← Chapters

သူရူး

Vol. 1 Ch. 173

သူရူး

Vol. 1 Ch. 173

"ဒါ အန္တရာယ် ရှိတယ် ... ဘယ်လို မကောင်းဆိုးဝါးမျိုးက ဒီလို အသံမျိုး လုပ်တာလဲ ... ငါက ဘာလို့ အညှို့ ခံလိုက်ရသလို ဖြစ်သွားတာလဲ"

အောက်ခြေကိုပင် မမြင်ရသော တောင်ကြား၏ အသူတရာ ချောက်နက်ကြီးကို ကြည့်၍ ကျန်းရီသည် သူ့ကိုယ်ထဲမှ သွေးများ အေးခဲလာသယောင် ခံစားလိုက်ရသည်။ မီးဝိညာဉ်ပုလဲ၏ အကာအကွယ် ကြောင့်သာ မဟုတ်လျှင် တောင်ကြားထဲသို့ သူကျရောက်သွား ပေလိမ့်မည်။

ထူးဆန်းသည်မှာ သူသတိဝင်လာသော ခဏတွင် ထိုထူးဆန်းလှသည့် အသံ ပျောက်ကွယ် သွားခြင်း ပေတည်း ... သူသည် တိတ်ဆိတ် ငြိမ်သက်နေသော ပတ်ဝန်းကျင်သို့ ကြည့်၍ မျက်လုံးကစား လိုက်ပါသော်လည်း ထိုထူးဆန်းသော အသံ ထပ်မံ ထွက်ပေါ်မလာတော့ပေ။ သူ ကျောက်ဂူသို့ ပြန်၍ အိပ်စက်ရန် ပြင်လိုက်သော အခါမှသာ ထူးဆန်းလှသည့် အသံ ထပ်မံ ပေါ်ထွက် လာခဲ့သည်။ သူ့တွင် တောင်ကြားထဲသို့ ဝင်သွားချင်စိတ်များ တဖွားဖွား ဖြစ်တည် လာခဲ့ပြန်သည်။

"ဒါက အရမ်း အန္တရာယ်များတယ် ... ဒီတောင်ကြားရဲ့ တောနက်ပိုင်းမှာ အရမ်း အားကောင်းတဲ့ နတ်ဆိုး သားရဲတစ်ကောင် သေချာပေါက် ရှိနေတာ ဖြစ်ရမယ် ... အဲဒီကောင်က စိတ်စွမ်းအား ကိုတောင် သုံးလို့ရနေပြီ"

ကျန်းရီ ထိတ်လန့်သွားခဲ့သည်။ ကျန်းရီသည် တုံ့ဆိုင်း မနေတော့ဘဲ ငွေလဝံပုလွေကို ဆင့်ခေါ်လိုက်ကာ သူ့အား အဝေးသို့ ခေါ်ဆောင်သွားစေလိုက်သည်။ တောင်ကြားထဲမှ လာသော အသံသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ရန် သူ့အား ထပ်ကာထပ်ကာ ဆွဲဆောင်နေလေသည်။ အနီးတွင် စိတ်စွမ်းအား သုံးနိုင်သော အင်အားကြီး နတ်ဆိုးသားရဲ တစ်ကောင် ရှိနေလေရာ ကျန်းရီတစ်ယောက် ဤနေရာတွင် ဆက်၍မနေရဲတော့ပါပေ။

"ဒီဝိညာဉ်ပျက်သုဉ်း တောင်ကြားမှာ ဒီလောက်အင်အား ကောင်းတဲ့ နတ်ဆိုးသားရဲ တစ်ကောင် ရှိနေတယ်ဆိုရင် တမလွန်လောကရဲ့ မီးတောက်တွေက ပိုပြီး ကြောက်ဖို့ ကောင်းမှာ အသေအချာပဲ ... အခု ငါ့အင်အားက အကန့်အသတ် ရှိနေတယ် ... နောင် ငါအား ပိုကောင်းလာမယ့် အချိန်ကို စောင့်ပြီး အဲဒီ မီးတောက်တွေကို သေချာပေါက် လာယူရမယ်"

ကျန်းရီသည် ငွေလဝံပုလွေ၏ ကျောထက်တွင် ထိုင်ရင်း နောက်တွင် ကျန်နေခဲ့သော ဝိညာဉ်ပျက်သုဉ်း တောင်ကြားကို နောင်တများနှင့် လှည့်ကြည့်လိုက်သည်။ မကြာခင်တွင် တောင်ကြားကြီးသည် သူ့မြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့သည်။ ကျန်းရီသည် အိပ်စက်ဖို့ရန် နေရာတစ်နေရာ မရှာတော့ဘဲ အမှောင်တောအုပ်ကို ရှောင်ကွင်းကာ ရှန်ဝူနိုင်ငံတော်၏ နယ်နိမိတ် အတွင်း ဝင်ရောက်လိုက်ပြီး တော်ဝင်မြို့တော်ဆီ တန်းတန်းမတ်မတ် ခရီးနှင်လိုက်သည်။

***

တော်ဝင်မြို့တော်သည် နိုင်ငံအဆင့် ပြိုင်ပွဲကြောင့် ပျားပန်းခတ်မျှ လှုပ်ရှား အသက်ဝင် နေခဲ့သည်။ ရှန်ဝူနိုင်ငံတော်၏ ပါရမီရှင်များ အားလုံးသည် တော်ဝင်မြို့တော်တွင် စုဝေးနေကြပြီ ဖြစ်သည်။ နိုင်ငံ အဆင့်ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခြင်း မဟုတ်သော မိန်းမပျိုလေးများ သည်လည်း အခြွေအရံ သက်တော်စောင့်များ နှင့်အတူ ရောက်ရှိနေကြသည်။ သခင်လေးများ၊ ပါရမီရှင်များ အားလုံးသည် တော်ဝင်မြို့တော်တွင် ရောက်ရှိနေကြရာ သူ့တို့အတွက် လက်တွဲဖော် ရှာရန် အကောင်းဆုံး အချိန်အခါပင် ဖြစ်တော့သည်။

အိမ်ရှေ့စံမင်းသား ရှားဝူဟွေ့သည် မိုးပြာနဂါး သင်တန်းကျောင်းမှ စောစောပြန်လာကာ သခင်လေးများ၊ မမလေးများကို ဖိတ်ကြား၍ နေ့စဉ်နေ့တိုင်း  စားသောက်ပွဲများ ကျင်းပ ပေးနေသည်။ နိုင်ငံတော်၏ အလှပဆုံး မင်းသမီးလေး ဖြစ်သော ဆဋ္ဌမမြောက် မင်းသမီးလေး ရှားဖေးယွီ သည်လည်း ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ပြန်ရောက် နေခဲ့သည်။ သူမသည် ရံဖန်ရံခါ၌ စားသောက်ပွဲ အခမ်းအနားသို့ ရောက်လာလေ့ရှိပြီး သခင်လေးများ၏ စိတ်နှလုံးကို ကိုင်လှုပ် သွားလေ့ရှိသည်။

ဆယ်ရက် ကြာပြီးနောက် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ လူစု ရောက်ရှိလာခဲ့ရာ တော်ဝင်မြို့တော် တစ်ခုလုံးသည် ပိုမိုလှုပ်ရှား သက်ဝင်လာခဲ့သည်။

သင်တန်းကျောင်းမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် သူများမှာ ကျန့်ဝူရွှမ်း၊ ယွင်ဖေး၊ ရှန်းယင်၊ အန်းနီနှင့် နောက်ခံအင်အား တောင့်တင်းသော သခင်လေး၊ မမလေးများ ဖြစ်ကြသည်။ ဤအကြိမ်တွင် မင်းသမီး ယွင်ဖေးသည် သူမနိုင်ငံသို့ အရင်ပြန်မသွားဘဲ သင်တန်းကျောင်းမှ လူစုနှင့်သာ လိုက်ပါလာခဲ့သည်။ ဤအကြောင်းအရာသည် လူများစွာ အတွက် မဟာအခွင့်အရေး ကြီးပင် ဖြစ်တော့သည်။

ကျောင်းအုပ်ချီနှင့် ဒုကျောင်းအုပ် ခုနှစ်ယောက်အား နိုင်ငံတော်၏ ကာကွယ်သူ စစ်သူကြီး လုံရှန်းက နန်းတော်ထဲသို့ လိုက်ပါ ပို့ဆောင်ပေးသည်။ သူတို့အား နိုင်ငံ၏ ဘုရင်မင်းမြတ် ကိုယ်တိုင် တည်ခင်း ဧည့်ဝတ်ပြုလေသည်။ ကျောင်းအုပ်ချီသည် ဆရာများနှင့် သင်တန်းကျောင်းသားများကို တော်ဝင်မြို့တော်၏ အကြီးဆုံး တည်းခိုဆောင် ယင်းလုံအိမ်တော်တွင် အနားယူရန် စီစဉ် ပေးလေသည်။ သူတို့ ထိုနေရာတွင် နှစ်ရက်ကြာ ကောင်းကောင်း အနားယူပြီးလျှင် လူစုကာ အင်ပါယာ မြို့တော်ထံ တိုက်ရိုက် ပို့ဆောင်ပေးမည် ဖြစ်ပြီး နိုင်ငံအဆင့်ပြိုင်ပွဲ စတင်မည် ဖြစ်သည်။

ဂိုဏ်းအသီးသီးမှ သခင်လေး၊ သခင်မလေးများလည်း လုံရှန်းအိမ်တော်တွင် တည်းခို နေလေရာ အလွန်လှုပ်ရှား အသက် ဝင်နေတော့သည်။ ကျန့်ဝူရွှမ်း၊ ယွင်ဖေး၊ ရှန်းယင်နှင့် ကျန်လူများသည် အဆောင်ငယ် အသီးသီးတွင် နေထိုင်နေကြပြီး လာရောက် လည်ပတ်သူများ မစဲနိုင်အောင် ရှိနေလေသည်။ စုလောရွှယ်သည်လည်း နေ့စဉ်နေ့တိုင်း ဖိတ်ကြားချက် အမြောက်အများ ရရှိခဲ့သည်။ အိမ်ရှေ့စံ မင်းသမီး ရှားဝူဟွေ့သည်ပင် သူမအား ဖိတ်စာတစ်စောင် ပေးပို့၍ ဖိတ်ကြားခဲ့ရာ သူမ မည်မျှဆွဲဆောင်မှု ရှိကြောင်း ထင်ရှားနေလေသည်။

စုလောရွှယ်သည် ထိုဖိတ်ကြားမှုများ အားလုံးကို လုံးဝ အာရုံမထားပေ။ လက်ရှိတွင် သူမသည် အဆောင်ငယ် တစ်ခုအတွင်း ကျန့်ဝူရွှမ်း နှင့်အတူ ထိုင်နေခဲ့သည်။ သူမ၏ လှပသော မျက်ခုံး တစ်စုံသည် စုကျုံ့နေခဲ့ပြီး အလွန်အမင်း စိတ်ပူနေဟန်ကို ဖော်ပြလို့နေသည်။

ကျန့်ဝူရွှမ်းသည် တစ်မနက်လုံး ကြာအောင် သူ့အဆောင်ငယ် အတွင်း ထိုင်နေပါသော စုလောရွှယ်အား အကဲခတ်လို့ နေသည်။ သူသည်လည်း အတော်လေး စိတ်လှုပ်ရှား နေကာ အံကြိတ်၍ ပြောလိုက်သည်။

"ဆရာမစု ... အရင်ဆုံး ပြန်လိုက်ပါ ... ကျွန်တော် သတင်းရရင် ဆရာမစုကို ချက်ချင်း အကြောင်းကြား ပါ့မယ်"

စုလောရွှယ်သည် ချက်ချင်း အတွေးများမှ ရုန်းထွက်လိုက်သည်။ သူမသည် သူမ၏ လက်ဖက်ရည် ပန်းကန်လုံးကို အောက်သို့ ချလိုက်ပြီး အေးစက်စက် မျက်လုံးများနှင့် မော့ကြည့် လာကာ စိတ်အနှောင့်အယှက် ဖြစ်ဟန်နှင့် ပြောလိုက်သည်။

"ဘာလို့လဲ ... ငါဒီမှာ ထိုင်လို့ မရဘူးလား ... ငါပြန်မသွားချင်ဘူး ... ငါ့အဆောင်မှာ ယင်ကောင်တွေ များလွန်းတယ်"

"ကျွန်တော် ဒီလိုသဘောမျိုး ပြောတာ မဟုတ်ပါဘူး"

ကျန့်ဝူရွှမ်းသည် မသက်မသာ ပြုံးလိုက်ပြီး မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ အိမ်ရှေ့စံ မင်းသားက သူမအား ဖိတ်ကြားလွှာတစ်ခု ပို့လာပါသော်လည်း သူမက အရေးမစိုက်ဘဲ ဤနေရာတွင် တစ်ချိန်လုံး လာထိုင်နေသည်။ ဤသတင်းသာ အိမ်ရှေ့စံမင်းသား၏ နားတော်သို့ ပေါက်ကြား သွားပါလျှင် သူ့တွင် ပါးစပ် အပေါက်တစ်ရာ ပါလျှင်တောင် ဖြေရှင်းပြနိုင်မည် မဟုတ်ပေ။ ထို့ပြင် သူ့တွင်လည်း သူအာရုံစိုက်ရမည့် ကိစ္စများ ရှိနေသေးသည်။ တော်ဝင်မြို့တော်သို့ သူမရောက် ခဲ့သည်မှာ တော်တော်ကြာပြီဖြစ်ရာ သခင်လေးများစွာနှင့် ဆက်သွယ် တွေ့ဆုံ ရပေဦးမည်။

"အစ်ကိုဝူရွှမ်း ... ဘာလို့ မင်းသမီး ယွင်ဖေးဆီ မသွားတာလဲ ... တခြားသူရဲ့ ငါးမြှားချိတ်မှာ သူမ မပါသွားစေနဲ့"

ထိုအချိန်တွင် ရင်းနှီးနေသော လူယုတ်မာ ပီပီသသ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် စုလောရွှယ် တို့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကြသည်။ သူတို့ ထရပ်လိုက်သော အသားလုံးကြီး တစ်လုံး တလိမ့်လိမ့်နှင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။ စုလောရွှယ် အလောတကြီး မေးလိုက်သည်။

"ချမ်ဝမ်ကွမ် ... မင်းဘာလို့ ဒီရောက်နေတာလဲ ... ကျန်းရီရော ဘယ်မှာလဲ"

ကျန့်ဝူရွှမ်း သည်လည်း အံ့သြတကြီး ပြောလာခဲ့သည်။

"ဖက်တီးချမ် ... မင်း တော်ဝင်မြို့တော်ကို တိတ်တဆိတ် လိုက်လာတယ်လား ... ဘာလို့ ငါ့ဂိုဏ်းရဲ့ ကင်းထောက်က မင်းကို သတိမထားမိ လိုက်တာလဲ ... ကျန်းရီရော မင်းနဲ့အတူ ပါလာလား"

ကျန်းရီ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ထွက်ခွာလာချိန်က သူသတင်း ရလိုက်သည်နှင့် စုလောရွှယ်အား ချက်ချင်း အသိပေးထား ခဲ့သည်။ ဤအချိန်များ အတောအတွင်း ကျန်းရီ၏ မည်သည့် သတင်း အချက်အလက် ကိုမှ မရလေရာ စုလောရွှယ် စိုးရိမ်တကြီး ဖြစ်နေရခြင်း ပါတည်း

"မင်းတို့ အားလုံး ထွက်သွားကြတော့ သင်တန်းကျောင်းမှာ ငါတစ်ယောက်တည်း အရမ်း ပျင်းလာတယ် ... ဒါကြောင့် လျှိုလောင်ကို လိုက်ပို့ခိုင်းလိုက်တာ ... ဟူး ... အရမ်း ပင်ပန်းတာပဲ"

ချမ်ဝမ်ကွမ်သည် သူတို့နှစ်ဦးအား အာရုံမထားဘဲ အဆောင်တွင်း ဝင်လာခဲ့သည်။ သူသည် လက်ဖက်ရည် တစ်ငုံ သောက်ပြီးမှသာ စကား ဆက်လာသည်။

"ကျွန်တော့်ကို ကြည့်မနေကြနဲ့ ... ကျန့်ဝူရွှမ်းရဲ့ လူတွေတောင် အစ်ကိုကြီး ဘယ်မှာရှိမှန်း မသိရင် ကျွန်တော်က ဘယ်လိုသိမှာလဲ ... သူကသူ့ဟာသူ ထွက်လာတာ ... သူရှားနိုင်ငံတော်ကနေ ပတ်သွားပြီး ကျင်းရှန်နိုင်ငံတော် ... အဲကနေမှ တော်ဝင်မြို့တော်ကို အနောက်ဘက်ကနေ ဝင်မယ်လို့ ကျွန်တော် ထင်တယ် ... ဒါပေမယ့် အခုထိတော့ အနောက်ဘက်ကနေ ဘာသတင်းမှ ကျွန်တော် မရသေးဘူး"

"အံ့သြစရာ မရှိတော့ဘူး"

ကျန့်ဝူရွှမ်း ခေါင်းညိတ် လိုက်သည်။ ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ ကင်းထောက်များသည် မြို့တိုင်းတွင် ရှိနေသည်။ ကျန်းရီသာ ရှန်ဝူနိုင်ငံတော် အတွင်း သွားလာနေပါလျှင် သူဘယ်နေရာတွင် ရှိမှန်း ခြေရာတော့ ခံနိုင်မည် ဖြစ်သည်။

"ရှားနိုင်ငံ ... ကျင်းရှန်နိုင်ငံ ... သူဒီလောက် ခရီးရှည်ကြီး သွားတယ် ... အန္တရာယ် အရမ်း များတယ် ... သူတစ်ယောက်တည်း အဆင်ပြေပါ့မလား"

စုလောရွှယ်၏ မျက်လုံးများတွင် စိုးရိမ်မှုများ ဖုံးလွှမ်း နေခဲ့ပြီး သူမ၏ ဝတ်ရုံစအား တင်းတင်း ဆုပ်ကိုင် ထားမိလေသည်။ သူမ၏ နှလုံးမှာလည်း အခုန်မြန်လာ သောကြောင့် လှပသော ကောက်ကြောင်းများ ပေါ်လွင်နေခဲ့သည်။

"ဆရာမစု ...  အစ်ကိုကြီး အတွက် ဒီလိုစိုးရိမ်မှုတွေ အရင်တုန်းက ကျွန်တော် ဘာလို့ မတွေ့မိတာလဲ"

ချမ်ဝမ်ကွမ်သည် မျက်လုံးများ ပိတ်သွားသည် အထိ ရယ်လိုက်သည်။

"အစ်ကိုကြီး မင်းတို့ကို လိုက်ပို့တုန်းက မင်းသူ့ကို တစ်ချက်တောင် မကြည့်ခဲ့တာ ကျွန်တော် မှတ်မိ နေပါသေးတယ်”

"ထွက်သွား"

စုလောရွှယ်သည် ရှက်ရွံသွားကာ ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး စကား ပြောလိုက်သည်။

"မင်းနောက်တစ်ခါ ထပ်ပြီး စနောက်ရင် ငါ မင်းရဲ့ အဆီတွေကို တစ်လွှာချင်း မခွာဘူးလို့ မထင်လိုက်နဲ့"

"ကျွန်တော် မှားသွားတယ်ပဲ ထားလိုက်ပါ ... ဒါကြောင့် ကျောင်းယင် တည်းခိုခန်းက အစားအသောက်တွေ တောင်းပန်တဲ့ အနေနဲ့ ကျွေးပါ့မယ်"

ချမ်ဝမ်ကွမ်သည် နောက်ဆုတ်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

"ကျောင်းယင် တည်းခိုခန်း ... နေရာကောင်းပဲ"

ကျန့်ဝူရွှမ်း၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ ထိုနေရာသည် တော်ဝင်မြို့တော်၏ အခမ်းနား ဆုံးသော နေရာဖြစ်ပြီး ဘယ်အရာနှင့်မှ နှိုင်း၍ မရပေ။

ဤအဆောင်အတွင်း တစ်မနက်လုံး ထိုင်နေသည် ဖြစ်ရာ စုလောရွှယ်သည်လည်း ပျင်းနေပြီ ဖြစ်သည်။ သူမသည် ခေါင်းညိတ်ကာ မျက်နှာကို ပုဝါစတစ်ခု ဝတ်ဆင် ကာကွယ်လိုက်သည်။ ကျန့်ဝူရွှမ်းသည် အခန်းထဲတွင် ကျင့်ကြံနေသော ကျန့်လင်းအာကို ခေါ်ထုတ်ကာ လေးယောက်သား ထွက်လာ ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့အား နှုတ်ဆက်ကြသူ အမြောက်အများ ရှိလေသည်။ ထိုသူများသည် အရေးပါသူများ မဟုတ်ကြလေရာ နှစ်ယောက်လုံးသည် ယဉ်ကျေးမှုအရ ခေါင်းသာ ညိတ်ပြကြလေသည်။ သူတို့ ယင်းလုံ အိမ်တော်၏ အရှေ့သို့ ရောက်သော အခါ တံခါး အပြင်ဘက်တွင် ဆူဆူညံညံ ဖြစ်နေကြသောကြောင့် အံ့အား သင့်သွားကြလေသည်။ တည်းခိုခန်း၏ အစောင့်များသည် တစ်ယောက်ယောက်နှင့် တိုက်ခိုက် နေကြဟန် တူလေသည်။

"မင်းလို ပမွှားကောင်လေးက ဘယ်လိုလုပ်ပြီး အတင့်ရဲနေတာလဲ ... ဒါဘယ်လို နေရာမျိုးဆိုတာ မင်းမမြင်ဘူးလား ... မင်းလို သူတောင်းစား တစ်ယောက်က ဝင်နိုင်မှာလား ... အတား ခံနေရတာတောင်မှ အကြမ်းဖက်ပြီး ဝင်သွားချင်သေးတယ် ... ဟားဟား ... မင်းသေချင် နေတယ်လို့ ငါထင်တယ် ... သူ့ကိုရိုက်ကြ"

တုတ်များ ကိုင်ဆောင်ထားကြသော အစောင့်ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်သည် ထိုမျက်နှာဖုံး တပ်ထားသော စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများနှင့် ညစ်ပတ် ပေရေနေသည့် လူအား ဝိုင်းလိုက်ကြသည်။ ဘေးရှိ စားပွဲထိုး တစ်ယောက်သည်  ပါးစပ်မှ မရပ်မနား ဆဲရေး နေလေည်။ တည်းခိုခန်း အတွင်း တည်းခိုနေကြသော ဖြတ်သွားဖြတ်လာ လူများသည် လှောင်ပြောင်လိုသော အမူအရာတို့နှင့် ဝိုင်းကြည့် နေကြလေသည်။

အဝိုင်းခံနေရသော သူရူးသည် ဒေါသတကြီး မျက်လုံးများ ရှိနေသော်လည်း အချိန်မရွေး လဲကျသွားမည့်ပုံ ပေါက်နေလေသည်။ သူသည် သူ့အား ခွေးတစ်ကောင် ကဲ့သို့ သဘောထား နေကြသော လူများအား ကြည့်လိုက်သည်။ အစောင့်တစ်ယောက်သည် တုတ်အား လွှဲလိုက်သည်ကို သူမြင်သောအခါ မည်သည့်စကားမှ မဆိုတော့ပဲ ခြေကိုမြှောက်၍ စားပွဲထိုးအား လွင့်စဉ်သွားအောင် ကန်ထုတ် လိုက်တော့သည်။ ထို့နောက် အလွန်တရာ အေးစက်စွာ ပြောလိုက်သည်။

"မင်းတို့ တည်းခိုခန်း ပိုင်ရှင်ကို ထွက်လာခိုင်းလိုက် ... ဒီသခင်လေးက ဒီတည်းခိုခန်းကို ဝယ်မယ်"

"ဝှစ် ... ဝှစ် ... ဝှစ်"

ချမ်ဝမ်ကွမ်နှင့် သူတို့အုပ်စုသည် အစက တစ်ချက်သာ လှည့်ကြည့်ကြပြီး အခြား တံခါးပေါက်မှ ထွက်ရန် ပြင်နေကြသည်။

သူတို့ ထိုအသံအား ကြားလိုက်ကြသော အခါ ဆတ်ခနဲ ဖြစ်သွားကြလေသည်။ မျက်လုံး လေးစုံသည် ထိုသူရူးအပေါ် ကျရောက်သွားခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် ပြေးသွား ကြတော့သည်။  နှစ်ယောက်သားသည် ထိုင်ခုံနှစ်လုံးကို ကောက်ယူလိုက်ကြပြီး စကား တစ်ခွန်းမှ မဆိုဘဲ တိုက်ခိုက်ရန် ပြင်နေသော အစောင့်များ၏ ခေါင်းထက် ရိုက်ချလိုက်ကြသည်။

စုလောရွှယ်နှင့် ကျန့်လင်းအာသည် နေရာတွင်ပင် ရပ်နေခဲ့ကြသည်။ သူတို့၏ လှပသော မျက်လုံးများသည် ယိုင်နဲ့သောကိုယ်နှင့် သူတောင်းစားပုံ ပေါက်နေသော သူရူးအား ကြည့်လိုက် ချိန်တွင် သူတို့၏ ကိုယ်များ တုန်ယင်လာကြသည်။ သူတို့ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာခဲ့ပြီး နှာခေါင်း တရှုံ့ရှုံ့ ဖြစ်လာခဲ့လေသည်။

*****

All Chapters