အကြံဆိုးများနှင့် လူ
Vol. 1 Ch. 174
"ဘန်း"
ထိုင်ခုံနှစ်ခုသည် တစ်စစီ ဖြစ်သွားခဲ့ပြီး အစောင့်များ၏ ခေါင်းများမှ သွေးများ ချက်ချင်း စီးကျလာခဲ့သည်။ အစောင့် တစ်ယောက်သည် တအီအီ အော်နေသော ဝက်တစ်ကောင် ကဲ့သို့ ဆက်တိုက် အော်ဟစ်နေလေသည်။
"တစ်ယောက်ယောက်ကို ခေါ်လိုက် ... ဒီမှာ လူတစ်ယောက် ပြဿနာ ရှာနေတယ် ... ဟမ့်လောင်ကို အကြောင်းကြားပြီး ဂိုဏ်းဆီ အချက်ပြ မီးရှူး လွှတ်လိုက်တော့ ... ဒီလူတွေ အားလုံးကို သတ်ပစ်ရမယ်"
"ဘန်း"
ထိုလူသည် စကားတောင် ဆုံးအောင် မပြောနိုင်ခင်တွင် ချမ်ဝမ်ကွမ်၏ အဆီပြည့်နေသော လက်များသည် ထိုင်ခုံတစ်ခုံအား ခြေထောက်မှ ဆွဲယူကာ ထိုအစောင့်အား တစ်ချက်ပြီး တစ်ချက် ရိုက်နေတော့သည်။
"ဝှစ်"
ကျန်အစောင့်များသည်လည်း ဒေါသတကြီး ဖြစ်ကုန်ကြကာ တိုက်ခိုက်ရန် ပြင်လိုက်ကြ ပါသည်။ သို့သော် အစောင့်များသည် ရိုက်နှက်နေသော လူနှစ်ဦးအား မြင်လိုက်ကြသော အခါ ဆွံ့အ သွားကြလေသည်။ အထူးသဖြင့် ချမ်ဝမ်ကွမ်၏ မျက်နှာဝိုင်းဝိုင်းကြီးအား မြင်လိုက်ရသည့် ခဏတွင် အစောင့်တချို့သည် ရူးချင်ချင် ဖြစ်သွားသည်အထိ ထိတ်လန့် သွားကြသည်။ လူတိုင်းသည် ခေါင်းတွင် သွေးများ စီးကျနေသော အစောင့်အား ဆက်တိုက် ရိုက်နှက်နေသော ချမ်ဝမ်ကွမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
"ဝှစ်"
တော်ဝင်မြို့တော်၏ နံပါတ်တစ် တည်းခိုခန်း ဖြစ်သည်နှင့်အညီ သိုင်းပညာ ကျွမ်းကျင်သော ကြီးကြပ်သူ တစ်ယောက်တော့ ရှိသည်သာ ... အပြင်မှ အစောင့်များ၏ အော်ဟစ်သံများသည် အတွင်းရှိ လူများအား နိုးနိုးကြားကြား ဖြစ်သွားစေသည်။ ခေါင်းဆောင် ကြီးကြပ်သူသည် အစောင့် များစွာအား ခေါ်လာခဲ့၍ ပြေးထွက်လာခဲ့သည်။ အားလုံးသည် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါ်ထွက်လာကြပြီး ကြီးကြပ်သူသည် အဝေးကပင် လှမ်းအော် လာခဲ့သည်။
"ဘယ်သူက ယင်းလုံအိမ်တော်မှာ ပြဿနာ ရှာရဲတာလဲ ... ဒီယင်းလုံ အိမ်တော်ကို ဘယ်သူပိုင်တာလဲ ဆိုတာ မင်းတို့ သိကြလား ... အာ ... သခင်လေးဝူရွှမ်း"
ခေါင်းဆောင် ကြီးကြပ်သူသည် ကျန့်ဝူရွှမ်း ထိုနေရာတွင် ရပ်နေသည်အား မြင်သောအခါ မချိပြုံးပြုံးလိုက်သည်။ သူသည် ကြောင်အမ်းအမ်း ဖြစ်နေခဲ့ပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေး၍ အပြုံးတစ်ခုနှင့် ယဉ်ကျေးစွာ ပြောလိုက်သည်။
"သခင်လေး ဝူရွှမ်း ... ကျွန်တော်တို့ လူတွေ ရူးရူးမိုက်မိုက်နဲ့ သခင်လေးကို အနှောင့်အယှက် ပေးမိသွားတာ ပါလား"
ကျန့်ဝူရွှမ်းသည် ကိုင်ထားသော ထိုင်ခုံ ခြေထောက်ကို လွှတ်ပစ်လိုက်ပြီး လက်မှ ဖုန်များ ခါချ လိုက်သည်။ သူသည် ချမ်ဝမ်ကွမ်ကို ညွှန်ပြကာ ပြန်ဖြေလိုက်သည်။
"ဒါ ကျွန်တော်နဲ့ မဆိုင်ပါဘူး ... ကျွန်တော် ဒီမှာ ပြဿနာ ရှာချင်တာ မဟုတ်သလို လုပ်လည်း မလုပ်ရဲပါဘူး ... ပြဿနာ ရှာတာ အဲဒီ သခင်လေးပါပဲ"
"အမ်"
ယင်းလုံအိမ်တော်၏ ကြီးကြပ်သူသည် အစက ကျန့်ဝူရွှမ်းကို မြင်လိုက်ရ၍ အတော်လေး ထိတ်လန့် နေခဲ့သည်။ ချမ်ဝမ်ကွမ်သည် သူ့အား ကျောခိုင်းထား၍ အသေအချာ မမြင်ရသေးပေ။ ယခု သူအသေအချာ ကြည့်လိုက်သော အခါတွင် သူ့အမူအရာသည် ချက်ချင်း ပြောင်းလဲသွားကာ ဒူးထောက် ထိုင်ချလိုက်ပြီး အလန့်တကြား ရေရွတ်လိုက်သည်။
"ခေါင်း ... ခေါင်းဆောင်ငယ်"
အစောင့် တစ်အုပ်လုံးသည် ခြေထောက်များ ပျော့ခွေလာကြကာ ချက်ချင်း ဒူးထောက် လိုက်ကြသည်။ သူတို့သည် ချမ်ဝမ်ကွမ်၏ သရုပ်မှန်ကို မသိသော်လည်း ထိုသခင်လေးသည် အသိုင်းအဝိုင်း ကြီးကြီးမှ ဖြစ်ကြောင်းတော့ သိထားခဲ့သည်။ သူလာလေ့ ရှိသော အခါတိုင်းတွင် အိမ်တော်မှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ဟမ်လောက် ကိုယ်တိုင် လိုက်ပါ စောင့်ရှောက် ပေးရသည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်အား မြင်လိုက်သော အခါ သူတို့ အလျင်စလို မတိုက်ခိုက်ရဲခြင်း ဖြစ်သည်။ ထိုလူငယ်သည် သူတို့၏ ဂိုဏ်းချုပ် လောင်းလျာဖြစ်မှန်း ယခုမှသာ သူတို့ သိလိုက်ကြသည်။
"ဘန်း"
ချမ်ဝမ်ကွမ်သည် မရပ်တန့်ခဲ့ပေ။ သူသည် ထိုင်ခုံအား ခြေထောက်မှ မြှောက်ကာ နောက်တစ်ယောက်အား ရိုက်လိုက်၍ ကန်ထုတ်ပြီးသည့် အခါမှ လက်များကို ခါလိုက်လေသည်။
သူသည် ခေါင်းဆောင် ကြီးကြပ်သူနှင့် အိမ်တော်ထိန်း ဟမ့်လောင်အား လျစ်လျူရှုကာ မျက်နှာဖုံး တပ်ထားသော သူရူးဆီ လျှောက်သွားခဲ့သည်။ သူသည် ရယ်မောကာ ပြောလိုက်သည်။
"အစ်ကိုကြီး ... ဒေါသတွေ ပြေသွားပြီလား ... မပြေသေးရင် ကျွန်တော် ဒီတစ်အုပ်လုံးရဲ့ ခြေထောက်တွေကို ချိုးပေးမယ်"
မျက်နှာဖုံးနှင့် လူသည် ကျန်းရီသာ ဖြစ်လေသည်။
ကျန်းရီသည် သင်တန်းကျောင်းမှ လူစုအား မမီလိုက်မည် စိုး၍ နေ့မနား၊ ညမနား ခရီးဆက်ခဲ့သည်။ လမ်းတွင် သူ့အား သတိထားမိသွားကာ လုပ်ကြံခံရမည် စိုး၍ တောကြီး မျက်မည်းများ ထဲမှသာ သွားလာခဲ့ရ၍ ယနေ့မှ တော်ဝင်မြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
ရက်သတ္တ အနည်းငယ်ကြာအောင် သူသည် တောထဲတွင်သာ နေထိုင်စားသောက် ခဲ့ရသည်။ တစ်ချိန်လုံး အိပ်ကောင်းခြင်း၊ စားကောင်းခြင်း မရှိခဲ့၍ သူ့ ကိုုယ်အလေးချိန် ငါးကီလိုဂရမ်ခန့် လျော့ကျသွားခဲ့သည်။ ကျန်းရီသည် သူ၏ စုတ်ပြတ်နေသော အဝတ်အစားများ၊ ရှုပ်ပွနေသော ဆံပင်များကြောင့် အမှန်ပင် သူတောင်းစား တစ်ယောက်နှင့် တူနေလေသည်။ ထို့ကြောင့် သူအား ချမ်ဝမ်ကွမ်နှင့် ကျန်လူများက သူ့အား မြင်ရုံနှင့် မမှတ်မိကြခြင်း ဖြစ်လေသည်။ ကျန်းရီသည် တော်ဝင်မြို့တော်သို့ ရောက်ရောက်ခြင်း စုံစမ်းကြည့်ရာ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ လူများ ဤအိမ်တော်တွင် တည်းခိုနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
ကျန်းရီသည် တော်တော်လေး ပင်ပန်းနေသောကြောင့် ကျန့်ဝူရွှမ်းကို အရင်ရှာ၍ တရေးအိပ်ရန်သာ အတွေးရှိခဲ့ပြီး များများစားစား မစဉ်းစားခဲ့ပေ။ ထို့ကြောင့် သူ ယင်းလုံ အိမ်တော်အား ရှာတွေ့သည်နှင့် အလျင်စလို ဝင်ရောက်လာကာ အစောပိုင်းက ပြဿနာ ဖြစ်ခဲ့ခြင်း ဖြစ်လေသည်။
"ဒီနေရာကို မင်းတို့ဂိုဏ်းက ပိုင်တာလား"
ကျန်းရီ မေးလိုက်သော အခါ ချမ်ဝမ်ကွမ်သည် သိုးငယ်လေး တစ်ကောင်အလား ခေါင်းညိတ် လိုက်သည်။ သူသည် ချက်ချင်း လက်မြှောက်ကာ ချမ်ဝမ်ကွမ်၏ နောက်စေ့အား ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"ဘာကို စောင့်နေတာလဲ ... ဒီသခင်လေးအတွက် အကောင်းဆုံး အခန်း စီစဉ်ပေးတော့လေ ... ငါသေလောက်အောင် ပင်ပန်းနေတယ်"
"ဝိုး"
ကျန်းရီ၏ အကျင့်ပါနေသော အပြုအမူနှင့် ပုံမှန်စကား တစ်ခွန်းသည် လူအုပ်ကြီးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ တော်ဝင်မြို့တော်၏ သခင်လေး၊ သခင်မလေးများတွင် ချမ်ဝမ်ကွမ် မည်သူဖြစ်မှန်း မသိသူ မရှိပေ။ သူသည် ချမ်ဂိုဏ်းကြီး၏ ဂိုဏ်းချုပ်လောင်းလျာ ဖြစ်သည်။
တစ်ယောက်ယောက်သည် သူ့အား ဤပုံစံနှင့် ပြောလိုက်ပြီး နောက်စေ့ကိုတောင် ရိုက်လိုက် သေးသည်။ အရေးကြီးဆုံးသည် အရိုက် ခံရပြီးနောက် ချမ်ဝမ်ကွမ် လုံးဝ စိတ်မဆိုးခြင်း ပါပေ။ ထို့ပြင် သူသည် ဤသူရူးအား ခခယယနှင့် ဝင်ခိုင်း လိုက်သေးသည်။ ကျန့်ဝူရွှမ်း၊ ကျန့်လင်းအာနှင့် စုလောရွှယ်တို့သည် ကျန်းရီကိုယ်မှ ထူးထူးဆန်းဆန်း အနံ့များအား စိတ်ထဲ ထားမနေဘဲ နောက်မှသာ လိုက်ပါသွားကြသည်။
"ငါတို့ အင်ပါယာ မြို့တော်ကို ဘယ်တော့ သွားကြမှာလဲ"
ချမ်ဝမ်ကွမ်သည် ကျန်းရီအား ကျန့်ဝူရွှမ်း နေထိုင်ရာ အဆောင်ဆီ ခေါ်သွားခဲ့သည်။ ကျန်းရီ မေးခွန်း မေးလိုက်ပြီးနောက် နှစ်ရက်ကြာလျှင် ထွက်ခွာမည် ဖြစ်ကြောင်း သိသွားခဲ့သည်။ သူသည် စကား ဆက်မပြော တော့ဘဲ အခန်းဆီ ချက်ချင်း ပြေးသွားကာ လှဲအိပ် နေလေတော့သည်။
စုလောရွှယ်နှင့် ကျန့်လင်းအာသည်လည်း စိတ်မကောင်း ဖြစ်နေကြလေသည်။ ကျန်းရီ တော်တော်လေး ပိန်သွားခဲ့သည်။ သူတို့ အမြင်တွင် ကျန်းရီသည် အမြဲသန့်ရှင်း သပ်ရပ်ခဲ့သည်။ ယခုမူ သူသည် သူတောင်းစား တစ်ယောက်ကဲ့သို့ စုတ်ပြတ်ပေရေ နေလေသည်။ ဤအချိန်များ အတောအတွင်း သူတွေ့ကြုံ ခံစား ခဲ့ရသည်များကို တွေးကြည့်ရုံနှင့် သိနိုင်ပါသည်။
တစ်လကျော် ကြာအောင် တောင်ဘက်ရှားနိုင်ငံကို ပတ်၍ ကျင်းရှန် နိုင်ငံတော်မှ တော်ဝင်မြို့တော်သို့ ရောက်အောင် လာခဲ့ရသည်။ ကျန်းရီသည် တောတောင်ထဲတွင် ကီလိုမီတာ သိန်းသန်းချီ၍ တစ်ဦးတည်း ဖြတ်သန်းခဲ့ရသည်။ သူတို့သာ သူ့နေရာတွင် ဆိုလျှင် ရူးသွား နိုင်ပေသည်။
"အားလုံး သွားကြရအောင် ... ကျန်းရီ ကောင်းကောင်း နားပါစေ"
ကျန့်ဝူရွှမ်းသည် ကျန်းရီ သူ့အိပ်ရာအား အပိုင်စီး လိုက်သည်ကို စိတ်ထဲ ထားမနေတော့ဘဲ ကျန်လူများကို အပြင် ထွက်ကြရန် လောဆော်လိုက်သည်။
ချမ်ဝမ်ကွမ် ထွက်လာသော အခါ ခေါင်းဆောင် ကြီးကြပ်သူနှင့် သူ့လူများ တံခါးဝတွင် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဒေါသထွက်ထွက်နှင့် ခေါင်းဆောင် ကြီးကြပ်သူအား ကန်ထုတ်လိုက်သည်။ ထို့နောက် ဒေါသတကြီး မေးလိုက်သည်။
"ယင်းလုံအိမ်တော်ကို ဘယ်အကြီးအကဲ တာဝန် ယူထားတာလဲ"
ခေါင်းဆောင် ကြီးကြပ်သူသည် စကား တစ်ခွန်းမှ မပြောရဲသလို အစောင့်များသည်လည်း မပြောရဲပါပေ။ အိမ်တော်ထိန်း ဟမ်လောင်သည် လက်နှစ်ဖက်ယှက် ပြန်ဖြေလာခဲ့သည်။
"ခေါင်းဆောင်ငယ် ယင်းလုံ အိမ်တော်ကို လွန်ခဲ့တဲ့ လေးလတည်းက ပထမ သခင်လေး တာဝန် ယူထားခဲ့ပါတယ် ... ကြီးကြပ် သူလျှိုကို ပထမသခင်လေး ပို့ထားတာပါ"
"ချမ်ဖေး"
ချမ်ဝမ်ကွမ်၏ မျက်လုံးများ အေးစက်သွားခဲ့ပြီး နှာခေါင်း ရှုံ့လိုက်သည်။
"ငါ့ဝမ်းကွဲအစ်ကိုက တော်တော်လေး တိုးတက်လာတာပဲ ဟမ် ... ဂိုဏ်းက သူ့ကို အဆင်အခြင်မဲ့ ကစားခွင့် ပြုထားတယ်လား ... ကောင်းပြီ ... ကြီးကြပ်သူလျှိုနဲ့ ဒီနောက်လိုက် ခွေးတစ်အုပ်ကို ချက်ချင်း မောင်းထုတ်လိုက် ... ချမ်ဂိုဏ်းရဲ့ ဂုဏ်သတင်းက မင်းတို့ကြောင့် တော်တော်လေး ပျက်စီး သွားခဲ့တယ် ... ဟမ်လောင် ... ဒီသတင်းကို ငါ့အဖေဆီ သွားပြီး အကြောင်း ကြားချေ ... ယင်းလုံ အိမ်တော်ကို တခြား တစ်ယောက်ကို တာဝန်ယူခိုင်းလိုက် ... ဂိုဏ်းကို နောက်တစ်ခုလည်း ပြောလိုက်ဦး ... အထဲကလူက ကျန်းရီလို့"
"ကျန်းရီ"
ကြီးကြပ် သူလျှိုသည် ထိုအမည်အား ကြားလိုက်သော အခါ တုန်လှုပ် သွားခဲ့သည်။ သူ့စိတ်ထဲတွင် ဤမောက်မာ လှသည့် ကောင်လေးအား လည်ပင်း ညှစ်သတ်ချင်နေလေသည်။ သူ့အား ယင်းလုံ အိမ်တော်ကို အုပ်ချုပ်ရန် ချမ်ဖေးက တာဝန်ပေးခဲ့သည်။ သူ့သမီးမှာ ချမ်ဖေး၏ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ပြီး သူဤနေရာရရန် တော်တော်လေး ကြိုးစားအားထုတ် ထားခဲ့သည်။ သို့သော် အားလုံးသည် အနှီကောင်ကြောင့် ပျက်စီး သွားခဲ့လေပြီ။
ကြီးကြပ်သူလျှို၊ ဟမ်လောင်နှင့် အစောင့်များ ထွက်ခွာ သွားပြီးနောက် ချမ်ဝမ်ကွမ်နှင့် ကျန်လူများသည် ကျောင်းယင် တည်းခိုခန်းဆီ သွားချင်စိတ်လည်း မရှိကြတော့ပေ။ သူတို့သည် အစေခံများ ကိုသာ စားသောက်ဖွယ် အချို့နှင့် ဝိုင်များ ပြင်ဆင် ခိုင်းလိုက်ကြပြီး ခြံငယ်လေး အတွင်း စားသောက် နေကြလေသည်။ ရေနွေးတစ်အိုး ဆူချိန်ခန့် ကြာသောအခါ ဟမ်လောင်သည် အရေးကြီးသည့် မျက်နှာထားဖြင့် ရေးကြီးသုတ်ပြာ ရောက်လာခဲ့လေသည်။
"ခေါင်းဆောင်ငယ် ... သခင်လေးဝူရွှမ်း ... အိမ်ရှေ့မင်းသားက တစ်ယောက်ယောက်ကို လွှတ်ပြီး တော်ဝင် အမိန့်စာ ပါးလိုက်ပါတယ်"
"တော်ဝင်အမိန့်စာ"
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုအိမ်ရှေ့ မင်းသားသည် သဘော ကောင်းလေ့ရှိပြီး အလွန်ဆုံးရှိမှ တစ်ယောက်ယောက်နှင့် သတင်းစကား ပါးလိုက်ရုံသာ ရှိမည်။ ယခုမူ သူသည် တစ်ယောက်ယောက်ကို အတည်စေလွှတ်ကာ တော်ဝင် အမိန့်စာ ပါးလိုက်သည်။
ဝတ်ရုံဝါနှင့် တော်ဝင်စစ်တပ်မှ လူတစ်ဦးသည် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာတို့သည် အမိန့်တော်အား နာခံရန် အလျင်အမြန် ဒူးထောက် လိုက်ကြသည်။ စုလောရွှယ်မှာမူ ရှန်ဝူနိုင်ငံတော်နှင့် မသက်ဆိုင်ရာ အခန်းတွင်း ဝင်သွား၍ ရှောင်နေလေသည်။
အမိန့်စာသည် ကျန့်ဝူရွှမ်းအား ဦးတည်နေ၍ ပြင်းထန်သော ရာဇသံများ ပါနေလေသည်။ ယနေ့ညတွင် အိမ်ရှေ့စံမင်းသားသည် စားသောက်ပွဲ အခမ်းအနား တစ်ခု ကျင်းပမည် ဖြစ်ပြီး ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာများနှင့် ကျောင်းသားများ အားလုံးကို ဖိတ်ကြားထားသည်။ သူသည် ကျန့်ဝူရွှမ်းအား လူတိုင်းကို အကြောင်းကြားခိုင်း၍ အမိန့်စာတွင် ကျောင်းအုပ်ချီ၏ လက်မှတ်ပါ ပါရှိလေသည်။
ကျန့်ဝူရွှမ်း အမိန့်စာကို လက်ခံပြီးသည်နှင့် ချမ်ဝမ်ကွမ်သည် ဟမ်လောင်ကို ခေါ်၍ တော်ဝင်စစ်တပ်မှ အရာရှိအား ကောင်းမွန်စွာ ဧည့်ခံခိုင်းလိုက်သည်။ နှစ်ယောက်သားသည် အမိန့်စာကို ဖတ်ကာ ခါးသီးစွာ ပြုံးလိုက်ကြသည်။ ကျန့်ဝူရွှမ်း သိလိုက်ပါသည်။ စုလောရွှယ်သည် နေ့လည်က စားသောက်ပွဲအား မတက်ရောက်ခဲ့ပေ။ သူမသည် ထိုမာနကြီးကာ မောက်မာသော အိမ်ရှေ့စံအား မျက်နှာသာ မပေးဘဲ ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် သူသည် ဖိအားပေး၍ တော်ဝင်အမိန့်စာအား ထုတ်ပြန်လိုက်ခြင်း ပါပေ။
အကြံဆိုးတွေနဲ့ လူပဲ ... .
***