၀တ်စုံနီနှင့်အမျိုးသမီး
Vol. 97 Ch. 1365
လမ်းကြောင်းအပြင်ဘက်တွင် သူတို့အုပ်စုက ကျယ်ပြန့်သည့်သင်္ချိုင်းဂူအခန်းတစ်ခန်းထဲ ရောက်လာကြသည်။
ဤသင်္ချိုင်းခန်းအလွှာ၌ အနုစိတ်ဆင်ယင်ခြယ်သထားခြင်းမရှိဘဲ လှေကားထစ်ရာချီပါ၀င်သည့် စင်မြင့်တစ်ခုတည်းသာရှိသည်။
စင်မြင့်ထိပ်တွင် ဧရာမခေါင်းတလားကြီးတစ်ခုရှိသည်။
ခေါင်းတလားပတ်လည်၌ သားရဲကြီးလေးကောင်ဖြစ်သည့် အဇူရာနဂါး၊ ကျားဖြူ၊ လိပ်နက်နှင့် ဗာမီလီယန်မီးငှက်တို့၏ ရုပ်တာများရှိပြီး အသက်ရှိနေသည့်အလား အသက်၀င်စွာ ထွင်းထုထားပြီး ထိတ်လန့်ဖွယ်ရာဖိအားတစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
လူအုပ်စုကြီးက သံကြိုးများနှင့် တင်းကျပ်စွာ ချည်ထားသည့် ခေါင်းတလားကြီးအား လေးနက်သည့်အမူအရာများဖြင့် ကြည့်နေကြသည်။
၎င်းကိုငေးကြည့်ရုံမျှနှင့် သူတို့အပေါ် ဧရာမဖိအားတစ်ခု ဆင်းသက်လာသည့်အလားပင် ခံစားရသည်။
တန်နင်း လေးနက်သည့်အသံဖြင့်ပြောသည်။
"အဲဒါသေဆုံးခဲ့တာ နှစ်တစ်သန်းရှိနေပြီဖြစ်သလို ဒီခေါင်းတလားအောက်မှာ အချိန်အကြာကြီး ဖိနှိပ်ခံထားရတယ်၊ ဒါတောင် ဒီလိုအားကောင်းတဲ့ ဖိအားကို ထုတ်လွှတ်နေတုန်းပဲ၊ အသက်ရှင်တုန်းကဆိုရင် ဘယ်လောက်တောင် အစွမ်းထက်မလဲ"
မည်သူမှ အဖြေမပေးခဲ့ပေ။
ဘယ်သူမှလည်း ဒီအဖြေကို မပေးနိုင်ကြ။
ဒါက ခေးအောစ့်နတ်မင်းဆက်က တစ်ခါက ဘယ်လောက်ထိ အားကောင်းခဲ့သလဲဆိုတာကို သက်သေပြနေသည်။ အသေးအနုမင်းသားတိုင်းပြည်တစ်ခုပင်လျှင် အလွန်ကြောက်စရာကောင်းနေသည်။
ဤနေရာ၏အသွင်အပြင်ကို ကြည့်ရ့ါက ဒါက အဓိကသင်္ချိုင်းခန်းမဟုတ်ပေ။ မင်းသား၏ လက်အောက်ငယ်သားများကပင် ယခုလိုစွမ်းအားကို ပိုင်ဆိုင်ပါက မင်းသားကိုယ်တိုင်ကရော!
လူတိုင်းသူတို့နှလုံးသားများ နစ်၀င်သွားသလိုပင် ခံစားရပြီး တစ်ချိန်တည်းမှာပင် သူတို့ကိုယ်ထဲ၌ ကြီးမားသည့် လောဘတစ်ခု လောင်ကျွမ်းနေသည်။
ယခုလိုစွမ်းအားရှိသည့်လူတစ်ယောက်က ဤတော်၀င်သင်္ချိုင်းဂူအတွင်း မရေမတွက်နိုင်လောက်သည့် အမွေအနှစ်များနှင့် ရတနာများကို သေချာပေါက်ချန်ထားခဲ့ရမည်သာ။
ဤအခိုက်အတန့်မှာပင် ရှားယွန်ရှန်းရုတ်တရက်ပြောသည်။
"ဒါမှာ အမွေအနှစ်ပစ္စည်းတွေရှိတာသေချာတယ်၊ ပြီးတော့ ရှေ့ကတင်းတင်းပိတ်ထားတဲ့တံခါးကို ကြည့်ရမယ်ဆိုရင် ငါတို့ရှေ့ဆက်ဖို့အတွင် အမွေအနှစ်ပစ္စည်းကို ရယူဖို့ လိုကောင်းလိုမယ်"
အားလုံး၏မျက်လုံးက ရှားယွန်ရှန်းညွှန်ပြသည့်နေရာဘက်သို့ရောက်သွားသည်။
ရှားယွန်ရှန်းဆက်ပြောသည်။
"အနီးတစ်ဝိုက်မှာပစ္စည်းတွေမရှိတာကို ထောက်ဆကြည့်ရမယ်ဆိုရင် အမွေအနှစ်ပစ္စည်းက အဲဒီစင်မြင့်ပေါ်က ခေါင်းတလားနဲ့ ဆက်စပ်နေလောက်တယ်"
"ဒီတော့ဘာဖြစ်လဲ" ရှားယွန်ရှန်း သဘောတူစရာအကြံပြုချက်တစ်ခုပေးနေသည်ဟုမခံစားရသဖြင့် တန်နင်းအနည်းငယ် မျက်ခုံးကျုံ့လိုက်သည်။
ရှားယွန်ရှန်း နှာခေါင်းရှုံ့ကာ ကြယ်စွမ်းအားကို ပြန်ပြည့်လာစေရန်အတွက် ကမ္မဌာန်းထိုင်နေသည့် ရှီရှန်းအားကြည့်ပြီးပြောသည်။
"ဒီတော့ ငါတို့အဲဒီခေါင်းတလောင်းဆီကို တစ်ယောက်ယောက်ကို စေလွှတ်ရမယ်၊ ဒီတော့ တစ်ယောက်ယောက်က ဂူသင်္ချိုင်း၀င်ပေါက်ထဲမှာ ကြိုးစားအားထုတ်မှုအများကြီးမလုပ်ခဲ့တော့ သူ့ကိုလွှတ်ပေးတာကပဲ ပိုမျှတရာကျမယ်လေ၊ ဟုတ်တယ်မလား"
ရှားယွန်ရှန်း၏အကြည့်နှင့်အတူ လူတိုင်း ကမ္မဌာန်းထိုင်နေသည့် ရှီရှန်းအား ကြည့်လိုက်ကြသည်။
ဖန်ချန်း၏အမူအရာက မည်းမှောင်သွားသည်။
သို့စေကာမူ တန်နင်းဒေါသတကြီးရယ်မောသည်။
"ရှားယွန်ရှန်း၊ မင်းမျက်စိကန်းနေတာလား၊ ငါတို့အတွက် ယန္တရားကိုရှာဖို့ ရှီရှန်းသာ သူ့စွမ်းအားကို မသုံးခဲ့ဘူးဆိုရင် ငါတို့ အဲဒီဂူသင်္ချိုင်းလမ်းကြောင်းထဲမှာ ပိတ်မိနေလောက်ပြီ"
ရှားယွန်ရှန်းအေးစက်စွာ ပြန်လည်ရယ်မောရင်း တုံ့ပြန်သည်။
"ယန္တရားကိုရှာဖို့ဆိုတာက အချိန်တစ်ခုပဲလိုတာ၊ ဒါပေမယ့် အဲဒီပိုးကောင်တွေကို တိုက်ခိုက်တုန်းက သူဘာလုပ်နေခဲ့လဲ၊ ဒါဆို အဲဒီလူသုံးဆယ်ကျော်ရဲ့ သေဆုံးမှာကိုရော ဘယ်လိုထင်လဲ"
"မင်း......"
ရှိနေသောသူအားလုံးက တိတ်ဆိတ်နေကြပြီး အခြေအနေရပ်အားဂရုမစိုက်ကြပေ။
သို့သော် ရှားယွန်ရှန်းက တစ်ယောက်ယောက်ကို အမြောက်ဆံအဖြစ် ထိုးကျွေးရန်အတွက် အဓိပ္ပာယ်မရှိသည့် ဆင်ခြေတစ်ခုကို သုံးနေတာကို သူတို့အားလုံးသိကြသည်။
ခေါင်းတလားက သေချာပေါက်အန္တရာယ်များတာကို လူတိုင်းသိကြသဖြင့် မည်သူမှ အမြောက်ဆံတစ်ခုမဖြစ်ချင်ကြပေ။ ထို့ကြောင့် သူတို့နှင့်မဆိုင်ဘူးဆိုပါက ဘေးကနေ စောင့်ကြည့်ရုံနှင့် သူတို့အဆင်ပြေသည်။
ဝိဉာဉ်အနှစ်သာရကျောင်းတော်နှင့် နဂါးကိုးကောင်နတ်မင်းဆက်ကလူများကသာ ရှားယွန်ရှန်းအား ဒေါသတကြီးစိုက်ကြည့်ကြသည်။
ထိုအချိန်မှာပင် ရှီရှန်းမျက်လုံးများကို ဖွင့်လာပြီး ရှားယွန်ရှန်းအား ထူးမခြားနားစွာ ကြည့်ရင်းပြောသည်။
"မင်းရဲ့ဆင်ခြေက အတော်လေးညံ့ဖျင်းတာကိုတော့ ၀န်ခံသင့်တယ်"
ဤတဒင်္ဂ၌ ရှီရှန်းကိုယ်ထဲက ကြယ်စွမ်းအားက ပြန်လည်ကောင်းမွန်လာပြီး သူဖြည်းဖြည်းချင်းထရပ်ကာ ရှားယွန်ရှန်းအား စိုက်ကြည့်သည်။
"ဒီလှည့်ကွက်က အခုအလုပ်ဖြစ်မယ်လို့ မင်းထင်လား"
ရှားယွန်ရှန်းခေါင်းခါယမ်းသည်။
"ရိုးရိုးရှင်းရှင်းပြောရရင် ဒါက တကယ်အသုံးမ၀င်ဘူး၊ ဒါပေမယ့် ငါမင်းကို စွမ်းအားနဲ့ တွန်းအားပေးမယ်ဆိုရင်ရော"
ထိုသို့ပြောနေစဉ် ရှားယွန်ရှန်း၏ကိုယ်မှ ဘိုးဘေးနယ်ပယ်၏ နက်ရှိုင်းကြီးမားသည့်ဖိအားကို ထုတ်လွှတ်လာပြီး ရှီရှန်းအား တိုက်ရိုက်ဦးတည်လိုက်သည်။
ရှီရှန်းကြယ်စွမ်းအားကို ထုတ်လွှတ်ရန် ပြင်ဆင်နေစဉ် တန်မင်းရှေ့တိုးလာပြီး ရှီရှန်းရှေ့တွင်ရပ်လိုက်၏။ ထို့နောက် ဘိုးဘေးနယ်ပယ်စွမ်းအားကို ထုတ်လွှတ်ရင်း ဖိနှိပ်အားကို လုံး၀ပိတ်ဆို့ပစ်သည်။
"ရှားယွန်ရှန်း၊ ငါ့ရဲ့ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ဘယ်သူမှမရှိတော့ဘူးလို့ မင်းထင်နေတာလား" တန်နင်း ရှားယွန်ရှန်းကို အေးစက်စွာစိုက်ကြည့်သည်။
"မင်းတို့လုပ်ရဲတယ်ဆိုရင် မင်းတို့ရဲ့သဲပင်လယ်ဂိုဏ်းက ဒီကန္တာရကနေ ထွက်သွားရဲတယ်ဆိုရင် ဝိဉာဉ်အနှစ်သာရကျောင်းတော်က မင်းတို့ကို ကမ္ဘာမြေအဆုံးနဲ့ ပင်လယ်အစွန်းထိ လိုက်သတ်မယ်ဆိုတာ ငါအာမခံနိုင်တယ်"
"ဟားဟားဟား၊ ဒီလိုခြိမ်းခြောက်မှုတွေက ငါတို့အတွက် အသုံး၀င်မယ်ထင်လား" ရှားယွန်ရှန်း ရယ်မောကာလှောင်ပြောင်လိုက်၏။
"ဒါ့အပြင် အဲဒီပြင်ပအင်အားစုတွေရော ဒီကလူတွေကိုပါ သူတို့ငါ့အဆိုပြုချက်ကို သဘောတူလားဆိုတာကို မေးကြည့်လိုက်လေ"
တန်နင်းလူများကိုလှည့်ပတ်ကြည့်လိုက်စဉ် ဝိဉာဉ်အနှစ်သာရကျောင်းတော်နှင့် နဂါးကိုးကောင်နတ်မင်းဆက်က လူများအပြင် တခြားလူတိုင်း၏အကြည့်က ရှီရှန်းအပေါ် ကျရောက်နေသည်။
ဒါကတန်နင်း၏နှလုံးသားကို လေးလံသွားစေသည်။
ပြင်ပအင်အားစုများက ကန္တာရအင်အားစုများနှင့် ညှိနှိုင်း၍မရဟုဆိုကြသည်။
သို့သော်ယခုလိုအခြေအနေမျိုးကို ရင်ဆိုင်ရသောအခါ သူတို့တစ်ခြားတစ်ဖက်ကို ထောက်ခံနေဆဲပင်။
ဒါက ခေးအောစ့်နယ်မြေဖြစ်သည်။
ရှားယွန်ရှန်းပါးစပ်ဟကာ တစ်ခုခုဆက်ပြောတော့မည့်အချိန် ပထမစကားလုံး မထွက်လာသေးခင်မှာပင် သူ့အကြည့်က အလွန်ကြောက်စရာကောင်းပုံရသည့် အရာတစ်ခုကြောင့် ကြက်သေသေသွား၏။ ပါးစပ်ပိတ်ရင်း သူခေါင်းမော့ကာ စင်မြင့်ရှိရာဘက်သို့ကြည့်လိုက်လေရာ သူ့မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားပြီး ကိုယ်ခန္ဓာက အထိန်းအချုပ်မဲ့စတင်တုန်ယင်လာသည်။
တခြားသူများကလည်း ရှားယွန်ရှန်း၏ ပုံမှန်မဟုတ်သည့်အပြုအမူကို သတိထားသဖြင့် သူ့အကြည့်အတိုင်း လိုက်ကြည့်ရင်း ဘာဖြစ်နေသလဲဆိုတာ မေးကြ၏။
"မင်းဘာဖြစ်နေတာလဲ......"
ထိုစကားလုံးများကျလာသည်နှင့်တစ်ပြိုင်နက် ပြောလိုက်သောသူ၏မျက်နှာအရောင်က တဖြည်းဖြည်းထိတ်လန့်မှုနှင့်အတူ တောင့်တင်းသွားသည်။
တစ်ယောက်က ဆယ်ယောက်ကိုတီးတိုးပြောပြီး ဆယ်ယောက်က တစ်ရာကိုပြောလိုက်သည်။
တဖြည်းဖြည်းလူတိုင်း၏မျက်လုံးများက စင်မြင့်ပေါ်သို့ကျရောက်သွားကြ၏။
ရှီရှန်းနှင့်ဖန်ချန်းတို့ကလည်း လေးနက်သွားကြသည်။
ခေါင်းတလားအထက်က စင်မြင့်ပေါ်၌ ဧရာမခေါင်းတလားကြီး၏ သံကြိုးများကို မဖြေရသည့်တိုင် အနီရောင်၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ခေါင်းတလားပေါ်၌ ထိုင်နေပြီး ခြေချင်းချိတ်ထားကာ တံတောင်ဆစ်က ပေါင်ကို ထောက်ရင်း ခါးကိုအနည်းငယ်ကိုင်းပြီး လက်ဖဝါးနှင့် မေ့စေးကို ထောက်ထားသည်။ သူမက သူတို့အား ပုရွက်ဆိတ်များအား ကြည့်နေသည့်မလား စိတ်ဝင်တစားကြည့်နေသည်။
"အာ၊ ငါ့ကိုဘာလို့ကြည့်နေကြတာလဲ၊ ဆက်တိုက်ကြ၊ ဆက်တိုက်ကြ၊ ငါဒီလိုပြပွဲကောင်းတစ်ခုကို မမြင်ရတာ နှစ်တစ်သန်းရှိနေပြီ၊ အခုနင်တို့ရပ်ရဲတာလား"
၀တ်စုံနီနှင့်အမျိုးသမီးက မည်သည့်အော်ရာကိုမှ မထုတ်လွှတ်ထားပေ။ သူမ၏ ၀တ်စုံနီက သွေးကဲ့သို့တောက်ပနေပြီး ပုံမှန်အခြေအနေများ၌ ဆိုပါက သူမ၏ အံ့ဖွယ်၊ ညို့ယူဖမ်းစားနေသည့်အသွင်အပြင်က မရေမတွက်နိုင်လောက်သည့် စစ်သည်များကို သူမ၏အလှတရားကြောင့် ဝိဉာဉ်ဆုံးရှုံးသွားအောင်ပင် လုပ်ပစ်နိုင်သည်။
သို့စေကာမူ လက်ရှိအခြေအနေတွင် မည်သူမှ သူမ၏ညို့ဓာတ်များကို သဘောကျခံစားနိုင်ခြင်းမရှိဘဲ သူတို့ကျောရိုးတစ်လျှောက် အေးစိမ့်နေတာကိုသာ ခံစားရပြီး သူတို့ခန္ဓာများက ချက်ချင်းဆိုသလို ချွေးအေးများနှင့် စိုရွှဲသွားကြ၏။
သူဘယ်တုန်းကပေါ်လာတာလဲ!
ပြီးတော့ဘယ်နေရာကလဲ!
လူတိုင်း၏အကြည့်က ခေါင်းတလားပေါ် ကျသွားကြသည်။ သံကြိုးများကို မဖွင့်ရသေးသည်မှာ သိသာထင်ရှားနေသည်။
၀တ်စုံနီအမျိုးသမီး၏အကြည့်အောက်တွင် လူတိုင်းအေးခဲနေကြပုံရပြီး ကြိုးစားကြလျှင်ပင် သူတို့ကိုယ်ခန္ဓာများကို မလှုပ်ရှားနိုင်ကြပေ။
သူတို့မျက်လုံးအိမ်များကို လှည့်ရုံသာ တတ်နိုင်ကြသည်။
၀တ်စုံနီအမျိုးသမီးက ခြေဗလာနှင့် ကြမ်းပြင်ပေါ်သို့ဆင်းပြီး စင်မြင့်ထက်ကနေ တစ်လှမ်းချင်းလျှောက်လာနေရင်း ပြောသည်။
"အာ၊ ငါသက်ရှိတွေကို မမြင်ရတာတောင် နှစ်တစ်သန်းကြာသွားပြီ၊ နင်တို့ဘာလို့ လှုပ်ရှားနေတာကို ရပ်လိုက်ကြတာတုန်း၊ ဒီလိုဆိုပျော်ဖို့မကောင်းတော့ဘူး၊ ပျော်ဖို့မကောင်းတော့ဘူးဆိုရင်တော့ နင်တို့သေရုံပဲ ရှိတော့တယ်"
ထိုသို့ပြောပြီးနောက် ၀တ်စုံနီအမျိုးသမီး ချက်ချင်းဆိုသလို ခြေလှမ်းရာချီအထိ ဆင်းလာပြီး ပြင်ပအင်အားစုများမှ ပါရမီရှင်တစ်ဦးရှေ့သို့ရောက်လာကာ သူမ၏ သွေးရောင်လက်သည်းက ထိုပါရမီရှင်၏ နဖူးကို ညင်သာစွာထိမိသည်။
ထိုစဉ် သူမလက်သည်းက ထိုပါရမီရှင်၏ အလွန်အမင်းကြောက်ရွှံ့နေသည့် အကြည့်အောက်တွင် အတားအဆီးမရှိ နဖူးအား ထိုးဖောက်သွားလေရာ သူ့ပါးစပ်က ပြူးကျယ်စွာ ပွင့်ဟသွားသော်လည်း အသံမထွက်လာခဲ့ပေ။
နောက်ဆုံးတွင် သူ့ဝိဉာဉ်စွမ်းအားအမျှင်စများက ၀တ်စုံနီအမျိုးသမီး၏လက်သည်းထဲတွင် ရစ်ပတ်လာပြီးနောက် ဆွဲထုတ်ခံလိုက်ရသည်။
ထို့နောက် သူမပါးစပ်ထဲထည့်ကာ လက်သည်းများအား စုပ်ပြီး နှုတ်ခမ်းများအားလျက်ကာ ပြောလိုက်၏။
"အားး၊ အရမ်းအရဿာရှိတာပဲ"