၀တ်စုံနီအမျိုးသမီး၏ ထိတ်လန့်မှု၊ အစီအရင်ဝိဉာဉ်တစ်ခုဖြစ်လာတာလား
Vol. 97 Ch. 1367
မည်သူကမှ သူတို့အပေါ် ရန်လိုစိတ်အပြည့်အ၀ထားရှိသူတစ်ယောက်ကို ကူညီရန်အတွက် ဆန္ဒရှိမည်မဟုတ်။
ဒါ့အပြင် ရှားယွန်ရှန်း၏ အရင်သဘောထားကို ကြည့်ပါက ရန်လိုနေရုံတင်မက သူက ရှီရှန်းကို သေခြင်းတရားဆီသို့ ပို့ဆောင်ချင်နေသည်ဟုလည်း ပြောနိုင်သည်။
ဖန်ချန်းပင်လျှင် ယခုလိုလူတစ်ယောက်ကို မကယ်တင်နိုင်ပေ။
ဒါကခေးအောစ့်နယ်မြေဖြစ်သည်။
အကျိုးစီးပွားများက အရေးပါပြီး အကျိုးအမြတ်အတွက် ဘာမဆိုလုပ်နိုင်သည့် နေရာတစ်ခုပင်။
သူ့ကိုအသက်ရှင်ခွင့်ပေးပြီး အရေးပါသောအချိန်တွင် နောက်ကျောကို ဓားနှင့် ထိုးခွင့်ပေးရမည်လား။
ဖန်ချန်း၏စကားလုံးများကို ကြားသောအခါ ဘေးက တန်နင်း အပြုံးတစ်ပွင့်ကို ဖော်ပြရင်း ဖန်ချန်းပခုံးကိုပုတ်လိုက်၏။
"ကြည့်ရတာ မင်းခေးအောစ့်နယ်မြေရဲ့ နည်းလမ်းတွေနဲ့ ကိုက်ညီနေပြီပဲ"
ရှားယွန်ရှန်း၏မျက်သူငယ်အိမ်များက လက်စားချေချင်သည့်အရောင်နှင့်အတူ တောက်ပနေသည်။
ခေါင်းကိုမလှည့်နိုင်သဖြင့် သူ့မျက်လုံးအိမ်များက ဖန်ချန်းရှိရာသို့ အာရုံစိုက်နေသည့်တိုင် သူတို့အားမမြင်နိုင်ပေ။
ဤကဲ့သို့စွမ်းအားကင်းမဲ့ပီ့း သေခြင်းတရားက မလွှဲဧကန်လာရောက်တော့မည့် ခံစားချက်က အစွန်းဖျား၌ နေထိုင်ခြင်းကို ကျင့်သားရနေပြီဖြစ်သည့် ရှားယွန်ရှန်းကဲ့သို့ လူတစ်ယောက်ကိုပင် ကျိူးပျက်သွားသည့် အနေအထားထိ နီးစပ်သွားစေရန် လုံလောက်သည်။
၀တ်စုံနီအမျိုးသမီး ပါးစပ်လေးကိုဖုံးကာ သဘောကျစွာရယ်မောသည်။
"နင်ကတကယ်ပျော်စရာကောင်းသားပဲ"
ထို့နောက်သူမ၏လက်ချောင်းထိပ်က ရှားယွန်ရှန်း၏နဖူးကို ညင်သာစွာထိလိုက်၏။ သူ့၏ကြောက်ရွှံ့နေသည့်အကြည့်အောက်တွင် တောက်ပစွာနီရဲသည့်လက်ချောင်းထိပ်က သူ့မျက်ခုံးကြားသို့ ထိုးဖောက်သွားတာကိုသာ အားကိုးရာမဲ့စွာ ကြည့်နေနိုင်သည်။ သူ့ဝိဉာဉ်အား ဆက်လက်စုပ်ယူခံရသောအခါ သူ့မျက်လုံးများက အပေါ်သို့ လိမ့်တက်သွား၏။
သူ့ကိုယ်ပေါ်က သွေးကြောများက ပေါက်ကွဲထွက်တော့မည့်အလား ပြင်းထန်စွာ ထိုးထွက်နေသည်။
သူသေဆုံးခဲ့သည်အထိ မလှုပ်ရှားနိုင်ခဲ့တာ အမှန်တကယ်၀မ်းနည်းစရာပင်။
သဲပင်လယ်ဂိုဏ်း၏ ခေါင်းဆောင်ငယ်တဖြစ်လဲ ကန္တာရဒေသမှ ထိပ်တန်းပါရမီရှင်တစ်ဦးက ဤနေရာ၌ ယခုလိုသေဆုံးသွားရသည်။
ဒါကလူတိုင်းကိုသက်ပြင်းချစေသည်။
သို့သော် ပိုအားကောင်းလာရန်အတွက် အသက်အန္တရာယ်ရှိသည့် လျှို့ဝှက်နယ်မြေများစွာကို ဖြတ်သန်းရမည်ဖြစ်ကာ သေခြင်းတရား၏ ရုန်းကန်မှုများစွာကိုလည်း ကျော်လွှားရပေမည်။ မည်မျှပင်ပါရမီရှိနေပါစေ၊ မည်မျှပင် အားကောင်းနေပါစေ၊ ယခုလိုအခြေအနေများတွင် ခုခံနိုင်စွမ်းကင်းမဲ့နေဆဲပင်။
ပါရမီ၊ ခွန်အား၊ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှု၊ ဇွဲသတ္တိနှင့် ကံကောင်းမှု၊ အစရှိသည့် အရာတစ်ခုမှ ချို့ယွင်းနေ၍မရပေ။
သို့စေကာမူ တခြားသူများကို ထိခိုက်စေခြင်းက နောက်ဆုံးတွင် မိမိကိုယ်ကို ထိခိုက်စေမည်သာ။ တခြားသူများကို ထိခိုက်အောင်လုပ်ရန်အတွက် စဉ်းစားခဲ့ပါက အကျိုးဆက်များကိုလည်း ရင်ဆိုင်ရန်အတွက် ပြင်ဆင်ထားသင့်ပေသည်။
၀တ်စုံနီအမျိုးသမီး ဖန်ချန်းရှိရာဘက်သို့ ကြည့်ပြီးနောက် သူမပုံရိပ်က မည်သည့်အသံမှမထွက်ဘဲ သူ့ရှေ့ဖြည်းဖြည်းလေး မျောလွင့်လာကာ တစ္ဆေသရဲပမာ ရောက်လာသည်။ ရှိနေသောသူအားလုံးပင်လျှင် အချိန်မီတုံ့ပြန်နိုင်စွမ်းမရှိဘဲ နောက်ဆုတ်လိုက်မိကြသည်။
သို့သော် ဖန်ချန်းနှင့်ရှီရှန်းတို့ကမူ မူလနေရာ၌ ရပ်နေကြသေးသည်။
၀တ်စုံနီအမျိုးသမီးက ဖန်ချန်းမျက်နှာအား သူမလက်နှင့် ညင်သာစွာပွတ်သပ်နေရင်း ဆွဲဆောင်မှုရှိသည့်အသံဖြင့်ပြောသည်။
"တကယ်ကို အတော်လေးစိတ်၀င်စားစရာပဲ၊ နင်ချိုးဖျက်လွတ်မြောက်နိုင်သရွေ့ မသေဘူးလို့ ငါပြောခဲ့ပေမယ့် ငါနင့်ကို အလွှတ်မပေးချင်ဘူး၊ နင်ထွက်သွားမယ်ဆိုရင် ငါထပ်ပြီးပျင်းသွားလိမ့်မယ်၊ ငါဘာလုပ်သင့်လဲ"
စကားပြောနေစဉ် ၀တ်စုံနီအမျိုးသမီး၏ လက်ချောင်းထိပ်က ဖန်ချန်း၏နဖူးကို ထိလိုက်၏။
"နင်မထွက်သွားရင်ရော၊ ဒီမှာနေပြီး ငါ့ကိုအဖော်ပြုပေးလေ၊ ရလား"
တန်နင်း နောက်ကနေအော်ဟစ်သည်။
"ဖန်ချန်း၊ ပြန်လာခဲ့"
၀တ်စုံနီအမျိုးသမီးစိုက်ကြည့်လိုက်စဉ် တန်နင်း၏ကိုယ်က ရုတ်တရက် မြေငလျင်တစ်ခုကို ခံစားလိုက်ရသည့်အလား၊ အကြောက်တရားထဲ ကျသွားသည့်အလား တုန်ယင်သွားပြီး မျက်သူငယ်အိမ်များက ကျုံ့သွားသည်။
အသက်ရှုကြိမ်ရေတစ်ကြိမ်အတွင်းမှာပင် သူကြောက်စိတ်ထဲကနေ လွတ်မြောက်လာသဖြင့် ကြမ်းပြင်၌ လက်နှစ်ဖက်ထောက်ကာ ဒူးထောက်ရင်း အသက်ပြင်းပြင်းရှူနေစဉ် ချွေးအေးများပင် စီးကျလာသည်။
"ငါနဲ့တခြားသူတွေစကားပြောနေတာကို ကြားမဖြတ်နဲ့၊ မဟုတ်ဘူးဆိုရင် နောက်ထပ် အသက်ရှူကြိမ်ရေအနည်းငယ်အတွင်းမှာ နင့်တာအိုနှလုံးသားပျက်စီးသွားနိုင်တယ်" ၀တ်စုံနီအမျိုးသမီး အပြုံးဖြင့် ပြောပြီး တန်နင်းအားကြည့်ပြီးနောက် ဖန်ချန်းအား ပြန်လည်အာရုံစိုက်ကာ မေးသည်။
"ဒီတော့ နင့်ဆုံးဖြတ်ချက်ကဘာလဲ"
လူအုပ်စုကြီးက ဤမြင်ကွင်းကို လေးနက်သည့်အမူအရာများဖြင့် စိုက်ကြည့်နေကြပြီး သူတို့လည်မြိုများက ကြောက်ရွံ့စွာ ရွေ့လျားနေကြ၏။
ဒါကကြောက်စိတ်နိယာမဖြစ်လောက်သည်။
မဟာတာအိုသုံးထောင်အတွင်း တာအိုနိယာမ၏ ထူးခြားသောစွမ်းအားမျိုးစုံကို ပြောင်းလဲနိုင်သည်။
ယခုလိုညို့ဓာတ်နိယာမနှင့် ကြောက်စိတ်နိယာမတို့ကို ဖြစ်စေခြင်းဖြစ်သည်။
ဤကဲ့သို့တာအိုနိယာမမျိုးက အတော်လေးရှားပါးပြီး ခေးအောစ့်နယ်မြေတစ်ခုလုံးတွင်ပင် လူအနည်းငယ်ကသာ လုပ်ဆောင်နိုင်သည်။ ဒါ့အပြင် ကျင့်ကြံခြင်းနည်းလမ်းက အတော်လေးထူးခြားသဖြင့် တစ်ယောက်ယောက်တွင်သာ ဤအတွက် ပါရမီရှိလျှင်ပင် ကျင့်ကြံခြင်းနည်းလမ်းမရှိသဖြင့် သူတို့လက်လျှော့ရလောက်သည်။
သို့သော် ဖန်ချန်း မည်သည့်အကြောက်တရားကိုမှ မပြသဘဲ ၀တ်စုံနီအမျိုးသမီး၏ အကြည့်နှင့် တည်ငြိမ်စွာ ဆုံကာ ခပ်ပေါ့ပေါ့ပြုံးပြသည်။
"စီနီယာနောက်နေတာပဲ၊ တကယ်တော့ ကျုပ်ဒီနေရာက ထွက်သွားဖို့ ရည်ရွယ်ထားပါတယ်"
၀တ်စုံနီအမျိုးသမီး၏ အမူအရာက အနည်းငယ်မည်းမှောင်သွား၏။
"ဒါပေမယ့် ငါနင့်ကို ဒီမှာထာ၀ရနေစေချင်တယ်ဆိုရင်ရော"
ဖန်ချန်းတစ်ခဏမျှတွေးလိုက်သည်။
"ဒါဆိုရင်တော့ ကျုပ်တို့ရဲ့လက်ရှိခွန်အားနဲ့ ကျုပ်တို့ခုခံနိုင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျုပ်စီနီယာကို ဒီနေရာကနေ ထုတ်သွားနိုင်တယ်လို့ ပြောရင်ရော"
ဒါကိုကြားသောအခါ ၀တ်စုံနီအမျိုးသမီးတင်မဟုတ်ဘဲ တန်နင်းနောက်က ရှီရှန်းနှင့် ကျန်သောသူများပါ ကြက်သေသေကာ မှင်သက်သွားကြ၏။
ဒါဘယ်လိုလှုပ်ရှားမှုမျိုးလဲ!
ဒီလိုအားကောင်းပြီး အန္တရာယ်ရှိသည့် ဖြစ်တည်မှုတဖြစ်လဲ နှစ်တစ်သန်းခန့်သက်တမ်းရှိသည့် ဝိဉာဉ်တစ်ခုကို ရှောင်ရှားရမယ့်အစား သူနဲ့အတူ ယူသွားဖို့ စဉ်းစားနေတာလား!
၀တ်စုံနီအမျိုးသမီး ဆန္ဒရှိ၊ မရှိဆိုတာကို မပြောသေးဘူးနော်!
ဒီလိုဂူသင်္ချိုင်းကနေ ဘယ်လိုခေါ်သွားမှာလဲ!
၀တ်စုံနီအမျိုးသမီး၏ မူလဆွဲဆောင်မှုရှိသည့်အပြုအမူက ပြောင်းလဲသွားပြီး အကြမ်းပတမ်းရယ်မောလိုက်၏။
သူမ၏ရင်ဘတ်က ရယ်မောသံကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အဆက်မပြတ် တုန်ခါနေသည်။
"ဟီးဟီးဟီးဟီး၊ ကောင်လေး၊ နင်က နည်းနည်းမောက်မာလွန်းမနေဘူးလား" ၀တ်စုံနီအမျိုးသမီး ရုတ်တရက် ဖန်ချန်း၏ လည်ပင်းကို ဖမ်းကိုင်ပြီး လေထဲ ဖြည်းဖြည်းချင်း မြှောက်တင်လိုက်၏။
သို့သော် ဖန်ချန်းမခုခံပေ။ သူ့မျက်နှာက အနည်းငယ်နီရဲသွားသော်လည်း အထူးတလည်တည်ငြိမ်နေပြီး ခပ်ရေးရေးပင်ပြောသည်။
"စီနီယာဒီနေရာကနေ ထွက်ချင်နေမှာပဲလေ၊ ဟုတ်တယ်မလား၊ ပြီးတော့ ကြည့်ရတာ စီနီယာဒီနေရာကနေ ကိုယ်တိုင်မလွတ်မြောက်နိုင်ပုံပဲ၊ ဒီတော့ စီနီယာရဲ့ကိုယ်ခန္ဓာက အဲဒီခေါင်းတလားထဲမှာ ချည်နှောင်ခံထားရတာကြောင့် ဖြစ်ရမယ်"
"ခေါင်းတလားပေါ်က သံကြိုးတွေက စီနီယာကို သင်္ချိုင်းဂူထဲကနေ မထွက်သွားနိုင်အောင် တားဆီးဖို့အတွက်မလား"
အမျိုးသမီး၏မျက်နှာထက်က အပြုံးက တဖြည်းဖြည်းမှေးမှိန်သွားပြီး အနည်းငယ် ခက်ထန်လာကာ ဖန်ချန်းလည်ပင်းကို ကိုင်ထားသည့် လက်က အနည်းငယ်တင်းကျပ်လာသည်။
"နင်ကောင်းကောင်းမှန်းဆနိုင်ခဲ့တာပဲ၊ ဒါပေမယ့်ဘာအရေးလဲ၊ နင့်နယ်ပယ်နဲ့ ခေါင်းတလားကို ဘယ်လိုဖွင့်နိုင်မှာလဲ"
မှန်ပေသည်။ ၀တ်စုံနီအမျိုးသမီးပင် သူမစွမ်းအားနှင့် ခေါင်းတလားကို မချိုးဖျက်နိုင်လေရာ ဖန်ချန်းဘယ်လိုလုပ်နိုင်မည်နည်း။
အသေးစားနတ်ဘုရားသတ်ဓားအစီအရင်၏ စွမ်းအားနှင့်ပင် ခေါင်းတလားကို ဖွင့်ရန်ဟူသည် မဖြစ်နိုင်ပေ။
ဖန်ချန်း၏မျက်နှာက ခရမ်းနီရောင်ပြောင်းသွားပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် စကားသေချာပင် မပြောနိုင်တော့။
"ကျ...ကျုပ်မှာ...စီနီယာရဲ့...ဝိ...ဝိဉာဉ်ကို သင်္ချိုင်းဂူထဲကနေ အရင်ထု...ထုတ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်"
၀တ်စုံနီအမျိုးသမီးအနည်းငယ် တုန်ယင်သွား၏။
ဖန်ချန်းလည်မြိုကိုဆုပ်ကိုင်ထားသည့် လက်ကလည်း အလိုလိုအနည်းငယ်ပြေလျော့သွားသည်။
ဖန်ချန်း၀န်းကျင်က လေကို လောဘတကြီးရှုသွင်းပြီး တစ်ခဏမျှရပ်ကာ ဆက်ပြောသည်။
"ကျုပ်စွမ်းအားလုံလောက်ပြီဆိုတာနဲ့ ကျုပ်ခေါင်းတလားကို ချိုးဖျက်ဖို့အတွက် ဒီကိုပြန်လာပြီး စီနီယာကို ဒီကမ္ဘာကြီးထဲ ပြန်လည်မွေးဖွားခွင့်ပေးမယ်"
စိတ်ဝိဉာဉ်တစ်ခုတည်းနှင့်ပင် ၀တ်စုံနီအမျိုးသမီးက ယခုလိုနယ်ပယ်ကို ပိုင်ဆိုင်ထားလေရာ သူမကိုယ်ပိုင်ခန္ဓာက ပိုမြင့်မားရန် အလားအလာရှိသည်။
သူမကဲ့သို့လူတစ်ယောက်အတွက် နှစ်တစ်သန်းခန့် ရှင်သန်ရန်ဟူသည် ပြဿာနာတစ်ခုမဟုတ်ပေ။
"နင်လား၊ ခေါင်းတလားကို ချိုးဖျက်ဖို့အတွက် နင်အနည်းဆုံး နတ်တပိုင်းနယ်ပယ်အထက်ကို ရောက်နေရမယ်၊ နင်လုပ်နိုင်မယ်လို့ထင်လား" ၀တ်စုံနီအမျိုးသမီး ဖန်ချန်းကို သံသယဖြင့်ကြည့်သည်။
"နင်အနာဂတ်မှာ ဒါကိုချိုးဖျက်နိုင်တယ်၊ မဖျက်နိုင်ဘူးဆိုတာကို ဘေးဖယ်ထားဦး၊ ငါ့ဝိဉာဉ်ကို နင်နဲ့အတူ ဘယ်လိုခေါ်ထုတ်သွားမှာလဲ"
၀တ်စုံနီအမျိုးသမီး ဤမေးခွန်းကို မေးလိုက်သဖြင့် ဒါက ဖန်ချန်းတွင် ဖြစ်နိုင်ချေအစီအစဉ်တစ်ခုရှိတယ်ဆိုတာကို သူမတဖြည်းဖြည်းစတင်ယုံလာနေသည်ကို ဆိုလိုသည်။
ဖန်ချန်းပြုံးသည်။
"စနောက်နေတာမဟုတ်ပါဘူး၊ ကျုပ်ပါရမီနဲ့ ကျုပ်နတ်တပိုင်းနယ်ပယ်အထက်ကို ကျော်လွန်သွားနိုင်ဖို့ဆိုတာ ယုံကြည်ချက်ရှိတယ်"
"စီနီယာကိုဘယ်လိုခေါ်သွားရမလဲဆိုတာကတော့...အစီအရင်ကို အားကိုးဖို့လိုတယ်၊ ပြီးတော့ စီနီယာကလည်း မသက်မသာဖြစ်မှုတစ်ချို့ကို သည်းခံပြီး ကျုပ်ရဲ့အစီအရင်ဝိဉာဉ် ယာယီဖြစ်လာဖို့လိုတယ်၊ သေချာတာပေါ့၊ ဒါက စီနီယာကျုပ်ကို ယုံနိုင်၊ မယုံနိုင်ဘူးဆိုတဲ့အပေါ် မူတည်ပါတယ်"
အစီအရင်တစ်ခုလား၊ အစီအရင်ဝိဉာဉ်လား!
၀တ်စုံနီအမျိုးသမီးမှာ ထိတ်လန့်သွားပုံရပြီး ဖန်ချန်း၏ ရူးသွပ်ဖွယ်ရာအစီအစဉ်ကြောင့် ကြောက်ရွှံ့သွားရသည်။