← Chapters

ဟုန်းမန်စားသောက်ပွဲကို တက်ရောက်ခြင်း

Vol. 11 Ch. 162

ဟုန်းမန်စားသောက်ပွဲကို တက်ရောက်ခြင်း

Vol. 11 Ch. 162

ယဲ့ချန်းက လက်ခံရဲလိမ့်မည်ဟု ကောင်းလဲ့ ထင်မထားချေ။ ထို့ကြောင့် တဒင်္ဂမျှ ကြက်သေသေသွားလေသည်။

စုဝမ်ယိက ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်၍ ပြောလိုက်သည်။

"ယဲ့ချန်း.. ရှင် သူတို့ကိုလည်း မသိဘဲနဲ့.. ထားလိုက်ပါတော့လား"

ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးလိုက်မိသည်။

"သူတို့နဲ့တွေ့ရင် မိတ်ဆွေဖွဲ့လို့ရတာပေါ့"

ကောင်းလဲ့က ရယ်မောလိုက်ချေသည်။

"ဝမ်ယိ စိတ်မပူပါနဲ့။ ငါရှိနေမှတော့ ယဲ့ချန်းကို ဘယ်သူမှ အနိုင်မကျင့်ရဲပါဘူး"

စုဝမ်ယိလည်း ယဲ့ချန်း ဘာလုပ်ချင်နေမှန်း နားမလည်သောကြောင့် သူ့ကို ကြည့်လိုက်မိသည်။

ယဲ့ချန်းလည်း စုဝမ်ယိကို အိမ်အရင်ပြန်ပို့လိုက်ပြီးနောက် လုဟွားဂေါက်ကွင်းကို မောင်းသွားလိုက်သည်။

ကားထဲတွင်မူ ကောင်းလဲ့က ရယ်ကာမောကာဖြင့် စကားဆိုလိုက်၏။

"ယဲ့ချန်း မင်းက သိပ်ကံကောင်းတာပဲ။ ဝမ်ယိက မိုတုမြို့ရဲ့ နံပါတ်တစ်နတ်ဘုရားမတစ်ပါးကွ။ ဒါတောင် မင်း သူ့ကို ဆွဲဆောင်နိုင်ခဲ့တယ်နော်"

ယဲ့ချန်းကလည်း ကားမောင်းရင်း ရယ်မောလျက် ခွန်းတုံ့ပြန်လိုက်၏။

"ကျွန်တော်က တော်တော်ကံကောင်းတယ်ဆိုတာတော့ သိတယ်"

ယဲ့ချန်း၏ အပြင်ပန်းတွင် နှိမ့်ချဟန်တူသော်လည်း သူ့မျက်နှာထက်တွင်မူ ဘဝင်ခိုက်နေဟန် အမူအရာတစ်ခုကိုဆင်မြန်းထားသည်။

ကောင်းလဲ့ကလည်း ဆက်မေးမြန်းရင်း စမ်းသပ်လိုက်၏။

"ယဲ့ချန်း.. မိုတုမြို့ရဲ့နံပါတ်တစ်နတ်ဘုရားမရဲ့ချစ်သူဖြစ်ဖို့အတွက် မင်းအနေနဲ့ ထူးခြားတဲ့နောက်ခံတစ်ခုနဲ့ စွမ်းရည်တစ်ခုခုတော့ရှိရမယ်။ ဟုတ်တယ်မလား။ ဝမ်ယိရဲ့စံနှုန်းက အရမ်းမြင့်တာ။ မရယ်နဲ့နော်။ ငါ သူ့ကို အကြာကြီးလိုက်ပိုးခဲ့တာတောင် သူ့လက်ကို ကိုင်ခွင့်မရခဲ့ဘူး။ မင်း ဘာအလုပ်လုပ်တာလဲ။ ငါတို့ ပူးပေါင်းလို့ရမလား"

"ဟားဟား ကျွန်တော်က တကယ် တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ သခင်လေးကောင်း သဘောကျတယ်ဆိုရင် ကျွန်တော့်ကားကို မကြာမကြာငှားစီးလို့ရပါတယ်"

"တက္ကစီဒရိုင်ဘာလား"

ကောင်းလဲ့ခမျာ ဆွံ့အသွားရလေသည်။

ထိုကဲ့သို့သော စကားများမှာ ကောင်းလဲ့အတွက်တော့ ဟာသပြက်လုံးသက်သက်သာ။

စုဝမ်ယိကဲ့သို့သော ရေခဲဘုရင်မတစ်ပါးက တက္ကစီဒရိုင်ဘာတစ်ယောက်ကို စိတ်ဝင်စားလိမ့်မည်ဟု သူ လုံးဝမယုံကြည်နိုင်ပေ။

စုဝမ်ယိက ယောကျ်ားများအပေါ်ထားသော စံချိန်စံနှုန်းများ မြင့်မားလှသည်။ သူ(မ)အနေနှင့် စားဝတ်နေရေးအတွက် တက္ကစီမောင်းသော ယောကျ်ားတစ်ယောက်ကိုတော့ ပံ့ပိုးလိမ့်မည်မဟုတ်။

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းတခါခါလုပ်လိုက်မိသည်။

သူက တကယ်တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်ပါသော်ငြား မည်သူကမှ သူ့ကိုမယုံကြပေ။ သို့ဆိုလျှင် ဘာမှလုပ်မရပေ။

ကောင်းလဲ့က ထက်မြက်သူတစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်းက သူ့သရုပ်မှန်ကို ထုတ်ဖော်ပြသရန် တွေဝေနေခြင်းဖြစ်ကြောင်း သတိထားမိသည်။ ထို့ကြောင့် ဆက်ဖိအားမပေးတော့ချေ။

မကြာခင်မှာပင် ကားက လုဟွားဂေါက်ကွင်းသို့ ရောက်လာခဲ့သည်။

ကောင်းလဲ့လည်း ရယ်မောရင်း ပြောလိုက်သည်။

"ငါ မင်းကို ကြယ်ငါးပွင့်ရီဗျူးပေးရဦးမလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးကောင်း"

ကောင်းလဲ့က ဖုန်းထုတ်၍ ယဲ့ချန်းအား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်လေသည်။

[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် ဂေါက်ရိုက်စွမ်းရည်ကို ဆုလာဘ်အနေနဲ့ ရရှိပါတယ်]

ယဲ့ချန်းက ပြီးခဲ့သည့်တစ်ခေါက်တုန်းက လုဟွားဂေါက်ကွင်းကို ရောက်ဖူးသည်။

ဤသည်မှာ ဂေါက်ကွင်းတစ်ခုသက်သက်မဟုတ်ပေ။ ဒုတိယမျိုးဆက်လူကုံထံများ၏ အကြိုက်ဆုံးနေရာတစ်ခုဖြစ်သော အဆင့်မြင့်ကလပ်တစ်ခုပင်။

ကောင်းလဲ့လည်း ဤနေရာကို မကြာခဏလာတတ်သဖြင့် သူ့ကားကို ချက်ချင်းမှတ်မိနေကြလေရုာ သူတို့အနေနှင့် ဗီအိုင်ပီကတ်ကိုပင် ပြစရာမလိုဘဲ တိုက်ရိုက်ဝင်ခွင့်ရလိုက်သည်။

မန်နေဂျာကလည်း တံခါးနားတွင် မတ်တတ်ရပ်ကာ သူတို့ကို ဦးညွှတ်လျက် ကြိုဆိုလိုက်သည်။

ဤတစ်ခေါက်တွင်မူ လုဟွားဂေါက်ကွင်း၏မန်နေဂျာမှာ လူစားထိုးလိုက်ပြီဖြစ်သောကြောင့် ယဲ့ချန်းကို မမှတ်မိပေ။

ကောင်းလဲ့က ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ကားထဲမှထွက်လာပြီး သူတို့ကို လက်ယမ်းပြလိုက်သည်။

"လိုက်လာလို့မလိုဘူး။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြ"

"အိုး မန်နေဂျာ.. ဒီက ကျွန်တော့်သူငယ်ချင်းအတွက် ရွှေရောင်ဗီအိုင်ပီကတ်တစ်ခု လုပ်ပေးလိုက်ပါဦး။ အဲဒီကတ်ထဲမှာ တစ်သန်းထည့်ထားလိုက်"

ယဲ့ချန်းတွင် ပလက်တီနမ်ကတ်တစ်ကတ်ရှိထားပြီးဖြစ်သောကြောင့် ငြင်းရန် ဟန်ပြင်လိုက်ချိန်မှာပင် ကောင်းလဲ့က ပြုံးပြုံးလေးဖြင့် ဆိုလာလေသည်.

"ညီအစ်ကိုယဲ့.. ယဉ်ကျေးမနေစမ်းပါနဲ့။ ဒါက ငါ့ရဲ့စေတနာလေးတစ်ခုပါ"

မန်နေဂျာကလည်း ခပ်မြန်မြန်ဦးညွှတ်၍ ခေါင်းညိတ်ပြပြီးနောက် ယဲ့ချန်း ဘာမှမပြောနိုင်ခင်မှာပင် ထွက်ခွာသွားလေသည်။

သူတို့နှစ်ယောက်လည်း ဗီအိုင်ပီအခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ကောင်းလဲ့က ဖုန်းခေါ်လိုက်လေသည်။

"ယန်ချွမ်း..မင်းတို့တွေ အားကြလား။ ငါ မင်းတို့အတွက် သူငယ်ချင်းအသစ်တစ်ယောက်ကို ခေါ်လာခဲ့တယ်"

"ငါတို့က ဂေါက်ကွင်းမှာလေ။ လာချင်လား"

"ရတာပေါ့။ ငါတို့ လာခဲ့မယ်"

ဖုန်းချပြီးနောက် ကောင်းလဲ့က ယဲ့ချန်းကိုကြည့်၍ ပြောလိုက်လေသည်။

"ညီအစ်ကိုယဲ့.. ငါ့သူငယ်ချင်းတွေက ဂေါက်ကွင်းထဲမှာတဲ့။ သွားကြမလား"

"ကောင်းပြီလေ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက်သားလည်း ဂေါက်ကွင်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ရွှေရောင်ကတ်ဧရိယာဆီသို့ ဦးတည်နေခြင်းပင်။

သဘောမှာ ရွှေရောင်ကတ်ပိုင်ရှင်များကသာ ဤဂေါက်ကွင်းထဲသို့ ဝင်နိုင်ပေသည်။

ယခုနှစ်များအတွင်း သူတို့၏လူကုံထံအသိုင်းအဝိုင်းထဲတွင် ဂေါက်ကစားနည်းမှာ သူဌေးသားများအတွက် ထိပ်တန်းအားကစားတစ်မျိုးဖြစ်လာခဲ့သည်။

သူတို့က အသိုင်းအဝိုင်းထဲတွင် ပြိုင်ပွဲများပင် မကြာခဏစီစဉ်ခဲ့ကြသေးသည်။

ဂေါက်ကွင်းထဲမှ ဖြတ်လျှောက်လာရင်း ကောင်းလဲ့က ပြုံးလျက် မေးလိုက်လေသည်။

"ယဲ့ချန်း.... အရင်က ဂေါက်ရိုက်ဖူးလား"

"နည်းနည်းပါ"

ယဲ့ချန်း ရယ်မောလိုက်ချေသည်။

"အစွမ်းအစကရော ဘယ်လိုနေလဲ။ ဘယ်အဆင့်လဲ"

ကောင်းလဲ့က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

ယဲ့ချန်းက ခေါင်းခါယမ်းလိုက်လေသည်။

"ဒီအတိုင်းကစားတာပါ။ ဘယ်အဆင့်ကိုမှ မရောက်သေးပါဘူး"

တကယ်တမ်းတွင် ယဲ့ချန်း၏စွမ်းရည်က ဂေါက်ရိုက်ကျွမ်းကျင်သူအဆင့်သို့ ရောက်နေပြီဖြစ်၏။ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများမှာပင် ဝင်ပြိုင်လို့ရနေပြီဖြစ်၏။

သို့သော် ယဲ့ချန်းကတော့ ကြွားလုံးထုတ်နေမည့်အစား နှိမ့်ချနေဖို့သာ ရွေးချယ်လိုက်သည်။

ကောင်းလဲ့က ရယ်လိုက်လေသည်။

"နောက်မှ ငါ မင်းကို ငါ့ရဲ့ညီအစ်ကိုနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ယန်ချွမ်းနဲ့ စုန့်ယီတဲ့။ သူတို့နှစ်ယောက်စလုံးက ဂေါက်ရိုက်ရတာကို အရမ်းကြိုက်တာ။ အထူးသဖြင့် ယန်ချွမ်းပေါ့။ တော်တော်ကျွမ်းကျင်တာ"

သူတို့က ဂေါက်ကွင်းလှည်းလေးပေါ်တွင်ထိုင်၍ စကားစမြည်ပြောနေချိန်မှာပင် ဂေါက်ကွင်းထဲသို့ ရောက်လာသည်။

ဂေါက်ကွင်းထဲတွင် ဂေါက်ရိုက်တံကိုကိုင်ထားသော လူငယ်လေးနှစ်ယောက်က သူတို့ကို လှမ်းကြည့်နေကြသည်။

စုန့်ယီက ပညာရှင်တစ်ယောက်၏ ဟန်ပန်မျိုးရှိပြီး အလွန်နူးညံ့သိမ်မွေ့လေသည်။

ယန်ချွမ်းကတော့ မတူပေ။ ခေါင်းတုံးဆံတောက်ဆံပင်ကေဖြင့် အလွန်ရဲရင့်ကာ မျက်နှာထက်တွင်လည်း မောက်မာမှုက အထင်းသားပေါ်လွင်နေသည်။

ကောင်းလဲ့က ဆင်းလာခဲ့ပြိးနောက် အပြုံးတစ်ပွင့်နှင့်အတူ မိတ်ဆက်ပေးလိုက်သည်။

"ယန်ချွမ်း စုန့်ယီ.. ငါ မင်းတို့ကို မိတ်ဆွေအသစ်လေးနဲ့ မိတ်ဆက်ပေးမယ်။ သူက စုဝမ်ယိရဲ့ချစ်သူ ယဲ့ချန်းတဲ့"

"စုဝမ်ယိမှာ ချစ်သူရှိတယ်ပေါ့"

စုန့်ယီက ဘာမှမပြောသော်ငြား ယန်ချွမ်ကတော့ တအံ့တဩရေရွတ်လိုက်သည်။ စုဝမ်ယိက သူတို့အသိုင်းအဝိုင်းထဲရှိ အမျိုးသားများအတွက် ပစ်မှတ်တစ်ခုဖြစ်၏။

စုန့်ယီနှင့် ယန်ချွမ်းတို့နှစ်ယောက်စလုံးလည်း စုဝမ်ယိကို ဟိုးယခင်ကတည်းက တပ်မက်ခဲ့သော်ငြား သူ(မ)ကတော့ မည်သူ့ကိုမှ စိတ်မဝင်စားချေ။

ယနေ့ ကောင်းလဲ့ခေါ်လာသော အမျိုးသားက စုဝမ်ယိ၏ချစ်သူဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားပေ။ ထို့ကြောင့် ဤအုပ်စုကား ယဲ့ချန်းအပေါ် ရန်လိုစိတ်များ ပေါ်ပေါက်လာသည်။

ငယ်ရွယ်သော သခင်လေးများအတွက်တော့ သူတို့လိုချင်တာကို သူတို့မရဘဲ တခြားလူတစ်ယောက်ရလိုက်ခြင်းမှာ အလွန်မနှစ်မြို့ချင်စရာပင်။

စုန့်ယီကမူ ကောင်ကောင်းသိုဝှက်ထားနိုင်သော်လည်း ယန်ချွမ်းကတော့ မမျိုသိပ်ထားနိုင်ဘဲ ယဲ့ချန်းကို မနာလိုစိတ်အပြည့်ဖြင့် စူးစူးရဲရဲစိုက်ကြည့်နေသည်။

နှုတ်ဆက်ပြီးနောက် ယန်ချွမ်းက ကောင်းလဲ့ကို တီးတိုးကပ်ပြောလိုက်၏။

"ဒီလူ့ရဲ့နောက်ခံက ဘာလဲ။ ကျိုတိုကလား။ သူ့ကိုကြည့်ရတာ မရင်းနှီးဘူး"

"မဟုတ်လောက်ဘူး။ သူက သူ့ကိုယ်သူ တက္ကစီဒရိုင်ဘာလို့ပြောနေတယ်"

"သောက်ကျိုးနည်း..ဒီလူက တော်တော်ဦးနှောက်စားတာပဲ"

ထိုသို့ပြောပြီးနောက် ယန်ချွမ်း၏မျက်နှာထက်ဝယ် အတိတ်နိမိတ်မကောင်းသော အပြုံးတစ်ပွင့် ပေါ်ပေါက်လာချေသည်။

"ငါက အဲဒီလိုပြဿနာကောင်တွေကို ဖြတ်ရိုက်ရတာကို သဘောအကျဆုံးပဲ"

ယန်ချွမ်း၏အမူအရာကို မြင်သောအခါ ကောင်းလဲ့က ခပ်ဖွဖွပြုံးလိုက်၏။

ဤသည်မှာ သူ ယဲ့ချန်းကို ခေါ်လာရသည့် ရည်ရွယ်ချက်ပင်။

သူ့ဘက်က လှုပ်ရှားစရာပင် မလိုလိုက်ပေ။ ယန်ချွမ်းက လက်ဦးမှုယူ၍ ယဲ့ချန်းကို ခက်ခဲအောင်လုပ်နိုင်ပေသည်။

ယဲ့ချန်းက ဂေါက်တံကိုကောက်ကိုင်ပြီး နည်းနည်းလောက်လွှဲယမ်းလိုက်၏။

ဂေါက်ရိုက်ကျွမ်းကျင်သူအဖြစ် အဆင့်မြှင့်တင်နိုင်ပြီးကတည်းက ထိုအဆင့်မှာ မည်သို့မည်ပုံရှိကြောင်း သူ သိချင်နေမိသည်။

ထိုအခိုက်မှာပင် ယန်ချွမ်းက ပြုံးပြုံးလေး လျှောက်လာချေသည်။

"ကိုယ့်လူ..မင်းရဲ့ကိုယ်နေဟန်ထားက ပရော်ဖက်ရှင်နယ်ဆန်သားပဲ။ တစ်ပွဲလောက်ကစားကြမလား"

ယန်ချွမ်း၏မျက်လုံးထဲတွင် ကြွားဝါခြင်းမှာ သူအားသန်ရာကိစ္စတစ်ခုဖြစ်ပြီး အခြားလူများကသာ သူ့ရှေ့မှာ ကြွားလုံးထုတ်ဖို့ ကြိုးစားပါက တုံးအရာကျပေလိမ့်မည်။

ယဲ့ချန်းကတော့ ပြုံးတုံ့တုံ့ဖြင့် ယန်ချွမ်းကိုကြည့်လိုက်ပြီး ဘဝဖြစ်စဉ်ကြည့်ရှုနိုင်စွမ်းကို အသက်သွင်းလိုက်သည်။

ယန်ချွမ်း၏အတိတ်နှင့် အစောတုန်းက ကောင်းလဲ့နှင့်ပြောနေခဲသည့် စကားများကို သူ သိလိုက်ရသည်။

"ရတာပေါ့။ သခင်လေးယန်ရဲ့အစွမ်းအစအကြောင်း ကျွန်တော် အများကြီးကြားထားတယ်။ ဒါက သင်ယူလေ့လာနိုင်မဲ့ အကောင်းဆုံးအခွင့်အရေးပဲ"

ယန်ချွမ်း ပြုံးလိုက်မိသည်။

"ဒီအတိုင်းကစားတာက ပျော်ဖို့မကောင်းဘူး။ လောင်းကြေးလေးနည်းနည်းလောက် ထပ်ကြမလား။ သခင်လေးယဲ့ လုပ်ရဲပါ့မလား"

တကယ်တမ်းတွင် ယန်ချွမ်းက သူ့အား စမ်းသပ်နေခြင်းဖြစ်၏။

အကယ်၍ ယဲ့ချန်းသာ ငြင်းဆန်ခဲ့ပါက သူကလည်း ထိုလူ့အား ငကြောက်ဟု လှောင်ပြောင်သရော်မည်သာ။ လက်ခံရသည်ဆိုပါက ယဲ့ချန်းကို အရှုံးကြီးရှုံးအောင်လုပ်ဖို့ စီစဉ်ထားသည်။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ရတယ်လေ။ တစ်ပွဲလောက် ကစားကြတာပေါ့။ ဘာကိုလောင်းကြေးထပ်ကြမလဲ"

ယဲ့ချန်းဘက်က သဘောတူလိုက်သဖြင့် ယန်ချွမ်းကလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အရိုးရှင်းဆုံးဂေါက်တွင်းဂိမ်းကိုပဲ ကစားကြတာပေါ့။ တစ်တွင်းဝင်ရင် ငါးသိန်း။ တစ်ယောက်ယောက်ကသာ စောစောနိုင်သွားရင် ကျန်တဲ့တွင်းတွေက နှစ်ဆဖြစ်သွားမှာ.."

သူတို့ဘေးနားရှိ ကောင်းလဲ့က လူကောင်းယောင်ဆောင်လိုက်သည်။

"ယဲ့ချန်း.. မင်းရဲ့အစွမ်းအစကို ယုံကြည်မှုမရှိရင် မကစားနဲ့နော်။ ဒီကောင်က ပရိုကြီးနော်။ မင်း တစ်ပွဲတည်းနဲ့ သန်းပေါင်းများစွာ ရှုံးလိမ့်မယ်"

ကောင်းလဲ့က ယဲ့ချန်း၏တုံ့ပြန်မှုကို မြင်ရဖို့အတွက် သန်းပေါင်းများစွာဟူသော စကားကို အသားပေးပြီး ပြောလိုက်၏။

ယဲ့ချန်းကတော့ ဂရုမစိုက်ပေ။

"သန်းဂဏန်းလောက်လေးပဲ မဟုတ်လား။ ကိစ္စမရှိပါဘူး။ ကျွန်တော် အစ်ကိုယန်နဲ့ ကစားလိုက်မယ်"

••••••••••••

All Chapters