← Chapters

ငါ ဖယ်ရာရီဆယ်စီးဝယ်မယ်

Vol. 11 Ch. 153

ငါ ဖယ်ရာရီဆယ်စီးဝယ်မယ်

Vol. 11 Ch. 153

ယဲ့ချန်း၏ သတိပေးစကားကို ကြားသောအခါ အမျိုးသမီးကြီးချန်နှင့် ချန်မိသားစုဝင်များ၏ အမူအရာများမှာ ပြောင်းလဲသွားကြလေသည်။

အစောတုန်းက မာနထောင်လွှားခဲ့သော ဝူယုံးပင်လျှင် ထိတ်လန့်တုန်လှုပ်စွာ ပင့်သက်ရှိုက်လိုက်သည်။

ယဲ့ချန်းက ဝူယုံးကို အေးတိအေးစက် လက်ညှိုးထိုး၍ ပြောလိုက်၏။

"ခင်ဗျားလုပ်ခဲ့တဲ့ အမှားတွေကို မသိဘူးလား။ ခင်ဗျားရဲ့တူနဲ့ အထဲကို အတူလိုက်သွားချင်လို့လား"

ဝူယုံးခမျာ ချွေးများ တဒီးဒီးကျလာချေသည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော လူမိုက်တစ်ယောက်အနေနှင့် သူသည် မကောင်းမှုများကို အများအပြားကျူးလွန်ခဲ့ဖူးသည်။ ဝူယုံးက ထိုအရာများကို တစ်ချိန်လုံး ကောင်းကောင်းဖုံးကွယ်ထားခဲ့သော်လည်း ယဲ့ချန်း၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ အားလုံးကို သိနေပုံရ၏။

ထို့နောက် ယဲ့ချန်းက အမျိုးသမီးကြီးချန်ကို ကြည့်လိုက်သည်။

"ဝူစွေ့ဟွားနော် ဟုတ်တယ်မလား။ ခင်ဗျားက ဝူဟွားစက်ရုံရဲ့ စာရင်းကိုင်နော်။ ဒီတော့ ခင်ဗျား ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကောင်းကောင်းသိမှာပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဝူစွေ့ဟွား၏ မျက်နှာကား ဖြူဖျော့သွားချေသည်။

ယဲ့ချန်းက သူ(မ)လုပ်ခဲ့သမျှ အရာအားလုံးကို သိနေတာများလား။

ယခုမူ ဝူစွေ့ဟွားလည်း ယဲ့ချန်းကို ကြောက်ရကောင်းမှန်း သိသွားသည်။

ယဲ့ချန်းက အေးတိအေးစက် ပြောလိုက်သည်။

"ခင်ဗျားသားတစ်ယောက်တည်းကိုပဲ သင်ခန်းစာပေးရသေးတာနော်။ ချန်မိသားစုထဲမှာ ဘယ်သူက ဘယ်လိုအပြစ်တွေကျူးလွန်ထားတယ်ဆိုတာ ကျွန်တော် တိတိကျကျသိတယ်။ ခင်ဗျားတို့အားလုံး ထောင်ထဲကို အတူသွားချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘက်ကလည်း ဘာမှကန့်ကွက်စရာမရှိပါဘူး"

ဟစ်!

ချန်မိသားစုဝင်များအားလုံးလည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိကြသည်။

"ဒုတိယအဒေါ်..ကျွန်တော် အိမ်မှာ လုပ်စရာလေးတစ်ခုရှိတာ အခုမှသတိရတယ်။ အရင်သွားနှင့်လိုက်ဦးမယ်"

"ကျွန်မတို့ကလေးက ကျောင်းဆင်းတော့မှာ။ အိမ်မြန်မြန်ပြန်ပြီး ချက်ပြုတ်ရဦးမယ်"

"အဒေါ်ချန်.. ကျွန်တော့်သူငယ်ချင်းက လပြည့်နေ့စားသောက်ပွဲကို ဖိတ်ထားတာ အခုမှသတိရတယ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် အမျိုးသမီးကြီးချန်တစ်ယောက်တည်းသာ ကျန်တော့သည်။

"မင်း..."

အမျိုးသမီးကြီးချန်၏ မျက်နှာကား ဒေါသဖြင့် မည်းမှောင်သွားသည်။

ယဲ့ချန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အစ်ကိုလီရဲ့ တင်တောင်းငွေရယ် အိမ်နဲ့ကားရယ်.. ခင်ဗျား ပြန်ပေးမှာလား။ မပေးဘူးလား"

အမျိုးသမီးကြီးချန်က အံတင်းတင်းကြိတ်လိုက်သည်။ ဤသည်မှာ သန်းပေါင်းများစွာတန်သော အရာများပင်။ သူ(မ) ဘယ်လိုများ ပြန်ပေးနိုင်မည်နည်း။

"ငါတို့ ပြန်ပေးပါ့မယ်"

ထိုအခိုက်တွင် အမျိုးသမီးကြီးချန်၏ ဘေးနားရှိ အမျိုးသားတစ်ယောက်က ရုတ်တရက်ထပြောလိုက်သည်။

"အဘိုးကြီးချန် ရှင်..."

ချန်လုက အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။

"မင်း... ငါ မင်းကို တအားလောဘမကြီးဖို့ ပြောခဲ့တယ်လေ။ မင်းကတော့ နားမထောင်ခဲ့ဘူး။ အခု ဘာတွေဖြစ်ကုန်ပြီလဲ ကြည့်လိုက်ဦး။ မင်း မသိဘူးလား။ ဒီလူ့မှာ အဆက်အသွယ်တွေရှိတယ်။ ငါတို့လို သာမန်လူတွေက သူ့ကို တိုက်ခိုက်နိုင်ပါ့မလား။ ငါတို့ ပြန်ပေးမယ်။ ငါတို့မိသားစုကို ဘာမှထပ်မလုပ်ပါနဲ့တော့"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ လောင်ကွမ်းရဲ့မျက်နှာကို ထောက်ထားပြီး ငွေတွေပြန်ပေးရင် ကျေအေးပေးပါ့မယ်"

ချန်မိသားစု ထွက်ခွာသွားပြီးနောက် လီကွမ်းက ယဲ့ချန်းကို ကျေးဇူးတင်စကားပြောလိုက်သည်။

"ရှောင်ချန်း.. မင်းကို အရမ်းကျေးဇူးတင်ပါတယ်ကွာ။ မဟုတ်ရင် ငါ လက်ထပ်နိုင်မှာတောင် မဟုတ်ဘူး"

ယဲ့ချန်းက ပြုံးလိုက်၏။

"ငါတို့က ညီအစ်ကိုတွေပဲ။ ငါ့ညီအစ်ကိုကို အနိုင်ကျင့်ရဲတဲ့လူက ကိုယ့်သေတွင်းကိုယ် တူးနေတာနဲ့အတူတူပဲ"

လီကွမ်းက ယဲ့ချန်း၏ပခုံးကို ပုတ်လိုက်သည်။

"ကိုယ့်လူ..ကျေးဇူးပဲ"

ထိုအခိုက်တွင် လီကွမ်း၏ဖုန်းက ရုတ်တရက် ထမြည်လာသည်။

"ဘာ? ခင်ဗျား ဘယ်လိုလုပ်ပြီး အခုလိုလုပ်ရက်ရတာလဲ။ ကျွန်တော် စပေါ်ငွေပေးပြီးသားလေ"

ဖုန်းချလိုက်ပြီးနောက် လီကွမ်း၏မျက်နှာက ဒေါသကြောင့် မှောင်မိုက်နေချေသည်။

"လောင်ကွမ်း ဘာဖြစ်တာလဲ"

"ငါ မင်္ဂလာကားတစ်စီး ဘိုကင်လုပ်ထားတာ။ ဒါပေမဲ့ ကားတွေအကုန်လုံးကို ငှားပြီးသွားပြီတဲ့"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ထိုအခိုက်တွင် လီကွမ်း၏ဖုန်းက တစ်ဖန်မြည်လာပြန်သည်။

"အခုပြောနေတာ လီကွမ်းလား။ မင်း ငါ့ကောင်မလေးကို ခိုးရဲတယ်ပေါ့။ သူက ငါ့အပိုင်ကွ။ အဲဒါကို မင်း ခိုးရဲတယ်ပေါ့။ ငါပြောမယ်။ မင်းနဲ့ဝူချန်း လက်ထပ်တာကို ငါ လုံးဝခွင့်မပြုဘူး"

"လူယုတ်မာ.. မင်း မင်္ဂလာကားတွေအကုန်လုံး ငှားလိုက်တာလား"

"ဟုတ်တယ်။ ဘာဖြစ်လဲ။ ဒီခရိုင်ထဲမှာရှိတဲ့ မင်္ဂလာပွဲစီစဉ်သူတွေအားလုံးကို ငါ ပြောဆိုထားပြီးပြီ။ မင်း ကား တစ်စီးတောင် ငှားလို့ရမှာမဟုတ်ဘူး။ မင်္ဂလာကားတွေ မရှိဘူးဆိုရင် စက်ဘီးစီးပြီး မင်္ဂလာလှည့်လည်ချီတက်ပွဲ လုပ်ကြပေါ့"

လီကွမ်း ဖုန်းချလိုက်သည်။ သူ့မျက်နှာက မသာမယာဖြစ်နေပေသည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်းက မေးလိုက်သည်။

"သူက မာစန်းလေ.. ငါတို့မြို့ထဲက ဒေသခံလူမိုက်တစ်ယောက်။ သူက ဝူချန်းကို တစ်ချိန်လုံးသဘောကျနေခဲ့တာ။ ဒါပေမဲ့ ဝူချန်းက သူ့ကို စိတ်မဝင်စားဘူး။ ငါ ဝူချန်းကို လက်ထပ်တော့မယ်လို့ကြားတော့ သူက မင်္ဂလာကားတွေအကုန်လုံးကို ငှားပစ်လိုက်တယ်တဲ့။ ကားတွေမရှိရင် ငါ သတို့သမီးကို ဘယ်လိုခေါ်ရတော့မှာလဲ"

ဤစကားကို ကြားသောအခါ ယဲ့ချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ချက်ချင်းပင် ခပ်ဖွဖွပြုံးလိုက်မိသည်။

"လောင်ကွမ်း စိတ်ချထားလိုက်။ မင်းတို့မင်္ဂလာပွဲကို ခမ်းခမ်းနားနားဖြစ်အောင် လုပ်ပေးမယ်လို့ ငါ ကတိပေးထားတယ်လေ"

ထို့နောက် ယဲ့ချန်းက ကူလီနန်ကားဖြင့် မောင်းထွက်သွားသည်။

"ယဲ့ချန်း..မင်း ဘယ်သွားမလို့လဲ"

"စိတ်မပူနဲ့။ မနက်ဖြန်မနက်ကျရင် မင်းအတွက် မင်္ဂလာကားအဆင်ပြေအောင် ငါ သေချာပေါက်စီစဉ်ပေးမယ်"

ယဲ့ချန်းလည်း ဖယ်ရာရီအရောင်းကိုယ်စားလှယ်ထံသို့ ချက်ချင်းဖုန်းခေါ်လိုက်သည်။

"ကျွန်တော့်အတွက် အနီရောင်ဖယ်ရာရီပြိုင်ကားဆယ်စီးမှာပေးပါ"

တစ်ဖက်ရှိ အရောင်းဝန်ထမ်းမလေးက အံ့အားသင့်သွားလေသည်။

"ဆယ်စီးလား"

"ဟုတ်တယ်။ မနက်ဖြန်မနက်လိုအပ်နေတာမို့ ဒီနေ့ရောက်မှဖြစ်မယ်"

အရောင်းဝန်ထမ်းမလေးက လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

"ဆရာ ကျေးဇူးပြုပြီး မနောက်ပါနဲ့။ ပြိုင်ကားဆယ်စီးက ဘယ်လောက်ပေးရလဲဆိုတာ သိလား။ တစ်စီးကို ဆယ်သန်းကျော်တယ်။ ဆယ်စီးဆိုရင် တစ်ဘီလျံဖြစ်သွားပြီ။ ရှင့်ကိုယ်ရှင် ဟွားနိုင်ငံရဲ့ အချမ်းသာဆုံးလူလို့ ထင်နေတာလား"

တစ်ဖက်လူက ယဲ့ချန်းကို ဖုန်းဆက်၍ နောက်ပြောင်နေသည်ဟု ထင်နေချေသည်။

ဖယ်ရာရီပြိုင်ကားဆယ်စီး ဝယ်မယ်တဲ့။ ရူးနေတာလား။

ယဲ့ချန်းခမျာ အနည်းငယ်ဆွံ့အသွားပြီး ပြောလိုက်၏။

"ကျွန်တော့်နာမည်က ယဲ့ချန်းပါ။ မင်းတို့သူဌေးကို ဖုန်းပေးလိုက်ပါ"

"တောင်းပန်ပါတယ်။ ကျွန်မတို့သူဌေးက အလုပ်များနေလို့ပါ"

ဖုန်းချပြီးနောက် အရောင်းဝန်ထမ်းမလေးက အထင်အမြင်သေးလေဟန် အမူအရာတစ်ခုကို ဆင်မြန်းလိုက်ချေသည်။ ထိုအခိုက်ဝယ် အိုအယ်လ်ယူနီဖောင်းဝတ်ထားသော အရပ်ခပ်ရှည်ရှည်အမျိုးသမီးတစ်ယောက် လျှောက်လာသည်။

"ရှောင်ယွီ..ဘာဖြစ်တာလဲ"

"ခုနတုန်းက ဖုန်းထဲမှာ အရူးတစ်ယောက်က ဖယ်ရာရီပြိုင်ကားဆယ်စီးလိုချင်တယ်တဲ့လေ။ ဖယ်ရာရီက ဂေါ်ဖီထုပ်တွေလို့များ ထင်နေသလားမသိဘူး"

"လူတစ်ယောက်က ပြိုင်ကားဆယ်စီးလိုချင်တယ်တဲ့လား။ ဖုန်းနံပါတ် ချန်ထားခဲ့သေးလား"

"မချန်ခဲ့ဘူး။ သူ့နာမည်က ယဲ့ချန်းလို့တော့ ပြောတယ်"

ယဲ့ချန်း?

ဤနာမည်ကို ကြားလိုက်ရချိန်ဝယ် လီရှီယန်ခမျာ တဒင်္ဂမျှ အံ့အားသင့်သွားချေသည်။

ဤနာမည်က အလွန်ရင်းနှီးနေသလိုပင်။ ရုတ်တရက်ဆိုသလို သူ(မ)၏မျက်နှာအမူအရာကား ပြောင်းလဲသွားပြီး ဖုန်းနားသို့ အမြန်သွားလေတော့သည်။

"နင်တော့ ပြဿနာရှာလိုက်ပြီ"

တစ်ဖက်တွင်မူ ယဲ့ချန်းက ဖုန်းကိုင်ထားပြီး အနည်းငယ်မွန်းကျပ်နေသည်။

တစ်ဖက်လူက သူ့အနေနှင့် စူပါကားဆယ်စီးကို မဝယ်နိုင်လောက်ဘူးဟု ယုံကြည်ကာ သူ့ဖုန်းခေါ်ဆိုမှုကို နောက်ပြောင်မှုတစ်ခုအဖြစ် သဘောထားလိုက်ကြောင်း သူ နားလည်သည်။ ဖယ်ရာရီကုမ္ပဏီ၏ မိုတုခရိုင်မန်နေဂျာကို ဖုန်းခေါ်ရမည့်ပုံပင်။

ယဲ့ချန်းက ဖုန်းနံပါတ်ကို ရှာဖွေနေချိန်မှာပင် သူ့ဖုန်းက မြည်လာသည်။

"ဟယ်လို.. မစ္စတာယဲ့လား"

ဖုန်းတစ်ဖက်မှ ချိုသာလှသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟုတ်ပါတယ်။ ဘယ်သူလဲ"

"ကျွန်မက လီရှီယန်ပါ။ မိုတုအနောက်ပိုင်းခရိုင်က ဖယ်ရာရီအရောင်းဆိုင်ရဲ့ မန်နေဂျာပါ။ မစ္စတာယဲ့..ကျွန်မတို့ရဲ့ဝန်ထမ်းက ဖုန်းချလိုက်တဲ့အတွက် တကယ်တောင်းပန်ပါတယ်"

"အိုး.. အခုတော့ ကျွန်တော် ဘယ်သူလဲဆိုတာ သိသွားပြီပေါ့"

"ဟုတ်ကဲ့။ သိပါတယ်။ ရှင်က ဖယ်ရာရီလုပ်ငန်းစုရဲ့ အဓိကရှယ်ယာရှင်ပါ"

"မနက်ဖြန်မနက်အတွက် ဖယ်ရာရီဆယ်စီး ဝယ်မဲ့ကိစ္စက ပြဿနာမရှိဘူးမလား"

"ပြဿနာမရှိပါဘူး။ ကျွန်မတို့ အနီးအနားက ကျန်းစုခရိုင်နဲ့ ကျဲ့ကျန်းခရိုင်ကနေ ကားတွေရနိုင်ပါတယ်။ ဒါပေမဲ့ မော်ဒယ်အမျိုးအစား ရွေးချယ်ဖို့အတွက် ရှင် ဆိုင်ကိုလာပေးလို့ရမလား"

"ကောင်းပါပြီ။ ကျွန်တော် အခုချက်ချင်း လာခဲ့လိုက်မယ်"

ယဲ့ချန်းက လီကွမ်းကို အသိပေးပြီးနောက် ဖယ်ရာရီအရောင်းဆိုင်သို့ ဦးတည်လိုက်လေသည်။

အရောင်းဆိုင်မန်နေဂျာလီရှီယန်က တံခါးဝတွင် အသင့်စောင့်ဆိုင်းနေသည်။

လီရှီယန်က အလွန်ချောမောလှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသော မျက်နှာသွင်ပြင်တို့ကို ပိုင်ဆိုင်ထားသည်။ ရုပ်ရည်ရမှတ်မှာမူ ကိုးဆယ်နှင့်အထက်ရှိ၏။

အိုအယ်လ်အနက်ရောင်ယူနီဖောင်းက သူ(မ)ကို ပို၍ပင် ဆွဲဆောင်မှုရှိစေသည်။

"ကြိုဆိုပါတယ် မစ္စတာယဲ့"

လီရှီယန်က ယဲ့ချန်း၏ဓာတ်ပုံကို ရုံးချုပ်ထံမှ အထူးတလည်တောင်းခံခဲ့ပြီးနောက် သူသည် ဖယ်ရာရီလုပ်ငန်းစု၏ အဓိကရှယ်ယာရှင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပြုပြီး ဒီမော်ဒယ်အမျိုးအစားတွေကို မိတ်ဆက်ပေးပါဦး"

လီရှီယန်က ပြော၏။

"ဒီဖယ်ရာရီက အကန့်အသတ်နဲ့ထုတ်ဝေတဲ့ မော်ဒယ်လ်တစ်ခုပါ။ ဈေးနှုန်းကတော့ ၁၁.၈၈သန်းရှိပါတယ်။ ဒီလိုကားအမျိုးအစားဆယ်စီးက ကျန်းစုနဲ့ ကျဲ့ကျန်းခရိုင်ဘက်မှာ ရှိပါတယ်။ လူကြီးမင်းလိုချင်ရင် ကျွန်မ အခုချက်ချင်း အကုန်ပို့ပေးပါ့မယ်"

ယဲ့ချန်းလည်း ကားကို တစ်ချက်လှမ်းကြည့်လိုက်၏။ မော်ဒယ်အမျိုးအစားက အလွန်မိမိုက်ပြီး ခမ်းနားထည်ဝါလှသည်။

"ကောင်းပြီလေ။ ဒီမော်ဒယ်အမျိုးအစားကိုပဲ မှာလိုက်မယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ။ မစ္စတာယဲ့...ရှင်က ကျွန်မတို့ကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အကြီးဆုံးလျှော့စျေးကို ခံစားရမှာပါ။ ကျွန်မ ရုံးချုပ်ကို အခုလေးတင် ဆက်သွယ်ထားပါတယ်။ ကုမ္ပဏီရဲ့မူဝါဒအရ လူကြီးမင်းအနေနဲ့ ဒီကားဆယ်စီးအတွက် ငွေပေးချေဖို့ မလိုပါဘူး။ ကုန်ကျစရိတ်ကို လူကြီးမင်းရဲ့ရှယ်ယာထဲကနေ နှုတ်ယူသွားပါလိမ့်မယ်"

ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။ သူ့လိုင်ကန်ပြိုင်ကားကိုရှေ့ဆောင်ကားအဖြစ်ထားပြီး ဖယ်ရာရီဆယ်စီးဖြင့်ဆိုလျှင် အလွန်အထင်ကြီးလောက်စရာမြင်ကွင်းမျိုး ဖြစ်ပေလိမ့်မည်။

••••••••••••

All Chapters