ခေါင်းကိုင်အဖေ အပိုင်း(၁)
Vol. 11 Ch. 156
ယဲ့ချန်းက ကြယ်ငါးပွင့်ဟိုတယ်ကိုရှာပြီး ပျော်ရွှင်ဖွယ်ညတစ်ညကို ကုန်ဆုံးခဲ့သည်။
နောက်တစ်နေ့တွင် ယဲ့ချန်း အိပ်ရာနိုးလာသောအခါ လီရှီယန်က သူ့ရင်ခွင်ထဲတွင် လဲလျောင်းနေပေသည်။
ဤအမျိုးသမီးက ကောင်းကင်ဘုံမှ လက်ဆောင်ပေးလိုက်သော နတ်သမီးတစ်ပါးပင်တည်း။
အိပ်ရာမှထပြီးနောက် ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။
"ဪ ဟုတ်သားပဲ။ ငါ့မှာရှိတဲ့ ဖယ်ရာရီဆယ်စီးထဲက မင်းကြိုက်တဲ့တစ်စီးကို ရွေးလိုက်"
ယဲ့ချန်းက သူ့အမျိုးသမီးများအပေါ် အလွန်ရက်ရောတတ်သူဖြစ်၏။
ဖယ်ရာရီကားဆယ်စီးထဲက နှစ်စီးကို ပေးလိုက်ပြီးပြီဖြစ်သော်ငြား ရှစ်စီးကျန်နေသေးရာ အနည်းငယ်ခေါင်းခဲချင်စရာ ဖြစ်နေချေသည်။ ထို့ကြောင့် ဖြည်းဖြည်းချင်းပေးသွားရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။
ယဲ့ချန်းက လီရှီယန်ကို ဖယ်ရာရီအရောင်းပြခန်းသို့ လိုက်ပို့ပေးခဲ့သည်။
လီရှီယန်က ကားပေါ်မှဆင်းပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
"ရှင်က ကြယ်ငါးပွင့်ရီဗျူးတွေကို အကြိုက်ဆုံးပဲလို့ ကျွန်မ ကြားဖူးတယ်။ ဒါက ရှင့်အတွက် ဆုချတာ"
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ငါးပွင့်ကို ရရှိလိုက်ပါပြီ။ ဆုလာဘ်ကတော့ ဟန်သိုက်လုပ်ငန်းစုပါ]
ဟန်သိုက်လုပ်ငန်းစုမှာ မိုတုမြို့ရှိ နာမည်ကြီးအိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သည်။
သူတို့က မိုတုမြို့ထဲရှိ အိမ်ခြံမြေသုံးဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး နှစ်စဉ်ရောင်းအားမှာ တစ်ဆယ်ဘီလျံနီးပါး ရှိသည်။
ထိုအခိုက်မှာပင် ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။
ခေါ်ဆိုသူကား စုရှောင်ယာပင်။
"အစ်ကိုယဲ့ချန်း ကျွန်မကို မှတ်မိသေးရဲ့လား"
"ရှောင်ယာ.. အခုတလော တိုက်ရိုက်ထုတ်လွှင့်တာ ဘယ်လိုအခြေအနေရှိလဲ"
"အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ရှင် ကျွန်မကို လာအားမပေးဘူးနော်"
စုရှောင်ယာက စိတ်အနှောင့်အယှက်ဖြစ်နေလေဟန်ဖြင့် ပြောလိုက်သည်။
"ငါ အခုတလောအလုပ်များနေလို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ အချိန်မရှိဘူးဖြစ်နေတာ"
ယဲ့ချန်း တဟားဟားရယ်မောလိုက်သည်။
"စကားမစပ် ရှင်အားရဲ့လား။ ကျွန်မကို လာခေါ်ပေးလို့ရလား"
စုရှောင်ယာက ရှက်ရွံ့စွာ မေးလိုက်လေသည်။
"ရတာပေါ့"
ယဲ့ချန်းကလည်း သဘောတူလိုက်၏။
ဖုန်းချပြီးနောက် စုရှောင်ယာတို့တိုက်ခန်းထဲရှိ မိန်းကလေးတစ်ယောက်က ဆိုလာချေသည်။
"ရှောင်ယာ.. တိုက်ရိုက်ထုတ်လွှင့်မှုကို လာကြည့်တဲ့လူတွေကို အာရုံစိုက်မနေနဲ့။ သူတို့မှာ တကယ်တမ်းကျတော့ ပိုက်ဆံရှိကြတာမဟုတ်ဘူး။ ဒီအတိုင်းဟန်ဆောင်နေကြတာ။ နင် ငါတို့ကို ဥပမာယူပြီး ရှူးဂါးဒယ်ဒီတစ်ယောက်သာ ရှာစမ်းပါ။ အဲဒါက ပိုမကောင်းဘူးလား"
ချင်မေ့က နှုတ်ခမ်းနီဆိုးရင်း မှတ်ချက်ပေးလိုက်သည်။
"ငါ့ကိုပဲကြည့်..ရှူးဂါးဒယ်ဒီတစ်ယောက်ရှာတွေ့ထားတော့ အိမ်တစ်လုံးနဲ့ ကားတစ်စီး ရနေပြီလေ။ သူက ဒီနေ့ ငါ့ကို အိမ်လိုက်ပြတော့မှာ။ သိပ်မကြာခင် ငါ ဒီအငှားတိုက်ခန်းမှာ နေစရာမလိုတော့ဘူး"
စုရှောင်ယာလည်း ပြုံးလိုက်မိသည်။
"ဂုဏ်ပြုပါတယ် အစ်မချင်"
"ရှောင်ယာ..နင်က ရုပ်ရည်လည်းလှတယ်။ ကြည့်လည်းကြည့်ကောင်းတယ်။ ဒါတောင် တစ်ယောက်တည်းဖြစ်နေတုန်းပဲ။ အခုခေတ်က အဆက်အသွယ်တွေကို အသုံးချရမဲ့ခေတ်နော်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြိုးကြိုးစားစားလုပ်ရုံနဲ့ ပိုက်ဆံဘယ်လောက်ရှာနိုင်မှာမို့လို့လဲ။ ငါ့ကိုကြည့်လိုက်။ ငါဆိုရင် ငါ့ရဲ့ရှူးဂါးဒယ်ဒီနဲ့ ဈေးဝယ်ထွက်လိုက် လျှောက်လည်လိုက်နဲ့ လိုချင်တာအကုန်ရတယ်"
"ဟုတ်တယ် ရှောင်ယာ.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ နင့်ကို မိတ်ဆက်ပေးခဲ့တဲ့ ရှူးဂါးဒယ်ဒီက အရမ်းကောင်းတာ။ အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်ဒါရိုက်တာလေ။ ဒါတောင် နင်က သူ့ကို သွားမတွေ့ဘူး။ ငါတို့ညီအစ်မတွေထဲမှာ နင်က အလှဆုံးပဲ။ ဒါပေမဲ့ အခက်ခဲဆုံးကလည်း နင်ပဲ"
"ရှောင်ယာ.. နင် အစ်မမေ့ဆီက သင်ယူဖို့လိုနေပြီ။ ရှူးဂါးဒယ်ဒီတစ်ယောက်ကို ရှာလိုက်ရုံနဲ့ ပိုက်ဆံအသာလေးရှာနိုင်တဲ့အချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှုတွေလုပ်ရင်း ငွေရှာနေစရာမလိုဘူးလေ။ မကောင်းဘူးလား"
စုရှောင်ယာ၏ အငှားတိုက်ခန်းထဲရှိ မိန်းကလေးများအားလုံးက ပရော်ဖက်ရှင်နယ်အမြှောင်မယားများဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းတွင် ရှူးဂါးဒယ်ဒီတစ်ယောက်စီ ရှိကြသည်။
သူတို့ထဲတွင် စုရှောင်ယာက အလှဆုံးဖြစ်သော်လည်း သူ(မ)က ကိုယ့်အားကိုယ်ကိုး၍သာ နေနေချေသည်။
ထိုမိန်းကလေးများအားလုံးက စုရှောင်ယာ၏ရုပ်ရည်ကို အားကျနေကြပြီး သူ(မ)အနေနှင့် လူချမ်းသာထောက်ပံ့သူများအပေါ် မမှီခိုဘဲ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ အာရုံစိုက်နေသည့်အတွက် နှမြောစရာကောင်းသည်ဟု ထင်နေကြသည်။
သူ(မ)အခန်းဖော်များ၏ စကားများကိုနားထောင်ရင်း စုရှောင်ယာလည်း စကားတစ်ခွန်းမှမပြောဘဲ ခပ်ဖွဖွပြုံးလိုက်မိသည်။
စုရှောင်ယာက လှပသော်ငြား သူတို့၏ထောင်ချောက်ထဲသို့ ကျရောက်ချင်စိတ်မရှိပေ။
ရှူးဂါးဒယ်ဒီတစ်ယောက်ရှာခြင်းဖြင့် ပိုက်ဆံကို လွယ်လင့်တကူရှာဖွေနိုင်သော်လည်း စုရှောင်ယာကတော့ ခံစားချက်များကို အလေးအနက်ထားသူဖြစ်၏။
သူ(မ)၏ချစ်သူက သူ(မ)ကိုသာ အချစ်ဆုံးဖြစ်နေရမည်။
ထိုအချိန်မှာပင် အမျိုးသားတစ်ယောက်၏ ပုံရိပ်က စုရှောင်ယာ၏စိတ်အစဉ်ထဲဝယ် လင်းလက်သွားချေသည်။
"ရှောင်ယာ.. စကားမစပ် နင့်ကိုလာခေါ်မဲ့လူက သူဌေးသားလား"
ချင်မေ့က ရုတ်တရက်ထမေးလိုက်၏။
စုရှောင်ယာလည်း ခေါင်းခါပြလိုက်သည်။
"သူက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"
တကယ်တမ်းတွင် ယဲ့ချန်း၏သရုပ်မှန်က မရိုးရှင်းကြောင်း စုရှောင်ယာ သိသည်။ သို့သော် တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့် ထိုအကြောင်းအရာကို လျှို့ဝှက်ထားလိုက်သည်။
ဤညီအစ်မများသာ ယဲ့ချန်းက အလွန်ချမ်းသာကြောင်း သိသွားလျှင် ယင်ကောင်များအလား ဝိုင်းအုံနေကြပေလိမ့်မည်။
"ဘာ? တက္ကစီဒရိုင်ဘာတဲ့လား"
ချင်မေ့က တအံ့တဩရေရွတ်လိုက်သည်။
ကျန်ညီအစ်မများကလည်း စုရှောင်ယာကို ငတုံးတစ်ယောက်အလား ကြည့်နေကြသည်။
"ရှောင်ယာ.. ငါ ဘာပြောရမှန်းတောင်မသိတော့ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ အကောင်းဆုံးအရွယ်က ခဏလေးပဲရှိတာနော်။ ဒီအချိန်အတွင်းမှာ နင့်ဘဝတစ်သက်လုံးအတွက် လုံလောက်အောင် မရှာနိုင်ဘူးဆိုရင် နောက်ပိုင်းကျရင် နင် ဘာလုပ်မှာလဲ"
"ဟုတ်တယ်။ သူက ရုပ်ချောနေလို့လား။ ရုပ်ရည်ဆိုတာ အခုခေတ်မှာ သုံးစားလို့မရဘူး။ ပိုက်ဆံရှိဖို့လည်း လိုသေးတယ်"
"ရှောင်ယာ.. နင် ဘယ်လိုလုပ်ပြီး တအားနုံအနေရတာလဲ။ အဲဒီတက္ကစီဒရိုင်ဘာကို မြန်မြန်အဆက်ဖြတ်လိုက်။ ငါ နင့်အတွက် ချမ်းသာတဲ့ ရှူးဂါးဒယ်ဒီတစ်ယောက် ရှာပေးမယ်"
…
စုရှောင်ယာ၏ချစ်သူက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အခန်းဖော်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့က စုရှောင်ဘာကို အကြံပေးကြလေတော့သည်။
ထိုအချိန်မှာ ချင်မေ့၏ဖုန်းက ထမြည်လာသည်။
"တုံးအလိုက်တဲ့မိန်းမ.. မင်း ဘာလို့ဒီလောက်တောင်နှေးကွေးရတာလဲ။ မင်း ဆယ်မိနစ်ပဲ အချိန်ရမယ်။ မဟုတ်လို့ကတော့ ငါ သွားပြီ။ ဒီနေ့ ငါ့မှာ လုပ်စရာအလုပ်တွေရှိတယ်ကွ"
"ဒယ်ဒီ.. ဘာလို့ဒီလောက်တောင်လောနေတာလဲ။ ကျွန်မ ဆင်းလာပါပြီ။ ရှင် မစောင့်နိုင်ဘူးလား"
ချင်မေ့ခမျာ သူ(မ)၏အိတ်ကို အမြန်ကောက်လွယ်၍ အောက်ထပ်သို့ သုတ်ခြေတင်ပြီးပြေးလေတော့သည်။
ထိုအခိုက်ဝယ် စုရှောင်ယာ၏ဖုန်းကလည်း မြည်လာ၏။
ယဲ့ချန်း ရောက်နေလေပြီဖြစ်ရာ စုရှောင်ယာလည်း အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ချင်မေ့က ပြုံးလိုက်မိသည်။
"ရှောင်ယာ..နင့်အစ်မတစ်ယောက်အနေနဲ့ ငါ နင့်ကို အကြံပေးမယ်နော်။ အဲဒီတက္ကစီဒရိုင်ဘာနဲ့ လမ်းခွဲလိုက်တော့။ ချမ်းသာတဲ့ရှူးဂါးဒယ်ဒီတစ်ယောက်ကို ရှာလိုက်။ ငါတို့ရဲ့ငယ်ရွယ်မှုက အရမ်းတန်ဖိုးရှိတယ်နော်"
စုရှောင်ယာလည်း နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်သား ကားပါကင်သို့ ထွက်လာခဲ့လိုက်သည်။ ထိုနေရာတွင် ဗိုက်ပူပူအမျိုးသားတစ်ယောက်က ချင်မေ့ကိုမြင်သောအခါ လက်ဝှေ့ယမ်းပြလေသည်။ သို့သော် သူ့အကြည့်ကတော့ စုရှောင်ယာထံတွင်သာ ကပ်ငြိနေ၏။
ရုပ်ရည်အရသော်လည်းကောင်း၊ ခန္ဓာကိုယ်အချိုးအစားအရသော်လည်းကောင်း စုရှောင်ယာက ချင်မေ့ထက် အပြတ်အသတ်သာလွန်ပေသည်။
ဟူတာ့ဟိုင်က စုရှောင်ယာအား မျက်စိကျနေတာကို ချင်မေ့လည်း သတိထားမိသည်။ ထို့ကြောင့် သူ(မ)ရှေ့တွင် အမြန်ကွယ်ရပ်လိုက်ပြီး မမြင်ရအောင် ဝှက်ထားလိုက်သည်။
"ဒယ်ဒီ သွားကြရအောင်"
ဟူတာ့ဟိုင်က ချင်မေ့ကို ဘေးသို့တွန်းဖယ်လိုက်၏။
"ချင်မေ့.. ဒါက မင်းရဲ့သူငယ်ချင်းလား။ ငါတို့ကို မိတ်ဆက်ပေးဦးလေ"
ချင်မေ့ခမျာ ရင်ထိတ်သွားရသည်။
ဟူတာ့ဟိုင်ကဲ့သို့ မိန်းမလိုက်စားသည့် လူအိုကြီးများအကြောင်း သူ(မ) ကောင်းကောင်းသိသည်။
အကယ်၍ သူသာ စုရှောင်ယာကို သဘောကျသွားလျှင် သူ(မ)လည်း သေချာပေါက်စွန့်ပစ်ခံရပေလိမ့်မည်။
ချင်မေ့ခမျာ စိတ်ထဲမှ စုရှောင်ယာကို ဆဲဆိုလိုက်ချေသည်။
"တက္ကစီဒရိုင်ဘာလေးတစ်ယောက်နဲ့ တွေ့ဖို့အရေး ဒီလောက်ဆွဲဆောင်မှုရှိရှိ ဝတ်စားလာရတယ်လို့"
သို့သော် ပြုံးပြုံးလေးဖြင့် ပြောလိုက်၏။
"ဒယ်ဒီ…ဒါက ကျွန်မရဲ့ညီအစ်မ ရှောင်ယာတဲ့။ ဒါပေမဲ့ သူ့မှာ ဦးထားတဲ့လူရှိပြီးသား။ ဟုတ်တယ်မလား ရှောင်ယာ"
ရှောင်ယာကလည်း ဟူတာ့ဟိုင်၏ရည်ရွယ်ချက်ကို ယခင်ကတည်းက သိထားပြီးဖြစ်လေရာ ခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ကျွန်မချစ်သူက ကျွန်မကို လာခေါ်မှာလေ"
"ဪ အဲဒီလိုကိုး"
ဟူတာ့ဟိုင်မှာ စိတ်ပျက်သွားဟန်တူလေသည်။
သို့သော် ချင်မေ့က သူ့အား အခွင့်အရေးတစ်ခုလေးတောင် မပေးဘဲ ကားထဲသို့ ဆွဲသွင်းလိုက်သည်။
"ဒယ်ဒီ မြန်မြန်သွားမယ်။ ကျွန်မတို့ အလျင်လိုနေတာလို့ ပြောထားတာမဟုတ်ဘူးလား"
ဟူတာ့ဟိုင်က စုရှောင်ယာကို လောဘတကြီးတစ်ချက်ကြည့်ပြီးနောက် ကားစက်နှိုးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် လိုင်ကန်ပြိုင်ကားတစ်စီးက သူတို့နားမှ အရှိန်ဖြင့် ဖြတ်သန်းသွားသည်။
ဟူတာ့ဟိုင်က ထိုလိုင်ကန်ကားကို မနာလိုအားကျစိတ်ဖြင့် ကြည့်လိုက်လေသည်။
"တစ်နေ့ကျရင် ငါလည်း အဲဒီလိုလိုင်ကန်ကားကို ဝယ်နိုင်အောင် ပိုက်ဆံရှာမယ်"
ချင်မေ့ကလည်း အလားတူ မနာလိုဖြစ်နေပေသည်။
"အိုး..တကယ်လို့ ငါသာ အဲဒီဥစ္စာပေါရုပ်ချောသူဌေးသားကို အပိုင်ကြံနိုင်ခဲ့ရင် ဒီတဏှာရူးကြီးနဲ့ တွဲနေတာထက် ပိုကောင်းမှာပဲ"
ယဲ့ချန်းက ကားပါကင်ထဲသို့ မောင်းဝင်သွားပြီး ပြုံးလိုက်သည်။
"ရှောင်ယာ.. နောက်ကျသွားလို့ ဆောရီးနော်။ ယာဉ်ကြောပိတ်နေလို့"
စုရှောင်ယာလည်း ပြုံးလိုက်လေသည်။
"ရပါတယ်။ စိတ်ထဲမထားပါဘူး။ ကျွန်မက ကားပတ်စီးချင်ရုံသက်သက်ပါ။ အလျင်မလိုပါဘူး"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းသားပဲ။ ဘယ်သွားချင်လဲ"
စုရှောင်ယာလည်း ခဏမျှစဉ်းစားကြည့်လိုက်သည်။
"ကားတစ်ပတ်လောက် ပတ်မောင်းကြရင်ရော"
ယဲ့ချန်းက ဆို၏။
"ကောင်းပြီလေ။ ဒါနဲ့ မင်းတို့အခန်းထဲမှာ လူဘယ်နှယောက်လောက် မျှနေကြတာလဲ။ အခန်းထဲမှာ တော်တော်ဆူတယ်နော်"
စုရှောင်ယာကလည်း ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ညီအစ်မလေးယောက် တစ်ခန်းတည်းမှာ မျှနေကြတာလေ။ ကျွန်မတို့ညီအစ်မတွေထဲက တစ်ယောက်ရဲ့ရှူးဂါးဒယ်ဒီက သူ့အတွက် အိမ်တစ်လုံးဝယ်ပေးထားလို့ သူကတော့ သိပ်မကြာခင် အဲဒီအိမ်ကို ပြောင်းတော့မှာ"
ယဲ့ချန်းလည်း ရယ်ကာမောကာဖြင့် ရုတ်တရက်မေးလိုက်လေသည်။
"မင်းမှာရော ရှူးဂါးဒယ်ဒီရှိလား"
•••••••••••••