သန်မာသောယဲ့ချန်း
Vol. 11 Ch. 152
နောက်တစ်နေ့တွင် လီကွမ်းက သြဇာအာဏာညောင်းလှသော ယဲ့ချန်း၏ကူလီနန်ကားကို မြင်သောအခါ အံ့အားသင့်သွားလေသည်။
"ချန်းဇီ.. ဒါက မင်းကားလား"
ယဲ့ချန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်လေ။ ဟားဟား..မင်း ဘယ်လိုထင်လဲ"
"ချန်းဇီ...မင်း ဒီလောက် အခြေအနေကောင်းနေလိမ့်မယ်လို့ ငါ မထင်ထားဘူး"
လီကွမ်းက အားကျစိတ်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းကလည်း လီကွမ်း၏ပခုံးကို ပုတ်လိုက်သည်။
"မပူပါနဲ့။ နောက်ပိုင်းကျရင် မင်းလည်း တစ်စီးလောက်ဝယ်နိုင်မှာပါ"
လီကွမ်း၏ဇာတိမြို့မှာ မိုတုမြို့အနီးရှိ မြို့လေးတစ်ခုဖြစ်ပြီး ကားဖြင့်သွားလျှင် နှစ်နာရီခန့်သာ ကြာမြင့်သည်။
ယဲ့ချန်းက ကားမောင်းလာသောကြောင့် မကြာခင်မှာပင် သူတို့ ရောက်လာခဲ့သည်။ မူလတုန်းက စီစဉ်ထားသည်မှာ လက်ထပ်စာချုပ် မှတ်ပုံတင်ပြီးမှ မင်္ဂလာပွဲကျင်းပရန်ပင်။ ယခုမူ သတို့သမီးပြောင်းသွားပြီဖြစ်သဖြင့် မိဘများကို ပြန်အသိပေးရလိမ့်မည်။
ယဲ့ချန်းက လီကွမ်း၏အိမ်သို့ မောင်းလိုက်သည်။ တံခါးဝတွင် အနီရောင်ပွဲတော်သုံးဆိုင်းဘုတ်များကို ချိတ်ဆွဲထားပြီး ဆွေမျိုးများလည်း ရောက်နေကြသည်။
လီကွမ်း ပြန်လာတာကို မြင်သောအခါ မေမေလီက သူ့အား အမြန်ဆွဲခေါ်သွားသည်။
"ရှောင်ကွမ်း.. ဘာတွေဖြစ်လာတာလဲ။ မင်း တခြားတစ်ယောက်နဲ့ မင်္ဂလာမှတ်ပုံတင်လိုက်တယ်လို့ ချန်မိသားစုဆီက ကြားတယ်။ သူတို့က ဒီကိုလာပြီး ပြဿနာရှာမယ်လို့ ခြိမ်းခြောက်နေကြတယ်"
"လာပါစေ။ တရားရုံးမှာ သူတို့ဘက်ကသာ ယွမ်နှစ်သိန်းထပ်မတောင်းခဲ့ရင် ကျွန်တော်လည်း တခြားတစ်ယောက်ကို လက်ထပ်ပါ့မလား။ ဒီလိုဖြစ်လာအောင် သူတို့ကိုယ်တိုင်လုပ်ခဲ့တာပဲ။ ကျွန်တော် ဝူချန်းကိုလက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ"
"ကောင်းပြီ။ မင်းဘက်က ဆုံးဖြတ်ပြီးပြီဆိုရင် မင်းအဖေနဲ့ငါလည်း မင်းကို ထောက်ခံတယ်"
တကယ်တော့ မေမေလီကလည်း ဝူချန်းကို အမှန်တကယ် သဘောကျခဲ့မိသည်။ သို့သော် နှစ်ဦးသားက မတွဲခဲ့ကြချေ။ လီကွမ်းက ချန်ယွဲ့ယွဲ့ကို ရွေးချယ်လိုက်ချိန်မှာလည်း သူ(မ) ဘာမှမပြောနိုင်ခဲ့ပေ။
"ဒါပေမဲ့ ချန်မိသားစုကိစ္စက..."
လီကွမ်းက အေးတိအေးစက် ပြောလိုက်သည်။
"သူတို့မှာ ဂုဏ်သိက္ခာနည်းနည်းလောက်လေး ရှိနေသေးတယ်ဆိုရင် ကောင်းကောင်းမွန်မွန် လမ်းခွဲကြတာပေါ့။ မဟုတ်လို့ကတော့ ကျွန်တော့်ကို အဆိုးမဆိုနဲ့"
လီကွမ်းက တရားရုံး၌ ရုတ်တရက်ကြီး သတို့သမီး ပြောင်းလဲခဲ့ခြင်းကြောင့် မြို့ငယ်လေးထဲတွင် အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သည်။
ယဲ့ချန်းကတော့ မင်္ဂလာပွဲအတွက် စီစဉ်စရာရှိတာ စီစဉ်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ထိုအချိန်မှာပင် အပြင်ဘက်မှ ဆူညံသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
ချန်မိသားစုဝင်များ ရောက်လာကြခြင်းပင်။
အမျိုးသမီးကြီးချန်က ကျားမတစ်ကောင်အလား ခါးထောက်လျက် ဆဲဆိုနေသည်။
"လီကွမ်း..အသည်နှလုံးမရှိတဲ့ကောင် အပြင်ထွက်လာခဲဲ့စမ်း"
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်ကာ လုပ်လက်စကို ချန်ထားရစ်ခဲ့ပြီး လီကွမ်းနှင့်အတူ ခြံဝင်းထဲသို့ ထွက်လာခဲ့လိုက်သည်။
ချန်မိသားစုဝင်များက ရန်လိုသောပုံစံဖြင့် ရှိနေကြသည်ကို မြင်လိုက်ရ၏။ အမျိုးသမီးကြီးချန်က ခြံဝင်းအလယ်တွင် မတ်တတ်ရပ်လျက် ခြေဆောင့်ကာ အော်ဟစ်နေသည်။
"လီကွမ်း လူယုတ်မာ.. ငါတို့ယွဲ့ယွဲ့ကို အပျော်ကြံသွားတာမလား။ ငါတို့ယွဲ့ယွဲ့က မင်းနဲ့ နှစ်ပေါင်းများစွာ တွဲခဲ့တာတောင် မင်းက တခြားတစ်ယောက်ကို လက်ထပ်သွားတယ်ပေါ့။ မင်းမှာ အသိတရားရောရှိရဲ့လား ဟန်သစ္စာဖောက်"
လီကွမ်းမှာ မျက်မှောင်ကြုတ်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"အန်တီဝူ..ခင်ဗျားလည်း အသိတရားရှိမှပေါ့။ ခင်ဗျားတို့ ဖိအားပေးလို့ ကျွန်တော် တခြားတစ်ယောက်ကို လက်ထပ်ခဲ့ရတာ မဟုတ်ဘူးလား။
ဒီမှာရှိတဲ့ဆွေမျိုးတွေအားလုံးလည်း သိကြမှာပါ။ ယွဲ့ယွဲ့ကို လက်ထပ်ဖို့အတွက် ကျွန်တော် ဘယ်လောက်ကုန်ကျခဲ့ရသလဲဆိုတာလေ။ မိုတုမြို့မှာ အိမ်ဝယ်ပေးတယ်။ ဘီအမ်ဒဗလျူကားတစ်စီး ဝယ်ပေးရတယ်။ ပြီးတော့ တင်တောင်းငွေပါ ပေးခဲ့ရတယ်။
ပြောရမယ်ဆိုရင် ဒီမှာရှိတဲ့ဆွေမျိုးတွေအားလုံးလည်း ကျွန်တော်တို့ သူတို့မိသားစုတွေဆီက ပိုက်ဆံချေးခဲ့ရတာကို သိကြတာပဲ။ ဒါပေမဲ့ ခင်ဗျားတို့မိသားစုကတော့ ရှိသလောက်နဲ့ မရောင့်ရဲနိုင်ဘဲ တရားရုံးမှာ ယွမ်နှစ်သိန်း ထပ်တောင်းတယ်လေ။ အဲဒီပိုက်ဆံကို ကျွန်တော် ဘယ်ကသွားရှာရမလဲ"
လီကွမ်း၏စကားကို ကြားသောအခါ လူတိုင်း စတင် ဆွေးနွေးကြလေတော့သည်။
"ဟုတ်တယ်။ ဒါတော့ လွန်လွန်းတယ်။ ဒါက သမီးကို ယောကျ်ားပေးစားတာ မဟုတ်ဘူး။ ရောင်းစားနေတာ"
"ရှောင်ကွမ်းက သူ့တာဝန်သူ ကောင်းကောင်းကျေခဲ့ပြီးပြီ။ သူ့ဆီကနေ နောက်ထပ်ယွမ်နှစ်သိန်း ထပ်တောင်းတာကတော့ ကုပ်သွေးစုပ်တဲ့လုပ်ရပ်ပဲ"
"ရှောင်ကွမ်လုပ်တာ မှန်တယ်လို့ ငါတော့ထင်တယ်။ ဒီလိုမိန်းမမျိုးကို မယူသင့်ဘူး"
ဆွေးနွေးစကားများကို နားထောင်ပြီးနောက် အမျိုးသမီးကြီးချန်က ဒေါသထွက်ကာ အံတင်းတင်းကြိတ်လိုက်၏။
"ငါတို့ဘက်က တောင်းဆိုခဲ့တယ်ဆိုပေမဲ့ ညှိနှိုင်းလို့မရလို့လား။ မင်း တခြားတစ်ယောက်ကို လက်ထပ်လိုက်တာတော့ မဖြစ်သင့်ဘူး။ ငါ မင်းကို ပြောမယ်။ မင်း ဒီနေ့ ငယ်ရွယ်မှုလျော်ကြေးယွမ်နှစ်သိန်း ထပ်မပေးရင် ဒီကိစ္စကို လျှော်မပေးနိုင်ဘူး"
လီကွမ်းခမျာ ဒေါသထွက်လုနီးပါးပင်။
ဤမိသားစုက လုံးလုံးအရှက်မရှိပေ။ တင်တောင်းငွေအတွက်နှင့် ပမာဏအများကြီးတောင်းဆိုခဲ့ပြီးသော်ငြား ယခုလည်း ငယ်ရွယ်မှုလျော်ကြေးကိုပင် တောင်းရဲသေးသည်။ ဤသည်မှာ သက်သက်အနိုင်ကျင့်နေခြင်းသာ။
ထိုအခိုက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ဆေးမင်ကြောင်များ ထိုးထားပြီး သံချောင်းတစ်ချောင်းကို ကိုင်ထားသော လူသန်ကြီးတစ်ယောက် ထွက်ပေါ်လာပြီးနောက် အေးစက်စက်လေသံဖြင့် ပြောလာလေသည်။
"ကောင်လေးလီ.. မင်း ငါ့တူမအတွက် ငယ်ရွယ်မှုလျော်ကြေးယွမ်နှစ်သိန်း ပေးမယ်ဆိုရင် အကုန်ညှိနှိုင်းလို့ရတယ်။ မဟုတ်ရင်တော့ မင်းရဲ့မင်္ဂလာပွဲကို ဖျက်ဆီးပစ်မယ်"
ဤလူသန်ကြီးကို မြင်သောအခါ လူတိုင်း ကြက်သေသေသွားကြသည်။ ထိုလူကတော့ ဒေသခံလူမိုက် ဝူယုံးပင်တည်း။
ဝူယုံးကို မြင်သောအခါ လီကွမ်း၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားသည်။
ဤမိသားစုက လူဆိုးလူမိုက်များပင်။
ယဲ့ချန်းကတော့ မျက်ခုံးပင့်လျက် အနားသို့လျှောက်လာပြီး လီကွမ်း၏ပခုံးကို ပုတ်လိုက်၏။
"လောင်ကွမ်း..မင်းက သတို့သားလေ။ အထဲဝင်ပြီး မင်းရဲ့ဇနီးကို အဖော်ပြုပေးလိုက်ဦး။ ဒီကိစ္စကို ငါ့တာဝန်ထားလိုက်"
အမျိုးသမီးကြီးချန်က ယဲ့ချန်းကိုမြင်သောအခါ ရန်သူတစ်ယောက်ကို မြင်လိုက်ရသည့်အလားပင်။
"မနေ့တုန်းက ဒီကောင်လေးကပဲ ဒီကိစ္စတွေအားလုံးကို သွေးထိုးလှုံ့ဆော်ခဲ့တာ။ မင်း ဘယ်လိုတောင် ရောက်လာရဲတာလဲ။ ငါ မင်းကို သတ်ပစ်လိုက်မယ်ဆိုတာ မယုံဘူးလား"
ယဲ့ချန်းက အေးတိအေးစက် နှာမှုတ်လိုက်သည်။
"ချန်မိသားစု..ကျွန်တော့်သူငယ်ချင်းက ဒီပိုက်ဆံတွေကို လွယ်လွယ်လေးရှာထားတာမဟုတ်ဘူး။ မင်္ဂလာပွဲမလုပ်ဖြစ်တော့ဘူးဆိုတော့ တင်တောင်းငွေ၊ အိမ်နဲ့ ဘီအမ်ဒဗလျူကားရော တစ်ခုမကျန်ပြန်ပေးပါ။ ဒါဆို ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း လမ်းခွဲကြတာပေါ့။ မဟုတ်လို့ကတော့ ကျွန်တော့်ရဲ့ရိုင်းပြမှုကို အဆိုးမဆိုနဲ့"
ယဲ့ချန်း၏စကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးကြီးချန်မှာ ရူးသွပ်လုမတတ်ပင်။
"မင်းက ဘယ်သူမို့လို့လဲ။ တင်တောင်းငွေကို ပြန်ယူချင်တယ်ပေါ့။ အဲဒါ သူကိုယ်တိုင် ငါ့သမီးကို ပေးခဲ့တာလေ။ ဘာလို့ ပြန်ပေးရမှာလဲ။ ပြီးတော့ မင်းက တင်တောင်းငွေကို ယွမ်နှစ်သိန်းလို့ ပြောတယ်နော်။ မင်းမှာ ဘာသက်သေရှိလဲ။ ငါ့ဘက်ကလည်း ငါ့ပိုက်ဆံပါလို့ ပြောလို့ရတယ်။ ပြီးတော့ အိမ်နဲ့ ကားကလည်း ငါ့သမီးနာမည်နဲ့ မှတ်ပုံတင်ထားတာ။ ငါ ဘာတစ်ခုမှ ပြန်မပေးဘူး။ မင်း ဘာလုပ်နိုင်မှာလဲ"
ယဲ့ချန်း တိတ်တဆိတ် ခေါင်းခါလိုက်သည်။ သူ့သူငယ်ချင်းက စင်စစ်ရိုးအလွန်းလှသည်။
သူသည် ချန်မိသားစု၏ အမြတ်ထုတ်ခြင်းကို ခံခဲ့ရရှာသည်။ သို့သော် ယဲ့ချန်းကတော့ မစိုးရိမ်ပေ။ အကြောင်းမှာ လူဆိုးလူမိုက်များနှင့် ဆက်ဆံရာတွင် သူတို့ထက်ပိုပြီး ဆိုးပြမိုက်ပြရန် လိုအပ်ပေသည်။
ယဲ့ချန်းကိုယ်တိုင်ကလည်း ချန်မိသားစုက လီမိသားစုထံသို့ လာဒုက္ခပေးလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပြီးဖြစ်သောကြောင့် ကောင်းကောင်းပြင်ဆင်ထားသည်။
ယဲ့ချန်းလည်း အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"ပြန်မပေးဘူးဆိုတာ ခင်ဗျားတို့ သေချာလား"
"ချီးကိုပြန်ပေးရမှာလား"
အမျိုးသမီးကြီးချန်က ခွေးရူးတစ်ကောင်အလား ယဲ့ချန်းထံသို့ ပြေးဝင်လာသည်။ သူ(မ) ယဲ့ချန်းအနားသို့ ရောက်သည်နှင့်..
ဒုတ်!
ယဲ့ချန်းက အမျိုးသမီးကြီးချန်၏ ဝမ်းဗိုက်တည့်တည့်ကို ကန်ပစ်လိုက်သည်။ ထိုအမျိုးသမီးခမျာ ဘောလုံးတစ်လုံးအလား လွင့်စင်သွားသည်။
ထို့နောက် သူ(မ)က မြေပြင်ပေါ်မှ ကုန်းထလာပြီး လူးလိမ့်ငိုယိုလေတော့သည်။
"တွေ့လား။ လီမိသားစုက အရမ်းအနိုင်ကျင့်တယ်။ လူတွေကိုပါ ရိုက်နှက်သေးတယ်။ ဒါက ဘယ်လိုဥပဒေမျိုးလဲ"
ဝူယုံးကမူ သူ့သံတုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အံတင်းတင်းကြိတ်လိုက်၏။
"ချာတိတ် မင်းက ငါ့ညီမကို ရိုက်ရဲတယ်ပေါ့။ ငါ မင်းကို သတ်မယ်"
လူငယ်တစ်ယောက်ကလည်း ယဲ့ချန်းထံသို့ ပြေးဝင်လာလေသည်။
"အယုတ်တမာ..မင်းက ငါ့အမေကို ကန်တယ်ပေါ့လေ။ ငါ မင်းကိုချမယ်"
ထိုအခိုက်ဝယ် အပြင်ဘက်မှ ရဲကားအချက်ပေးသံများ ရုတ်တရက်ထွက်ပေါ်လာပြီးနောက် ရဲကားတစ်စီးက ခြံတံခါးရှေ့တွင် ထိုးရပ်လိုက်သည်။
ရဲကားကို မြင်သောအခါ အမျိုးသမီးကြီးချန်လည်း ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာသည်။
"ချာတိတ်.. မင်းတော့ သေပြီပဲ။ မင်းက လူတွေကို ရိုက်နှက်ရဲတယ်နော်။ အခု မင်းကိုဖမ်းဖို့ ရဲတွေ ရောက်လာပြီ"
လီမိသားစု၏ ဆွေမျိုးများအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ ချန်မိသားစုက အလွန်အာဏာရှိသောကြောင့် ရဲများကိုပင် ခေါ်လာနိုင်ခဲ့သည်။
အမျိုးသမီးကြီးချန်က ရဲအရာရှိတစ်ယောက်ကို ဖမ်းဆွဲထားလိုက်သည်။
"အရာရှိကြီး သူ့ကို မြန်မြန်ဖမ်းလိုက်ပါ။ ခုနတုန်းက သူ ကျွန်မကိုရိုက်တယ်။ လူတိုင်းလည်း မြင်ပါတယ်"
ရဲအရာရှိကတော့ အမျိုးသမီးကြီးချန်ကို လျစ်လျူရှုပြီး အေးစက်စွာ မေးလိုက်သည်။
"ချန်ဖုန်းက ဘယ်သူလဲ"
ထိုအချိန်တွင် ယဲ့ချန်းကို တိုက်ခိုက်ရန်ပြင်နေသော လူငယ်တစ်ယောက်က ခေတ္တရပ်တန့်သွားပြီး ပြောလိုက်၏။
"ကျွန်တော်က ချန်ဖုန်းပါ"
အရာရှိတစ်ယောက်က ဖမ်းဝရမ်းကို ထုတ်ပြလာသည်။
"ချန်ဖုန်း.. ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက်ပြုမှုနဲ့ မင်းကို ဖမ်းဆီးလိုက်ပြီ"
ထိုအခိုက်ဝယ် ရဲအရာရှိတစ်ဦးက ချန်ဖုန်းကို လက်ထိပ်ခတ်လိုက်သည်။
ရဲများက သူ(မ)၏သားကို ဖမ်းဆီးသွားကြောင်း မြင်လိုက်ရသောအခါ အမျိုးသမီးကြီးချန်လည်း အလျင်အမြန် ပြေးဝင်လာပြီး တားဆီးချေသည်။
"အရာရှိကြီးတို့..ရှင်တို့မှားနေတာဖြစ်မယ်။ ကျွန်မသားက အရမ်းလိမ္မာတာ။ ဘယ်လိုလုပ်ပြီး ဥပဒေကို ချိုးဖောက်နိုင်မှာလဲ"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"လိမ္မာတယ်တဲ့လား? ခင်ဗျားသားကို မေးကြည့်စမ်းပါဦး။ ဒီနှစ်တွေတစ်လျှောက်လုံး သူ ဘယ်လောက်တောင်ဒုက္ခတွေပေးခဲ့လဲလို့။ အစ်ကိုလီက သူ့အရှုပ်ထုပ်တွေကို လိုက်ရှင်းပေးခဲ့လို့သာမဟုတ်ရင် ခင်ဗျားသား ခဏခဏထောင်ကျနေလောက်ပြီ"
ယခုတော့ အရာအားလုံး ဘူးပေါ်သလို ပေါ်သွားပြီဖြစ်သောကြောင့် လီကွမ်းလည်း ချန်မိသားစု၏ဂုဏ်သိက္ခာကို မငဲ့ချင်တော့သဖြင့် အေးတိအေးစက်ပြောလိုက်၏။
"ခင်ဗျားသားက အပြင်မှာရန်ဖြစ်ပြီး ပြဿနာရှာခဲ့တာ အမှန်ပဲ။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော် လျော်ပေးခဲ့ရတာကတင် လေးငါးသိန်းလောက်ရှိတယ်။ ဟုတ်လားမဟုတ်ဘူးလားဆိုတာ ခင်ဗျားသမီးနဲ့သားကို မေးကြည့်လိုက်"
အရာရှိက အမျိုးသမီးကြီးချန်ကို အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့တာဝန်ကို မနှောင့်ယှက်ပါနဲ့။ မဟုတ်လို့ကတော့ တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ ခင်ဗျားကိုပါ ဖမ်းရလိမ့်မယ်"
အမျိုးသမီးကြီးချန်လည်း ချက်ချင်းပင် နောက်ဆုတ်သွားပြီး သားဖြစ်သူအား ခေါ်ဆောင်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။
ယဲ့ချန်းကတော့ အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
"ဒါက ခင်ဗျားတို့အတွက် ပဏာမသတိပေးချက်ပဲ ရှိသေးတယ်။ ပိုက်ဆံပြန်မပေးလို့ကတော့ ပိုဆိုးတာတွေ ထပ်လာဦးမှာ။ ဦးနှောက်သုံးကြပေါ့"
•••••••••••••