ဘဝဖြစ်စဉ်ကို ကြည့်ရှုခြင်း
Vol. 11 Ch. 161
ကောင်းလဲ့က တဟားဟားရယ်လျက် ပြောလိုက်လေသည်။
"ဝမ်ယိက ငါတို့အသိုင်းအဝိုင်းထဲမှာ အဆင့်အတန်းမြင့်မားမှုကြောင့် နာမည်ကြီးတယ်။ အမွေဆက်ခံသူတော်တော်များများနဲ့ ဒုတိယမျိုးဆက်လူကုံထံတွေက သူ့ကို လိုက်ပိုးချင်နေကြတာ။ ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ အရေးမလုပ်ခဲ့ဘူး။ သူ့ချစ်သူအနေနဲ့ အသိအမှတ်ပြုထားတဲ့ လူတစ်ယောက်က တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေလို့ရမှာလဲ။ စကားပြောဆင်ခြင်နော်။ မဟုတ်လို့ကတော့ ဝမ်ယိက စိတ်ဆိုးပြီး မင်းကို ပစ်သွားလိမ့်မယ်"
ယဲ့ချန်းက အမှန်စင်စစ်ခံ့ညားပါသော်ငြား စုဝမ်ယိက ရုပ်ရည်တစ်ခုတည်းကို မက်မောသူမဟုတ်ကြောင်း ကောင်းလဲ့ နားလည်ပေသည်။ ထို့ကြောင့် ယဲ့ချန်းတွင် ထူးခြားသောအရာတစ်ခုခု ရှိရမည်ဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။
"သူ ငါ့ကို ပစ်သွားရင် ပိုတောင်ကောင်းသေးတယ်။ ငါ အပြင်ထွက်ပြီး လျှောက်ပျော်ပါးလို့ရတာပေါ့"
ယဲ့ချန်းက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
ကောင်းလဲ့လည်း စကားတစ်ခွန်းမှမပြောဘဲ စုဝမ်ယိကို လှမ်းကြည့်လိုက်သည်။ စုဝမ်ယိက အနည်းငယ်မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
"ကောင်းပြီလေ။ ရှင် အပြင်ထွက်ပြီး လျှောက်ပျော်ပါးချင်တာမလား။ သွားလေ..သွား"
စုဝမ်ယိက ထိုသို့ပြောရင်း နူးညံ့လှသော လက်တစ်ဖက်ဖြင့် ယဲ့ချန်း၏ခါးကို ဆွဲလိမ်လိုက်သည်။
"အား..အား..နာတယ် အချစ်ရဲ့။ တောင်းပန်ပါတယ်ကွာ။ ကြည့်ဦး.. မင်းရဲ့သူငယ်ချင်းရောက်နေတာလေ။ ကိုယ့်ကို မျက်နှာသာနည်းနည်းလောက်ပေးပါဦး"
"ကိုယ်က နောက်နေတာပါ။ မင်းရဲ့ခွင့်ပြုချက်မရဘဲ ကိုယ်က ဘယ်လိုလုပ်ပြီးပျော်ပါးရဲမှာလဲ"
ယဲ့ချန်းက မယားကြောက်တစ်ယောက်အလား ပြုမူနေချေသည်။
ယဲ့ချန်းက နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အပြင် ယခင်ကလည်း အတွေ့အကြုံရှိထားသည်ဖြစ်ရာ ယခုလိုအကွက်မျိုးကို ကစားပြခြင်းကား သူ့အတွက် အလွယ်လေးပင်။
စုဝမ်ယိက မာန်ပါပါပြောလိုက်သည်။
"ဟမ့်.. ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ မဟုတ်တာပြောလို့ကတော့ သေပြီသာမှတ်"
ထိုအချိန်တွင် စုဝမ်ယိက ချစ်မိနေသော မိန်းမငယ်လေးတစ်ယောက်အလား ဖြစ်နေသော်ငြား သန်မာပြီး လွှမ်းမိုးခြယ်လှယ်သော လူကုံထံအမျိုးသမီးတစ်ယောက်၏ အရှိန်အဝါကိုလည်း ထုတ်လွှတ်နေပေသည်။
သူတို့နှစ်ယောက်၏ပုံစံမှာ စုံတွဲတစ်တွဲအလားပင်။
ကောင်းလဲ့ခမျာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
စုဝမ်ယိ၏အတန်းဖော်ဟောင်းလည်းဖြစ်၊ အချိန်အကြာကြီး လိုက်ပိုးပန်းခဲ့ရသူလည်းဖြစ်သော သူက သူ(မ)၏စရိုက်ကို ကောင်းကောင်းနားလည်သည်။
ယောကျ်ားလေးများရှေ့တွင် စုဝမ်ယိက ရေခဲဘုရင်မတစ်ပါးအလား ဘယ်တော့မှ ရင်းရင်းနှီးနှီးနေလေ့မရှိပေ။
မိုတုမြို့အသိုင်းအဝိုင်းထဲတွင် စုဝမ်ယိက ဒေါ်လာတစ်ဘီလျံတန် လုပ်ငန်းစုတစ်ခုကို ပိုင်ဆိုင်ထားပြီး လှပချောမောလေသည်။ ပိုအရေးကြီးသည့်အချက်မှာ အပြင်လူများမသိနိုင်သော သူ(မ)၏သရုပ်မှန်တစ်ခုရှိ၏။ သူ(မ)သည် ကျန်းစုနှင့် ကျဲ့ကျန်းမြို့ထဲရှိ အချမ်းသာဆုံးလူ စုဝမ်၏ အကြီးဆုံးသမီးပင်တည်း။
ထို့ကြောင့် လူကုံထံအသိုင်းအဝိုင်းထဲတွင် လူအမြောက်အများက စုဝမ်ယိကို အာရုံစိုက်နေခဲ့ကြသည်။
ကောင်းလဲ့၏စိတ်ထဲတွင်မူ စုဝမ်ယိကို သူ့သတို့သမီးလောင်းအဖြစ် သတ်မှတ်ထားပြီးသားဖြစ်သည်။ ယဲ့ချန်းဟူသော လူတစ်ယောက်က ရုတ်တရက်ကြီးပေါ်လာလိမ့်မည်ဟု ထင်မထားပေ။
စုမိသားစုနှင့် ကောင်းမိသားစုတို့သာ ပေါင်းစည်းလိုက်လျှင် ကျန်းစုမြို့နှင့် ကျဲ့ကျန်းမြို့ထဲရှိ လုပ်ငန်းများကို သူတို့ ကြီးစိုးထားနိုင်လေပြီ။
ကောင်းလဲ့ကိုယ်တိုင်လည်း ဤမျှလှပပြီး လုပ်ရည်ကိုင်ရည်ရှိသော အမျိုးသမီးတစ်ယောက်ကို မဆုံးရှုံးချင်ပေ။ သူ(မ)က သူ့အတွက် အလွန်အသုံးဝင်လှသည်။
ထို့ကြောင့် ယဲ့ချန်း၏သရုပ်မှန်က ဘယ်လိုဖြစ်ဖြစ် စုဝမ်ယိကို သူ ပြန်အရယူရပေမည်။
ကောင်းလဲ့ နားမလည်နိုင်သောအရာမှာ ယဲ့ချန်း၏သရုပ်မှန်ပင်။ အလွန်ဆန်းကြယ်လွန်းလှပေသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်တဲ့လား?
ကောင်းလဲ့ လုံးဝမယုံကြည်နိုင်ပေ။
သို့သော် မိုတုမြို့၏ ဒုတိယမျိုးဆက်လူကုံထံအသိုင်းအဝိုင်းထဲတွင် ယဲ့ချန်းဟုခေါ်သော လူတစ်ယောက်မရှိပေ။ ထိုလူမှာ ရုတ်တရက်ကြီး ပေါ်လာဟန်တူသည်။
ဤထူးခြားဆန်းကြယ်မှုကြောင့် ကောင်းလဲ့ခမျာ စိတ်လိုက်မာန်ပါမပြုမူရဲပေ။
အကယ်၍ ယဲ့ချန်းက ထင်ရှားကျော်ကြားသော မိသားစုတစ်ခု၏ ပြည်တော်ပြန်မိသားစုဝင်တစ်ယောက် သို့မဟုတ် ကျိုတိုမြို့ထဲရှိ မိသားစုတစ်ခုခုမှ ဖြစ်နေလျှင် သူ့ကိုအပြစ်ပြုမိခြင်းမှာ ပျက်ကိန်းဆိုက်ရပေလိမ့်မည်။
အခြားဖြစ်နိုင်ခြေတစ်ခုခုဖြစ်နေဖို့သာ ကောင်းလဲ့ မျှော်လင့်မိသည်။ ယဲ့ချန်းပြောသလို အမှန်တကယ် ဆင်းရဲသားတစ်ယောက်ဖြစ်နေခြင်းမျိုးဆိုလျှင် ပိုကောင်းသည်။
ထိုသို့ဆိုပါက ပိုရိုးရှင်းသွားလိမ့်မည်။ သူ့အနေနှင့် ယဲ့ချန်းကို အသာလေးရင်ဆိုင်နိုင်သည်။
အစတုန်းကတော့ အဖြေတချို့ နှိုက်ယူချင်ခဲ့ပါသော်ငြား သူ့ကြိုးစားမှုက အချည်းနှီးဖြစ်သွားသည့်အတွက် စိတ်ပျက်သွားရသည်။
ယဲ့ချန်းက တက္ကစီတစ်ယောက်ဟု ဆိုနေချေသည်။ သို့သော် တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး ယခုလိုပြုမူနိုင်မည်နည်း။
မိုတုမြို့ထဲရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် သူ့လို လူတစ်ယောက်ရှေ့တွင် ယဲ့ချန်းက ကြောက်ရွံ့နေခြင်းမရှိ။ ထိုအစား အေးအေးလူလူဖြစ်နေလေရာ သာမန်လူတစ်ယောက်နှင့် မတူချေ။
စကားအနည်းငယ်ပြောပြီးနောက် ကောင်းလဲ့ ထွက်ခွာသွားလေသည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း ညစာဆက်စားကြသည်။
စုဝမ်ယိက ပြောလာလေသည်။
"ယဲ့ချန်း..ကောင်းလဲ့က အရမ်းဉာဏ်များတာနော်။ သူက ကျွန်မကို တစ်ချိန်လုံးလိုက်ပိုးပန်းနေခဲ့တာ။ ဒါပေမဲ့ ကျွန်မ သူ့ကိုမကြိုက်ဘူး။ ကျွန်မထင်တာသာမမှားရင် သူ ရှင့်ကို သေချာပေါက် ပြဿနာရှာတော့မှာ။ အဲဒါကြောင့် သတိထားဦး"
ယဲ့ချန်းကလည်း ပြုံးလျက် ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့။ သူက ကိုယ့်ကို လာမပြိုင်နိုင်ပါဘူး"
သူတို့၏အနောက်တိုင်းညစာကို လက်စသတ်ပြီးနောက် ထွက်ခွာရန်ပြင်လိုက်ချိန်မှာပင် ကောင်းလဲ့က ရုတ်တရက်ပြုံးလျက် ပြောလာလေသည်။
"ဝမ်ယိ.. ကိုယ် နည်းနည်းသောက်ထားလို့ မင်း ကိုယ့်ကို ကားမောင်းပြီး ပြန်ပို့ပေးလို့ရမလား"
စုဝမ်ယိက ပြန်ဖြေလိုက်သည်။
"ကျွန်မတို့က စူပါကားလေ။ ခုံနှစ်လုံးပဲပါတာ"
"ကိစ္စမရှိပါဘူး။ ကိုယ့်ကားကို မောင်းခဲ့လိုက်လေ။ လန်းရိုဗာဆိုတော့ နေရာကျယ်တယ်"
ကောင်းလဲ့က ပြန်ဖြေလိုက်သည်။
စုဝမ်ယိကမူ ယဲ့ချန်းကို လှည့်ကြည့်လိုက်မိသည်။ ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။
"ကောင်းပြီလေ။ သခင်လေးကောင်းက တောင်းဆိုနေမှတော့ ဘယ်ငြင်းလို့ဖြစ်မလဲ"
ကောင်းလဲ့က ယဲ့ချန်းအား ကားသော့ပစ်ပေးလိုက်လေရာ ယဲ့ချန်းကလည်း ဖမ်းလိုက်၏။ ယဲ့ချန်းက ကားမောင်းပြီး စုဝမ်ယိက ဘေးခုံတွင်ထိုင်ကာ ကောင်းလဲ့ကတော့ နောက်ခန်းထဲတွင် ထိုင်နေလေသည်။
ကားစက်နှိုးလိုက်လေပြီ။
[တင်.. တက္ကစီရွေးချယ်ရေးစနစ်ကို အတည်ပြုလိုက်ပါပြီ။ အပတ်တိုင်း အထူးအရည်အသွေးတွေပိုင်ဆိုင်ထားတဲ့ ခရီးသည်တစ်ယောက်ကို ကျပန်းရွေးချယ်မိပါလိမ့်မယ်။ ရွေးချယ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီး အကောင်းဆုံးဆုလာဘ်တွေကို အရယူရင်း ကမ္ဘာကျော်သူဌေးတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ!]
[ခရီးသည်အလုပ်အကိုင် : စီအီးအို၊ ဒုတိယမျိုးဆက်လူကုံထံ!]
[ရွေးချယ်စရာနံပါတ်တစ် : စုဝမ်ယိကို ကောင်းလဲ့ဆီ သွားခွင့်ပေးပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ မိန်းကလေးများကိုဆွဲဆောင်နိုင်စွမ်း +၁၀နဲ့အတူ ပင်လယ်ကောင်းကင်ပြာနိုက်ကလပ်ရဲ့ စူပါပလက်တီနမ်ဗီအိုင်ပီကတ်ကို ရယူပါ]
[ရွေးချယ်စရာနံပါတ်နှစ် : စုလုပ်ငန်းစုကို သိမ်းယူဖို့အတွက် ကောင်းလဲ့ကိုကူညီပေးပြီး ကောင်းလဲ့ဆီက သန်းတစ်ရာဆုကြေးငွေကိုရယူပြီး ကောင်းလဲ့ရဲ့လူယုံအဖြစ် နေပါ]
[ရွေးချယ်စရာနံပါတ်သုံး : စုလုပ်ငန်းစုကိုသိမ်းယူပြီး စုဝမ်ယိကိုလိုက်ပိုးမဲ့ ကောင်းလဲ့ကို တားဆီးပြီး ဘဝဖြစ်စဉ်ကို ကြည့်ရှုနိုင်စွမ်းနဲ့ လုဟွားလုပ်ငန်းစုရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကို ရယူလိုက်ပါ]
ပထမဆုံးရွေးချယ်စရာရှိ ပင်လယ်ကောင်းကင်ပြာနိုက်ကလပ်၏ စူပါပလက်တီနမ်ကတ်မှာ ဆွဲဆောင်မှုရှိလှသော်ငြား ယဲ့ချန်းအနေနှင့် သူ့ကောင်မလေးကို ကောင်းလဲ့အား ပေးလိုက်နိုင်စရာမရှိပေ။
စုလုပ်ငန်းစုကို သိမ်းယူဖို့အတွက် ကောင်းလဲ့ကို ကူညီရမည့်ကိစ္စကိုတော့ ယဲ့ချန်းအနေနှင့် လုံးဝလုပ်မည်မဟုတ်ပေ။
စနစ်တစ်ခုလုံးရှိနေမှတော့ ယဲ့ချန်းက တခြားတစ်ယောက်၏လက်ပါးစေအနေနဲ့ ဘာလို့နေရမှာလဲ?
တတိယရွေးချယ်စရာဖြစ်သော ဘဝဖြစ်စဉ်ကို ကြည့်ရှုနိုင်ခြင်းမှာ ယဲ့ချန်းအတွက် အလွန်ဆွဲဆောင်မှုရှိသည်။
ဘဝဖြစ်စဉ်ကို ကြည့်ရှုခြင်းမှာ ဘာအဓိပ္ပာယ်လေလဲ။ အဓိပ္ပာယ်ကား ကိုယ်ရေးကိုယ်တာကိစ္စတချို့အပြင် အခြားလူများ၏အနာဂတ်ကို သိရှိနိုင်သည်ဟူသော သဘောပင်။
ဤစွမ်းရည်မှာ စင်စစ်အံ့ဩဖို့ကောင်းလှသည်။
ယဲ့ချန်းလည်း တွေဝေမနေဘဲ တတိယမြောက်ရွေးချယ်စရာကို ရွေးလိုက်သည်။
[တင်.. ဘဝဖြစ်စဉ်ကြည့်ရှုနိုင်စွမ်းနဲ့ လုဟွားလုပ်ငန်းစုရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]
ကောင်းလဲ့က နောက်ခုံတွင်ထိုင်နေရင်း ပြုံးပြုံးလေးပြောလိုက်သည်။
"ဝမ်ယိ.. ကိုယ်က အခုမှ ဒီကိုပြန်ရောက်တာဆိုတော့ သူငယ်ချင်းတွေနဲ့ မတွေ့ရတာ တော်တော်ကြာသွားပြီ။ တွေ့ဆုံပွဲလုပ်ဖို့အတွက် ကိုယ် သူငယ်ချင်းတချို့ကို ဖိတ်ထားတယ်။ မင်းစိတ်ဝင်စားလား"
"ဘယ်သူတွေလဲ"
စုဝမ်ယိ မေးကြည့်လိုက်သည်။
"ရွှီပင်း၊ ယန်ချွမ်း၊ စုန့်ယီ.."
ကောင်းလဲ့က နာမည်တချို့ကို သာမန်ကာလျှံကာထုတ်ပြောလိုက်သည်။ သူတို့အားလုံးက မိုတုမြို့ထဲရှိ အထင်ကရပုဂ္ဂိုလ်များပင်။
စုဝမ်ယိ ခေါင်းခါယမ်းလိုက်လေသည်။
"ထားလိုက်ပါတော့။ အကုန်လုံးက ယောကျ်ားလေးတွေချည်းပဲ။ ကျွန်မက မိန်းကလေးဖြစ်နေလို့ မသင့်တော်ပါဘူး"
ထိုအခါ ကောင်းလဲ့က ယဲ့ချန်းကို ကြည့်လိုက်မိသည်။
"ဝမ်ယိက မအားဘူးတဲ့။ ဒါပေမဲ့ မစ္စတာယဲ့ရော အားလားမသိဘူး"
စုဝမ်ယိ မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသည်မှာ ယဲ့ချန်းကို ထောင်ချောက်ဆင်ထားခြင်းဖြစ်ကြောင်း သူ(မ) သိလိုက်သည်။
အစတုန်းကတော့ ယဲ့ချန်း ငြင်းလိုက်လိမ့်မည်ဟု သူ(မ) ထင်ထားမိသည်။ သို့သော် ထင်မှတ်မထားပါဘဲ ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"အားတာပေါ့"
ယဲ့ချန်းက မြန်မြန်ဆန်ဆန်ကြီး သဘောတူလိုက်လိမ့်မည်ဟု စုဝမ်ယိ ထင်မထားပေ။ သို့သော် သဘောတူလိုက်သည်ဆိုမှတော့ သူ(မ)လည်း မတားဖို့သာ ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်းတွင်လည်း လက်ခံလိုက်ရသည့် အကြောင်းပြချက်တစ်ခုခုရှိသည်။ ယခုလေးတင် သူ ကောင်းလဲ့၏ဘဝဖြစ်စဉ်ကို စစ်ဆေးပြီးသွားလေပြီ။
ဤလူက ရည်မှန်းချက်ကြီးကြီးဖြင့် စုဝမ်ယိအပေါ် မကောင်းသောရည်ရွယ်ချက်များ ထားနေခြင်းပင်။
သူက စုဝမ်ယိ၏ ယာရှီလုပ်ငန်းစုနှင့် သူ(မ)အဖေ၏စုလုပ်ငန်းစုကိုပင် ဝါးမျိုချင်နေပေသည်။
ဤအဖြစ်ကို ကာကွယ်ရန်အတွက် ယဲ့ချန်းကိုယ်တိုင် ကောင်းလဲ့နှင့် ရင်းနှီးနေဖို့ လိုအပ်ပေသည်။
ကောင်းလဲ့က ယဲ့ချန်းကို စမ်းသပ်ရန်အတွက် ဖိတ်လိုက်ခြင်းပင်။ တစ်ဖက်တွင်မူ ယဲ့ချန်းက ကောင်းလဲ့၏အစီအစဉ်များကို ကဖျက်ယဖျက်လုပ်ချင်နေပေသည်။
•••••••••••••