← Chapters

တရားရုံးတွင် ချစ်ကြောင်းကြေညာခြင်း အပိုင်း(၁)

Vol. 11 Ch. 151

တရားရုံးတွင် ချစ်ကြောင်းကြေညာခြင်း အပိုင်း(၁)

Vol. 11 Ch. 151

ယဲ့ချန်းက အစီအစဉ်တစ်ခု ရိုက်ကူးပြီးစီးသွားပြီးနောက် အိမ်သို့ပြန်ရောက်သည်နှင့် ဖုန်းမြည်လာသည်။

"ယဲ့ချန်း.. ငါ လီကွမ်းပါ"

"လောင်ကွမ်း..မတွေ့ရတာ ကြာပြီနော်။ အဆင်ပြေရဲ့လား။ ငါ့ကို အဆက်အသွယ်တောင် လုံးဝမလုပ်ဘူး"

လီကွမ်းက ယဲ့ချန်း၏ ငယ်သူငယ်ချင်းဖြစ်ပြီး နှစ်ဦးသားက အတူကြီးပြင်းလာခဲ့ကြလေရာ အလွန်ရင်းနှီးလှသော ဆက်ဆံရေးမျိုးရှိသည်။

သို့သော် အရွယ်ရောက်လာသောအခါ နှစ်ယောက်စလုံး ကိုယ့်ဘဝနှင့်ကိုယ် အလုပ်များကုန်ကြသဖြင့် အဆက်အသွယ်လုပ်ဖြစ်သည့် အခေါက်ရေကလည်း နည်းပါးလာခဲ့သည်။

လီကွမ်းက ရယ်မောလျက် ပြောလိုက်၏။

"ငါ ဒီနေ့ လက်ထပ်စာချုပ် မှတ်ပုံတင်တော့မလို့။ မင်းအားလား။ ငါ့အတွက် အရေးကြီးတဲ့ ဒီအခိုက်အတန့်လေးမှာ မင်းကို လာစေချင်တယ်"

"ရတယ်လေ။ မင်းနဲ့ ရှောင်ချန်းက နောက်ဆုံးတော့ ပေါင်းဖက်ကြတော့မှာပေါ့"

ယဲ့ချန်းက ရယ်မောလိုက်လေသည်။

"မင်းရဲ့မရီးက ရှောင်ချန်းမဟုတ်ဘူး။ တခြားတစ်ယောက်"

"ဟင်!"

ယဲ့ချန်း အံ့အားသင့်သွားသည်။

လီကွမ်းနှင့် ဝူချန်းတို့က ယဲ့ချန်း၏ အိမ်နီးချင်းများလည်း ဖြစ်ကြသည်။ သူတို့သည် ငယ်စဉ်ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြပြီး ငယ်ချစ်ဦးများနှင့်လည်း မခြားပေ။ သူတို့နှစ်ယောက်သားဟာ လွန်ခဲ့သည့် နှစ်နှစ်လောက်အထိ အတူရှိနေကြဆဲသာ။

လီကွမ်းလည်း ရယ်ကာမောကာဖြင့် ပြောလိုက်၏။

"ငါတို့အတူရှိလာတာ ကြာသွားလို့များ ညီအစ်ကိုတွေလို ဖြစ်သွားကြတာလားမသိဘူး"

ယဲ့ချန်းမှာ လီကွမ်း၏ကူကယ်ရာမဲ့မှုကို အတိုင်းသားကြားနေရသည်။

"မင်းတို့နှစ်ယောက်.. နည်းနည်းလောက်ကြိုးစားကြည့်လို့မရဘူးလား။ ရှောင်ချန်းက မင်းကိုသဘောကျပါတယ်"

"ဟူး... အခုပြောနေလည်း အလကားပဲ။ ငါက တခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မှာ"

ယဲ့ချန်းလည်း သက်ပြင်းချလိုက်မိသည်။

"ကောင်းပြီလေ။ ငါ မနက်ဖြန် သေချာပေါက်လာခဲ့မယ်"

နောက်တစ်နေ့မနက်စောစောတွင် ယဲ့ချန်းက လက်ထပ်မှတ်ပုံတင်သည့် တရားရုံးသို့ ရောက်လာခဲ့သည်။

ထိုအခိုက် လီကွမ်းက သူစိမ်းမိန်းကလေးတစ်ယောက်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်တို့နှင့် စကားများနေပေသည်။

ယဲ့ချန်းက ဝူချန်းကို မေးလိုက်၏။

"ဘာတွေဖြစ်နေကြတာလဲ"

ဝူချန်းကလည်း သက်ပြင်းတချချဖြင့် ပြောလာလေသည်။

"သူတို့ လက်ထပ်မှတ်ပုံတင်တော့မဲ့အချိန်ကျမှ မိန်းကလေးရှင်ဘက်က ရှောင်ကွမ်းကို နောက်ထပ်ယွမ်နှစ်သိန်း ထပ်တောင်းနေတယ်လေ"

ထိုအမျိုးသမီးကြီးက ခါးထောက်လျက် မောက်မောက်မာမာဆိုလာချေသည်။

"ရှောင်ကွမ်း.. ငါတို့ယွဲ့ယွဲ့မှာ မောင်လေးတစ်ယောက် ရှိတယ်။ အခု သူက လက်ထပ်တော့မယ်ဆိုတော့ သူ့မောင်လေးအတွက် ပိုက်ဆံနည်းနည်းပါးပါး ချန်ထားပေးသင့်တယ်မဟုတ်လား။ မင်းမှာ ယွမ်နှစ်သိန်းမရှိဘူးဆိုရင် လက်ထပ်မှတ်ပုံတင်မဲ့ကိစ္စကို လာမပြောနဲ့တော့"

ထိုအမျိုးသမီးကြီးက ကြမ်းတမ်းခက်ထန်သော အမူအရာဖြင့် အိမ်ထောင်စုစာရင်းစာအုပ်ကို ကိုင်ထားကာ လွှမ်းမိုးခြယ်လှယ်လိုသော သဘောထားမျိုးကို ပြသနေချေသည်။ သူ(မ)၏ဘေးရှိ အသက်နှစ်ဆယ်အရွယ် မိန်းကလေးခမျာ စိတ်မသက်မသာဖြစ်နေပုံရသည်။

လီကွမ်း၏ မျက်နှာလည်း အလွန်မသာမယာဖြစ်နေသည်။

သူ့မှာ ဒေါသကိုထိန်းချုပ်ပြီး ထိုအမျိုးသမီးကြီးကို ပြောလိုက်၏။

"အန်တီ.. ကျွန်တော့်မှာ ပိုက်ဆံမရှိတော့ဘူးဆိုတာကိုလည်း အန်တီသိသင့်ပါတယ်ဗျာ။ မိုတုမြို့ထဲမှာ အိမ်လိုချင်တယ်ဆိုလို့ ကျွန်တော့်မိသားစုက ဆွေမျိုးတွေ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးပြီး အိမ်ဝယ်ခဲ့ရတယ်။ အန်တီက တင်တောင်းငွေယွမ်နှစ်သိန်းတောင်းလို့လည်း ကျွန်တော့်မိသားစုက ဖြည့်ဆည်းပေးခဲ့ပြီးပြီ။ ဘီအမ်ဒဗလျူကားတစ်စီး လိုချင်တယ်ဆိုလို့လည်း ကျွန်တော် ဝယ်ပေးခဲ့ပြီးပြီ။ အမှန်အတိုင်းပြောရရင် ကျွန်တော့်မိသားစုက ငွေကြေးအခက်အခဲဖြစ်နေတဲ့အပြင် အကြွေးတွေပါ တင်နေပြီ။ ပြီးတော့ ကျွန်တော်တို့ သဘောတူထားပြီးသား မဟုတ်လား။ အနားနီးမှ ဘာလို့ ကတိမတည်ရတာလဲ"

ယခုမူ လီကွမ်းလည်း ပို၍ပင် ခံပြင်းလာချေပြီ။

ဤမိန်းကလေးကို လက်ထပ်ရန်အတွက် သူ့မိသားစုက သူတို့၏တောင်းဆိုမှုများကို အဆက်မပြတ်ဖြည့်ဆည်းပေးခဲ့ရလေရာ စီးပွားရေးအခြေအနေပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

သို့သော် ယခုမူ လက်ထပ်စာချုပ်မှတ်ပုံတင်ခါနီးမှ နောက်ထပ်ယွမ်နှစ်သိန်းကို ရုတ်တရက်တောင်းဆိုလာပြန်သည်။ သူ သည်းမခံနိုင်တော့ပေ။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ချေသည်။

"ငါ အဲဒါတွေ ဂရုမစိုက်ဘူး။ လက်ထပ်ဖို့အတွက် ငါ့ကို ယွမ်နှစ်သိန်းပေး။ ပိုက်ဆံမပေးလို့ကတော့ ဘာမှဆက်မပြောနဲ့တော့။ ငါတို့ယွဲ့ယွဲ့က ဒီလောက်လှတာ။ သူ့ကို လိုချင်တဲ့ယောက်ျားတွေမှ အများကြီးပဲ"

ထိုအမျိုးသမီးဘက်က အလျှော့မပေးမှန်း သိလိုက်ရသောအခါ လီကွမ်းလည်း ချန်ယွဲ့ယွဲ့ကို ကြည့်လိုက်လေသည်။

"ယွဲ့ယွဲ့.. မင်းရော ဘယ်လိုဖြစ်ချင်လဲ"

ချန်ယွဲ့ယွဲ့ကတော့ သူ့အတွက် ဝင်ပြောပေးဖို့ မျှော်လင့်မိသည်။

မည်သို့ပင်ဆိုစေ အမျိုးသမီးကြီးချန်က သူ့ထံမှ ငွေညှစ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် နောက်ထပ် ဆွေးနွေးနေလည်း အဓိပ္ပာယ်မရှိတော့ချေ။

ချန်ယွဲ့ယွဲ့က စိတ်မသက်မသာဖြစ်နေဟန်ဖြင့် သူ(မ)၏အမေကို တစ်ချက်ကြည့်ပြီးနောက် လီကွမ်းကို ကြည့်လိုက်၏။

လီကွမ်းက ချန်ယွဲ့ယွဲ့ကို စိုက်ကြည့်နေချေသည်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးကြီးချန်က လီကွမ်းတို့မိသားစုအခြေအနေကို မသိသော်ငြား ယွဲ့ယွဲ့ကမူ သေချာပေါက်သိသည်။ သူသည် သူ(မ)ကို လက်ထပ်ရန်အတွက် တတ်နိုင်သမျှ ပိုက်ဆံချေးယူထားရသည်ဖြစ်ရာ သူ(မ)ကတော့ သူ့အား နားလည်ပေးလိမ့်မည်ဟု မျှော်လင့်မိသည်။

ချန်ယွဲ့ယွဲ့မှာ အသက်ပြင်းပြင်းရှူသွင်းပြီး ပြောလာလေသည်။

"ရှောင်ကွမ်း.. ရှင့်သူငယ်ချင်းတွေဆီက ပိုက်ဆံနည်းနည်းပါးပါး ချေးကြည့်လို့ရတယ်လေ။ ကြည့်လိုက်..ဝူချန်းနဲ့ ယဲ့ချန်းတို့လည်း ရောက်နေတာပဲ။ သူတို့မှာ ပိုက်ဆံ ရှိလားလို့ မေးကြည့်ပါလား"

ချန်ယွဲ့ယွဲ့၏စကားကို ကြားပြီးနောက် လီကွမ်း၏ မျှော်လင့်ချက်များ လုံးဝပျက်စီးသွားရသည်။

လီကွမ်းက ယဲ့ချန်းနှင့် ဝူချန်းတို့၏အခြေအနေကို ကောင်းကောင်းသိသည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာဖြစ်လေရာ တစ်လကို စားဝတ်နေရေးပြေလည်ရုံမျှသာ ဝင်ငွေရှိသည်။ ထို့ပြင် အိမ်ထောင်လည်း မပြုရသေးပေ။

ဝူချန်းအပေါ် အပြစ်ရှိသည်ဟု သူ အမြဲတစေခံစားနေခဲ့ရသောကြောင့် သူ(မ)ထံမှ ပိုက်ဆံချေးရန် သတ္တိမရှိပေ။

ယဲ့ချန်းက ဘေးနားမှ အေးတိအေးစက်အမူအရာဖြင့် စောင့်ကြည့်နေပြီး စကားတစ်ခွန်းမှ ဝင်မပြောပေ။

သူ(မ)ကသာ မိန်းမကောင်းတစ်ယောက်ဆိုပါက ယဲ့ချန်းအနေနှင့် ယွမ်နှစ်သိန်းဆိုတာကို အသာထား။ ယွမ်နှစ်သန်းအထိ ပေးရမည်ဆိုလျှင်ပင် ဝန်လေးနေမည်မဟုတ်ပေ။

သို့သော် ဤမိန်းကလေးကိုသာ လက်ထပ်လိုက်ပါက လီကွမ်း ပျော်ရွှင်ရလိမ့်မည်မဟုတ်ကြောင်း ယဲ့ချန်း ခံစားမိသည်။

လီကွမ်းလည်း အသက်ပြင်းပြင်းရှူသွင်းပြီး ချန်ယွဲ့ယွဲ့ကို မေးလိုက်၏။

"ချန်ယွဲ့ယွဲ့.. မင်းကို နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်။ မင်း လက်ထပ်ချင်လား။ လက်မထပ်ချင်ဘူးလား"

လက်ရှိအချိန်တွင် လီကွမ်းခမျာ အသည်းကွဲသွားသလို ခံစားရသည်။ ဤအမျိုးသမီးအတွက်နှင့် သူ့မှာ ဒေဝါလီခံလုနီးပါး ဖြစ်ခဲ့ရသော်လည်း သူ(မ)နှင့် သူ(မ)၏ မိသားစုကတော့ သွေးစုပ်ကောင်များအလား သူ့ကို ကုပ်သွေးစုပ်နေကြဆဲသာ။ ဤသည်မှာ ခွင့်မလွှတ်နိုင်သော ကိစ္စပင်။

လီကွမ်းတွင် သည်းခံနိုင်စွမ်း အနိမ့်ဆုံးမျဉ်းရှိသည်ဆိုလျှင် ချန်ယွဲ့ယွဲ့၏ မိသားစုက ထိုမျဉ်းကို ကျော်လိုက်ပြီဖြစ်၏။

လီကွမ်း၏ ခိုင်မာပြတ်သားမှုကို မြင်သောအခါ အမျိုးသမီးကြီးချန်မှာ မပျော်မရွှင်ဖြစ်သွားသည်။

"ဒါ ဘာသဘောလဲ။ မင်းက ငါတို့ယွဲ့ယွဲ့ကို ခြိမ်းခြောက်နေတာလား။ မင်းက မယူရသေးတာတောင် ဒီလိုအချိုးမျိုး ချိုးနေပြီ။ ယွဲ့ယွဲ့..အမေနဲ့အတူ အိမ်ပြန်လိုက်ခဲ့။ ငါတို့ လက်မထပ်တော့ဘူး"

သူ(မ)က ထိုသို့ပြောဆိုရင်း လီကွမ်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။

"လူကြီးမင်းလီ..ငါ မင်းကိုပြောမယ်။ နောက်ထပ်ယွမ်နှစ်သိန်း ထပ်မပေးမချင်း ဘာမှဖြစ်လာမှာမဟုတ်ဘူးနော်"

လီကွမ်းလည်း မျှော်လင့်ချက် ကင်းမဲ့သွားရလေတော့သည်။

"ကောင်းပြီလေ။ လက်ထပ်ပွဲမရှိတော့ဘူးဆိုတော့လည်း မရှိတော့ဘူးပေါ့။ ကျွန်တော့်ဆီက တစ်ပြားတစ်ချပ်မှ ထပ်ရဖို့ မမျှော်လင့်နဲ့တော့"

"ကောင်းပြီ။ မင်းပြောတာနော်။ နောက်မှနောင်တမရနဲ့"

ယဲ့ချန်းက ဤမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ဘေးနားရှိ ဝူချန်းကို မေးလိုက်သည်။

"နင် လောင်ကွမ်းကိုကြိုက်လား"

"ကြိုက်တော့ရော ဘာလုပ်ရမှာလဲ။ သူ့ရင်ထဲမှာ ငါမှမရှိတာ"

ယဲ့ချန်း ခါးသက်သက် ရယ်မောလိုက်မိသည်။

"နင်သိလား။ သူက နင့်ကို အရမ်းချစ်တယ်လို့ ငါ့ကိုပြောဖူးတယ်။ ဒါပေမဲ့ သူက နင်နဲ့မထိုက်တန်ဘူးလို့ ခံစားရလို့ နင့်ကို ဆွဲချမိမှာကြောက်တယ်တဲ့"

"ဘာ!"

ဝူချန်း တုန်လှုပ်သွားသည်။

နှစ်ယောက်သားဟာ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြပါလျက်နှင့် တစ်ဖက်လူအတွက်သာ အမြဲတွေးပေးနေကြပြီး ဘယ်သူကမှ ရှေ့မတိုးကြသောကြောင့် ယခုလို အခြေအနေမျိုးကို ရောက်လာကြခြင်းပင်။

"နင် လောင်ကွမ်းကို လက်ထပ်ချင်လား"

ယဲ့ချန်း မေးလိုက်သည်။

"ဟာ မသင့်တော်ပါဘူး"

ယဲ့ချန်းက ဝူချန်းကို လီကွမ်းရှေ့သို့ ဆွဲခေါ်လာခဲ့သည်။

"လောင်ကွမ်း..ရှောင်ချန်းကို လက်ထပ်လိုက်"

လီကွမ်းခမျာ အံ့အားသင့်သွားချေသည်။

"အာ!"

ဝူချန်းခမျာ ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ ရှက်သွေးဖြာနေလေသည်။

ယဲ့ချန်းက ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာပဲကို။ ဘာလို့ လွဲချော်နေကြတာလဲ။ ငါ ရှောင်ချန်းကို ခုနက မေးကြည့်လိုက်တော့ သူကလည်း မင်းကို ကြိုက်တယ်တဲ့။ တစ်ယောက်ကိုတစ်ယောက် ချစ်နေရဲ့သားနဲ့ ဘာလို့ အချင်းချင်းနာကျင်အောင် လုပ်နေကြတာလဲ"

"ငါတို့ကလား"

ဝူချန်း၏မျက်နှာမှာ နီမြန်းသွားလေသည်။

လီကွမ်းက ဝူချန်းကိုကြည့်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

"ရှောင်ချန်း.. ကိုယ် မင်းကို ကြိုက်တယ်။ ဒါပေမဲ့ ကိုယ်က မင်းနဲ့မတန်ဘူးလို့ အမြဲခံစားခဲ့မိတာ။ ကိုယ် ကြိုးစားပါ့မယ်။ မင်း ကိုယ့်ကို လက်ထပ်နိုင်မလား"

ဝူချန်းခမျာ မျက်ရည်ကျမတတ် စိတ်လှုပ်ရှားသွားရသည်။ သူ(မ)မှာ နှစ်ပေါင်းများစွာကြာအောင် လီကွမ်းဖွင့်ပြောလာမည့်အချိန်ကို စောင့်စားခဲ့ရသည်။

သို့သော် သူက တခြားတစ်ယောက်နှင့် လက်ထပ်တော့မည်ဟူသော သတင်းကိုသာ ကြားလိုက်ရသည်။

ဝူချန်း နာကျင်ခံစားခဲ့ရသော်လည်း သူ ပျော်ရွှင်ပါစေဟုသာ တိတ်တဆိတ်ဆုတောင်းခဲ့သည်။ သို့သော် ယခုမူ ယဲ့ချန်းက သူတို့နှစ်ယောက်ကို ပေါင်းစည်းပေးခဲ့သည်။

ဝူချန်းလည်း အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

"ဟဲ့ကောင်မလေး.. ဒီကောင့်မှာ အခု တစ်ပြားမှမရှိတော့ဘူးနော်။ သူ့နဲ့ပေါင်းရင် နင်ပဲဒုက္ခရောက်မှာ။ သိလား"

သို့သော် ဝူချန်းကတော့ ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

"ကျွန်မက သူ့ကိုပဲလိုချင်တာ။ သူ့ပိုက်ဆံကို လိုချင်တာ မဟုတ်ဘူး"

သူတို့လည်း အိမ်ပြန်၍ အိမ်ထောင်စုစာရင်းစာအုပ်နှင့် မှတ်ပုံတင်ကတ်များကို ယူဆောင်လာခဲ့ကြပြီးနောက် အဆင်ပြေချောမွေ့စွာ မှတ်ပုံတင်ခဲ့ကြသည်။

လီကွမ်းကိုယ်တိုင်ပင် ယုံရခက်နေသည်။ လက်ထပ်စာချုပ်မှတ်ပုံတင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်ငြား သတို့သမီးကတော့ ပြောင်းသွားခဲ့သည်။

ညနေပိုင်းတွင် သူတို့သုံးယောက်သား တော်တော်သောက်စားခဲ့ကြပြီး လီကွမ်းနှင့် ဝူချန်းတို့က ယဲ့ချန်းအား ကျေးဇူးတင်ကြောင်း ခွက်မြှောက်ဂုဏ်ပြုပေးခဲ့ကြသည်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ငါတို့ ဒီတစ်သက် လွဲချော်ရတော့မှာ။ မင်းက ငါတို့ရဲ့ ကျေးဇူးရှင်ပဲ။ ငါတို့ အခုချက်ချင်း မင်္ဂလာပွဲစီစဉ်လိုက်တော့မယ်"

ယဲ့ချန်းလည်း ရယ်မောလိုက်မိသည်။

"ငါလည်း ဝင်ကူညီရမှာပေါ့။ မင်းတို့ရဲ့မင်္ဂလာဆောင်ကို ခမ်းခမ်းနားနားဖြစ်အောင် လုပ်ပေးမယ်"

••••••••••••

All Chapters