← Chapters

ဂေါက်ရိုက်ကျွမ်းကျင်သူ

Vol. 11 Ch. 163

ဂေါက်ရိုက်ကျွမ်းကျင်သူ

Vol. 11 Ch. 163

ယန်ချွမ်းမှာ ယဲ့ချန်း၏စကားကြောင့် အော်ရယ်လိုက်မိလေတော့သည်။

"အစ်ကိုယဲ့.. မင်းက တော်တော်ယုံကြည်မှုရှိနေတာပဲ။ သဘောကျတယ်"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"မဖြစ်မနေရှုံးပေးရမယ်လို့မှမရှိတာ ဟုတ်တယ်မလား"

ဤစကားကိုကြားသော် ယန်ချွမ်းက အောင်နိုင်သူတစ်ယောက်အလား ပြုံးလိုက်သည်။

ယန်ချွမ်းက မိုတုမြို့ထဲတွင် ဂေါက်ရိုက်မင်းသားလေးဟု လူသိများသည်။ သူ့အစွမ်းအစများမှာ လက်သစ်ကစားသမားများအတွက်မူ ထိပ်တန်းအဆင့်ပင်။

သူနှင့်သက်တူရွယ်တူများထဲတွင် မည်သူ့ကိုမှ မရှုံးခဲ့ဖူးချေ။

ယန်ချွမ်းက ပြုံးပြုံလေး ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ။ အစ်ကိုယဲ့ရဲ့အစွမ်းကို ကြည့်ရသေးတာပေါ့"

တစ်တွင်းကို ငါးသိန်းလောင်းကြေးထပ်ထားလေရာ သူသာ ကောင်းကောင်းကစားလျှင် ယဲ့ချန်းကို အချက်ရေတစ်ရာကျော်ဖြင့် အနိုင်ယူရန်မှာ မခက်ခဲလှပေ။

စောစောနိုင်သွားခဲ့လျှင် လောင်းကြေးကား နှစ်ဆဖြစ်သွားမည်သာ။ ဤအဓိပ္ပာယ်မှာ တစ်တွင်းတည်းဖြင့်လည်း တစ်သန်းဖြစ်သွားနိုင်သည်။

တစ်နည်းဆိုရသော် တစ်ဖက်ကသာ သိသိသာသာအရေးသာနေပါက သန်းပေါင်းများစွာ ဆုံးရှုံးရနိုင်ခြေလည်းရှိ၏။

လူကုံထံမိသားစုမှ ဆင်းသက်လာသော ယန်ချွမ်းအနေနှင့် တစ်သန်းဖြစ်စေ ပိုများသောပမာဏဖြစ်စေ ဆုံးရှုံးသွားလည်း ဘာမှမဖြစ်သော်ငြား လအနည်းငယ်အတွက် မုန့်ဖိုးကိုတော့ ထိခိုက်စေနိုင်သည်သာ။

ကောင်းလဲ့က ဘေးနားမှနေ၍ အေးစက်စက်ရယ်မောလိုက်လေသည်။ ယန်ချွမ်း၏အစွမ်းအစကို သူ ကောင်းကောင်းသိသည်။

ဤနေရာသို့လာရာလမ်းတွင် ယဲ့ချန်းကို ကောင်းလဲ့ မေးကြည့်ထားသည်။ တစ်ဖက်လူကလည်း နှစ်ကြိမ်သုံးကြိမ်မျှသာ ကစားဖူးကြောင်း ဝန်ခံထားသည်။

နှစ်ကြိမ်သုံးကြိမ်တဲ့လား?

အဲဒီလောက်နဲ့ ယန်ချွမ်းကို ဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာလဲ?

ယဲ့ချန်းက ပိုက်ဆံကို သည်အတိုင်းကမ်းပေးနေသည်ဟုပင် ဆိုနိုင်လေသည်။

"အစ်ကိုယဲ့.. သေချာရဲ့လား။ ရှုံးရင် ပိုက်ဆံတွေအများကြီး ပါသွားမှာနော်"

ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။

"စိတ်မပူပါနဲ့။ ပိုက်ဆံရှုံးသွားတယ်ဆိုတော့လည်း ဝမ်ယိအတွက်ပဲမလား။ ဒီလောက်တော့ တတ်နိုင်ပါတယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျန်အမျိုးသားများမှာ ပို၍ပင် ဒေါသထွက်သွားကြသည်။

သေစမ်း..ငါတို့က စုဝမ်ယိကို လိုက်ပိုးဖို့အတွက် ပိုက်ဆံသုံးခဲ့ပေမဲ့ ဘာအခွင့်အရေးမှမရခဲ့ဘူး..

မင်းကတော့ အလကားရလိုက်တယ်ပေါ့လေ?

ကောင်းလဲ့လည်း မျက်ခုံးပင့်၍ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တခစ်ခစ်ရယ်လိုက်မိသည်။

"ဒါဆို ငါလည်း ပါမယ်လေ"

ယဲ့ချန်းလည်း ရယ်မောလိုက်မိသည်။

"မင်းလည်း ပါချင်လို့လား။ ကောင်းတယ်။ လူများလေ ပွဲစည်လေပဲ"

ကောင်းလဲ့က လက်ယမ်းပြလိုက်လေသည်။

"ငါ့အစွမ်းအစက သိပ်မကောင်းပါဘူး။ ဒါပေမဲ့ လောင်းကြေးတော့ တင်နိုင်ပါတယ်။ ငါ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ကို လောင်းကြေးထပ်မယ်။ အတူနိုင်တာပဲဖြစ်ဖြစ် အတူရှုံးတာပဲဖြစ်ဖြစ်ပေါ့"

သူက ထိုသို့ပြောရင်း ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။ ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလေသည်။

"လောင်ကောင်း.. မင်းမှာ အမြင်ရှိသားပဲ။ မင်း ငါ့ဆီမှာ လောင်းကြေးထပ်ချင်နေတာမလား။ ကိစ္စမရှိပါဘူး"

ကောင်းလဲ့ခမျာ ဆွံ့အသွားရလေတော့သည်။

"မင်းကို လောင်းရမှာလား။ ရူးနေလား။ ငါ့ပိုက်ဆံတွေကို မီးရှို့ပစ်လိုက်ရမှာလား"

"အစ်ကိုယဲ့.. ငါက လောင်ယန်ဆီမှာ လောင်းကြေးထပ်ဖို့ စီစဉ်ထားတာ။ ရှုံးမှာကြောက်ရင်လည်း ထားလိုက်ပါတော့"

မည်သို့ပင်ဖြစ်စေ အပိုလောင်းကြေးများ ပါလာလျှင် အနိုင်ရသူနှင့် ရှုံးသူတို့မှာ နှစ်ဆဖြစ်သွားပေလိမ့်မည်။

ယဲ့ချန်း၏နှုတ်ခမ်းထက်ဝယ် ထူးဆန်းလှသော အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

"သေလိုက်ပါတော့ မင်းတို့က တော်တော်ရက်စက်တာပဲ။ ငါ့ကို တစ်ပတ်ရိုက်ချင်တယ်ပေါ့လေ။ မင်းတို့ အတွက်မှားတာတော့ တော်တော်ဆိုးတယ်"

"စိတ်မပူပါနဲ့။ ဒါက အသေးအဖွဲလေးပါ။ တကယ်လို့ ငါရှုံးသွားရင်တောင် ခံနိုင်ရည်ရှိပါတယ်"

ယဲ့ချန်းက ဤသို့ပြောပြီးနောက် တိတ်ဆိတ်နေသော စုန့်ယီကို ကြည့်လိုက်လေသည်။

"အစ်ကိုစုန့်.. မင်း ငါ့ကို ဘာလို့လောင်းကြေးမထပ်တာလဲ။ ငါ ဒီနေ့ ကံကောင်းနေတာနော်။ နိုင်နိုင်ခြေအများကြီးရှိတယ်"

စုန့်ယီက တစ်စုံတစ်ခုထူးဆန်းနေကြောင်း သတိထားမိသည်။ သို့သော် ယဲ့ချန်း၏နောက်ခံအကြောင်း မသိသောကြောင့် အလျင်စလိုမပြုမူရဲပေ။

ထို့ပြင် ဂေါက်ကစားနည်းမှာ အရည်အချင်းကို မှီခိုနေရခြင်းပင်။ ကံကောင်းလျှင်လည်း တစ်ခါနှစ်ခါသာ အလုပ်ဖြစ်နိုင်သော်ငြား အခေါက်တိုင်း အဆင်မပြေနိုင်ချေ။

စုန့်ယီကမူ လက်ယမ်းပြလိုက်၏။

"ငါတော့ မပါတော့ဘူး။ ပွဲကြည့်ရရုံနဲ့တင် တော်ပါပြီ။ ငါ ဝင်မပါတော့ဘူး"

ယဲ့ချန်းကား ခေါင်းတခါခါ..။

"ပိုက်ဆံကို လက်ထဲထည့်ပေးနေတာတောင် မယူချင်ကြဘူး။ နောက်မှ နောင်တမရနဲ့နော်"

ယဲ့ချန်း၏လေသံအတိုင်းဆိုလျှင် သူ အနိုင်ရမည်ဖြစ်ကြောင်း ယုံကြည်ထားဟန်ပင်။

ကောင်းလဲ့နှင့် ယန်ချွမ်း၏အမြင်မှာတော့ ယဲ့ချန်းက ငတုံးတစ်ယောက်နှင့် တူနေပေသည်။ နှစ်ခေါက်သုံးခေါက်မျှ ကစားဖူးရုံဖြင့် ယန်ချွမ်းကို အနိုင်ယူနိုင်မည်ဟု ထင်နေလေသလား။

ဟာသပဲ.. ယန်ချွမ်းက ဂေါက်ကွင်းထဲမှာ ကြီးပြင်းလာတာလို့တောင် ပြောလို့ရတယ်..

ပြိုင်ပွဲ စတင်လေပြီ။

ယဲ့ချန်းနှင့် ယန်ချွမ်းတို့က ကိုယ်ပိုင်ဂေါက်ကွင်းတစ်ခုစီကို ယူထားကြသည်။ ယန်ချွမ်းကတော့ ယုံကြည်မှုများ ပြည့်နှက်နေပြီး ယဲ့ချန်း၏အစွမ်းအစကို မြင်ချင်နေမိသည်။

"သခင်လေးယဲ့.. မင်း အရင်ရိုက်လိုက်ပါ"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းခြင်းမရှိပါဘဲ ဂေါက်တံကို လွှဲယမ်းလိုက်သည်။

ဤပထမဆုံးရိုက်ချက်တွင် ယဲ့ချန်းက တမင်တကာ လွှဲရိုက်လိုက်သည်။ သူ့လှုပ်ရှားဟန်နှင့် ဦးတည်ရာတို့က အဆင်ပြေသော်ငြား ခွန်အားကိုတော့ ကောင်းကောင်းထုတ်မသုံးလိုက်သဖြင့် ဂေါက်သီးက တွင်းနှင့် အဝေးကြီးသို့ ရောက်သွားလေသည်။

ယဲ့ချန်း၏ရိုက်ချက်ကို မြင်လိုက်ရသောအခါ ယန်ချွမ်းလည်း သက်မချလိုက်မိသည်။ ထိုအကွာအဝေးမှဆိုလျှင် တွင်းထဲကို ဝင်ရန်အတွက် နောက်ထပ်လေးငါးချက်လောက် ရိုက်ရပေလိမ့်မည်။

ဤအဆင့်ကား အလွန်ဝါနုလွန်းလှသည်ဖြစ်ရာ သူ အနိုင်ရပြီးသားဖြစ်နေလေပြီ။ ယဲ့ချန်း၏စွမ်းဆောင်ရည်ကို စောင့်ကြည့်နေကြသည့် အခြားလူများမှာ ခေါင်းခါယမ်းလိုက်မိကြသည်။

သူတို့ကိုယ်တိုင်တောင် သည့်ထက်ပိုကောင်းအောင် ရိုက်နိုင်သေးသည်။ ယဲ့ချန်းကတော့ ရှုံးရပေတော့မည်။

နှစ်သန်းကျော် ဆုံးရှုံးလိုက်ရပြီးနောက် ယဲ့ချန်းဖြစ်ပျက်နေမည့် အမူအရာကိုပင် ကောင်းလဲ့ မြင်ယောင်နေမိသည်။

ကြွားလုံးထုတ်တာကိုး.. တန်တယ်..

ယန်ချွမ်းက ပထမရိုက်ချက်မှာတင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နှစ်ချက်တည်းနှင့် တွင်းထဲသို့ ဝင်အောင်ရိုက်နိုင်ခဲ့သည်။

ထိုအချိန်မှာ ယဲ့ချန်းကတော့ သူ့ဂေါက်တံနှင့် ချိန်ရွယ်နေဆဲသာ။ ယဲ့ချန်း၏အပြုအမူကို စောင့်ကြည့်ရင်း ယန်ချွမ်းလည်း ဝမ်းသာသွားရသည်။

ထိုအကွာအဝေးအတိုင်းဆိုလျှင် ပရော်ဖက်ရှင်နယ်ကစားသမားများပင် အနည်းဆုံးသုံးချက်လောက် ရိုက်ရလောက်သည်။

အဆုံးတွင်မူ ယဲ့ချန်းက သူ့ဂေါက်တံကို လွှဲရိုက်လိုက်သည်။ အဖြူရောင်ဘောလုံးလေးက ပျံသန်းသွားပြီးနောက် မြေပြင်ထက်သို့ ဆင်းသက်ကာ တွင်းပေါက်ဆီသို့ ဖြည်းဖြည်းချင်းလိမ့်သွားလေသည်။

မဖြစ်နိုင်တာ!

လူတိုင်းက ထိုအဖြူရောင်ဘောလုံးလေးကို မမှိတ်မသုန်ကြည့်နေမိကြသည်။

ပလွတ်!

ဘောလုံးက အထစ်အငေါ့မရှိပါဘဲ တွင်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားချေသည်။

"ရိုက်ချက်တစ်ချက်လျော့.. နှစ်ချက်တည်းနဲ့ ဝင်သွားတယ်"

ဒိုင်လူကြီးက ကြေညာလိုက်၏။

ယန်ချွမ်းလည်း ကြောင်အသွားချေသည်။ ကောင်းလဲ့ခမျာ ကြက်သေသေသွားရသည်။ စုန့်ယီလည်း ကြောင်အသွားသည်။

ဂေါက်ကွင်းနှစ်ကွင်းလုံးရှိ ဂေါက်တံသယ်ဆောင်သူများနှင့် ဒိုင်လူကြီးများပင် ကြောင်အကုန်ကြသည်။

မယုံနိုင်စရာကောင်းလိုက်တဲ့ ကံကောင်းမှုပါလား..

ယဲ့ချန်းက ဘောလုံးဝင်သွားပြီးနောက် တစ်ယောက်တည်းရေရွတ်နေလေသည်။

"တွေ့လား။ ပြောသားပဲ။ ငါ ဒီနေ့ ကံကောင်းနေပါတယ်ဆိုမှ"

ယန်ချွမ်းနှင့် ကောင်းလဲ့တို့မှာ အကြည့်ချင်းဖလှယ်လိုက်မိကြသည်။

"ကောင်းလဲံ..ဒီလူက နှစ်ခါပဲကစားဖူးတာလို့ တကယ်ပြောခဲ့တာလား"

"ဟုတ်တယ်။ ငါ သူ့ကို ကားထဲမှာ မေးခဲ့သေးတယ်"

ယန်ချွမ်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီကောင့်ရဲ့ကံက တော်တော်ကောင်းတာပဲ"

"ဒါပေမဲ့ အခုမှ ပထမတစ်တွင်းပဲရှိသေးတာလေ။ ပြိုင်ပွဲက အခုမှစတာ"

ကောင်းလဲ့ကလည်း အားပေးလိုက်လေသည်။

သို့တိုင် ယဲ့ချန်းကိုကြည့်ပြီး ကောင်းလဲ့ တွေးလိုက်မိသည်။

ဒီလူက သူတို့ကို သတိလက်လွတ်ဖြစ်အောင် တမင်ရူးချင်ယောင်ဆောင်နေတာများလား?

ယဲ့ချန်းက ကောင်းလဲ့ကို ရန်စလိုဟန်ဖြင့် ကြည့်လိုက်၏။

"သခင်လေးကောင်း.. နောင်တရနေပြီလား။ တွေ့လား။ ပြောသားပဲ။ ငါက ကံကောင်းပါတယ်ဆိုမှ။ ဒါပေမဲ့ မင်းတို့က မယုံဘူးလေ"

ကောင်းလဲ့ကမူ ခပ်ဖွဖွပြုံးလိုက်လေသည်။

"အစ်ကိုယဲ့.. မင်းက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ။ မင်းရဲ့ကံက ဒီတစ်ခါလည်း ဆက်ကောင်းဖို့ မျှော်လင့်လိုက်ရအောင်"

ယန်ချွမ်းက ပထမတွင်းမှာ ထင်မှတ်မထားဘဲ ရှုံးနိမ့်သွားသဖြင့် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ထားပြီး ဒုတိယတွင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကစားလိုက်လေရာ ရိုက်ချက်လေးချက်ဖြင့် ဘောလုံးဝင်သွားခဲ့သည်။

ဤရမှတ်ကား လက်သစ်ကစားသမားတစ်ယောက်အတွက် ကောင်းနေလေပြီ။

ယဲ့ချန်းက ဤတစ်ခေါက်တွင် ရိုက်ချက်တစ်ချက်လျော့အောင် မလုပ်ခဲ့သော်ငြား ယန်ချွမ်းကို ရိုက်ချက်တစ်ချက်အသာစီးရပြီး အနိုင်ယူခဲ့သည်။

ယန်ချွမ်း မျက်မှောင်ကြုတ်လိုက်မိသည်။ ပထမပွဲစဉ်က ကံကောင်းသွားခြင်းဖြစ်ပါက ဒုတိယပွဲစဉ်ကရော ကံကောင်းခြင်းလေလား။

ဤတစ်ခေါက်တွင် ယန်ချွမ််း သူ့ကိုယ်သူသံသယဝင်နေမိသည်။

"ဒီကောင်က ကျားဖမ်းဖို့ ရူးချင်ယောင်ဆောင်နေတာများလား"

ယန်ချွမ်းက မျက်မှောင်ကြုတ်၍ သူ့ဘေးနားရှိ ကောင်းလဲ့ကို မေးလိုက်လေသည်။

ကောင်းလဲ့ကမူ ယဲ့ချန်းကို မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်၏။

"ငါလည်းမသိဘူး။ ဒီကောင်က တစ်ခုခုတော့ ထူးဆန်းနေတယ်။ သတိထား.. တအားထိန်းမထားနဲ့"

ယန်ချွမ်းခမျာ ခါးသက်သက်ရယ်မောလိုက်မိသည်။

"ထိန်းထားတယ်တဲ့လား။ သေလိုက်ပါတော့.. ငါက အစကတည်းက အစွမ်းကုန်ထုတ်သုံးနေတာ"

ကောင်းလဲ့မှာ ယဲ့ချန်း၏နောက်ခံကို ဖော်ထုတ်ရန်အတွက် ဆန္ဒစောနေသည်ဖြစ်ရာ ဤတစ်ခေါက် ပိုက်ဆံဆုံးရှုံးလိုက်ရလျှင်ပင် ယဲ့ချန်းအကြောင်း ပိုနားလည်လာနိုင်သဖြင့် တန်ပါပေသည်။

သို့သော် ယန်ချွမ်းကတော့ မွန်းကျပ်နေရသည်။

မိုတုမြို့ရှိ လူငယ်မျိုးဆက်များအကြား သူသည် ဂေါက်ကစားနည်း၌ အရှုံးမရှိခဲ့ဖူးပေ။ ယခုမူ သူ့မှာ ဂုဏ်သိက္ခာရော ပိုက်ဆံကိုပါ ဆုံးရှုံးနေပေသည်။

တတိယတွင်းကိုလည်း ယန်ချွမ်းတစ်ယောက် ရိုက်ချက်တစ်ချက်အကွာဖြင့် ရှုံးရပြန်သည်။

လေးခုမြောက်တွင်းမှာ ယဲ့ချန်းက ရိုက်ချက်တစ်ချက်လျော့အောင် ထိန်းမထားခဲ့ပေ။

ငါးခုမြောက်တွင်း၌ ယဲ့ချန်းက နောက်တစ်ကြိမ် ရိုက်ချက်တစ်ချက်လျော့အောင် ရိုက်ပြခဲ့သည်။

…

ယဲ့ချန်းက ရိုက်ချက်တစ်ချက်လျော့အောင် ဆက်တိုက်ရိုက်နေသောကြောင့် ယန်ချွမ်း၏စိတ်အစဉ်ကား ပြိုလဲလုမတတ်ဖြစ်ရသည်။

ဤသည်မှာ လက်သစ်တစ်ယောက် မဟုတ်ပေ။ ပရော်ဖက်ရှင်နယ်ကစားသမားများပင် ဤသို့မစွမ်းဆောင်နိုင်ချေ။

ယဲ့ချန်း၏ရန်စမှုအောက်တွင် ယန်ချွမ်း၏လုပ်ဆောင်ရည်များက သိသိသာသာယိုယွင်းပျက်စီးလာပြီး ဆက်တိုက်ဆိုသလို အမှားများသာ လုပ်နေမိသည်။

အဆုံးမှာတော့ ယန်ချွမ်းခမျာ ဒေါသထွက်လွန်းသဖြင့် ဂေါက်တံကို လွှင့်ပစ်လိုက်လေတော့သည်။ ဆင်းရဲသားတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘဲ ဆက်တိုက်ရှုံးနေခဲ့သည်။

ဒေါသူပုန်ထနေသော ယန်ချွမ်းကိုကြည့်ရင်း ယဲ့ချန်းလည်း ဝမ်းသာအားရဖြစ်နေပေသည်။

ငါ့ကို တစ်ပတ်ရိုက်ချင်တယ်ပေါ့လေ?

မင်းမှာ အစွမ်းအစရှိတယ်များ ထင်နေလား?

•••••••••••••

All Chapters