← Chapters

ငါရှိနေရင် မင်းကို ဘယ်သူမှ မထိစေရဘူး

Vol. 1 Ch. 175

ငါရှိနေရင် မင်းကို ဘယ်သူမှ မထိစေရဘူး

Vol. 1 Ch. 175

"ငါမသွားဘူး ... မင်းတို့ သွားချင်ရင် သွားကြ ... အိမ်ရှေ့စံမပြောနဲ့ ... တော်ဝင်အမိန့်စာကို ထုတ်တဲ့သူက ဘုရင်ကိုယ်တိုင် ဖြစ်နေရင်တောင် ငါသွားမှာ မဟုတ်ဘူး ... ငါက ရှန်ဝူနိုင်ငံသူ မဟုတ်ဘူး ... .အိမ်ရှေ့စံရဲ့ အမိန့်စာလွှာနဲ့ ငါ့ကို ထိန်းချုပ်လို့ မရဘူး"

တော်ဝင်အမိန့်စာကို စုလောရွှယ် ကြားသိသောအခါ ခါးခါးသီးသီး ငြင်းပယ်တော့သည်။

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ နှစ်ယောက်သားသည် ခါးသီးစွာ ပြုံးလိုက်ကြသည်။ အတိအကျ ပြောရလျှင် စုလောရွှယ် မှန်ပေသည်။ ရှန်ဝူနိုင်ငံတော်၏ တော်ဝင် အမိန့်စာသည် သူမအပေါ် မည်သို့မှ သက်ရောက်မှု မရှိပေ။ ဥပမာ အင်ပါယာမြို့တော်သို့ သွားရောက်၍ အခြားနိုင်ငံကြီးများမှ အိမ်ရှေ့စံ မင်းသားများနှင့် တွေ့ဆုံကြမည်ဆိုပါစို့ ... သူတို့သည် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းအား တော်ဝင်အမိန့်စာ ပို့လိုက်မည်ဆိုပါက နှစ်ယောက်သားသည် တော်ဝင်အမိန့်စာ   စက္ကူတစ်စလိုသာ သဘောထားမည် ဖြစ်လေသည်။

ပြဿနာမှာ ရှားဝူဟွေ့သည် တော်ဝင်အမိန့်စာကို စုလောရွှယ်ထံ ပါးလိုက်ခြင်း မဟုတ်ဘဲ ကျန့်ဝူရွှမ်းထံ ပို့လိုက်ခြင်း ဖြစ်လေသည်။

ကျန့်ဂိုဏ်းသည် မျိုးရိုးမြင့် ဂိုဏ်းကြီးတစ်ခု ဖြစ်သော်လည်း ရှန်ဝူနိုင်ငံတော်၏ လက်အောက်တွင်သာ ရှိလေသည်။ ထိုအိမ်ရှေ့စံ၏ ဉာဏ်ရည်၊ အမူအကျင့်နှင့် ပရိယာယ်တို့သည် အမြင့်ဆုံး အတန်းအစားထဲတွင် ပါဝင်သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့၏ မျက်လုံးထဲတွင် သူသည် သေချာပေါက် ထီးနန်း ဆက်ခံရမည့် ဘုရင်ဖြစ်၍ သူတို့၏ အရှင် ဖြစ်လာမည် ဖြစ်သည်။ ရှားဝူဟွေ့ကို ဆန့်ကျင့်မိလျှင် ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် သေချာပေါက် အကျိုးဆက်ကို ခံစားရပေမည်။

ကျန့်ဝူရွှမ်းသည် ရွေးချယ်စရာ မရှိတော့ဘဲ ကျောင်းအုပ်ချီ လက်မှတ် ထိုးထားသော စာကို ယူလာကာ သူမကို သိမ်းသွင်း ရတော့သည်။ သူသည် အိမ်ရှေ့စံ၏ သဘောကောင်းပုံ သာမက တက်ရောက်သင့်ကြောင်းကိုပါ သိသိသာသာ အရိပ်အမြွက် ပြောနေရသည်။ ပွဲအခမ်းအနား မပြီးဆုံးသေးခင် သူမ ထွက်ခွာလိုပါက ထွက်ခွာနိုင်ကြောင်းပါ ပါလိုက်သေးသည်။

စုလောရွှယ်၏ ဆုံးဖြတ်ချက်သည် သံမဏိကဲ့သို့ ခိုင်မာ၍ ယိမ်းယိုင်သွားခြင်း မရှိရာ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းခဗျာ ခေါင်းမီးတောက်မတတ် ဖြစ်နေရရှာသည်။ သူတို့နှစ်ယောက် အခြားသော ကျောင်းသားများကို ခေါ်ဆောင်၍ စားသောက်ပွဲ အခမ်းအနား တက်ကာ အိမ်ရှေ့စံအား စုလောရွှယ် ခရီးပန်း၍ နေမကောင်း ဖြစ်နေကြောင့် မလာနိုင်ကြောင်း တင်လျှောက်ရမည့် သဘော ရှိလေသည်။ သို့ဆိုလျှင် အိမ်ရှေ့စံသည် သေချာပေါက် ထိုအကြွေးအား မှတ်ထားကာ သူတို့အပေါ် ဒေါသများ ပုံချပေလိမ့်မည်။

တစ်နေ့ခင်းလုံး သိမ်းသွင်းခဲ့သော်လည်း သူတို့ ဘာမှမတတ်နိုင်တော့ပေ။ သူတို့သည် အခြား ကျောင်းသားများနှင့် ဆရာများအား သွားရောက် အကြောင်းကြားကြသည်။ အားလုံးသည် ဘာမှမပြောကြပေ။ အထူးသဖြင့် ယွင်ဖေးသည် ချက်ချင်း သဘောတူခဲ့သည်။ ထိုအကြောင်းအရာသည် အစတည်းက ဒေါသ ထွက်နေပြီးသား ကျန့်ဝူရွှမ်းအား ပိုလို့ပင် စိတ်ဓာတ် ကျသွားစေသည်။

ညအချိန် ရောက်လာခဲ့လေပြီ။ ကျန်းရီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင် ဖြစ်သလို စုလောရွှယ်သည်လည်း  သွားရောက်ရန် ခေါင်းမာစွာ ငြင်းဆိုဆဲပင်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့သည် ကူကယ်ရာမဲ့စွာဖြင့် သင်တန်းကျောင်းမှ ဆရာများ၊ ကျောင်းသားများကို ခေါ်၍သာ အခမ်းအနား တက်ရန် ထွက်သွားကြလေသည်။

ကျန့်ဝူရွှမ်းတို့ ထွက်ခွာသွားပြီးနောက် စုလောရွှယ်သည် တစ်ယောက်တည်း ထိုင်နေရင်း ပျင်းလာခဲ့သည်။ သူမသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကျန်းရီ၏ အခန်းတွင်း ဝင်သွားလိုက်သည်။ ချောင်ကျသွားသော မျက်နှာနှင့် ပိန်ပါးနေသော ကိုယ်တို့အား ကြည့်ကာ သူမရင်နာလာခဲ့သည်။ နေ့လယ်က လူအများကြီး ရှိနေခဲ့ရာ သူမအနေနှင့် သူမ၏ ခံစားချက်များကို ထုတ်ဖော် မပြရဲပါချေ။ ယခုမူ ကျန်းရီ တစ်ယောက်တည်းသာ ကျန်တော့ရာ သူမ၏ ဖုံးကွယ်ထားသော ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲသွားပြီ ဖြစ်သည်။

"အမ်"

အခန်းထဲတွင် တစ်ခဏမျှ ထိုင်နေပြီးနောက် စုလောရွှယ်သည် ကျန်းရီ၏ ကိုယ်မှ ထွက်ပေါ်နေသော  အနံ့အသက်တို့ကို ရကာ မျက်မှောင် ကြုတ်လိုက်မိသည်။ ခဏလောက် ထိုင်နေသေးပါသော်လည်း သူမ သည်းမခံနိုင်တော့ရာ အစေခံတစ်ယောက်အား ရေနွေးတစ်ဇလုံ ယူလာရန် စေခိုင်းလိုက်သည်။ သူမသည် အခန်းတွင်းသို့ ဝင်၍ ကျန်းရီအား ရေပတ် တိုက်ပေးလိုက်သည်။

သူမသည် ဤကဲ့သို့ ကိစ္စများကို မကြုံတွေ့ဖူးသည့် အပျိုလေးသာ ဖြစ်လေသည်။ သူမ ကျန်းရီ၏ အတွင်းဝတ်ဘောင်းဘီများကိုသာ ချန်၍ ဝတ်ရုံများ၊ အတွင်းဝတ်အင်္ကျီများ အားလုံးကို ဖယ်ရှားလိုက်သောအခါ အမြှောင်းလိုက် ဖြစ်နေသာ ကြွက်သားများနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော မျက်နှာတို့ကိုသာ တွေ့ရတော့သည်။ သူမသည် ချက်ချင်း ရှက်ရွံ့လာခဲ့သည်။ ထို့ကြောင့် ဆက်မကြည့်ရဲတော့ဘဲ အလျင်အမြန် အကြည့်လွှဲလိုက်ရသည်။

ကျန်းရီသည် ငါးကီလိုဂရမ်ခန့် ကိုယ်အလေးချိန် လျော့ကျသွားပါသော်လည်း သူ့ကိုယ်မှ ကြွက်သားများသည် ကြံ့ခိုင်သန်မာဆဲပင် ဖြစ်လေသည်။ သူ့တွင် မုတ်ဆိတ်မွေး အနည်းငယ် ပေါက်လာခဲ့သော်လည်း သူ့မျက်နှာမှာ ပိုမို ယောက်ျားပီသလာခဲ့သည်။ စုလောရွှယ်သည် ခဏ ရေပတ်တိုက်ပြီးသော် မနေနိုင်ဘဲ လှည့်ကြည့်မိပြန်သည်။ ထိုရှက်သွေးဖြန်းနေသော မိန်းကလေး၏ ကိုယ်ဟန်သည် အလွန်အမင်း ဆွဲဆောင်မှု ရှိနေလေသည်။

"အာ"

နှစ်ခြိုက်စွာ အိပ်ပျော်နေပါသော ကျန်းရီသည် ရုတ်တရက် ကိုယ်ကို လှည့်လာပါသောကြောင့် စုလောရွှယ်၏ ကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားလေသည်။ သူမသည် ချက်ချင်း မျက်နှာ လွှဲလိုက်ပြီး ပြန်မကြည့်ရဲတော့ပါပေ။ စုလောရွှယ်သည် မျက်လုံးများကို မှိတ်ကာ သူ့နောက်ကျောအား အသာအယာ ရေပတ်တိုက်ပေးနေခဲ့သည်။

ဘယ်သူက ထင်ထားမှာလဲ။

သူမ ကျန်းရီ၏ နောက်ကျောအား ရေပတ် တိုက်ပေးနေချိန်တွင် သူ့မျက်နှာသည် ရုတ်တရက် လှည့်လာလိမ့်မည်ဟု ... သူမလက်များသည် ဘာမှ မသိပဲ သူ့မျက်နှာအား အကြိမ်များစွာ ရေစိုဝတ်ဖြင့် သုတ်ပေးနေမိရာ ကျန်းရီ နိုးသွားခဲ့လေသည်။

(အစက ကျန်းရီ မနိုးပါဘူးနော် ... အိပ်နေရင်း လှည့်မိတာ..စုလောရွှယ် မျက်စိမှိတ်လိုက်ပြီး နောက်ကျောကို ရေပတ် တိုက်နေချိန် ထပ်လှည့်လိုက်တော့ မျက်နှာကို သုတ်မိမှ နိုးသွားတာ)

"အမ်"

ကျန်းရီ နိုးလာပါသော်လည်း မူးနောက်နောက် ဖြစ်နေသေးသည်။ သူသည် သူ့ရှေ့တွင် မိန်းကလေး တစ်ယောက် ထိုင်နေခဲ့ပြီး သူ့အဝတ်အစားများလည်း ကျွတ်နေသည်ကို တွေ့လိုက် ရသည်။ သူအလျင်အမြန် ထထိုင်လိုက်ကာ စောင်ကို ကိုယ်ပေါ် ဆွဲတင်လိုက်ပြီး အလန့်တကြား ပြောလိုက်သည်။

"မင်း ... .မင်း ဘယ်သူလဲ ... ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

စုလောရွှယ် မျက်လုံး ဖွင့်ကြည့်လိုက်ရာ ကျန်းရီ၏ အခြေအနေအား မြင်လိုက်ရလေသည်။ သူမမျက်နှာသည် ရှက်ရွံ့မှုရော ဒေါသရောကြောင့် နီရဲလာခဲ့သည်။ သူမသည် သန့်ရှင်းသော အဝတ်အစားများကို ကျန်းရီထံ ပစ်ပေးလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ငါမင်းကို ဘာလုပ်နိုင်မှာလဲ ... ငါက မင်းကို မတရားကျင့်တာ ဖြစ်နိုင်လို့လား"

ကျန်းရီသည် အဝတ်အစားများကို ဖမ်းလိုက်ပြီးမှ လုံးဝ နိုးသွားခဲ့သည်။ သူပြုံးကာ ပြောလိုက်သည်။

"ဘယ်သူက ဒီလိုရူးမိုက်တဲ့ မိန်းကလေးကို ငါ့အဝတ်အစားတွေ ချွတ်ခိုင်းမိလို့လဲ ... မင်းက ငါ့မျက်နှာကို ရေတွေနဲ့ပါ သုတ်ပေးနေသေးတယ် ... ငါဘယ်လိုလုပ်ပြီး ကြောင်တောင်တောင် မဖြစ်သွားပဲ နေမှာလဲ"

"ရူးမိုက်တဲ့ မိန်းကလေး" ဟူသော စကား တစ်ခွန်းသည် သူတို့နှစ်ယောက်လုံး၏ အမူအရာများအား ထူးဆန်းသွားစေသည်။

နှစ်ယောက်လုံး၏ စိတ်များသည် ဟေးယွင်တောင်တွင် ငွေလဝံပုလွေကြီးကို အတူစီး၍ သွားလာခဲ့သော အချိန်အား အမှတ်ရသွားခဲ့သည်။ စုလောရွှယ်သည် ရှက်လွန်း၍ မျက်လုံးများပင် မပင့်ရဲတော့ပေ။ သူမသည် တစ်ခုခုအား တွေးမိသွားသော အခါ ချက်ချင်း မျက်နှာလွှဲလိုက်ပြီး သူမ၏ မျက်နှာသည်လည်း ပုံမှန်အတိုင်း အေးတိအေးစက် ပြန်ဖြစ်သွားခဲ့လေသည်။

"ဟူး”

ကျန်းရီသည် စုလောရွှယ် သင်တန်းကျောင်းသို့ ပြန်သွားခဲ့ပြီး သူသည်လည်း တံခါးပိတ် ကျင့်ကြံနေခဲ့သော အချိန်များအား သတိရသွားခဲ့သည်။ သူ ကျန့်ဝူရွှမ်းတို့အား လိုက်ပါပို့ဆောင်သော အချိန်တွင် စုလောရွှယ်အား သူငေးကြည့် နေခဲ့ပါသော်လည်း သူမသည် သူ့အား တစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။ သူ့ရင်ထဲမှ နာကျင်လာခဲ့သည်။

အဘယ့်ကြောင့် စုလောရွှယ်သည် သူ့အား တစ်ခါတစ်ရံတွင် ရင်းရင်းနှီးနှီး ဆက်ဆံ၍ တစ်ခါတစ်ရံတွင် အေးစက်စက်  ဆက်ဆံသည်ကို ကျန်းရီမသိပေ။ သို့သော် ပြောပြ၍ မရနိုင်သော ပြဿနာများ ရှိနေ၍သာ သူမ ထိုကဲ့သို့ ပြုမူခြင်း ဖြစ်မှန်း သူနားလည်လေသည်။ စုလောရွှယ်သည် ချည်းကပ်ရန် မလွယ်ပုံပေါ်သော်လည်း ဟန်ဆောင်မျက်နှာဖုံးတစ်ခုသာ ဖြစ်ကြောင်း သူသိသည်။

အခန်းသည် တိတ်ဆတ်နေခဲ့သည်။ လေထုမှာ ထူးဆန်း၍သာ လာခဲ့သည်။

ကျန်းရီသည် ထိုကဲ့သို့သော တိတ်ဆိတ်မှုမျိုးကို မနှစ်သက်သောကြောင့် စကားစကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မှောင်နေပြီလား ... ကျွန်တော် ဗိုက်ဆာတယ် ... ရေချိုးခန်းကရော ဘယ်နေရာမှာလဲ ... ကျွန်တော်သွားပြီး ရေချိုးနေတုန်း စားစရာ တစ်ခုခု ပြင်ထားပေးပါလား"

"အိုး"

စုလောရွှယ်သည် အတွေးများမှ ရုန်းထွက်ကာ ကျန်းရီ အပြင်ထွက်ရန် ကူညီပေးလိုက်သည်။ သူမသည် အစေခံ တစ်ယောက်ကို ကျန်းရီ ရေချိုးရန်အတွက် ပြင်ဆင်ခိုင်းလိုက်ပြီး နောက်အစေခံ တစ်ယောက်ကို ချမ်ဝမ်ကွမ် နေ့လယ်က စီစဉ်ပေးခဲ့သော အဝတ်အစားများ သွားယူရန် စေခိုင်းလိုက်သည်။ သူမကိုယ်တိုင်ကမူ ခန်းမကျယ်ကြီးထဲ သွားကာ ကျန်းရီအတွက် စားကောင်း သောက်ဖွယ်များ တစ်စားပွဲ မှာကြားလိုက်ပြီး အခန်းဆီ လာပို့ခိုင်းလိုက်သည်။

စုလောရွှယ်သည် ဧည့်ခန်းထဲတွင် ထိုင်ကာ တွေဝေနေခဲ့သည်။ သူမသည် အခန်းဆီ ပြန်သွားချင်ပါသော်လည်း ကျန်းရီ၏ ရိုးသားဖြူစင်သော မျက်လုံးတစ်စုံနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေခဲ့သည်။ သူမသည် သူ့ရှေ့တွင် ဟန်ဆောင်နေစရာ အကြောင်းမရှိဟု ခံစားရကာ ပုံမှန်အတိုင်းသာ နေနေမိသည်။

"စုလောရွှယ် ... နင်က မီးနဲ့ကစားနေတာပဲ ... ဒီလို ဆက်နေလို့ မဖြစ်ဘူး ... နင်က ဆရာတစ်ယောက်၊ သူက နင့်ကျောင်းသား ... နင်တို့ ငါးနှစ်ကွာတယ် ... ဒါ့အပြင် နင့်မှာ စေ့စပ်ထားတဲ့သူ ရှိပြီးသား..ဘယ်လိုလုပ်ပြီး အရှက်မဲ့ရတာလဲ"

စုလောရွှယ်သည် ရှက်ရွံ့ဟန်နှင့် ရေရွတ်လိုက်သည်။ သို့သော် ဧည့်ခန်းထဲမှ သူမ ထွက်မသွားနိုင်သေးပေ။

ရှပ် ... ရှပ် ... ရှပ်

ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ လူနှစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ စုလောရွှယ်သည် သံသယ ဝင်လာ၍ အပြင်ထွက် ကြည့်လိုက်သည်။ သင်တန်းကျောင်းမှ လူတိုင်းသည် စားသောက်ပွဲ တက်ရန် ထွက်ခွာ သွားကြလေပြီ။ ချမ်ဝမ်ကွမ်နဲ့ ကျန့်ဝူရွှမ်း အရင် ပြန်လာတာများလား။

"အမ် ... ကျောင်းအုပ်ချီ"

စုလောရွှယ်သည် နီးကပ်လာသော လူအား မြင်ရသောအခါ ပိုမို သံသယ ဝင်လာရသည်။ ကျောင်းအုပ်ချီက နန်းတော်ထဲမှာ မဟုတ်ဘူးလား ... ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ

"ကောင်မလေး"

ကျောင်းအုပ်ချီသည် ဧည့်ခန်းအတွင်း ဝင်မလာခင် အဝင်ဝတည်းက ခါးသီးစွာ ပြုံးပြလာခဲ့သည်။

"မင်းက တော်တော်လေး နာမည်ကြီးနေတာပဲ ... အိမ်ရှေ့စံက မင်းကို အခမ်းအနား တက်ရောက်ဖို့ ဖိတ်တာကို မသွားတော့ဘူးလား ... မင်းက ဒီအဘွားကြီးကို ကိုယ်တိုင်လာရအောင် လုပ်လိုက်သေးတယ်"

"ဟမ်"

စုလောရွှယ် တွေဝေသွားခဲ့သည်။ ကျောင်းအုပ်ချီသည် ရှန်ဝူနိုင်ငံသူဖြစ်၍ တော်ဝင ်မိသားစုနှင့် ဆက်နွယ် နေသေးသည်ကို သူမ အမှတ်ရလိုက်သည်။ ကျောင်းအုပ်ချီ ကိုယ်တိုင် ရောက်လာခဲ့ရာ အိမ်ရှေ့စံအား သူမ မျက်နှာသာ မပေးချင်လျှင်တောင် ကျောင်းအုပ်ချီအား မျက်နှာသာပေးရပေမည်။

"အိုး”

ဘေးဘက်ခြမ်းမှ တံခါးတစ်ခု ပွင့်လာခဲ့လေသည်။ ကျန်းရီသည် သပ်ရပ်စွာ ဝတ်စားထား၍ တစ်လှမ်းချင်း ထွက်လာခဲ့သည်။ သူ့မုတ်ဆိတ်မွေးများလည်း ရိတ်သိမ်းထားပြီး ဖြစ်သလို သူဝတ်ဆင်ထားသော ပန်းထိုးအဝတ်မှာ သူနှင့် အလွန်ပနံသင့်နေလေသည်။

အထူးသဖြင့် ဓားတစ်ချောင်းကဲ့သို့ ထက်မြသော ခံစားချက်ကို ပေးသည့် မျက်နှာသည် စုလောရွှယ်အား မှင်သက်နေစေလေသည်။

"အဲဒီမှာ အစားအသောက်ကောင်းတွေ ရှိတယ်မလား"

ကျန်းရီသည် ကျောင်းအုပ်ချီ ပြောသွားသည်ကို ကြားခဲ့ပြီးဟန် တူလေသည်။ သူသည် စကားလုံးများ မဲ့နေဟန်တူသော စုလောရွှယ်၏ အမူအရာကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"ဒါဆို သွားကြစို့ ... ဆရာမစု ... မစိုးရိမ်နဲ့ ... ကျွန်တော်ရှိနေရင် မင်းကို ဘယ်သူမှ မထိစေရဘူး "

စုလောရွှယ်သည် ထပ်မံ မှင်သက်သွားရပြန်သည်။ သူမသည် ကျန်းရီကို ကြည့်သည်။ ထို့နောက် ကျောင်းအုပ်ချီကို ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ဒါဆို ကောင်းပြီလေ"

*****

All Chapters