ဝိညာဉ်ပျက်သုဉ်းချိုင့်ဝှမ်း
Vol. 1 Ch. 172
"ဘာ ... အဲဒီကောင်က ငွေလဝံပုလွေနဲ့ ဆင်တူတဲ့ ဝိညာဉ်သားရဲကို ပိုင်ဆိုင်ထားတယ် ... အဲဒါနဲ့ လွတ်သွားတယ်"
ကျောက်လောင် ပြန်လာပြီး တင်ပြလိုက်ရာ သခင်လေးသည် ဒေါသ ထွက်လွန်း၍ ထခုန် မိသွားသဖြင့် ဖီးနစ်ငှက်၏ သတိပြုခံရလု နီးပါး ဖြစ်သွားခဲ့သည်။ သူ့မျက်လုံးများ မှေးကျဉ်း သွားခဲ့သည်။ သူသည် မီးတောင်တွင်းသို့ ဝင်သွားသော ဟုန်လောင် အချိန် အတော်ကြာသည် အထိ ပြန်မရောက်လာသည်ကို တွေ့သောအခါ ဒေါသ ထွက်လွန်း၍ အံကြိတ် ထားမိသည်။ ကျန်းရီ တစ်ယောက်သာ အပြင်သို့ ထွက်လာခဲ့သည်။
မီးတောင်ဝမှ အဝင်အထွက်မှာ လမ်းတစ်ခုသာ ရှိသည်။ ဟုန်လောင် ထွက်မလာခဲ့ဘဲ ကျန်းရီသာ ထွက်လာခဲ့သည်။ ၎င်းမှာ ဟုန်လောင် သေဆုံးသွားခြင်း ဖြစ်နိုင်ပြီး မီးလင်ဇီးမှိုသည် ကျန်းရီ၏ လုယူခြင်း ခံလိုက်ရပုံ ရလေသည်။
အတော်ဝေးဝေးမှ ဖီးနစ်ငှက်၏ တွန်းကျူးသံများ ထွက်ပေါ်လာခဲ့သည်။ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော သခင်လေးသည် ခေါင်းမော့ ကြည့်လိုက်သည်။ သူသည် ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။
"အားလုံး ... နောက်ဆုတ်ကြ"
ဖီးနစ်ငှက်နှစ်ကောင် ပေါင်းမိသွားပြီး ဟုန်လောင်သည်လည်း သေဆုံး သွားခဲ့ပြီ ဖြစ်ရာ ကျန်စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များနှင့် အခြေအနေအား ကိုင်တွယ်ရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့ အခု နောက်မဆုတ်လျှင် ဘယ်သောအခါမှ ထွက်သွားနိုင်တော့မည် မဟုတ်ပေ။ သူတို့ ယခင် ကြိုးစားခဲ့သမျှ အခြား တစ်ယောက် အတွက်သာ ဖြစ်သွားခဲ့သည်။ ထိုသခင်လေး၏ ရင်ထဲမှ အမျက် ဒေါသသည် သိပ်သည်းလွန်း၍ မီးတောင်ကြီးကိုတောင် အရည်ဖျော်ပစ် နိုင်လောက်သည်။
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့် တစ်ယောက်သည် တစ်ယောက်သည် သခင်လေးအား သယ်ဆောင်ကာ ပြန်လည် ဆုတ်ခွာကြတော့သည်။ သခင်လေး၏ မျက်လုံး များသည် ကျန်းရီ ထွက်သွားရာ ဘက်သို့ ကြည့်ကာ မကျေမချမ်း ရေရွတ်လိုက်သည်။
"မျိုးမစစ်ကောင် ... ဒီသခင်လေးက နိုင်ငံအဆင့် ပြိုင်ပွဲ ဝင်ပြိုင်တော့မှာ ... အဲဒါ ပြီးသွားတာနဲ့ မင်းဘယ်သူလဲ ဆိုတာ ဒီသခင်လေးကို မသိစေနဲ့ ... မဟုတ်လို့ကတော့ မင်းတို့ တစ်ဂိုဏ်းလုံး အမြစ်ပြတ် သုတ်သင်ပေးမယ် ... ဟမ့် ... ရှားနိုင်ငံတော်ရဲ့ ငါတို့ စုဂိုဏ်းကို ရန်စရဲတဲ့သူ မှန်သမျှ သေခြင်းတရားကို ရင်ဆိုင်ရမယ်"
***
ကျန်းရီသည် အနောက် မြောက်ဘက်သို့ ဆက်လက်ခရီးဆက်ခဲ့သည်။ သူသည် နဂါးတစ်သောင်း တောင်ကြားကို ဖြတ်သန်းရန် တစ်ရက်သာ ကြာခဲ့ပြီး ကျင်းရှန် နိုင်ငံတော် နယ်နမိတ် အတွင်း ဝင်ရောက် သွားလိုက်သည်။
ဟွာယွင်တောင်တွင် တစ်ရက်ကြာမြင့်ခဲ့ရာ ကျန်းရီ အနား မယူရဲတော့ပေ။ သူသည် လူသူ အရောက်ပေါက် နည်းသော နေရာများတွင် စခန်းချ စားသောက်ရုံမှ တစ်ပါး မည်သည့်မြို့ကိုမှ မဝင်တော့ဘဲ မရပ်မနား ခရီးဆက်ခဲ့သည်။ သူသည် ရံဖန်ရံခါ မြစ်ဖြတ်ကူးရသည့် အချိန်တွင် ကိုယ်လက် ဆေးကြော၍ တစ်ရေး အိပ်တတ်လေသည်။
သူသည် မရပ်မနား ခရီးဆက်၍ အပြင်တွင် ဖြစ်သလို အိပ်ရခြင်းကြောင့် အားအင် အလွန် ကုန်ခမ်း၍ တဖြည်းဖြည်း ပိန်လာခဲ့ပြီ ဖြစ်လေသည်။ သူသည် ခြေသလုံး အိမ်တိုင် တစ်ယောက်ပုံ ပေါက်နေလေပြီ။
“လေအရိပ်ဓား"
ကျန်းရီသည် ခရီး သွားနေရင်းမှ သူသင်တန်း ကျောင်းတွင် လေ့လာထားခဲ့သော မြေကမ္ဘာ အဆင့် သိုင်းကျင့်စဉ် သုံးမျိုးကိုလည်း လေ့ကျင့်ရသေးသည်။
ထိုသိုင်းကျမ်းသုံးခုတွင် တစ်ခုသည် သူကျင့်ကြံရန် အချိန်မရခဲ့သော လှုပ်ရှားမှု သိုင်းကျမ်းတစ်ခု ဖြစ်ပြီး ကျန်တစ်ခုသည် လက်ဝါးသိုင်းတစ်မျိုးဖြစ်၍ အတွင်းအား ပေါက်ကွဲ လက်ဝါးထက် အားနည်းရာ သူကျင့်ကြံလိုစိတ် မရှိပေ။ ထို့ကြောင့် အချိန်ရသော အခါတိုင်း 'လေအရိပ်ဓား' သိုင်းကျင့်စဉ်ကိုသာ အာရုံအပြည့်အဝ စိုက်ထားခဲ့သည်။ ကျူးကော့ချမ်ယွမ် ပေးလိုက်သော အနက်ရောင် အကြေးခွံဓားလည်း ရှိနေရာ သူသည် အနှီ'လေအရိပ်ဓား' သိုင်းကျင့်စဉ်ကိုသာ ကျွမ်းကျင်အောင် လေ့ကျင့်တော့မည်။
သင်တန်းကျောင်းတွင် သူသည် လေအရိပ်ဓား ကျင့်စဉ်ကို တစ်လုံးမကျန် မှတ်သား ထားခဲ့သည်။ အချိန်အတော်ကြာ လေ့ကျင့်လိုက်ပြီးနောက် သူသည် ကနဦးအဆင့်သို့ ရောက်သွား ခဲ့သည်။ မြေကမ္ဘာအဆင့် အမြင့်စား ကျင့်စဉ်များသည် တစ်ရက်၊ နှစ်ရက်အတွင်း သဘာဝလွန် အဆင့်သို့ ရောက်ရှိနိုင်သော အရာ မဟုတ်ပေ။ လုံလောက်သော ဉာဏ်အလင်း မရှိလျှင် တစ်ဘဝလုံး ကနဦး အဆင့်တွင်သာ ရပ်တန့်နေပေလိမ့်မည်။
ငွေလဝံပုလွေကြီးသည် ပြေးလွှားနေခဲ့ပြီး ကျန်းရီသည် အနက်ရောင် အကြေးခွံဓားကို ဆက်တိုက် ဝှေ့ယမ်း၍ ဘေးဘက်သို့ ခုတ်ချ ထိုးခွဲနေခဲ့သည်။ ဓားချက်တိုင်းတွင် ပတ်ဝန်းကျင်မှ လေထုသည် သက်ရောက်ခံရကာ လေပြင်းများ ဖြစ်တည်လာကြသည်။ လေပြင်းများသည် ဓားထိပ်တွင် စုစည်း လာခဲ့သည်။ မြင်ကွင်းမှာ နဂါးများက နဂါးပုလဲ တစ်လုံးအား ဝန်းရံ စောင့်ရှောက် နေကြသည်နှင့် တူသေးသည်။
"မဟုတ်ဘူး ... ဒါမှားနေ သေးတယ်"
ဘေးပတ်ဝန်းကျင်တွင် တောတောင်များသာ ကြီးစိုးထားသည်။ လမ်းတစ်လျှောက်တွင် ကျန်းရီသည် နတ်ဆိုး သားရဲများနှင့် လူများ၏ အရိပ်အယောင် ကိုတောင် မမြင်ရပေ။ လက်ရှိတွင် သူသည် ကျင်းရှန် နိုင်ငံတော်၏ နယ်နိမိတ်အတွင်း ရှိနေရာ သူ့အား တစ်ယောက်ယောက် မြင်သွားလျှင်တောင် ကိစ္စမရှိပေ။ ထို့ကြောင့် ကျန်းရီသည် တခြားအကြောင်းအရာများကို စိတ်ထဲ မထားဘဲ လေအရိပ်ဓားကိုသာ အပြည့်အဝ အာရုံ စိုက်ထားလိုက်သည်။ သူသည် ကနဦး အဆင့်သို့ ဝင်ရောက် ထားပြီး ဖြစ်သော်လည်း ကျင့်စဉ်၏ အနှစ်သာရကို သေချာ မဖမ်းဆုပ် နိုင်သေးရာ သဘာဝလွန် အဆင့်သို့ မရောက်နိုင်သေးပေ။
"ကျင့်စဉ်ထဲမှာ သဘာဝလွန် အဆင့်ကို ရောက်ရင် ပတ်ဝန်းကျင်က လေတွေကို ထိန်းချုပ်ပြီး ရန်သူကို ချုပ်နှောင်နိုင်တဲ့ အားစက်ကွင်း တစ်ခု ဖန်တီးနိုင်မယ်တဲ့ ... ရန်သူက ချုပ်နှောင် ခံလိုက်ရတာနဲ့ မလွတ်မြောက်နိုင် တော့ဘဲ အသာလေး အသတ်ခံရမယ် ... ငါက ဘာလို့ လေတွေကို စုစည်းလို့ ရနေပြီး အားစက်ကွင်း တစ်ခု ဖန်တီးလို့ မရတာလဲ"
"အားစက်ကွင်း ... အဲဒါက ဘာကြီးလဲ ... အားစက်ကွင်းကို ဖန်တီးတာက ဘာလို့ ရန်သူကို ချုပ်နှောင်ဖို့လို့ ဆိုလိုတာလဲ ... အားစက်ကွင်းကို ဘယ်လို ဖန်တီးရမှာလဲ ... ဓားနဲ့ လေတွေကို လမ်းညွှန်ရ တာလား"
ကျန်းရီ နားမလည်သော အပိုင်းများစွာ ရှိလေသည်။ သူသည် ရက်အနည်းငယ် ကြာသည်အထိ ထိုပြဿနာ ထံတွင်သာ အာရုံ စိုက်ထားခဲ့သည်။ ဓားဖြင့် အကြိမ် သိန်းသောင်းချီ ထိုးခုတ် နေပါသော်လည်း အားစက်ကွင်းကို သူမဖန်တီး နိုင်သေးပေ။ ဓားချက်တိုင်းသည် လေတို့ကို ဆွဲဆောင်၍ လေပြင်းများကိုသာ ဖန်တီး နိုင်လေသည်။
"ရပ်တော့"
ကောင်းကင်ကြီး လုံးဝ မှောင်မည်းနေသော အချိန်ရောက်သော အခါမှ ကျန်းရီ သတိ ဝင်လာခဲ့သည်။ ငွေလဝံပုလွေကြီးအား ဝိညာဉ်သားရဲ အဆောင်တွင်း ပြန်လည် သိမ်းဆည်း ပြီးနောက် အနားယူရန် အတွင်းအား အနည်းငယ် ထည့်ပေးလိုက်သည်။ ထို့နောက် ညဘက် အနားယူရန် သစ်ပင်ငယ် တစ်ခုအား ကျပန်း ရွေးချယ်လိုက်သည်။
"ဝှစ်"
ကျန်းရီသည် သစ်ပင်အောက်တွင် ရပ်နေရင်းမှ သစ်ပင်ငယ်အား အနက်ရောင် အကြေးခွံဓားဖြင့် ပိုင်းချလိုက်လေသည်။ ဓားလှုပ်ရှား သွားသော ခဏတွင် အနီးအနားမှ လေများသည် ဓားထိပ်တွင် လာရောက် စုစည်း ကြသည်။ သစ်ပင်ထက် ဓားမကျရောက်နိုင်ခင် မှာပင် သစ်ပင်သည် အမြစ်မှ ကျွတ်ထွက်သွားကာ တစ်စစီ ဖြစ်သွားခဲ့လေသည်။
"လေအရိပ်ဓားရဲ့ အင်အားက မဆိုးပါဘူး ... သဘာဝလွန် အဆင့်ကို ငါမရောက်နိုင် သေးတာကပဲ နှမြောဖို့ ကောင်းတယ်"
ကျန်းရီသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး နောက်သစ်ပင် တစ်ပင်ကို ထပ်ရှာဖွေကာ တက်ထိုင်၍ ရေအချို့ သောက်ကာ ရိက္ခာခြောက်များကို ထုတ်စားနေလိုက်သည်။ ရက်နှစ်ဆယ်ကျော် ကုန်ဆုံး သွားခဲ့ပြီဖြစ်ပြီး ထိုရက်များတွင် ကျန်းရီသည် သူ့စိတ်အား လေအရိပ်ဓားကို လေ့ကျင့်ရာတွင်သာ နစ်မြုပ် ထားလိုက်သည်။ သူသည် သူရောက်နေသော နေရာကို မေ့ထားသည့် အပြင် ရှန်ဝူနိုင်ငံတော်၏ တော်ဝင်မြို့တော်သို့ ခြောက်ပတ်အတွင်း အရောက် သွားရမည်ကိုလည်း မေ့ထားခဲ့လေသည်။
"မီးလင်ဇီးမှို"
ကျန်းရီသည် သူ့စိတ်အား မီးဝိညာဉ် ပုလဲအတွင်း စူးစိုက်လိုက်ပြီး အထဲတွင် ငြိမ်သက်စွာ တည်ရှိနေသော မီးလင်ဇီးမှိုထံ ကြည့်လိုက်သည်။ ထိုပစ္စည်း စားသုံးလိုက်သူ၏ ကျင့်ကြံဆင့်ကို လျင်မြန်စွာ တိုးတက် စေနိုင်သည့် စွမ်းရည်ရှိကြောင်း တွေးလိုက်မိသည်နှင့် သူအလွန် စိတ်လှုပ်ရှား လာခဲ့သည်။ သို့သော် မည်သို့ သန့်စင်၍ စားသုံးရမည်ကို မသိသောကြောင့် သူအလျင်စလို မစားလိုက် ရဲပါပေ။ မီးလင်ဇီးမှိုထဲရှိ စွမ်းအားတို့သည် သူ့ကိုယ်အား ပေါက်ကွဲသွားစေ၍ သေသွားမည် ဆိုလျှင် မည်သို့လုပ်မည်နည်း။
သူ့ဝမ်းဗိုက်အား ဖြည့်တင်း ပြီးသည်နှင့် ကျန်းရီသည် ပုံမှန်အတိုင်း ကျင့်ကြံလိုက်သည်။ သူသည် မြေကမ္ဘာအဆင့် နဂါးဆေးလုံး၏ အကူအညီကို ယူ၍ နာရီ အနည်းငယ် ကျင့်ကြံ လိုက်သော်လည်း ကျင့်ကြံခန်းထဲတွင် မဟုတ်ရာ သူ့ကျင့်ကြံနှုန်းမှာ အလွန်နှေးကွေး နေခဲ့သည်။
ဤမျှ အချိန် ကြာမြင့်နေပြီ ဖြစ်သော်လည်း ခရမ်းရောင် နန်းတော်ကို စတင်ဖွဲ့စည်း ရမည့် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အမြင့်ဆုံး အဆင့်ကိုတောင် မရောက်နိုင် ဖြစ်နေလေသည်။
"ကောင်းကင်နတ်ဆိုးပိုးချည် "
ဉာဉ့်နက်သည်အထိ ကျင့်ကြံနေရာမှ ကျန်းရီသည် မျက်လုံးများ ပွင့်လာခဲ့ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူသည် မီးဝိညာဉ်ပုလဲတွင်းမှ ကောင်းကင်နတ်ဆိုး ပိုးချည်ကို ထုတ်ယူလိုက်ပြီး သူ့စိတ်စွမ်းအင်ဖြင့် ပေါင်းစပ်တော့သည်။ ထိုပစ္စည်းသည် ကောင်းကင် အဆင့်ဖြစ်ပြီး ကျန်းရီတွင် အားကောင်းသော စိတ်စွမ်းအင်လည်း မရှိသလို ပိုးချည်ကို မည်သို့သန့်စင် ထိန်းချုပ် ရမည်ကိုလည်း သူမသိပေ။ သူသည် အရိုးရှင်းဆုံး နည်းလမ်းသုံး၍ ကောင်းကင်နတ်ဆိုး ပိုးချည်ကို အသုံးပြုနိုင်၍ အတွင်းအားဖြင့် ဖြည်းဖြည်းချင်း ပေါင်းစပ် နေတော့သည်။
ညသည် တိတ်ဆိတ်နေခဲ့သည်။
နောက်တစ်နေ့တွင် ကျန်းရီသည် နံနက်စောစော နိုးထလာခဲ့ပြီး လေအရိပ်ဓားကို လေ့ကျင့်ရင်း ခရီးဆက်ခဲ့သည်။ သူသည် ညရောက်လျှင် နေရာတစ်ခု ရှာလိမ့်မည်ဖြစ်ပြီး ကျင့်ကြံပြီး ကောင်းကင်နတ်ဆိုး ပိုးချည်ကို စိတ်စွမ်းအင်ဖြင့် ပေါင်းစပ်ပေလိမ့်မည်။ ရှစ်ရက် ကိုးရက်ခန့် ကြာမြင့် သွားခဲ့သော်လည်း ကျန်းရီသည် လေအရိပ်ဓား၏ မည်သည့် ဉာဏ်အလင်းကိုမှ မဖမ်းဆုပ်နိုင်ဘဲ သဘာဝလွန် အဆင့်သို့ မရောက်နိုင်ဖြစ်နေခဲ့သည်။ ကောင်းကင်နတ်ဆိုး ပိုးချည်ကိုလည်း သူမပေါင်းစည်း နိုင်သေးပါချေ။
"ဒါက ဟူလုတောင် ... ဝိညာဉ်ပျက်သုဉ်း ချိုင့်ဝှမ်းက ရှေ့တည့်တည့်မှာပဲ"
ရှေ့တည့်တည့်တွင် ဘူးသီး ပုံစံတောင်ကြီး တစ်ခု ရှိနေခဲ့လေသည်။ (ဟူလု=ဘူးသီး)
ကျန်းရီသည် မြေပုံကို စစ်ဆေး လိုက်ပြီးနောက် အတော်လေး စိတ်လှုပ်ရှား လာခဲ့လေသည်။ ဝိညာဉ်ပျက်သုဉ်း ချိုင့်ဝှမ်းသည် ကျင်းရှန် နိုင်ငံတော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ သူသည် ရှန်ဝူနိုင်ငံတော်နှင့် အလွန်နီးကပ်နေပြီ ဖြစ်ရာ တော်ဝင်မြို့တော်သို့ ဆယ့်သုံးရက်ခန့်နှင့် ရောက်အောင် သွားနိုင်လေသည်။
"သွားမယ်"
ကျန်းရီသည် ဝိညာဉ်ပျက်သုဉ်း တောင်ကြားသို့ ရောက်နေပြီဖြစ်ရာ အခွင့်ကောင်းအား လက်မလွှတ် လိုက်ချင်ပါပေ။ မီးဝိညာဉ်ပုလဲသည် မီးတောင် အတွင်းမှ ကမ္ဘာမြေ၏ မီးတောက်များ ကိုတောင် စုပ်ယူနိုင်သည် ဆိုလျှင် ဤဝိညာဉ်ပျက်သုဉ်း ချိုင့်ဝှမ်းမှ တမလွန် လောက၏ မီးတောက် များကိုလည်း စုပ်ယူနိုင်စွမ်း ရှိရပေမည်။
"အာ ... တစ်ယောက်ယောက် ရှိနေတာလား"
ခရီးရှည်ကြီး သွားလာနေရသည် ဖြစ်ရာ ကျန်းရီ၏ အကြားအာရုံသည် အတော်လေး စူးရှနေခဲ့ပြီ ဖြစ်သည်။ ရှေ့မှ ခြေသံတစ်စုံအား သူအတိုင်းသား ကြားနေရလေသည်။ သူသည် ငွေလဝံပုလွေကြီးကို ထိန်းချုပ်၍ လမ်းလွဲမှ သွားစေလိုက်သည်။
အနီးတွင် အမှောင် တောအုပ်လည်း ရှိနေရာ ဤနေရာတွင် စွန့်စားသွားလာသူ တချို့တလေ ရှိနေသည်မှာ ပုံမှန်သာ ဖြစ်သည်။ သူရှိနေသော နေရာအား တစ်ယောက်ယောက် သိရှိသွားလျှင် သူ့အတွက် မကောင်းပေ။
ကျန်းရီသည် လမ်းတစ်လျှောက်တွင် သိုင်းပညာရှင် လူစုများစွာကို တွေ့ရသော်လည်း သူ၏ အကြားအာရုံနှင့် ငွေလဝံပုလွေ၏ အမြန်နှုန်းကို အသုံးချ၍ သူရှောင်တိမ်း နိုင်ခဲ့သည် ချည်းသာ။
အမှောင်ထု ကြီးစိုး လာခဲ့ပြီဖြစ်ပြီး ကျန်းရီသည်လည်း နောက်ဆုံးတွင် တောင်ကြား၏ အနက်ဆုံးအပိုင်း အနီး ရောက်ရှိသွားခဲ့သည်။ သူသည် ငွေလဝံပုလွေထက်မှ ကမ်းပါး တစ်ခုထက် ခုန်တက်လိုက်ပြီး မှောင်မည်းနေသော တောင်ကြားအပေါ်မှ အောက်သို့ စီးမိုး၍ ကြည့်လိုက်သည်။
ချိုင့်ဝှမ်း၏ အောက်ဘက်သည် ပိန်းပေါက်အောင် မှောင်မည်းနေပြီး အထဲတွင် ဘာရှိ နေသည်ကို မသိနိုင်ပေ။ အားကောင်းသည့် နတ်ဆိုးသားရဲ တစ်ကောင်လောက် ရှိနေလျှင် သူသေဆုံး သွားနိုင်ပေသည်။
"ငါဒီညကို ဒီမှာပဲ ကုန်ဆုံးရမယ် ... ကျန်တာကို မနက်ဖြန်မှ ဆုံးဖြတ်မယ်"
ကောင်းကင်သည် မှောင်မဲနေပြီ ဖြစ်ရာ ကျန်းရီတွင် စွန့်စားရဲသည့် သတ္တိတို့ ရှိမနေပါပေ။ ညကို ကုန်ဆုံးရန် ဂူတစ်လုံးလည်း သူတွေ့ထားလေပြီ။ နောက်တစ်နေ့ကို စောင့်ပြီးမှသာ ပတ်ဝန်းကျင်ကို ကင်းထောက်ရန် သူဆုံးဖြတ် လိုက်သည်။ ဤချိုင့်ဝှမ်းသည် အန္တရာယ် များလွန်းရိုး မှန်ပါလျှင် သူလက်လျှော့ လိုက်သင့်သည်။ မည်သို့ပင်ဖြစ်ပါစေ သူ့တွင် ကမ္ဘာမြေ၏ မီးတောက်များ အလုံအလောက် ရှိနေပြီ ဖြစ်သည်။
"ဝူး ... ဝူး" "ဝူး ... ဝူး"
ညနက်နက်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ကျန်းရီသည် ရုတ်တရက် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ အသံ ထွက်ပေါ်လာသော နေရာကို သူမသိသော်လည်း ထိုအသံသည် သူ့စိတ်ထဲမှ လာသည့်နှယ် သူခံစား နေရလေသည်။ ထိုအသံတွင် ကျန်းရီအား တောင်ကြား၏ အနက်ဆုံး အပိုင်းဆီ လျှောက်လှမ်း သွားစေသော မှော်ဆန်သည့် စွမ်းအားတစ်ခု ကိန်းအောင်း နေလေသည်။
ကျန်းရီ၏ မျက်လုံးများသည် မှိတ်လျက်သားနှင့် အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေလေသည်။ သူ့ခြေထောက်တို့သည် သူမသိလိုက်ခင် မှာပင် ရွေ့လျားနေကြပြီး သူ့ကိုယ်သည် ကျောက်တုံးဂူမှ တစ်လှမ်းချင်း ထွက်လာကာ ချိုင့်ဝှမ်း၏ အနက်ဆုံး အပိုင်းဆီ တရွေ့ရွေ့ သွားနေတော့သည်။ တောင်ကြား၏ အနက်ဆုံး အပိုင်းဆီ သူ့ဝင်သွားတော့မည့် ဆဲဆဲတွင် သူ့စိတ်တွင်းမှ စိတ်ဝိညာဉ်သည် ရွှေရောင်အလင်းများ လင်းလက် လာခဲ့ပြီး သူ့စိတ်မှာ ကြည်လင် ရှင်းလင်း လာခဲ့သည်။
***