← Chapters

အပြုံးထဲမှာ ဓားဝှက်ထားသူ

Vol. 11 Ch. 160

အပြုံးထဲမှာ ဓားဝှက်ထားသူ

Vol. 11 Ch. 160

ဒုန်း!

အားတိအရောင်းဆိုင်တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ရုံးဝန်ထမ်းဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက်နှင့် ဝတ်စုံပြည့်ဝတ်ထားသော လူအများအပြား ဝင်လာကြသည်။

အထဲသို့ ဝင်လာသူကို မြင်သောအခါ မန်နေဂျာခမျာ လန့်ဖျပ်သွားလေသည်။ သူတို့သည် အားတိကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်များပင်။

"ဥက္ကဋ္ဌထျန်း ဒီကို ဘာလို့ရောက်လာတာပါလဲ"

မန်နေဂျာ၏ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားချေသည်။

ထျန်းဝမ်ချင်းက ထိုမန်နေဂျာကို လှည့်တောင်မကြည့်ဘဲ ယဲ့ချန်းဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

"ဒါရိုက်တာယဲ့..ကျွန်မက ဟွာနိုင်ငံအားတိရုံးချုပ်ရဲ့ ဥက္ကဋ္ဌ ထျန်းဝမ်ချင်းပါ”

ယခုအချိန်တွင် ယဲ့ချန်းက အားတိကုမ္ပဏီ၏ တတိယရှယ်ယာအများဆုံးလူဖြစ်ပြီး ဘုတ်အဖွဲ့ဝင်လည်း ဖြစ်သောကြောင့် သူ့ကို ဒါရိုက်တာယဲ့ဟု ခေါ်ဆိုခြင်းမှာ သင့်လျော်ပေသည်။

ထျန်းဝမ်ချင်းက ယဲ့ချန်းကို ဤသို့ခေါ်လိုက်သဖြင့် ထိုမန်နေဂျာ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားရှာသည်။

ဒါရိုက်တာယဲ့တဲ့လား။

ယဲ့ချန်းပြောတဲ့စကားတွေက အမှန်တွေများလား?

ယဲ့ချန်းက အဘိုးအိုနှင့် ကောင်လေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"ဒီလူကြီးမင်းက သူ့မြေးအတွက် မွေးနေ့လက်ဆောင်ပေးဖို့ အားတိဖိနပ်တစ်ရံ ဝယ်ချင်နေရှာတာ။ အဲဒါ ဘာများ မှားနေလို့လဲ။ ဒါတောင် ခင်ဗျားတို့ရဲ့ဆိုင်ဝန်ထမ်းနဲ့ မန်နေဂျာက သူတိုကို မောင်းထုတ်ဖို့ ကြိုးစားခဲ့တယ်။ အားတိကို လာတဲ့လူတွေက အဆင့်အတန်း ဒါမှမဟုတ် အာဏာတစ်ခုခုရှိရမယ်ဆိုတဲ့စည်းမျဉ်းမျိုး ကျုပ်တို့မှာ ရှိလားဆိုတာ သိချင်မိတယ်"

ထျန်းဝမ်ချင်းလည်း မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။

"ဒါရိုက်တာယဲ့.. တောင်းပန်ပါတယ်။ ကျွန်မတို့ ပေါ့ဆမိသွားတာပါ"

ယဲ့ချန်းက အေးစက်စွာ ပြောလိုက်ပြန်သည်။

"ဒီလိုမန်နေဂျာနဲ့ အရောင်းဝန်ထမ်းကို အလုပ်ထုတ်ပစ်လိုက်လည်း ပြဿနာမရှိဘူးမလား"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ အဘိုးအိုနှင့် ကလေးငယ်ကို မောင်းထုတ်ခဲ့သည့် မန်နေဂျာနှင့် အရောင်းဝန်ထမ်းတို့ခမျာ ချက်ချင်းမျက်နှာပျက်သွားလေသည်။

ထျန်းဝမ်ချင်းက ထိုနှစ်ယောက်ကို အေးတိအေးစက်ကြည့်ပြီး ပြောလိုက်သည်။

"မန်နေဂျာချန်း..ရှင်နဲ့ ရှင့်ဝန်ထမ်းကို အလုပ်ထုတ်လိုက်ပြီ။ ရှင်တို့ရဲ့လစာကို ချက်ချင်းရှင်းလိုက်ပါ"

မန်နေဂျာချန်း၏ မျက်နှာကား ချက်ချင်းပြောင်းလဲသွားရလေသည်။

သူ့အနေနှင့် သူတစ်ပါးကို အထင်သေးမိသောကြောင့် အလုပ်ပြုတ်ရလိမ့်မည်ဟု လုံးဝထင်မထားပေ။

သူ့အနေနှင့် ဝန်ထမ်းဘဝမှ မန်နေဂျာအဖြစ် တက်လှမ်းနိုင်ရန် ငါးနှစ်လောက် အချိန်ယူခဲ့ရသည်။

“ဒါရိုက်တာယဲ့..ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် လူတွေကို အထင်သေးတာမျိုး မလုပ်ခဲ့သင့်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

မန်နေဂျာချန်းက ခါးသီးစွာ တောင်းပန်လိုက်သည်။

ယဲ့ချန်းက ဆိုင်ရှေ့ရှိဆောင်ပုဒ်ကို လက်ညှိုးထိုးပြလိုက်သည်။

"အားတိကုမ္ပဏီရဲ့ ရည်မှန်းချက်က အားကစားကို ချစ်မြတ်နိုးသူတိုင်း လေ့ကျင့်ခန်းလုပ်ခွင့်ရရှိစေဖို့ ကျုပ်တို့က အစွမ်းကုန်ကြိုးစားရမှာ။ ဒီအခြေခံရည်မှန်းချက်လေးကိုတောင် ခင်ဗျား မနားလည်ရင် မန်နေဂျာရာထူးယူထားပြီး ဘာလုပ်မှာလဲ။ ခင်ဗျားက အားတိရဲ့ဝန်ထမ်းဖြစ်ဖို့ မသင့်တော်ဘူး"

ဤသို့ပြောပြီးနောက် ယဲ့ချန်းက ဘောလုံးဖိနပ်တစ်ရံ၊ ဟွားနိုင်ငံအမျိုးသားဘောလုံးအသင်း၏ ယူနီဖောင်းတစ်စုံနှင့် အားတိဘောလုံးတစ်လုံးကို ရွေးယူလိုက်သည်။

"ကလေး.. ဒီနေ့ မင်းရဲ့မွေးနေ့မို့လို့ ဒါတွေက မင်းရဲ့ဦးဦးနဲ့ ဒေါ်ဒေါ်က မင်းကို လက်ဆောင်ပေးတာ။ တစ်နေ့ကျရင် မင်း အမျိုးသားအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်"

ကောင်လေး၏ မျက်လုံးထဲဝယ် မျက်ရည်များ ပြည့်လျှံသွားလေသည်။

"ကျေးဇူးတင်ပါတယ် ဦးဦး..ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်”

အဘိုးအိုကလည်း ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"မစ္စတာယဲ့.. ကျေးဇူးတင်ပါတယ်။ အဘိုးမြေးလေးက ငယ်ငယ်လေးကတည်းက ဘောလုံးကန်ရတာကို ဝါသနာပါရှာတာ။ သူ့မှာ ဘောလုံးဖိနပ်တစ်ရံလေးတောင် မရှိခဲ့ဖူးဘူး။ မနက်ဖြန် သူ့ပွဲစဉ်တစ်ပွဲရှိတယ်လေ။ ပြီးတော့ ဒီနေ့ကလည်း သူ့မွေးနေ့ဖြစ်နေပြန်တယ်။ သူ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

ဘေးမှ ကြည့်နေကြသူတချို့က လက်ခုပ်ဝိုင်းတီးကြသည်။

အဘိုးအိုနှင့် ကောင်လေးတို့ကို ပြန်လွှတ်လိုက်ပြီးနောက် ထျန်းဝမ်ချင်းက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

"ဒါရိုက်တာယဲ့.. ဒီကိစ္စအတွက် ကျွန်မမှာလည်း တာဝန်ရှိပါတယ်။ ကျွန်မ ပြစ်ဒဏ်အနေနဲ့ တစ်လစာဘောနပ်စ်ကို မယူတော့ပါဘူး"

ယဲ့ချန်းက ခေါင်းခါလိုက်သည်။

"ပြစ်ဒဏ်က ဒုတိယပါ။ ကျွန်တော်က တခြားကုမ္ပဏီတွေကိုတော့ ဂရုမစိုက်ဘူး။ ဒါပေမဲ့ အားတိကုမ္ပဏီအတွက်တော့ ဖောက်သည်တွေ တံခါးဝကနေ ဝင်လာတာနဲ့ သူတို့က ဘုရားသခင်ပဲ။ သူတို့ဘာသာ သူဌေးပဲဖြစ်ဖြစ် သာမန်လူဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ်ပေါ့”

“ဟုတ်ကဲ့ ဟုတ်ကဲ့..."

ဆိုရှယ်မီဒီယာလွှမ်းမိုးသူတစ်ယောက်က ဆိုင်ထဲ၌ အားတိအားကစားဝတ်စုံကို ဝယ်ယူနေခိုက် ထိုမြင်ကွင်းတစ်ခုလုံးကို ဗီဒီယိုရိုက်ကူးနေခဲ့သည်။

ထိုဗီဒီယိုက လူမှုကွန်ရက်ပေါ်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။

"ဒီလိုကိုယ်ကျင့်တရားကောင်းတဲ့ အားတိအမှုဆောင်ကို အားပေးပါတယ်"

"အားတိကုမ္ပဏီဘက်က ဒီလိုလုပ်တာ အရမ်းကောင်းတယ်။ အခု ငါလည်း သစ္စာရှိပရိသတ်တစ်ယောက် ဖြစ်သွားပြီ"

"အားကစားကိုချစ်မြတ်နိုးသူတိုင်း လေ့ကျင့်ခန်း လုပ်ခွင့်ရရှိစေဖို့တဲ့။ သဘောကျလိုက်တာ"

"အဲဒီလိုလွှမ်းမိုးခြယ်လှယ်နိုင်တဲ့ စီအီးအိုက အရမ်း ခံ့ညားတာပဲ။ ငါ လုံးဝချစ်မိသွားပြီ"

....

ယဲ့ချန်းက သူ့ဆွဲဆောင်မှုတန်ဖိုးကို အနိမ့်ဆုံး၌ ထားလေ့ရှိသော်လည်း အမျိုးသမီးများကို ဆွဲဆောင်နိုင်ဆဲပင်။

ယဲ့ချန်းနှင့် စုဝမ်ယီတို့လည်း အားတိအရောင်းဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

စုဝမ်ယီ ရယ်လိုက်မိသည်။

"ယဲ့ချန်း.. ရှင်က အရမ်းကြင်နာတတ်တဲ့လူတစ်ယောက်ပဲ။ ခုနတုန်းက ရှင် အရမ်းကြည့်ကောင်းတယ်"

"ဟားဟား သာမန်ပါပဲ။ ရွှေ့ပြောင်းလုပ်သားတွေကို ခွဲခြားဆက်ဆံပြီး အောက်ခြေလူတန်းစားကို အထင်သေးတဲ့လူတွေကို ငါ သည်းမခံနိုင်ဘူး။ ကိုယ်ပိုင်လုပ်အားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လူတိုင်းက လူ့အဖွဲ့အစည်းထဲမှာ လေးစားထိုက်တယ်ဆိုတာ သူတို့ မသိကြဘူး"

စုဝမ်ယိက ယဲ့ချန်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။

"ယဲ့ချန်း.. ရှင်က တခြားလူကုံထံတွေနဲ့ မတူဘူးလို့ ကျွန်မထင်တယ်"

ယဲ့ချန်း ပြုံးလိုက်မိလေသည်။

"ဘယ်လိုမတူတာလဲ”

စုဝမ်ယိက ဆိုလာချေသည်။

"လူအများစုက ပိုက်ဆံရှိလာတာနဲ့ တခြားသူတွေထက် သာသွားပြီလို့ ထင်ကြတယ်။ သူတို့က မာန်မာနအပြည့်နဲ့ သူတို့ကိုယ်သူတို့ အထက်တန်းလွှာတွေလို့ ထင်နေကြတာ။ ဒါပေမဲ့ ရှင်ကတော့ အမြဲတမ်း သာမန်လူတစ်ယောက်လိုပဲ"

ယဲ့ချန်းက ဂုဏ်ယူဝင့်ကြွားလေဟန် အမူအရာမျိုး လုပ်လိုက်သည်။

"ဒါပေါ့။ ငါက တက္ကစီဒရိုင်ဘာတစ်ယောက်ပဲလေ”

ထိုအချိန်တွင် သူတို့နှစ်ယောက်သား အနောက်တိုင်းစားသောက်ဆိုင်ရှေ့ကို ရောက်လာသောအခါ ယဲ့ချန်း ပြုံးလိုက်လေသည်။

“ဒါက မိုတုမြို့မှာ စျေးအကြီးဆုံး အနောက်တိုင်းစားသောက်ဆိုင်လို့ ကြားဖူးတယ်။ ဝင်ကြည့်ရအောင်လေ"

စုဝမ်ယိကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ဒီနေ့ ကျွန်မ ရှင့်ကို များများနှိပ်စက်မှပဲ"

သူတို့နှစ်ယောက်လည်း အနောက်တိုင်းစားသောက်ဆိုင် ထဲသို့ ဝင်လာခဲ့ကြပြီး အစားအသောက် မှာယူပြီးခါစတွင် လူငယ်တစ်ယောက် ချဉ်းကပ်လာသည်။

ထိုလူငယ်ကို မြင်သောအခါ စုဝမ်ယိက မျက်မှောင်ကြုတ်လိုက်သည်။

"စိတ်ရှုပ်ဖို့ကောင်းတဲ့ ဒီလူက ဒီီကို ဘာလို့ရောက်နေတာလဲ.."

ယဲ့ချန်းလည်း ပြောစရာမလိုဘဲ ပြဿနာတက်ပြီဖြစ်ကြောင်း သိလိုက်သည်။

စုဝမ်ယိက ဆိုလေသည်။

"ဒီလူက ကောင်းလဲ့တဲ့။ မိုတုမြို့ထဲက ကောင်းမိသားစုရဲ့ အကြီးဆုံးသခင်လေးပေါ့။ သူ့ရဲ့ ယဉ်ကျေးပျူငှာတဲ့ ပုံပန်းသဏ္ဍာန်ကြောင့် မယုံလိုက်လေနဲ့။ သူက အရမ်း ကောက်ကျစ်တဲ့လူတစ်ယောက်။ သူနဲ့ဆက်ဆံရင် သတိထား.."

ကောင်းလဲ့ ရောက်မလာခင်မှာပင် စုဝမ်ယိက သူ့နောက်ခံကို အတိုချုံးမိတ်ဆက်ပေးလိုက်သည်။

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်သည်။

"စိတ်မပူပါနဲ့။ ငါ့ကို ကျောနိုင်တဲ့လူက အခုထိ မမွေးသေးဘူး။ ငါက ဒီလိုအပျော်အပါးလိုက်စားသူတွေကို ဆက်ဆံတဲ့နေရာမှာ အတွေ့အကြုံအများကြီး ရှိပြီးသား"

စုဝမ်ယိ ရယ်လိုက်မိသည်။

"တကယ်လား။ ဒါဆို စောင့်ကြည့်ရသေးတာပေါ့"

ကောင်းလဲ့က ယဲ့ချန်းနှင့် စုဝမ်ယိတို့နှစ်ယောက်သား စားပွဲတွင် စကားပြောရင်း ရယ်မောနေတာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။

မိုတုမြို့တွင် စုဝမ်ယိကို သူ သဘောကျနေကြောင်း လူတိုင်းသိသည်။

ယခင်နှစ်များတုန်းက ပြည်ပသို့ ပညာတော်သင်သွားနေရသောကြောင့် စုဝမ်ယိနှင့် သူ့ကြားတွင် အဆက်အသွယ်လျော့နည်းသွားခဲ့သော်လည်း မတိုင်ခင်ကဆိုလျှင် သူသည် သူ(မ)ကို မကြာခဏ ကပ်တွယ်လေ့ရှိသည်။

ယခု စုဝမ်ယီက သူစိမ်းတစ်ယောက်နှင့် အလွန်ရင်းနှီးနေကြောင်း မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် မနာလိုသဝန်တိုစိတ်များ ဖြစ်ပေါ်လာသည်။

“ဝမ်ယိ..တိုက်ဆိုင်လိုက်တာ။ ကိုယ် အခုမှ ဒီနိုင်ငံကို ပြန်ရောက်တာ။ မင်းအိမ်ကို လာရှာဖို့တောင် လုပ်နေတာ။ မင်းက ဒီကိုရောက်နေတာကိုး"

“ဟုတ်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ညစာလာစားတာ"

စုဝမ်ယိက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

ကောင်းလဲ့က မျက်နှာထက်တွင် ရန်လိုမှုတစ်စုံတစ်ရာကိုမှ ထုတ်မပြဘဲ ပြုံးရယ်လျက်သာ ယဲ့ချန်းကိုကြည့်ပြီးနောက် ယဉ်ယဉ်ကျေးကျေးမေးခွန်းထုတ်လိုက်သည်။

“ကျွန်တော်က မိုတုမြို့က ကောင်းလဲ့ပါ။ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲဆိုတာ သိပါရစေ"

“ယဲ့ချန်း.. စုဝမ်ယိရဲ့ ချစ်သူပါ"

ယဲ့ချန်းက ကိုယ့်ကိုယ်ကိုယ် ပွင့်ပွင့်လင်းလင်း မိတ်ဆက်လိုက်သည်။

ယဲ့ချန်း၏ မိတ်ဆက်စကားကို ကြားလိုက်ရသောအခါ ကောင်းလဲ့ အံ့အားသင့်သွားချေသည်။ ဤလူက ဤမျှပွင့်လင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"ဝမ်ယိ..ရည်းစားရနေတာတောင် ငါ့ကိုမပြောပြဘူး။ မတရားဘူးနော်"

ကောင်းလဲ့လည်း အနည်းငယ်အံ့ဩသွားပြီး ယဲ့ချန်းအကြောင်း ပိုစိတ်ဝင်စားသွားသည်။

ဒီလူက ဘယ်သူလဲ။

သူက ရေခဲနဲ့ဆီးနှင်းဘုရင်မစုဝမ်ယိရဲ့အချစ်ကို ဘယ်လိုရယူနိုင်ခဲ့တာလဲ။

မိုတုမြို့ရှိ သူဌေးသားများက စုဝမ်ယိကို လိုက်ပိုးခဲ့ကြသော်လည်း မည်သူမှ မအောင်မြင်ခဲ့ကြပေ။

သူလည်း ထိုလူများထဲတွင် ပါဝင်ခဲ့သည်။

ကောင်းလဲ့က ပြုံးရယ်လျက် မေးလိုက်သည်။

"ကိုယ့်လူ.. မင်းကို သိပ်မရင်းနှီးသလိုပဲ။ ဘယ်မှာအလုပ်လုပ်တာလဲ"

"ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

ယဲ့ချန်းလည်း သူ့အပေါ်ထားသော တစ်ဖက်လူ၏မနာလိုမှုကို အာရုံရသော်လည်း ကောင်းလဲ့ကတော့ တစ်လျှောက်လုံးပြုံးနေခဲ့သည်။

သို့သော် တစ်ဖက်လူက အလွန်ကောက်ကျစ်စဉ်းလဲပြီး မျက်နှာပေါ်တွင်လည်း သိသာအောင် ထုတ်မပြသောကြောင့် ယဲ့ချန်းလည်း ခပ်ပြုံးပြုံးသာ တုံ့ပြန်လိုက်သည်။

အပြုံးနောက်တွင် ဖုံးကွယ်ထားသော ဓားတစ်လက်ပင်။ ယခုလိုလူတစ်ယောက်ကို ကိုင်တွယ်ရခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

••••••••••••

All Chapters