← Chapters

စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်အား မီးလောင် တိုက်သွင်းခြင်း

Vol. 1 Ch. 171

စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်အား မီးလောင် တိုက်သွင်းခြင်း

Vol. 1 Ch. 171

"ဟား ... ဟား ... ဟား"

တကယ်တမ်းတွင် ကျန်းရီ မသေသွားခဲ့ပေ။ သူ့ကို ကမ္ဘာမြေ၏ မီးတောက်များက လောင်ကျွမ်း မသွားခဲ့ရာ ချော်ရည်များ တွင်းထဲတွင် အကောင်းအတိုင်း ရှိနေခဲ့သည်။ ချော်ရည်ထဲမှ ကမ္ဘာမြေ၏ မီးတောက်များ သူ့ထံ တိုးဝင်လာသည်နှင့် မီးဝိညာဉ်ပုလဲက စုပ်ယူလိုက်သောကြောင့် အလွန် ပျော်ရွှင်သွားကာ စိတ်ထဲမှ ရယ်မောလိုက်သည်။ အချိန်တိုလေး အတွင်း သူ့အနီးရှိ ချော်ရည်များ ထဲမှ မီးတောက်များ အားလုံး စုပ်ယူ ခံလိုက်ရသည်။ ချော်ရည်များသည် မီးတောက်များ မရှိတော့သောကြောင့် စတင်ခဲ့လာကြသည်။

ကျန်းရီသည် မီးဝိညာဉ်ပုလဲအား မီးတောက်များကို စုပ်ယူစေရင်း ခြေကို ခတ်ကာ ချော်ရည်အိုင် အထက် စတင် ကူးခတ်လိုက်သည်။ မီးဝိညာဉ်ပုလဲ အတွင်းရှိ မီးတောက်ကြီးသည် ပေတစ်ရာ ခန့်သို့ ကျယ်ပြန့်နေလေသည်။ ကမ္ဘာမြေ၏ မီးတောက်များသည် မီးဝိညာဉ် ပုလဲအတွင်း ရောက်သွားသည်နှင့် အလွန်ယဉ်ပါး သွားလေသည်။ မူလက ပေါက်ကွဲနေသော ခပ်ရိုင်းရိုင်း မီးတောက် တို့သည် ငြိမ်သက် ယဉ်ပါးသော မီးတောက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျန်းရီသည် ချော်ရည်ထဲတွင် လျင်မြန်စွာ ကူးခတ်နေခဲ့သည်။ သူဖြတ်သန်း သွားသော နေရာတိုင်းတွင် မီးတောက်များ စုပ်ယူခံလိုက်ရပြီး ချော်ရည်များသည် စီးဆင်း မနေတော့ဘဲ အေးခဲ သွားခဲ့ကြသည်။ မြင်ကွင်းသည် အလွန် ထူးဆန်း နေလေသည်။

"အမ်"

ချော်ရည်များ အထက်မှ မီးလင်ဇီးမှိုထံ ရောက်ရှိနိုင်ရန်  လက်ဝါး ရိုက်ချက်များ ဆက်တိုက် ပို့လွှတ်နေသော ဟုန်လောင်သည် တစ်ခုခု မှားယွင်း နေသည်ကို နောက်ဆုံးတွင် သိရှိသွားခဲ့သည်။ သူအသေအချာ စစ်ဆေး လိုက်ပြီးနောက် မီးလင်ဇီးမှိုထံ ပျံသန်း သွားလိုက်သည်။ သူမီးလင်ဇီးမှိုကို ရနိုင် နေသရွေ့ မည်သည့် အခြေအနေဖြစ်စေ သူနှင့် မဆိုင်ပေ။

နောက်ထပ် လက်ဝါးနှစ်ချက်ခန့် ရိုက်လိုက်ပြီး နောက်တွင်တော့ ကျောက်တုံး နံရံထက် သူအောင်မြင်စွာ ရောက်ရှိ သွားခဲ့သည်။ သူသည် မှိုကို အလျင်စလို ဆွဲမယူလိုက်ဘဲ ဓားအလင်းဖြင့် အမြစ်အား အရင် ဖြတ်တောက်လိုက်ပြီးမှ ဖမ်းယူလိုက်သည်။ မီးလင်ဇီးမှိုသည် ကမ္ဘာမြေ၏ မီးတောက်များကို စုပ်ယူ၍ ရှင်သန်လာခဲ့ခြင်း ဖြစ်သည်။ အရင်ကိုသာ အရင် မဖြတ်တောက် လိုက်လျှင် ဟုန်လောင်၏ လက်သည် လောင်ကျွမ်း သွားပေလိမ့်မည်။

ချော်ရည်အိုင်၏ အောက်ဘက်သည် စတင်ခဲနေပြီဖြစ်ရာ ဟုန်လောင်သည် အချိန်ဆွဲ မနေရဲပေ။ သူသည် ချော်ရည်အိုင်၏ အောက်ဘက်သို့ လက်ဝါးတစ်ချက် ပို့လွှတ်လိုက်ကာ သူ့ကိုယ်အား အပေါ်သို့ လွင့်တက် သွားစေရန် လုပ်ဆောင်လိုက်သည်။

ထွက်သွား နိုင်သေးတယ်လား။

ထိုအချိန်တွင် အေးစက်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အသံသည် ငရဲကြီး ကိုးထပ်မှလာသော အသံကဲ့သို့ ဟုန်လောင်၏ ကိုယ်အား ထိတ်လန့် တုန်လှုပ် သွားစေလေသည်။ ချော်ရည်အိုင်၏ အောက်ဘက်သို့ သူငုံ့ကြည့်လိုက်သော အခါ အလွန် ချောက်ချားဖွယ် ကောင်းသော မြင်ကွင်း တစ်ခုအား မြင်လိုက်ရလေသည်။

အေးခဲလုနီးပါး ဖြစ်နေသော ချော်ရည်များ ကွဲထွက်သွားကာ အောက်ခြေမှ ပုံရိပ်တစ်ခု ထိုးထွက် လာခဲ့သည်။ ကြောက်မက်ဖွယ် အသွင်ရှိသော ငွေရောင် မျက်နှာဖုံး အောက်မှ အေးစက်စက် မျက်လုံး တစ်စုံကို မြင်လိုက်ရသော ခဏတွင် တမလွန် လောကမှ သေမင်း တစ်ပါးကို သူမြင်လိုက် ရသည်လားဟု ဟုန်လောင် တွေးမိလိုက်သည်။

"သေစမ်း"

ကျန်းရီ အော်ဟစ် လိုက်ချိန်တွင် သူရှေ့တွင် ကမ္ဘာမြေ၏ မီးတောက်များ ငြိမ်သက်စွာ ရှိနေသည်။ သူသည် လက်ဝါး ရိုက်ချက်များ ထုတ်လွှတ်လိုက်ပြီး မီးတောက်များအား ဟုန်လောင် ရှိရာဘက် အရှိန်အဟုန်နှင့် လွင့်သွား စေလိုက်သည်။ မျက်စိတစ်မှိတ် အတွင်း မီးတောက်များသည် ဟုန်လောင်အား ဝါးမျို သွားခဲ့သည်။

"အား”

ဟုန်လောင်သည်လည်း လက်ဝါးရိုက်ချက် အမြောက်အများ ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း မီးတောက်များသည် အလွန် များပြားလွန်းရာ သူလွတ်မြောက်ရန် လမ်းမရှိတော့ပေ။ ချောက်ချားဖွယ် မီးတောက်တို့သည် သူ့အား ပြာဖြစ်သည် အထိ လောင်ကျွမ်း သွားစေခဲ့သည်။

ဘာလို့ ဒီကောင်လေးက ကမ္ဘာမြေရဲ့ မီးတောက်တွေကို မကြောက်တာလဲ ... သူက ကမ္ဘာမြေရဲ့ မီးတောက်တွေကိုတောင် ဝါးမျိုနိုင်သေးတယ် ... ဘယ်လို မကောင်းဆိုးဝါး မျိုးလဲ။

သေဆုံး သွားသည့် တိုင်အောင် ဟုန်လောင်၏ စိတ်သည် အဖြေရှာမတွေ့ သွားခဲ့ပေ။ မီးဓာတ် အထူးပြု ကျင့်ကြံကြသူ မြောက်များစွာ ရှိပြီး အချို့တွင်သာ မီးဓာတ်ကို ခုခံနိုင်စွမ်း ရှိသော ရတနာများ လေသည်။ သို့သော် ကမ္ဘာမြေ၏ မီးတောက်များကို ဝါးမျိုနိုင်စွမ်း ရှိသော တစ်ယောက်ယောက်ကို သူတစ်ခါမှ မကြားခဲ့ဖူးပေ။ ထို့ကြောင့် ကျန်းရီအား မကောင်းဆိုးဝါးဟု သူသတ်မှတ်လိုက်ခြင်း ဖြစ်လေသည်။

"မီးလင်ဇီးမှို"

ကျန်းရီသည် ဟုန်လောင်များ ဆံပင် တစ်မျှင်မျှတောင် မကျန်အောင် မီးတောက်များ လောင်ကျွမ်း သွားသည်အား ကြည့်နေခဲ့သည်။ သူသည် အပေါ်မှ ကျဆင်းလာသော မှိုပွင့်ပုံစံ ရှိသည့် နီနီရဲရဲ ဆေးပင်အား မြင်လိုက်သော အခါ ပျော်ရွှင် သွားခဲ့သည်။ ဤဆေးပင်သည် မီးအား ခံနိုင်စွမ်းရှိရာ မီးလင်ဇီးမှိုပင် ဖြစ်ပေလိမ့်မည်။ ကျန်းရီသည် အလျင်အမြန် ဖမ်းယူလိုက်ကာ မီးဝိညာဉ်ပုလဲ အတွင်း သိမ်းဆည်း လိုက်သည်။

"ဟီးဟီး ... မီးတောက်တွေ ထပ်စုဆောင်းရမယ်"

ကျန်းရီ၏ ကိုယ်သည် အောက်သို့ အလျင်အမြန် ကူးခတ်လိုက်ပြီး ခဲနေပြီဖြစ်သော ချော်ခဲများထက် သာသာယာယာ ရောက်ရှိသွားခဲ့သည်။ ဤချော်ရည်များ လုံးဝခဲသွားလျှင် သူသည် ချော်ခဲများအား ကြားခံအနေနှင့် သုံးကာ ဟုန်လောင်ဆင်းရန် အသုံးပြုခဲ့သော ကြိုးထံ ခုန်နိုင်မည် ဖြစ်သည်။ ဘာကိုမျိ ပူပန်မနေတော့ဘဲ သူသည် မီးတောက်များ ထပ်မံရရှိရန်ကိုသာ အာရုံ စိုက်ထားလိုက်သည်။

ကျန်းရီသည် ခဲစပြုနေပြီ ဖြစ်သော ချော်ရည်များထံမှ မနီးမဝေးရှိ စီးဆင်း နေသေးသော ချော်ရည်များထံ ငါးတစ်ကောင် ကဲ့သို့ ကူးခတ်သွားလိုက်သည်။ ချောက်ချားဖွယ် ချော်ရည်အိုင်ထဲတွင် သူသည် ရေသူထီး တစ်ကောင်ကဲ့သို့ ကူးခတ်နေခဲ့သည်။ သူကူးခတ် သွားသည်နှင့် ထိုနေရာရှိ မီးတောက်များ ကွယ်ပျောက်သွားပြီး ချော်ရည်များ အေးခဲလာလေသည်။

"တော်ပြီ ... ငါသွားသင့်ပြီ ... မသွားရင် ဖီးနစ်ငှက် ပြန်ရောက် လာတော့မှာ"

မီးဝိညာဉ် ကျောက်တုံး ရှိနေရာ ကျန်းရီသည် ဖီးနစ်ငှက်ကို ကြောက်နေစရာ မလိုပေ။ ၎င်းသည် တတိယ အဆင့် နတ်ဆိုးသားရဲ တစ်ကောင်သာ ဖြစ်လေသည်။ ထို့ကြောင့် ကျန်းရီသည် မီးဝိညာဉ် ကျောက်တုံးအား မရင်းနှီးလိုပေ။

သူစုဆောင်း ခဲ့သော မီးတောက်များသည် ပေရှစ်ရာ ပတ်လည်ခန့် ထုထည် ဖြစ်နေပြီဖြစ်ကာ မီးဝိညာဉ်ပုလဲ အတွင်းရှိ နေရာ၏ သုံးပုံနှစ်ပုံခန့်ကို နေရာယူထားပြီ ဖြစ်လေသည်။ မီးတောက်များသည် အချိန်အတော်ကြာ အသုံးပြုရန် လုံလောက်သွားပြီ ဖြစ်လေရာ ကျန်းရီ အတော်လေး စိတ်ကျေနပ် နေခဲ့သည်။

"သွားတာပေါ့"

ကျန်းရီသည် ချော်ရည်အိုင် အထက် လျင်မြန်စွာ ကူးခတ်နေရင်း ပေတစ်ထောင်ခန့် ဝေးသော ချော်ရည် မျက်နှာပြင်ထက်ကို မော့ကြည့်လိုက်သည်။ သူသည် အောက်မှ အေးခဲနေသော ချော်ခဲများထက် ခြေဆောင့်လိုက်ရင်း အပေါ်သို့ ပျံသန်း သွားလိုက်သည်။ ပေရှစ်ရာခန့် အမြင့်သို့ ရောက်သွားသောအခါ လွင့်ထွက်သွားမှုသည် အရှိန်ကုန်သွား၍ ကျန်းရီသည် အနက်ရောင် အတွင်းအား များကို စုစည်းလိုက်ကာ အတွင်းအား ပေါက်ကွဲ လက်ဝါးအား ထုတ်ဖော်လိုက်သည်။

"ဗုန်း"

အလွန်ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ အသံသည် အလွန် ကျယ်လောင် လှသောကြောင့် ကျန်းရီ၏ နားတွင် ပဲ့တင် ထပ်သွားခဲ့လေသည်။ ပြင်းထန်လှသော လှိုင်းကြီးကြောင့် သူထပ်မံ လွင့်ထွက် သွားခဲ့ပြန်သည်။ သူ၏ အတွင်းအဂါၤများ ထိခိုက် သွားသောကြောင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာခဲ့သည်။ သို့သော် သူ့မျက်လုံးများသည် မဟူရာ ညနက်နက်မှ ကြယ်များနှယ် တောက်ပနေဆဲပင်။

သူသည် ဟုန်လောင်၏ ကြိုးအား အသာအယာ ဆွဲယူလိုက်ပြီး လက်မောင်းအားကို အသုံးပြုကာ ကျောက်နံရံထက် ခြေကန်ရင်း အပေါ်သို့ တွားတက် သွားလိုက်သည်။

"ဟူး”

မီးတောင်ဝမှ ထွက်လိုက်သည်နှင့် သူသည် လတ်ဆတ်သော လေများကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ သူသည် မှောင်မည်းနေသော ညနက်နက်တွင် ဖီးနစ်ငှက်သည် လူတစ်စုအား ဒေါသတကြီး တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျန်းရီ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် မီးတောင်တွင်းသို့ တစ်ခဏသာ ရောက်ရှိ သွားခဲ့သော်လည်း တမလွန်သို့ တစ်သက်စာမျှ ကြာမြင့်လှသော ခရီး တစ်ခေါက် သွားခဲ့ရသည့်နှယ် ခံစားနေရလေသည်။

"အမ်"

ညသည် ပိန်းပေါက်အောင် မှောင်မဲနေသော်လည်း စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် စူးရှသော အမြင်အာရုံအား ပိုင်ဆိုင်ထားကြသည်။ တောင်အောက်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် လူတစ်ဦးသည် ကျန်းရီ ထွက်လာသည်ကို မြင်လျှင်  အလန့်တကြား အော်ဟစ်လိုက်သည်။

"မျက်နှာဖုံးနဲ့ ကောင်လေး ပြန်ထွက်လာပြီ ... ဟုန်လောင် ဘယ်မှာလဲ ... ဘာလို့ ဟုန်လောင်ကို ငါမမြင်မိတာလဲ"

ကျန်စိတ်ဝိညာဉ် မျောလွင့်အဆင့် ခရီးသည်များ သည်လည်း သတိထားမိ သွားကြသည်။ ကျောက်တုံးကြီး တစ်ခုနောက် ပုန်းအောင်းနေသော အဖိုးတန် ဝတ်စုံနှင့် သခင်လေး ဆိုသူသည် အော်ဟစ် အမိန့်ပေးလိုက်သည်။

"ကျောက်လောင် ... အဲဒီကောင်ကို မြန်မြန် သွားသတ်လိုက် ... သူသာ မီးလင်ဇီးမှိုကို ရသွားရင် ငါတို့ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်လိမ့်မယ်"

ဖီးနစ်ငှက်ကို တိုက်ခိုက်နေသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် တိတ်တဆိတ် နောက်ဆုတ်ကာ မီးတောင်ထက်သို့ တက်သွားခဲ့သည်။ သူမီးတောင် တစ်ဝက်ခန့် အရောက်တွင် ကျန်းရီသည် မီးတောင်၏ အခြားဘက်ခြမ်းမှ လျင်မြန်စွာ ဆင်းသက် သွားသည်ကို မြင်လိုက်ရလေသည်။ သူသည် ဒေါသ ထွက်သွားကာ ချက်ချင်း အားကုန် ပြေးလိုက်တော့သည်။

"ငါဘယ်ကို ဆက်သွားသင့်လဲ ... ငါ့မှာ ကမ္ဘာမြေရဲ့ မီးတောက်တွေ အများကြီး ရှိနေပြီ ... အဲဒါတွေက နိုင်ငံအဆင့် ပြိုင်ပွဲအတွက် လုံလောက်နေပြီ မဟုတ်လား"

ကျန်းရီသည် တောင်အောက်မှ လူများကို လုံးဝဂရုမစိုက်ပေ။ သူ့တွင် ငွေလဝံပုလွေ ရှိနေရာ ထိုလူစု၏ အမြန်နှုန်းအား လှည့်ကြည့်ရန်ပင် မတန်ပေ။ သူသည် မီးတောင်ထိပ်တွင် ခေတ္တ အနား ယူလိုက်ပြီးနောက် အခြားဘက်ခြမ်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ကျန်းရီသည် ခရီးဆက်ရင်း တွေးတောနေခဲ့သည်။ သူ ကျင်းရှန် နိုင်ငံတော်မှ ရှန်ဝူနိုင်ငံတော်တွင်း ပြန်ဝင်လျှင် လမ်းတွင် ဝိညာဉ်ပျက်သုဉ်း ချိုင့်ဝှမ်းကို ဖြတ်သန်း သွားရမည်သာ။

"ဝှစ်"

ကျန်းရီ တွေးတော နေချိန်တွင် မီးတောင်၏ တစ်ဖက်ခြမ်းမှ လေတိုးသံ တစ်ခု ထွက်ပေါ် လာခဲ့သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့် တစ်ယောက်သည် အော်ဟစ်ရင်း ပျံသန်း လာခဲ့သည်။

"ကောင်လေး ... သေဖို့ ပြင်ထားတော့"

"ဟက်”

ကျန်းရီသည် ထိုလူအား ထီမထင်စွာ ကြည့်လိုက်သည်။ သူသည် ဝိညာဉ်သားရဲ အဆောင်အား ဖြည်းဖြည်းချင်း ထုတ်လိုက်ပြီး အူမြူးစွာ အော်လိုက်သည်။

"ငွေလဝံပုလွေ ... ထွက်လာခဲ့တော့"

အပြာရောင် ဝံပုလွေကြီးသည် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ ခုန်တက်ပြီးသည်နှင့် ငွေလဝံပုလွေကြီးသည် မီးတောင်ထက်မှ လျှပ်စီး အလျင်နှင့် ပြေးဆင်းသွားခဲ့သည်။

"ဒါ ... ဒါကြီးက ဘာလဲ"

ကျောက်လောင် တစ်ယောက် ဆွံ့အ နေခဲ့လေသည်။ ကျန်းရီ၏ ဝိညာဉ်သားရဲ အမြန်နှုန်းအား သူအမီ မလိုက်နိုင်ပေ။

သူသည် ဝံပုလွေကြီးအား သံသယများနှင့် နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ဤမျှ အမြန်နှုန်းနှင့် ပြေးနိုင်သော ဝံပုလွေ အမျိုးအစား တစ်ခုသာ ရှိလေသည်။ ၎င်းမှာ တတိယ အဆင့် ငွေလဝံပုလွေ ဖြစ်သည်။ အဲတစ်ခုက ခရမ်းရောင် မဟုတ်ဘူးလား ... ဘာလို့ ဒီဝံပုလွေက အပြာရောင် ဖြစ်နေတာလဲ ... မျိုးရိုးဆင့်ကဲ ပြောင်းလဲတာများလား။

*****

All Chapters