အားတိအဓိကရှယ်ယာရှင်
Vol. 11 Ch. 159
ယဲ့ချန်းလည်း စုရှောင်ယာကို အိမ်ပြန်ပို့ပေးလိုက်သည်။ အချိန်ကို တစ်ချက်စစ်ကြည့်လိုက်လေရာ စုဝမ်ယိ အလုပ်ဆင်းချိန် တန်လေပြီ။
"ဝမ်ယိ မင်းအားလား။ ငါ မင်းကို ဒီည ညစာလိုက်ကျွေးမလို့"
"အားတာပေါ့။ ကျွန်မ အခုပဲ အလုပ်ဆင်းတာ။ ရုံးခန်းကို လာခေါ်ပေးလေ"
စုဝမ်ယိ ပြန်ဖြေလိုက်၏။
ယဲ့ချန်းလည်း လိုင်ကန်ကားကို မောင်း၍ ယာရှီလုပ်ငန်းစု၏ အဝင်ဝ၌ ရပ်ထားလိုက်သည်။ ရုတ်ခြည်းပင် ဤဇိမ်ခံကားက ကားဝါသနာရှင်များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်။
"ဝိုး.. အဲဒီကားက ဘာအမျိုးအစားလဲဟ။ အရမ်းမိုက်တာပဲ"
"ဒါတောင် မသိဘူးလား။ အဲဒါက လိုင်ကန်လေ။ ကမ္ဘာပေါ်မှာ သုံးစင်းပဲရှိတာ"
"အရမ်းအထင်ကြီးဖို့ကောင်းတာပဲ။ ငါ အခုပဲ လိုင်းပေါ်ကနေ ရှာကြည့်လိုက်တာ။ တန်ဖိုးက သန်းတစ်ရာကျော်တယ်"
"ယာရှီကုမ္ပဏီရဲ့ဝင်ပေါက်မှာ ရပ်ထားတာဆိုတော့ အထဲက အလှလေးတစ်ယောက်ယောက်ကို စောင့်နေတာပဲဖြစ်မယ်"
"ယာရှီလုပ်ငန်းစုထဲမှာ အလှလေးတွေ အများကြီးရှိသားပဲ"
...
ထိုအခိုက်ဝယ် လူတိုင်း၏အကြည့်အောက်မှာပင် မိန်းမလှလေးတစ်ယောက်က အပြင်ထွက်လာပြီး ကားထဲသို့ ဝင်သွားလေတော့သည်။
သူက ယာရှီလုပ်ငန်းစုရဲ့ဥက္ကဋ္ဌ စုဝမ်ယိမဟုတ်လား?
အာ ဟုတ်သားပဲ.. ဇိမ်ခံကားတစ်စီးဆိုတာ အလှလေးနဲ့မှ လိုက်ဖက်တာ...
ဥက္ကဋ္ဌစုတစ်ယောက်တည်းကပဲ ဒီဇိမ်ခံကားနဲ့ ထိုက်တန်တာ..
အားလုံးက အားကျနေကြချေသည်။
ယဲ့ချန်းက ကားမောင်းရင်း ပြုံးလိုက်မိသည်။
"ဥက္ကဋ္ဌစု.. ဘယ်သွားချင်လဲဗျ"
စုဝမ်ယိမှာ ခပ်ဖွဖွပြုံးလိုက်မိသည်။
"ကျွန်မ လေ့ကျင့်ခန်းလုပ်ချင်နေတာ။ ကျွန်မနဲ့အတူ အားကစားဝတ်စုံတွေဝယ်ဖို့ အားတိကို လိုက်ခဲ့ပေးပါလား"
"အားတိလား။ ကိစ္စမရှိပါဘူး"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
အားတိဆိုသည်မှာ အားကစားဝါသနာရှင်များ၏ အကြိုက်ဆုံးအားကစားဘရန်းပေါင်းစုံရှိသော နေရာတစ်ခုပင်။ စုဝမ်ယိနှင့် ယဲ့ချန်းတို့နှစ်ယောက်သား အားတိအရောင်းဆိုင်ရှေ့သို့ ရောက်လာခဲ့ကြသည်။
ကားကို ပါကင်ထိုးပြီးသည်နှင့် စုဝမ်ယိက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ပေးလိုက်၏။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် အားတိရှယ်ယာ၂၀ရာခိုင်နှုန်းကို ဆုလာဘ်အနေနဲ့ ရရှိပါတယ်]
အားတိဆိုသည်မှာ ကမ္ဘာကျော်အားကစားဘရန်းတစ်ခုဖြစ်ပြီး လူငယ်များအကြား ရေပန်းအစားဆုံးအားကစားအသုံးအဆောင်တစ်ခုဖြစ်၏။
အားတိရှယ်ယာ၂၀ရာခိုင်နှုန်းဆိုလျှင် နှစ်စဉ်အမြတ်ငွေ တစ်ဆယ်ဘီလျံ ရနိုင်ပေသည်။
သူတို့နှစ်ယောက်သား အားတိအရောင်းဆိုင်ထဲသို့ ဝင်လာပြီးနောက် စုဝမ်ယိက အဝတ်အစားများကို စတင်ရွေးချယ်လေတော့သည်။
"ဒီအစုံကို ဘယ်လိုသဘောရလဲ"
စုဝမ်ယိက အဝတ်လဲခန်းထဲမှ ပြုံးပြုံးလေးထွက်လာလေသည်။ သူ(မ)သည် ကိုယ်ကျပ်အားကစားဝတ်စုံကို ဝတ်ဆင်ထားခြင်းပင်။
သူ(မ)၏ခန္ဓာကိုယ်ကောက်ကြောင်းက ကောင်းမွန်ပြီးသားဖြစ်သောကြောင့် ဤအားကစားဝတ်စုံကို ဝတ်ထားချိန်မှာ ပို၍ပင် ဆွဲဆောင်မှုရှိသွားလေသည်။
"အရမ်းလှတယ်"
ယဲ့ချန်းက လက်မထောင်ပြလိုက်သည်။
ထိုအခိုက်ဝယ် အရောင်းဆိုင်တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ပေစုတ်စုတ်အဘိုးကြီးတစ်ယောက်က အဖာအစပ်များဖြင့်ပြည့်နှက်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်ကိုခေါ်၍ ဆိုင်ထဲကို ဝင်လာချေသည်။
ညစ်ပေနေသော ထိုအဘိုးကြီးကိုမြင်သောအခါ ဆိုင်ဝန်ထမ်းက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"ရှင်တို့ကို ဘယ်သူက ဝင်ခိုင်းလိုက်တာလဲ။ မြန်မြန်ထွက်သွား။ အနံ့တွေကလည်း နံဟောင်နေတာပဲ"
အဘိုးကြီးက စကားဆိုလာလေသည်။
"မိန်းကလေး.. အဘိုးမြေးက အားတိအားကစားဖိနပ်တစ်စုံလိုချင်နေလို့ပါ။ ဖိနပ်ဝယ်ပြီးတာနဲ့ အဘိုးတိုး ထွက်သွားမှာပါ"
"ရှင်တို့က အားတိအားကစားဖိနပ်ကို ဝယ်ချင်တယ်ပေါ့။ ဝယ်ရောဝယ်နိုင်လို့လား။ ကျွန်မတို့ဖိနပ်တွေက တစ်ထောင်ကျော်ပေးရတယ်နော်"
အဘိုးကြီးက လက်ကိုင်ပဝါတစ်ထည်ကို အတုန်တုန်အယင်ယင်ဖြင့် ထုတ်ယူလိုက်၏။ ထိုလက်ကိုင်ပဝါထဲတွင် ပိုက်ဆံအမြောက်အများကို ထုပ်ပိုးထားသည်။
"အဘိုးမှာ ပိုက်ဆံရှိပါတယ်။ ဒီနေ့ အဘိုးမြေးလေးရဲ့မွေးနေ့လေ။ သူက အားတိဘောလုံးကန်ဖိနပ်တစ်ရံ လိုချင်နေတာ"
ထိုအချိန်မှာ အမျိုးသားအရောင်းမန်နေဂျာတစ်ယောက် ထွက်လာပြီး နှာခေါင်းရှုံ့လိုက်လေသည်။
"မြန်မြန်ထွက်သွားနော်။ သူတောင်းစားတွေက ဒီအထဲကို ဘယ်လိုဝင်လာတာလဲ"
အဘိုးကြီးကလည်း အလျင်စလိုပြောလိုက်ရသည်။
"အဘိုးက အဘိုးရဲ့မြေးလေးအတွက် အားကစားဖိနပ်တစ်ရံဝယ်ဖို့ ရောက်လာတာပါ။ သူ့ရဲ့အိပ်မက်က အားတိအားကစားဖိနပ်တစ်ရံ ပိုင်ဆိုင်ရဖို့တဲ့လေ။ ဖိနပ်ဝယ်ပြီးတာနဲ့ အဘိုးတို့ ပြန်မှာပါ"
မန်နေဂျာက မျက်မှောင်ကြုတ်လိုက်လေသည်။
"မရောင်းဘူး။ မရောင်းဘူး။ ခင်ဗျားတို့ရဲ့အနံ့တွေက ကျုပ်တို့ရဲ့ဝယ်သူတွေကို မောင်းထုတ်နေတာနော်"
"လူငယ်လေး.. အဘိုးတို့ အထဲကိုမဝင်တော့ပါဘူး။ အဘိုးတို့အတွက် ဖိနပ်တစ်ရံလောက် ရွေးပေးလို့ရမလား"
အဘိုးကြီးက ခခယယတောင်းပန်လိုက်လေသည်။
"မရောင်းဘူးလို့။ မရောင်းဘူး။ မြန်မြန်ထွက်သွား"
မန်နေဂျာက ထိုအဘိုးကြီးကို အပြင်သို့ တွန်းထုတ်နေချေသည်။
ကောင်လေး၏မျက်ဝန်းအစုံကား အားကစားဖိနပ်တစ်ရံတွင် ကပ်ငြိနေချေသည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်များ အိုင်သွားရှာသည်။
"ဘိုးဘိုး သွားရအောင်။ ကျွန်တော် မဝယ်ချင်တော့ဘူး"
ထိုအချိန်မှာပင် ယဲ့ချန်းက ဖိနပ်တစ်ရံကို ကောက်ယူ၍ ကောင်လေးနားသို့ ချဉ်းကပ်သွားလိုက်သည်။
"ကလေး.. မင်း ဒီဖိနပ်ကို သဘောကျလို့လား"
ထိုကောင်လေးကလည်း ယဲ့ချန်းကိုင်ထားသော ဖိနပ်ကို မြင်လိုက်ရချိန်ဝယ် ပျော်ရွှင်မှုကြောင့် မျက်ဝန်းအစုံ လင်းလက်သွားလေသည်။
"ဟုတ်။ ကျွန်တော်သာ ဘာသာရပ်တိုင်းမှာ အမှတ်တစ်ရာရရင် ဖိနပ်ဝယ်ပေးမယ်လို့ ဘိုးဘိုးက ကတိပေးထားတယ်။ ဒီတစ်ခေါက် နောက်ဆုံးစာမေးပွဲမှာ ကျွန်တော် သင်္ချာရော တရုတ်ဘာသာရော အမှတ်တစ်ရာရတယ်လေ။ ပြီးတော့ ဒီနေ့က ကျွန်တော့်မွေးနေ့။ အဲဒါကြောင့် ဘိုးဘိုးက ကျွန်တော့်ကိုဆုချဖို့ ဖိနပ်လိုက်ဝယ်ပေးတာ"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"စီးကြည့်လိုက်လေ။ တော်မတော်ကြည့်ရအောင်"
အနားရှိ မန်နေဂျာက ယဲ့ချန်းကို တားဆီးလိုက်သည်။
"ဆရာ.. ခင်ဗျား သူ့ကို ဖိနပ်စီးခိုင်းလို့မရပါဘူး"
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လျက် မေးလိုက်မိသည်။
"ဘာလို့စီးကြည့်ခိုင်းလို့မရတာလဲ"
"သူ့အနံ့က နံစော်နေတာပဲ။ သူ့ခြေထောက်တွေကလည်း နံနေမှာ။ သူ စီးကြည့်လို့ မတော်ဘူးဆိုရင် ဒီဖိနပ်တွေကို ရောင်းရတော့မှာမဟုတ်ဘူး"
မန်နေဂျာက ရှင်းပြလိုက်သည်။
ယဲ့ချန်းက အေးတိအေးစက်လှောင်ရယ်လိုက်သည်။
"ဆိုင်ထဲကိုဝင်လာတာနဲ့ ဝယ်သူတိုင်းက ဧည့်သည်တွေပါပဲ။ သူတို့က ဖိနပ်ဝယ်ဖို့အတွက် ပိုက်ဆံယူလာတယ်လေ။ ဒါတောင် ခင်ဗျားတို့က ဒီလိုဆက်ဆံနေရသလား။ အားတိအရောင်းဆိုင်က ဝယ်သူတွေကို ဒီလိုဆက်ဆံတာပဲလား"
"ချာတိတ်..ငါက အားတိအရောင်းဆိုင်ရဲ့မန်နေဂျာပဲ။ အားတိအရောင်းဆိုင်ကို ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ထိန်းသိမ်းရမဲ့တာဝန် ငါ့မှာရှိတယ်။ ဆိုင်ရဲ့အနေအထားကို ပျက်ပြားစေမဲ့ တချို့ဝယ်သူတွေကို မောင်းထုတ်ပိုင်ခွင့်လည်းရှိတယ်။ ဒီလိုလုပ်ရတာက ပိုများတဲ့လူတွေကို ကောင်းမွန်တဲ့ ဈေးဝယ်အတွေ့အကြုံပေးဖို့အတွက်ပဲ"
မန်နေဂျာက ခပ်မာမာပြောလိုက်သည်။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီလိုလား။ ဒါဆို အခုကစပြီး ခင်ဗျားက အားတိအရောင်းဆိုင်ရဲ့မန်နေဂျာမဟုတ်တော့ဘူး။ ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ"
"ဘာ? မင်းက ငါ့ကို အလုပ်ထုတ်တယ်ပေါ့"
မန်နေဂျာက ရုတ်တရက်ထရယ်လိုက်သည်။
"ဆရာ ခင်ဗျားရဲ့ဟာသက လုံးဝမရယ်ရဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့အလုပ်ကို မနှောင့်ယှက်ပါနဲ့။ မဟုတ်လို့ကတော့ လုံခြုံရေးကို ခေါ်ရလိမ့်မယ်"
မန်နေဂျာက အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။
နှစ်ဖက်စလုံးက တင်းမာနေကြောင်း မြင်လိုက်ရသည့်အခါ အဘိုးအိုက ယဲ့ချန်းကို ကပျာကယာပြောလိုက်လေသည်။
"ဒီကလူကြီးမင်း..ထားလိုက်ပါတော့။ ငါတို့ မဝယ်တော့ပါဘူး"
ဤသို့ဖြင့် အဘိုးအိုက ကောင်လေး၏လက်ကိုဆွဲပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ယဲ့ချန်းကမူ ထိုအဘိုးအိုကို တားလိုက်သည်။
"အဘိုး.. ဒီနေ့က ကလေးရဲ့မွေးနေ့လေ။ သူက ဘောလုံးကန်ဖိနပ်ကို သဘောကျနေရှာတာ။ ဒီဖိနပ်ကို သူ့ကို ပေးကိုပေးမှဖြစ်မယ်"
မန်နေဂျာက စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်၏။
"ချာတိတ်.. မင်းက ပရဟိတလုပ်ရတာကို သဘောကျတယ်ဆိုရင်လည်း မင်းကိုယ်တိုင် ဖိနပ်ဝယ်ပြီး လစ်လိုက်တော့လေ။ ငါတို့စီးပွားရေးကို လာမနှောင့်ယှက်နဲ့"
ယဲ့ချန်းကမူ အေးတိအေးစက်လှောင်ရယ်လိုက်၏။ ထို့နောက် ဟွားနိုင်ငံ၏ အားတိဌာနချုပ်ကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို.. အားတိဌာနချုပ်ရဲ့တာဝန်ခံ ထျန်းဝမ်ချင်နဲ့ စကားပြောချင်ပါတယ်"
"ဘယ်သူပါလဲ"
တစ်ဖက်လူက မေးလာလေသည်။
"ကျွန်တော်က အားတိရဲ့ရှယ်ယာရှင် ယဲ့ချန်းပါ"
ထိုအချိန်မှာ ထျန်းဝမ်ချင်တစ်ယောက် ဌာနချုပ်ထံမှ ပေးပို့လိုက်သောမက်ဆေ့ချ်ကို အကြောင်သားစိုက်ကြည့်နေမိသည်။
ထိုမက်ဆေ့ချ်ထဲတွင် ဟွားနိုင်ငံမှ ထူးခြားဆန်းကြယ်သော သူဌေးတစ်ဦးက အားတိရှယ်ယာ၂၀ရာခိုင်နှုန်းကို ဝယ်ယူသွားသဖြင့် အားတိကုမ္ပဏီ၏ တတိယရှယ်ယာအများဆုံးလူဖြစ်လာကြောင်း ဖော်ပြထားသည်။
ယဲ့ချန်း၏ပရိုဖိုင်းကိုကြည့်ရင်း ထျန်းဝမ်ချင် စိတ်ထဲမှ တိတ်တိတ်လေးသက်ပြင်းချမိသည်။
"ယဲ့ချန်းက တကယ့်အကျော်ဇေယျတစ်ယောက်ပဲ။ အသက်ငယ်ငယ်လေးနဲ့ အားတိရှယ်ယာ၂၀ရာခိုင်နှုန်းကို ပိုင်ထားပြီ။ ဒီတော့ သူနဲ့ အဆက်အသွယ်ကောင်းကောင်းဖန်တီးထားမှဖြစ်မယ်"
ထိုအချိန်မှာပင် အတွင်းရေးမှူးက ဖုန်းခေါ်လာသည်။
"ဥက္ကဋ္ဌထျန်း.. အားတိရဲ့အဓိကရှယ်ယာရှင်ဖြစ်တဲ့ မစ္စတာယဲ့လို့ခေါ်တဲ့လူတစ်ယောက်က ဖုန်းပြောချင်လို့တဲ့"
"မစ္စတာယဲ့လား"
ထျန်းဝမ်ချင်၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားလေသည်။ ထို့နောက် ဖုန်းကို ခပ်မြန်မြန်ကိုင်လိုက်သည်။
"ဟယ်လို မစ္စတာယဲ့.. ကျွန်မက အားတိဌာနချုပ်ရဲ့ဥက္ကဋ္ဌ ထျန်းဝမ်ချင်ပါ"
"ကျွန်တော်က ယဲ့ချန်းပါ။ ကျွန်တော် အခု ပုသုန်းလမ်းပေါ်က ခင်ဗျားတို့ရဲ့အားတိအရောင်းဆိုင်မှာ ရောက်နေတယ်။ ရှယ်ယာရှင်တစ်ယောက်အနေနဲ့ ဆိုင်မန်နေဂျာကို ကျွန်တော် အလုပ်ထုတ်ခွင့်ရှိမလား"
ထျန်းဝမ်ချင်ခမျာ တဒင်္ဂမျှ တုံ့ဆိုင်းသွားလေသည်။
"မစ္စတာယဲ့.. အားတိကုမ္ပဏီရဲ့ တတိယရှယ်ယာအများဆုံးလူဖြစ်တဲ့ ရှင်က သေချာပေါက် လုပ်ပိုင်ခွင့်ရှိတာပေါ့"
ယဲ့ချန်း ခေါင်းညိတ်လိုက်မိသည်။
"ကျေးဇူးပြုပြီး ချက်ချင်းလာခဲ့ပေးပါ။ ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်နဲ့ မန်နေဂျာကို အလုပ်ထုတ်ချင်လို့"
ထျန်းဝမ်ချင်၏အမူအရာမှာ ပြောင်းလဲသွားရပြီး ခပ်မြန်မြန်ပြန်ဖြေလိုက်၏။
"ဥက္ကဋ္ဌယဲ့.. ကျွန်မ အခုချက်ချင်းလာခဲ့ပါ့မယ်"
ယဲ့ချန်းပြောနေသည့် စကားများကို ကြားသောအခါ မန်နေဂျာ၏မျက်နှာအမူအရာလည်း ပြောင်းလဲသွားရသည်။
သို့သော် လှောင်ပြောင်သရော်လေဟန် အမူအရာကို ချိတ်ဆွဲထားဆဲသာ။
"အားတိကုမ္ပဏီက နိုင်ငံခြားကုမ္ပဏီတစ်ခုလေ။ ဟွားနိုင်ငံသားတွေက ရှယ်ယာဝင်ထားတယ်လို့ တစ်ခါမှမကြားဖူးဘူး"
"ချာတိတ်..မင်းက သရုပ်ဆောင်တော်သားပဲ။ အားတိရဲ့အဓိကရှယ်ယာရှင်တဲ့လား။ ဟွားနိုင်ငံသားတွေက ဒီလိုအရည်အချင်းမျိုးရှိတယ်ပေါ့။ ဟာသပဲ"
ထိုမန်နေဂျာက ယဲ့ချန်းကို လက်ညှိုးထိုးပြီး မောက်မာစွာ လှောင်ရယ်နေပေသည်။
••••••••••••