← Chapters

အစ်ကိုယဲ့

Vol. 11 Ch. 164

အစ်ကိုယဲ့

Vol. 11 Ch. 164

နောက်ဆုံးရလဒ်မှာ ယဲ့ချန်းသည် ၁၀:၀ဖြင့် အသာလေးအနိုင်ရခဲ့သည်။ တစ်တွင်းလျှင် ငါးသိန်းနှုန်းဖြင့် တွက်လိုက်ပါက ဆယ်တွင်းမှာ ရှစ်တွင်းကို နှစ်ဆဈေးနှုန်းဖြင့် ပေါင်းလိုက်ပါက စုစုပေါင်း၁၃သန်းပင်။

ယန်ချွမ်း၏မျက်နှာကား မည်းမှောင်နေပြီး ဒေါသကြောင့် ရူးမတတ်ပင်။

ယန်ချွမ်းက ပြုံးလျက် ပြောလိုက်၏။

"အိုး..ကြည့်ရတာတော့ ဒီနေ့ ငါ တော်တော်ကံကောင်းနေပုံပဲ။ အစ်ကိုယန် ရှုံးသွားပြီဆိုတော့ ပိုက်ဆံကို လွှဲပေးမှာလား။ ချက်လက်မှတ်ရေးပေးမှာလား"

ကံကောင်းတာတဲ့လား?

တွင်းတိုင်းက ရိုက်ချက်တစ်ချက်လျော့နေသည်ဖြစ်ရာ ဤမျှအထိ ကံကောင်းဖို့ မဖြစ်နိုင်ပေ။

အစတုန်းကတော့ ယဲ့ချန်းကို လူသစ်လေးတစ်ယောက်ဟု ထင်မှတ်ခဲ့သော်ငြား တကယ်တမ်းတွင် အယောင်ဆောင်ထားသော ဆရာတစ်ဆူ ဖြစ်နေပေသည်။

မည်သို့ပင်ဖြစ်စေ မိုတုမြို့ထဲရှိ ထိပ်တန်းသခင်လေးတစ်ယောက်ဖြစ်နေသည့်အတွက် အရှုံးကို ဝန်မခံရဲပါက နောင်အနာဂတ်တွင် ဤအသိုင်းအဝိုင်းထဲ၌ ဝင်ရောရန် မဖြစ်နိုင်တော့ပေ။

ဤသည်မှာ သူ့အတွက် အထိနာသော်ငြား ၁၃သန်းကို နာနာခံခံလေးသာ လွှဲပေးလိုက်သည်။ သို့သော် ယဲ့ချန်းကိုကြည့်သော သူ့အကြည့်တွင် ကြမ်းကြုတ်ရက်စက်မှုများ ပြည့်နှက်နေသည်။

ယန်ချွမ်းက ဒုတိယမျိုးဆက်လူကုံထံအုပ်စုထဲတွင် ထိန်းမနိုင်သိမ်းမရမိစ္ဆာဘုရင်တစ်ပါးအဖြစ် နာမည်ကြီးလေသည်။

သူ့ကို ရန်သွားစမိသည်နှင့် သူ့ဘက်ကလည်း မလုပ်နိုင်တာမရှိပေ။

ယန်ချွမ်းက ယဲ့ချန်းကို အကြည့်စူးစူးဖြင့် စိုက်ကြည့်နေကြောင်း မြင်လိုက်ရသောအခါ ကောင်းလဲ့မှာ ၁၃သန်းရှုံးသွားသော်ငြား အလွန်ဝမ်းသာနေမိသည်။

သူ့အကြံကား အောင်မြင်သွားချေပြီ။

ယခုတော့ သူကိုယ်တိုင် လှုပ်ရှားစရာမလိုတော့ပေ။ ယန်ချွမ်းကိုယ်တိုင် ယဲ့ချန်းကို ရင်ဆိုင်ပေလိမ့်မည်။

ယခုလေးတင် ၁၃သန်းရထားသော ယဲ့ချန်းက သူ့ကိုယ်သူ အလွန်ကျေနပ်နေချေသည်။ ထို့နောက် ကောင်းလဲ့ထံသို့ ချဉ်းကပ်သွားလိုက်သည်။

"သခင်လေးကောင်း.. မင်းရော လွှဲပေးမှာလား။ ချက်လက်မှတ်ရေးပေးမှာလား"

ကောင်းလဲ့ကတော့ ခပ်ပြုံးပြုံးသာ။

"အစ်ကိုယဲ့က လျှိုလိုက်တာနော်။ ဒီတစ်ခေါက်တော့ ငါ လူကဲခတ်မှားသွားတယ်။ ငါလည်း ပိုက်ဆံလွှဲပေးပါ့မယ်"

ယဲ့ချန်းက ပိုက်ဆံယူရင်း ရယ်မောလိုက်လေသည်။

"ငါ့ကိုယုံစမ်းပါလို့ပြောခဲ့သားပဲ။ ဒါပေမဲ့ မင်းက နားမှမထောင်တာ"

ယန်ချွမ်းက ယဲ့ချန်းကြောင့် အံတင်းတင်းကြိတ်လိုက်သည့်မြင်ကွင်းကို ကြည့်ရင်း ကောင်းလဲ့က စကားတစ်ခွန်းမှမပြောဘဲ ပြုံးလိုက်မိသည်။

ယန်ချွမ်းက အငြိုးကြီးသူတစ်ယောက်ပင်။

သူ့ကို ရန်စမိပါက သူကလည်း လက်စားချေဖို့ အခွင့်ကောင်းချောင်းနေမည်သာ။

ယခင်တုန်းက သူ့သူငယ်ချင်းတစ်ယောက်က ယန်ချွမ်းသဘောကျနေသော စတားတစ်ယောက်ကို လုယူခဲ့သည့်အတွက် အဆုံးတွင် ကိုမာဝင်သွားခဲ့ရသည်။

ထို့ကြောင့် ယန်ချွမ်းကို သိသိသာသာရန်စလိုက်မိသော ယဲ့ချန်းကတော့ အဆုံးသတ်လှမည်မဟုတ်ချေ။

ယဲ့ချန်းက ပိုက်ဆံယူပြီးနောက် နည်းနည်းလေးတောင် မထိန်းထားဘဲ ယန်ချွမ်းဆီသို့ လျှောက်သွားလိုက်သည်။

"သခင်လေးယန်.. မင်း ငါ့ကို ပိုက်ဆံတွေအများကြီး အလကားပေးလိုက်တဲ့အတွက် ငါလည်း မင်းကို သတိပေးစရာတစ်ခုရှိတယ်"

"ဘာသတိပေးမှာလဲ"

ယန်ချွမ်းက အေးတိအေးစက်ပြန်ပြောလိုက်၏။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"မင်း ငါ့ကိုမုန်းနေတယ်ဆိုတာ ငါသိပါတယ်။ ငါ့အပြန်လမ်းမှာ ငါ့ကိုရှင်းဖို့အတွက် လူလွှတ်ဖို့ ကြံနေတာမလား။ ဒါပေမဲ့ မင်းကိုယ်မင်း အရင်သတိထားသင့်တယ်နော်။ အထူးသဖြင့် မင်းရဲ့ညာဘက်လက်ညှိုးပေါ့"

"အဓိပ္ပာယ်မရှိတာ"

ယန်ချွမ်းက ပိုက်ဆံရော ဂုဏ်သိက္ခာရော ဆုံးရှုံးလိုက်ရသည့်အတွက် စိတ်အခြေအနေမကောင်းပေ။ ယခု ယဲ့ချန်းက သူ့အား ရန်စလာပြန်လေရာ ပို၍ပင် စိတ်ဆိုးသွားရသည်။

ယန်ချွမ်းကို အံံ့အားသင့်စေသောအရာမှာ ယဲ့ချန်းက အပြန်လမ်းတွင် သူ့အားရှင်းထုတ်ရန်အတွက် လူလွှတ်မည့်အကြောင်းကို သိနေခြင်းပင်။

ယန်ချွမ်းက ဤကိစ္စကို သိပ်ဂရုမစိုက်သော်ငြား သူ့ညာဘက်လက်ညှိုးနှင့်ပတ်သက်သည့် ယဲ့ချန်း၏သတိပေးချက်မှာ အဓိပ္ပာယ်မရှိပေ။

ယဲ့ချန်းက သူ့အား ပခုံးပုတ်ပေးလေသည်။

"ငါ မင်းကို သတိပေးထားပြီးပြီနော်။ မင်းဘာသာ ဂရုမစိုက်တာကို နောက်မှ ငါ့ကို အဆိုးမဆိုနဲ့"

သူတို့နှစ်ယောက် စကားများနေတာကို မြင်သောအခါ ကောင်းလဲ့က သူတို့နှစ်ယောက်ကြား ကြားဝင်ဖျန်ဖြေလေသည်။

"ကဲ ငါတို့တွေက သူငယ်ချင်းတွေပဲမဟုတ်လား"

ယန်ချွမ်းက စော်ကားမော်ကားပြောလေတော့သည်။

"တက္ကစီဒရိုင်ဘာတစ်ယောက်က ငါ့သူငယ်ချင်းဖြစ်ချင်တယ်ပေါ့"

စုန့်ယီကတော့ အမြော်အမြင်ရှိရှိဖြင့် ဘေးနားမှပွဲကြည့်ရင်း ကြားနေသာ လုပ်နေပေသည်။

ကောင်းလဲ့က ကြားဝင်ဖျန်ဖြေသူတစ်ယောက်အဖြစ် တာဝန်ယူလာခြင်းမှာ သူ ဖြစ်စေချင်သောအရာပင်။

"ကောင်းပြီလေ။ ငါက မင်းရဲ့သူငယ်ချင်းဖြစ်ဖို့ မတန်ဘူးလို့ ပြောလိုက်တာနော်။ နောက်နောင် မင်း ငါ့ကို ဘာမှမတောင်းဆိုမိဖို့ သတိထားပေါ့"

"မင်းကို ခယရမှာလား။ မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"မင်းလုပ်ခဲ့တဲ့ မကောင်းတဲ့လုပ်ရပ်တွေအားလုံးက ဟာကွက်ကင်းတယ်လို့များ ထင်နေတာလား။ ငါသာ တစ်ခုလောက်လေး ဖွင့်ချလိုက်ရင် မင်းရဲ့လက်ကျန်ဘဝတစ်ခုလုံးကို ထောင်ထဲမှာပဲ ဖြတ်သန်းရလိမ့်မယ်"

"ဒါက ဘာသဘောလဲ။ မင်းက ငါ့ကိုခြိမ်းခြောက်နေတာလား"

ယဲ့ချန်း၏စကားများကို ကြားလိုက်ရချိန်ဝယ် ယန်ချွမ်းခမျာ တုန်လှုပ်သွားရသည်။

ဒီကောင်လေးက တစ်ခုခုများသိထားလို့လား?

ယန်ချွမ်းက အမှန်တကယ်ပင် မကောင်းသည့်ကိစ္စများကို လုပ်ထားခဲ့ဖူးသည်။ အကယ်၍ အခြားလူများ သိသွားပါက ယဲ့ချန်းပြောသလို သူ ထောင်ထဲဝင်ရပေလိမ့်မည်။

သို့သော် ထိုကိစ္စများကို မည်သူကများ သိနိုင်မည်နည်း။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"သခင်လေးယန်ကို ခြိမ်းခြောက်ရမှာလား။ ကျွန်တော်က ဘယ်လုပ်ရဲပါ့မလဲ"

"မင်း.."

ယဲ့ချန်းဘက်က ထူးခြားဆန်းကြယ်စွာ တုံ့ပြန်လာလေလေ ယန်ချွမ်း စိတ်မအေးဖြစ်ရလေလေပင်။

ကောင်းလဲ့နှင့် စုန့်ယီတို့မှာ သူတို့ကြားလိုက်ရသည့်စကားများကို နားမလည်နိုင်ဖြစ်နေပေသည်။ ပုံမှန်ဆိုလျှင် ယန်ချွမ်းက ဘာမှတုံ့ပြန်မည်မဟုတ်သော်လည်း ယနေ့တွင်တော့ ထူးဆန်းနေပေသည်။

ကောင်းလဲ့က ဘေးနားမှနေ၍ လူကောင်းယောင်ဆောင်နေလေသည်။

"ကဲပါ..မင်းတို့နှစ်ယောက် ငြင်းခုံမနေကြနဲ့တော့။ ငါတို့က သူငယ်ချင်းတွေပဲလေ။ မဟုတ်ဘူးလား။ ငါ့ကို မျက်နှာသာလေးပေးကြပါဦး"

ဉာဏ်များလိုက်တာ..

ကောင်းလဲ့က အချိန်ကိုက်ကို ပြီးပြည့်စုံစွာ စီမံတတ်သည်။

သူက ဘာမှများများစားစားမလုပ်ပါဘဲ သူတို့နှစ်ယောက်ကြားရှိ အချင်းများမှုကို ပိုဆိုးအောင်လုပ်လိုက်ပြီး ရန်ပွဲကို ဖျန်ဖြေရင်း သူတို့ကြားရှိအငြိုးအတေးကို နက်ရှိုင်းသွားအောင် ကြံဆောင်နေချေသည်။

ကောင်းလဲ့ကလည်း သူ့အတွက်အချက်နှင့် သူရှိ၏။ အခြားလူ၏လက်ကိုသုံးကာ လူသတ်ဖို့ကြံနေခြင်းကို ယဲ့ချန်းက မသိဘဲ ရှိပါ့မလား။

သို့သော် ကောင်းလဲ့၏သိမ်းသွင်းမှုကြောင့် ယန်ချွမ်းကလည်း ပြဿနာမရှာတော့ပေ။ သူတို့ ထွက်ခွာရန်ပြင်လိုက်ချိန်မှာပင် ဂေါက်သီးတစ်လုံးက အနားသို့ လွင့်လာလေသည်။ ထိုဘောလုံးက အလွန်မြန်လှသည်။

"သတိထား"

ကောင်းလဲ့က အလျင်အမြန်သတိပေးလိုက်သည်။ ထိုဘောလုံးက ယန်ချွမ်း၏မျက်နှာထံသို့ တန်းတန်းမတ်မတ်ပျံသန်းလာလေသည်။

ယန်ချွမ်း၏အမူအရာကား ချက်ချင်းပြောင်းလဲသွားပြီး ထိုဘောလုံးကို ကာရန်အတွက် သူ့ညာလက်ကို အမြန်မြှောက်လိုက်သည်။

"ဒေါက်"

ဂေါက်သီးက သူ့ညာဘက်လက်ညှိုးကို အရှိန်ပြင်းပြင်းဝင်ဆောင့်လိုက်သဖြင့် လက်ကျိုးသွားလေသည်။

"အား! ငါ့လက်"

နာကျင်မှုက လှိုက်တက်လာသောအခါ ယန်ချွမ်းလည်း သူ့လက်ချောင်းကို ဆုပ်ကိုင်ရင်း ဆွဲဆွဲငင်ငင်အော်ညည်းလိုက်မိသည်။

ယဲ့ချန်းပြောခဲ့သည့်စကားကို ပြန်အမှတ်ရမိချိန်ဝယ် သူ ရုတ်ခြည်းထိတ်လန့်တုန်လှုပ်သွားရသည်။

ယဲ့ချန်းကို မော့ကြည့်လိုက်သော သူ့အကြည့်ကား အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်တိကျနေရတာလဲ?

ထိုအခိုက်ဝယ် ဆေးဝန်ထမ်းတစ်ယောက်က ယန်ချွမ်းကို ပတ်တီးစည်းပေးရန် အပြေးအလွှားရောက်ချလာသည်။ ကံကောင်းချင်တော့ အသေးအဖွဲထိခိုက်ရှနာတစ်ခုသာဖြစ်၏။

ယဲ့ချန်းကိုကြည့်သော ယန်ချွမ်း၏အကြည့်မှာ လုံးဝပြောင်းလဲသွားရလေပြီ။

ဤလူက အလွန်ခန့်မှန်းရခက်သည်။

အကယ်၍ ဤဖြစ်ရပ်ကို ယဲ့ချန်း စီစဉ်ထားသည်ဆိုပါက မဖြစ်နိုင်စရာပင်။

ပထမအချက်အနေနှင့် ဘောလုံးက သူ့ထံသို့ တိတိကျကျရောက်လာခြင်းပင်။ သူ့လက်ဖြင့် ကာလိုက်ခြင်းမှာလည်း အလိုအလျောက်တုံ့ပြန်မှုတစ်ခုသာ။ ယဲ့ချန်းက အခြားလူများကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။

ဤလူက သူ့ညာဘက်လက်ညှိုး တစ်ခုခုဖြစ်မည့်အကြောင်း ကြိုတင်ခန့်မှန်းချက်ထုတ်နိုင်တာများလား?

ထိုအချိန်မှာပင် ကတ်လုပ်ပေးရန်အတွက် ကောင်းလဲ့ခိုင်းထားသော မန်နေဂျာက အနားသို့ ရောက်ချလာသည်။ ကောင်းလဲ့ကမူ မကျေမနပ်ဖြစ်နေချေသည်။

"မစ္စတာယဲ့ရဲ့ကတ်ကို ဘာလို့ မလုပ်ရသေးတာလဲ"

မန်နေဂျာက နေရခက်နေဟန်ဖြင့် ပြောလိုက်၏။

"မစ္စတာကောင်း.. မစ္စတာယဲ့မှာ ပလက်တီနမ်ကတ်တစ်ကတ် ရှိထားပြီးသားပါ"

ဘာ?

ပလက်တီနမ်ကတ်!

ကောင်းလဲ့၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားချေသည်။

စုန့်ယီလည်း မျက်လုံးကိုမှေးကျဉ်းလိုက်မိသည်။

ယန်ချွမ်းက ယဲ့ချန်းကိုကြည့်လိုက်မိချိန်ဝယ် သူ့မျက်လုံးထဲတွင် ကြောက်ရွံ့နေသော အကြည့်တစ်မျိုး ကိန်းအောင်းနေသည်။

ပလက်တီနမ်ကတ်ပိုင်ရှင်တစ်ယောက်က ငါ့လက်ချောင်းတစ်ခုခုဖြစ်မှာကို ကြိုတင်ခန့်မှန်းနိုင်သတဲ့။

ဒီလူက တကယ်ပဲ ဘယ်သူများလဲ?

မန်နေဂျာက ယဲ့ချန်းနားသို့ လျှောက်လာလေသည်။

"ဥက္ကဋ္ဌယဲ့ ခင်ဗျားက လုဟွားးဂေါက်ကွင်းရဲ့အဓိကရှယ်ယာရှင်တစ်ယောက်မှန်း ကျွန်တော် မသိလို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

လုဟွားဂေါက်ကွင်းရဲ့ အဓိကရှယ်ယာရှင်တဲ့လား?

ထိုအခိုက်ဝယ် သူတို့သုံးယောက်၏အမူအရာများမှာ ပို၍ပင် ထူးဆန်းလာသည်။

ယဲ့ချန်းကတော့ လက်ခါယမ်းပြသည်။

"ဟုတ်ပါပြီ။ မင်းသွားလို့ရပြီ"

သူက ကောင်းလဲ့နှင့် အခြားလူများကို ပြုံးပြုံးလေးကြည့်လိုက်မိသည်။

"ကဲ အားလုံးပဲ.. ဒီနေ့ တော်တော်ပျော်ခဲ့ရတယ်။ အစ်ကိုကောင်းနဲ့ အစ်ကိုယန်တို့ကို ကျေးဇူးတင်ပါတယ်။ အခွင့်ကြုံရင် ထပ်ဆုံကြတာပေါ့"

ယဲ့ချန်းက ထိုသို့ပြောပြီး ထွက်ခွာရန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ယန်ချွမ်းက သူ့အနားသို့ လှိုက်လှိုက်လှဲလှဲ ချဉ်းကပ်လာသည်။

"အစ်ကိုယဲ့.. ကျွန်တော် လိုက်ပို့ပေးပါရစေ"

အစ်ကိုယဲ့တဲ့လား?

ယန်ချွမ်း၏အခေါ်အဝေါ်ကို ကြားလိုက်ရချိန်မှာ ကောင်းလဲ့နှင့် စုန့်ယီတို့နှစ်ယောက်စလုံး ကြက်သေသေသွားကြသည်။

ယန်ချွမ်းဆိုတာ ဘယ်သူမို့လို့လဲ?

မိုတုမြို့ထဲတွင် သူ့အနေနှင့် ခယချင်သူဟူ၍ တစ်ယောက်မှမရှိပေ။ ကောင်းလဲ့ကိုပင် သူမကြောက်ပေ။

ယန်ချွမ်းထံမှ အစ်ကိုဟုအခေါ်ခံရခြင်းမှာ ယဲ့ချန်းက ပထမဆုံးပင်။

ဘာတွေဖြစ်နေတာလဲ!

•••••••••••••

All Chapters