောက် သွားသော အချိန်တွင် ကျန်းရီသည် အနက်ရောင် အကြေးခွံဓားကို ထုတ်၍ ကျောက်နံရံအား စိုက်ချလိုက်သည်။ ဓားသည် နံရံကို စိုက်မသွားခဲ့ပဲ သတ္တုချင်း ထိခတ်သံသာ ပေါ်ထွက်လာခဲ့သည်။ ကျန်းရီထင်ထားသည့် အတိုင်းပါပေ။ ကျောက်နံရံသည် မီးတောက်များ၏ တိုက်စားခြင်းကို နှစ်ပေါင်းများစွာ ခံထားရသည် ဖြစ်ရာ သံမဏိကဲ့သို့ မာကျော နေခဲ့လေပြီ။
သူသည် အမှီသဟဲပြုစရာ ဘာမှ မကျန်တော့ရာ အောက်ခြေရှိ ချော်ရည်များထဲသို့ ပလုံခနဲ ပြုတ်ကျ သွားခဲ့လေသည်။
"အမ်"
ဟုန်လောင်သည် အံ့အားသင့်စွာ မျက်တောင် ခတ်လိုက်သည်။ ကျန်းရီသည် ကမ္ဘာမြေ၏ မီးတောက်များနှင့် အလွန် နီးကပ် နေသော်လည်း သက်သောင့်သက်သာ ဖြစ်နေလေရာ သူ့တွင် ထူးဆန်းသည့် ရတနာတစ်ခုခု ရှိလောက်သည်ဟု သူထင်ထားခဲ့သည်။ ထို့ကြောင့် သူသည် အောက်သို့ အလျင်စလို ဆင်းမသွားဝံ့ပဲ ကြိုးများကို ဖြတ်ပစ်လိုက်ခြင်း ဖြစ်လေသည်။
ယခုမူ သူပို၍ သံသယ ဝင်လာရသည်။ ကျန်းရီသည် ကမ္ဘာမြေ၏ မီးတောက်များနှင့် ထိတွေ့ သွားသော်လည်း ပြာမဖြစ်သွားပဲ ချော်ရည်များ အတွင်းသာ နစ်ဝင် သွားခဲ့သည်။
ကျန်းရီတွင် အပူဒဏ်ကို အကာအကွယ် ပေးနိုင်သော ရတနာတစ်ခု ရှိနေသည် ဆိုလျှင်တောင် ချော်ရည်များထဲ နစ်မြုပ်သွားခဲ့ရာ အသက်ရှင်စရာ အကြောင်း မရှိပေ။ ထိုကောင်လေး မပြောနှင့် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် ဆိုလျှင်တောင် ကမ္ဘာမြေ၏ မီးတောက်များ၏ လွှမ်းခြုံခြင်း ခံလိုက်ရလျှင် သေဆုံးမည်မှာ မလွဲပေ။
မီးလင်ဇီးမှို …
ဟုန်လောင်သည် စီးဆင်းနေသော ချော်ရည်များကို တစ်ချက် ကြည့်လိုက်သည်။ မီးအရှိန် ဟပ်နေလေရာ ချွေးများ စီးကျ လာသော်လည်း ဟုန်လောင်သည် အောက်သို့ ဆက်ဆင်းလာခဲ့သည်။
သူသည် ချော်ရည်များနှင့် ပေအနည်းငယ်သာ ဝေးကွာတော့သော နေရာရောက်သည်နှင့် လက်ဝါးတစ်ချက် ရိုက်ချလိုက်ကာ ချော်ရည်များအား အဘက်ဘက်သို့ လွင့်စဉ် သွားစေလိုက်သည်။ လက်ဝါးမှ တွန်းကန်အားကြောင့် သူ့ကိုယ်သည်လည်း လွင့်ထွက်သွားခဲ့သည်။
ချော်ရည်အိုင်ကြီး၏ အောက်တစ်နေရာတွင် အနီရောင် အလင်းများ ဖြာထွက်နေသည့် ဆေးပင်တစ်ခု ရှိနေခဲ့သည်။ ၎င်းသည် ကျောက်နံရံထက်တွင် ငြိမ်သက်စွာ တည်ရှိနေခဲ့ပြီး သင်းပျံ့သော ရနံ့တစ်ခုကို ထုတ်လွှင့် နေလေသည်။
***