← Chapters

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရည်ညွှန်းတာပါ

Vol. 75 Ch. 1112

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရည်ညွှန်းတာပါ

Vol. 75 Ch. 1112

လုချန်း၏ အမြင်တွင်တော့ ကပ်ဘေးကြီးသည် သူနှင့် အလွန် ဝေးကွာနေသေး၏။ ထို့ကြောင့် သူ၏ ဦးစားပေးမှာ သူ၏ မယားများကို ရင်သွေးကမ္ဘာများဖြင့် အမြန်ဆုံး ကိုယ်ဝန်ဆောင်စေရန် ဖြစ်သည်။ ထို့နောက် ထိုရင်သွေးကမ္ဘာများမှတစ်ဆင့် သူ၏ စွမ်းအားကို မြှင့်တင်ရန် သူ ဆုံးဖြတ်လိုက်သည်။

ကပ်ဘေးကြီးအကြောင်း ပြောပြီးနောက် လုချန်း အခြားအရာတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ ထို့နောက် သူက

“ဆရာမ။ ကပ်ဘေးအပြင် တခြားကိစ္စတွေရော ဆရာမကြီးက ပြောသွားသေးလား။”

ယွမ်ရှန်ရှန်က တွေးတွေးဆဆ လေသံဖြင့်

“သူက ရှင့်မယားတွေ တစ်ယောက်ချင်းစီဆီ သွားတွေ့ပြီးတော့ အမြန် ထွက်သွားတယ်။ သူ တစ်ခုခု တွေ့သွားလို့ ဖြစ်မယ်။”

“ရွန်ရွန်ကို တွေ့ပြီးနောက် သူက ရွန်ရွန့်ခန္ဓာကိုယ်ကို စစ်ဆေးပြီးတော့ ရွန်ရွန့်ရဲ့ ကာယကြံ့ခိုင်မှုက ရှေးခေတ်မှာ ထိပ်တန်းအဆင့် ချိတ်နိုင်ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တယ်လို့ ပြောသွားတယ်။”

“ပြီးတော့ ရုတ်တရက် သူ တစ်ခုခု တွေးမိသွားပုံရပြီး ရှင့်ရဲ့ တခြားမိန်းမတွေဆီ သွားတွေ့တော့တာပဲ။”

ယွမ်ရှန်ရှန်၏ အဖြေကို ကြားသောအခါ လုချန်း ခဏခန့် ကြက်သေသေသွားသည်။

ဧကရာဇ်တစ်ပါး ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာလား။

ယွမ်ချင်းရှုက ချန်ဝမ်ရွန်ကို ဒီလောက်တောင် အထင်ကြီးနေတာလား။

ထိုအခိုက်တွင် သူ၏ ရင်ခွင်ထဲမှ ချန်ဝမ်ရွန်ကို အလိုလို ကြည့်လိုက်မိသည်။ လုချန်း၏ မျက်လုံးများက သူမအပေါ်သို့ စူးစိုက်ကြည့်ရှုနေသည်ကို ခံစားမိလိုက်ပြီး ချန်ဝမ်ရွန်၏ တစ်ကိုယ်လုံး အနည်းငယ် ပူနွေးလာသည်။

အေးစက်သော အလှလေး၏ ပါးပြင်ပေါ်တွင် ပန်းရောင်သန်းလာသည်ကို မြင်သောအခါ လုချန်းက ပြုံးလိုက်သည်။ ထို့နောက် သူက

“ကိုယ့်ရဲ့ ရွန်ရွန်မှာ ဒီလောက် မြင့်မားတဲ့ အရည်အချင်းတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကိုယ်က ရတနာတစ်ခု ကောက်ရလိုက်တာပဲ။”

သူ၏ စကားဆုံးသည်နှင့် ချန်ဝမ်ရွန်၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးရန် စနစ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။ သို့သော်လည်း ရလဒ်မှာ ယခင်နှင့် ဘာမှ ထူးခြားမှု မရှိသည်ကိုသာ တွေ့လိုက်ရသည်။

‘စနစ်က အဆင့်မမြှင့်တင်ရသေးလို့ ဖြစ်နိုင်မလား’ ဟု လုချန်း သူ့ဘာသာသူ တွေးလိုက်သည်။ အကြောင်းမှာ နောက်ဆုံးအကြိမ် စနစ် အဆင့်မြှင့်တင်မှုအပြီးတွင် သူ၏ မယားများ၏ အချက်အလက်များတွင် သိသာသော ပြောင်းလဲမှုများ ရှိခဲ့ကြောင်း သူသတိထားမိခဲ့သောကြောင့်ဖြစ်သည်။

ချူးယုချင်၏ သရုပ်မှန်ကိုလည်း စနစ် အဆင့်မြှင့်တင်ပြီးမှသာ သူ သိခဲ့ရခြင်း ဖြစ်သည်။

စနစ်သည် အတိုင်းအတာတစ်ခုအထိ အဆင့်မမြှင့်တင်ရသေးသောကြောင့်သာ ချန်ဝမ်ရွန်၏ ထူးခြားမှုကို စနစ်မှတစ်ဆင့် မစစ်ဆေးနိုင်ခြင်း ဖြစ်နိုင်သည်။

ထို့နောက် လုချန်းက

“စနစ်။ ငါ ဘယ်တော့မှ ရှေးခေတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူနိုင်မှာလဲ”

ဟု စိတ်ထဲမှ စနစ်ကို မေးလိုက်သည်။

စနစ်က ချက်ချင်းပင်

“ဧကရာဇ်အဆင့် ဖြစ်လာပြီးမှသာ ရှေးခေတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ အရည်အချင်း ပြည့်မီမှာ ဖြစ်ပါတယ်။”

စနစ်ထံမှ အဖြေကို ကြားရသောအခါ သူ၏ ကျင့်ကြံမှု အဆင့် မလုံလောက်သေးသောကြောင့် ဖြစ်သည်ဟု လုချန်း တွေးလိုက်သည်။

သူ၏ မယားများ ရင်သွေးကမ္ဘာများ ပဋိသန္ဓေတည်နိုင်မည့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် လိုအပ်ပုံ ပေါ်သည်။

လုချန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က

“ဆရာမက လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်တော့မယ်လို့ ပြောသွားတယ်။ ရှင့်ရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာခဲ့ရင် အခန်းထဲမှာ သူ ထားခဲ့တဲ့ နည်းဗျူဟာ ပုံစံကနေတစ်ဆင့် သူ့ကို အကြောင်းကြားလိုက်ပါတဲ့။”

လုချန်းက ပြုံးလျက်

“ဆရာမကြီးက ချက်ချင်းကြီး ထွက်သွားတာပဲ။ ကိုယ် သူ့ကို ဂါရဝပြုခွင့်တောင် မရလိုက်ဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်က သူ့ကို စူးစိုက်ကြည့်လိုက်သည်။

ဂါရဝပြုတယ် ဟုတ်လား။

သူ့ရဲ့ ဂါရဝပြုတယ်ဆိုတဲ့ အတွေးက တကယ်ပဲ ရိုးသားလို့လား။

သူမ ဆရာမ၏ ခန္ဓာကိုယ်ကို တပ်မက်နေသော ဤပုန်ကန်တတ်သည့် တပည့်တွင် ကောင်းသော ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် လုချန်း နောက်တစ်ကြိမ် အတွေးထဲ နစ်မြောသွားသည်။ ယွမ်ချင်းရှုသည် မထွက်ခွာမီ သူ၏ မယားများအား တစ်ယောက်ချင်းစီကို သွားတွေ့ခဲ့သည်။ ထိုအချက်က ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်တွင် တစ်စုံတစ်ခုကို သေချာပေါက် ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုလိုနေသည်။

ချန်ဝမ်ရွန်၏ ထူးခြားမှုကို ယွမ်ချင်းရှု ပထမဆုံး အသိအမှတ်ပြုခဲ့သည်။ ထို့နောက်မှ သူ၏ အခြားမယားများထံ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်အရ ၎င်းတို့တွင် ချန်ဝမ်ရွန်နှင့် ဆင်တူသည့် တစ်စုံတစ်ခု ရှိနေသည်ဟု သူမ ယုံကြည်ကြောင်း ညွှန်ပြနေသည်။

သူ၏ မယားများအားလုံး ထူးခြားမှုများ ပိုင်ဆိုင်ထားကြတာလား။

သို့မဟုတ် သူ၏ မယားများအားလုံး ရှေးခေတ်နှင့် ဆက်စပ်နေကြတာလား။

များစွာ တွေးတောကြည့်သော်လည်း လုချန်းအဖြေရှာမရခဲ့ပေ။ ထို့ကြောင့် သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။

ဤအရာက ရှုပ်ထွေးလှ၏။ ဤအရာသည် စနစ်၏ မူလအစနှင့် ပတ်သက်နေဖွယ် ရှိသည်။ သူ ဧကရာဇ်အဆင့် ဖြစ်လာမှသာ ဤအရာအားလုံးကို နားလည်လာနိုင်မည်။

ထို့နောက် လုချန်း ဆက်မတွေးတောတော့ပဲ သူ၏ အာရုံကို ကျိယန်ကမ္ဘာရှိ သူ၏ ပင်မခန္ဓာကိုယ်ထံသို့ ပြန်လည်ပို့လိုက်သည်။

ဤအခိုက်အတန့်တွင် နဂါးတပ်မတော်၏ မိုးပျံလှေသည် ချူးနိုင်ငံတော်၏ နေပြည်တော်အထက်တွင် ပေါ်လာသည်။ ချူးနိုင်ငံတော်၏ စစ်တပ်က မည်သည့် ခုခံမှု တစ်စုံတရာ မပြုပဲ နဂါးတပ်မတော်၏ မိုးပျံလှေကို နေပြည်တော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခွင့် ပြုလိုက်သည်။

ချူးနိုင်ငံတော်ကိုယ်တိုင်မှာလည်း သွေးကွဲနေခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ချူးနိုင်ငံတော်၏ နိုင်ငံတော် ပညာရှိသည် နတ်ဆိုးတမန်တစ်ဦး ဖြစ်ခဲ့သည်။ ထိုအချက်က ချူးတော်ဝင်မိသားစုနှင့် နတ်ဆိုးကျင့်ကြံသူများအကြား ရှောင်လွှဲမရနိုင်သော ဆက်နွှယ်မှုတစ်ခု ရှိနေသည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။

ချူးနိုင်ငံတော်၏ အင်အားစု အသီးသီးသည် တော်ဝင်မိသားစုနှင့် ပတ်သက်ဆက်နွှယ်သွားမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ရှနိုင်ငံတော်ထံ သစ္စာခံရန် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရွေးချယ်ခဲ့ကြသည်။ နဂါးတပ်မတော်၏ မိုးပျံလှေ ရောက်ရှိသွားသည့် နေရာတိုင်းတွင် သာမန်ပြည်သူများအားလုံး မြို့ထဲမှ ထွက်လာကြိုဆိုကြသည်။

ချူးနိုင်ငံတော်၏ စစ်တပ်အများစုကလည်း တိုက်ရိုက် အညံ့ခံရန် ရွေးချယ်ခဲ့ကြသည်။ ယခုအခါ အခြေအနေအားလုံးသည် ချူးဧကရာဇ် မည်သို့ ဆုံးဖြတ်မည် ဆိုသည့်အပေါ်တွင်သာ မူတည်နေတော့သည်။

လုချန်းသည် နန်းတော်ထဲသို့ ချက်ချင်း မဝင်ခဲ့ပေ။ သူရောက်သွားချိန်တွင် အမတ်အချို့ နေပြည်တော်၏ တံခါးဝတွင် စောင့်ဆိုင်းနေကြသည်ကို သူ တွေ့လိုက်ရသည်။ ထို့နောက် တုံ့ဆိုင်းမှု မရှိပဲ လုချန်း နတ်လှေပေါ်မှ ဆင်းသက်လိုက်သည်။

လုချန်း လေထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချူးနိုင်ငံတော်မှ အရာရှိများ ဒူးထောက်လိုက်ကြသည်။

“မင်းကြီး”

လုချန်းက

“ထကြ”

နောက်တစ်ခဏတွင် သစ်သားဗန်းတစ်ခုကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက် လုချန်းရှေ့ တက်လာသည်။ ဗန်းထဲတွင် အညံ့ခံစာနှင့် ကျောက်စိမ်းတံဆိပ်တော်တို့ ရှိနေသည်။

လုချန်းက သူ့ရှေ့မှ တုန်ရီနေသော ကောင်လေးကို တစ်ချက် ကြည့်လိုက်ပြီး

“ချူးဧကရာဇ် ဘယ်မှာလဲ”

အရာရှိတစ်ဦးက ချက်ချင်းပင်

“မင်းကြီး။ ချူးဧကရာဇ်က နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူ့ရဲ့ ရာဇဝတ်မှုတွေက ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။ အခု မင်းကြီး ကြွရောက်လာတာကို သိလို့ သူက သူ့ကိုယ်သူ ကြိုတင် အဆုံးစီရင်သွားခဲ့ပါတယ်။”

“ဒါက ချူးဧကရာဇ်ရဲ့ အငယ်ဆုံး သားတော်ပါ”

လုချန်းက

“ ဪ”

ထို့နောက် လုချန်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ဘေးမှ ဗိုလ်ချုပ်တစ်ဦးက ကောင်လေး၏ လက်ထဲမှ သစ်သားဗန်းကို ယူလိုက်သည်။

အညံ့ခံပွဲ အခမ်းအနား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအခမ်းအနားက ကျိယန်ကမ္ဘာတွင် ယခုမှစ၍ ချူးနိုင်ငံတော် ရှိတော့မည် မဟုတ်ကြောင်းကို ဆိုလိုသည်။

ချူးနိုင်ငံတော်ကို ရှနိုင်ငံတော်၏ အုပ်ချုပ်မှုအောက်သို့ ထည့်သွင်းပြီးနောက် တော်ဝင်မိသားစု ချန်ထားခဲ့သော အဖိုးတန် သမိုင်းဆိုင်ရာ အထောက်အထားအချို့ကို စစ်ဆေးရန် ချူးတော်ဝင်မိသားစု၏ ဘဏ္ဍာတိုက်ထဲသို့ လုချန်း ဝင်ရောက်ခဲ့သည်။

ချူးနိုင်ငံတော်သည် သာမန် နိုင်ငံတစ်ခုသာ ဖြစ်သည်။ လုချန်း ရှာဖွေခဲ့သော်လည်း သူ စိတ်ဝင်စားသော မည်သည့် ရတနာ သို့မဟုတ် သမိုင်း အထောက်အထားမှ မတွေ့ရှိခဲ့ပေ။ သို့သော် ချူးနိုင်ငံတော်တွင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး သန်းပေါင်း ဆယ်ဂဏန်း ရှိနေခဲ့သည်။

ရှနိုင်ငံတော်သည် မြူခိုးဒေသမှ ဂိုဏ်းများမှတစ်ဆင့် စိတ်ဝိညာဉ်ကျောက်တုံး အတော်များများ ရရှိခဲ့ဖူးသည်။ သို့သော်လည်း ထို မြူခိုးဒေသမှ ဂိုဏ်းများသည် တစ်ဂိုဏ်းထက်တစ်ဂိုဏ်း ပိုဆင်းရဲကြသည်။ ထို့ပြင် ထျန်းချန်ကမ္ဘာကိုယ်တိုင်က စိတ်ဝိညာဉ်ကျောက်တုံး ရှားပါးသော ကမ္ဘာတစ်ခု ဖြစ်နေသည့်အတွက် ရှနိုင်ငံတော်၏ ဘဏ္ဍာတိုက်တွင် ယခုအချိန်အထိ စိတ်ဝိညာဉ်ကျောက်တုံး လုံးဝနီးပါး မရှိခဲ့ပေ။

သူ့ရှေ့မှ တောင်တစ်လုံးလောက် ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးပုံကြီးကို မြင်သောအခါ လုချန်း ရုတ်တရက် တစ်ခု သဘောပေါက်သွားသည်။

‘နေဦး။ ထျန်းကျိရဲတိုက်က သစ္စာခံဖို့ လာတုန်းက သူတို့ နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ယူလာခဲ့ရမှာ မဟုတ်ဘူးလား’

ဟုတွေးလိုက်မိသည်။

သူသည် အစပိုင်းတွင် သူ၏ အာရုံအားလုံးကို ထျန်းကျိရဲတိုက်မှ သမိုင်းဆိုင်ရာ အထောက်အထားများပေါ်တွင်သာ စုစည်းထားခဲ့ပြီး ဤအကြောင်းကို လုံးလုံး မေ့လျော့နေခဲ့သည်။

ထို့နောက် ရှောင်ယွမ်ကျားကို ဆင့်ခေါ်ရန် လနက်မြို့တွင် သူ ချန်ထားခဲ့သော ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်သည်။

လုချန်းက သူ့ကို ဆင့်ခေါ်သည်ဟု ကြားသည်နှင့် ရှောင်ယွမ်ကျားလည်း ရုပ်သေး လုချန်း တည်ရှိရာ အဆောင်သို့ အလျင်အမြန် ရောက်ရှိလာသည်။

“မင်းကြီး ကိုဂါရဝပြုပါတယ်။”

လုချန်းက

“ခင်ဗျားတို့ ထျန်းကျိရဲတိုက်မှာ မိုးပျံလှေတွေ အများကြီး ရှိတာပဲ။ သမိုင်းဆိုင်ရာ အထောက်အထားတွေနဲ့ ကျင့်စဉ်ကျမ်းတွေအပြင် တခြားအရာတွေလည်း အဲဒီအပေါ်မှာ ရှိနေသင့်တယ် မဟုတ်လား။”

လုချန်းထံမှ ထိုမေးခွန်းကို ကြားသောအခါ ရှောင်ယွမ်ကျား ချက်ချင်း နားလည်သွားပုံရသည်။ သူက

“ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်တော်တို့ ထျန်းကျိရဲတိုက် တည်ထောင်ကတည်းက စုဆောင်းခဲ့တဲ့ ရတနာတွေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံး ယူလာခဲ့ပါတယ်။ ပြီးတော့ အဲဒါတွေ အကုန်လုံးကို မင်းကြီးကို ဆက်သပါတယ်။”

ရတနာများကို လုချန်း သိပ်စိတ်ဝင်စားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်လောက၏ အောက်ကမ္ဘာများမှ ပစ္စည်းများသည် သူ၏ စနစ်မှ ဆုလာဘ်များထက် အဆင့် ပိုမြင့်နိုင်စရာ မရှိသောကြောင့် ဖြစ်သည်။

“စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်များလဲ”

ရှောင်ယွမ်ကျားက

“စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး သန်း ခြောက်ဆယ်ပါ မင်းကြီး”

လုချန်းက မျက်မှောင်ကြုတ်လျက်

“သန်း ခြောက်ဆယ်ပဲလား”

မည်သို့ပင်ဖြစ်စေ ထျန်းကျိရဲတိုက်သည် ကျိယန်ကမ္ဘာတွင် အကြီးဆုံး အင်အားစု ဖြစ်သည်။ ချူးနိုင်ငံတော်တွင်ပင်လျှင် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း ရှိသည်။ ထျန်းကျိရဲတိုက် တည်ထောင်ကတည်းက စုဆောင်းခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများက အဘယ်ကြောင့် သန်းတစ်ရာပင် မပြည့်နိုင်ရသနည်း။

ရှောင်ယွမ်ကျားက

“မင်းကြီး။ ကျွန်တော် ပြောတာက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေပါ”

ဟု အလျင်အမြန် ထပ်ပြောလိုက်သည်။

All Chapters