ငါသေပြီလို့ ဘယ်သူပြောလဲ
Vol. 57 Ch. 847
ယန်ချင်းရီသည် ဟန်ဆောင်နေမှုများကို ဖယ်ရှားလိုက်ပြီး ရုတ်တရက် ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်တော့သည်။
သူ့နောက်ရှိ အစောင့်များသည် ယန်ထျန်ဂိုဏ်း၏ သခင်လေး ယန်ချင်းရီကို အလယ်ထား၍ အစီအရင်ချလိုက်ကြသည်။
ဘက်ပေါင်းစုံမှ ကျင့်ကြံခြင်းစွမ်းအားများ စုစည်းလာသည်နှင့်အမျှ ယန်ချင်းရီ၏ အရှိန်အဝါသည် တစ်ရှိန်ထိုး တက်လာပြီး မီးတောက်များ လွှမ်းခြုံထားသော ဓားရှည်ကြီးကို ဆွဲထုတ်ကာ ရက်စက်စွာ ပြုံးလိုက်သည်။
"ယန်ထျန်းဓားချက်"
ယန်ချင်းရီက ဓားဖြင့် ပိုင်းချလိုက်သည်။
မီးတောက်များနှင့် သတ္တုတို့ ပေါင်းစပ်သွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပသွားသည်။
ဤဓားချက်၏ အစွမ်းသည် အမှန်ပင် သာမန်မဟုတ်ချေ။
မျက်စိဖြင့်ပင်မမြင်နိုင်ပဲ ကျယ်လောင်သော ပေါက်ကွဲသံကြီးကိုသာ ကြားလိုက်ရသည်။
စစ်ဟွာမြို့တစ်မြို့လုံးကို လွှမ်းခြုံထားသော မြို့ကာကွယ်ရေး အလင်းတံတိုင်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး တဖြည်းဖြည်း ကွေးညွတ်ကာ အတွင်းဘက်သို့ ချိုင့်ဝင်လာသည်။
သို့သော် ယန်ချင်းရီသည် ထိုဓားချက်မှာ မြို့ကာကွယ်ရေး အစီအရင်ကို ဖျက်စီးနိုင်ပြီဟုထင်ကာ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် စစ်ဟွာမြို့ရိုးပေါ်တွင် ထွင်းထုထားသော အစီအရင်အက္ခရာများသည် ရုတ်တရက် လင်းလက်လာသည်။
ထို့နောက် အလင်းတံတိုင်းမှ အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ချိုင့်ဝင်နေသော နေရာများ ချက်ချင်း ပြန်ပြည့်သွားကာ ယန်ချင်းရီကို မိုင်အနည်းငယ် အကွာသို့ လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်သည်။
ယန်ချင်းရီသည် လေထဲတွင် မနည်းဟန်ချက်ညီအောင် ထိန်းလိုက်ရပြီး သွေးတစ်လုပ် အန်ချလိုက်ရာ သူ၏ မျက်နှာ မူလအရောင်အဆင်း ပျက်သွားတော့သည်။
"အစ်ကိုကြီး"
"ဂိုဏ်းသခင်လေး"
သူ့လူအုပ်စုသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ထိုအချိန်မှာပင်...
တိမ်တိုက်များ နောက်ကွယ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူက ငါ့သားကို ထိပါးရဲတာလဲ"
အသံနှင့်အတူ လူအုပ်ကြီးတစ်စု ထွက်ပေါ်လာသည်။
ဦးဆောင်လာသူမှာ မီးတောက်ပုံစံ ဝတ်ရုံကို ဝတ်ဆင်ထားသော လူကြီးတစ်ဦးဖြစ်သည်။
ထိုလူ ပေါ်လာသည်နှင့် ယန်ချင်းရီနှင့် ယန်ချင်းရွှမ်တို့ မောင်နှမနှစ်ယောက် ပြိုင်တူ အော်ခေါ်လိုက်ကြသည်။
"အဖေ"
ကျန်လူများကမူ ပိုလို့ပင်ရိုသေစွာဖြင့် ခါးကိုကွေးကာ အရိုအသေ ပေးလိုက်ကြသည်။
"ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်"
ဟုတ်ပေသည်။ ထိုသူမှာ ယန်ထျန်ဂိုဏ်း၏ ဂိုဏ်းချုပ် ယန်ဟန်ထျန်းပင် ဖြစ်သည်။
ထိုအချိန်တွင် ယန်ဟန်ထျန်းသည် သားဖြစ်သူကို အလွန်ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ချင်းရီ... ဒဏ်ရာ အခြေအနေ ဘယ်လိုလဲ"
"အဖေ... ဒဏ်ရာက သိပ်မပြင်းပါဘူး၊ ဒါပေမဲ့ စစ်ဟွာမြို့က လူတွေက ယုတ်မာတယ်၊ အဖေနဲ့ ဂုဏ်သရေရှိ အကြီးအကဲတွေ တရားမျှတမှု ရအောင် လုပ်ပေးဖို့ တောင်းဆိုပါတယ်"
"တူလေး... စိတ်မပူပါနဲ့၊ ဒီကိစ္စကို မြင်ပြီးမှတော့ ဦးလေးတို့က လက်ပိုက်ကြည့်မနေပါဘူး"
ယန်ဟန်ထျန်း၏ နောက်တွင် မတူညီသော အရှိန်အဝါများ ရှိကြသည့် အခြားအကြီးအကဲများ ထွက်ပေါ်လာသည်။
သူတို့အားလုံးသည် ယန်ထျန်းဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်သော အခြားဂိုဏ်းချုပ်များ ဖြစ်ကြသည်။
ဖူရှင်းယန်သည် စကားတစ်ခွန်းမှ မဆိုဘဲ ထိုလူစု၏ ပြဇာတ်ကို အေးစက်စွာ ကြည့်နေသည်။
ထိုစဉ် ယန်ဟန်ထျန်းက မော့ကြည့်လိုက်ပြီး အကာအကွယ် အလင်းတံတိုင်း နောက်ရှိ ဖူရှင်းယန်ကို အေးစက်စွာ ပြုံးပြလိုက်သည်။
"မြို့သခင်ဖူ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဟွာမြို့က ယန်ထျန်းဂိုဏ်းကို ဘယ်လို ရှင်းပြချက် ပေးမလဲ"
ဘေးတွင်ရှိသော စုရှောင်မုသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ရှေ့တိုးလာပြီး အော်ပြောလိုက်သည်။
"ယန်ဟန်ထျန်း... ရှင် ဗြောင်လိမ်နေတာတွေ ရပ်လိုက်လို့ မရဘူးလား၊ ရှင့်သမီးကို လက်ခံပေးဖို့ အစက တောင်းပန်ခဲ့တာ ရှင်ပဲလေ၊ သူက ထပ်ခါထပ်ခါ စည်းကမ်းဖောက်နေလို့ ယန်ထျန်းဂိုဏ်း မျက်နှာ မထောက်ရင် စီနီယာအစ်မက သူ့ကို သတ်ပစ်တာ ကြာပြီ၊ အခု သူ့ကို မောင်းထုတ်ရုံပဲ မောင်းထုတ်လိုက်တာကို ရှင်က ဒီလာပြီး စွပ်စွဲရဲသေးတယ်လား"
"ပြီးတော့ ရှင့်သားက အမှန်တရားကို ဂရုမစိုက်ဘဲ တိုက်ရိုက် ရန်စတိုက်ခိုက်တာလေ၊ ရှင်တို့အားလုံး ဒါကို မမြင်ဘူးလို့ ပြောချင်တာလား"
စုရှောင်မု အမှန်ကို ဒေါသထွက်နေသည်။
သို့သော် ထိုစကားကို ကြားသောအခါ ယန်ဟန်ထျန်းသည် မဲ့ပြုံးသာပြုံးလိုက်သည်။
"လေသံက မာလှချည်လား၊ ဘာပဲဖြစ်ဖြစ် ငါ့သားက မင်းတို့ကြောင့် ဒဏ်ရာရသွားတယ်၊ ငါ့သမီးက မင်းတို့ကြောင့် အရှက်ကွဲခဲ့ရတယ်၊ ဒါကြောင့် ဒီကိစ္စကို စစ်ဟွာမြို့က ရှင်းပြချက် ပေးကိုပေးရမယ်"
"ရှင်..."
စုရှောင်မု ဆက်ပြောချင်သေးသော်လည်း ဖူရှင်းယန်က ဟန့်တားလိုက်သည်။
"တော်တော့ ရှောင်မု... ဘာမှ ဆက်မပြောနဲ့တော့"
"စီနီယာအစ်မ... ဒီလူတွေက သက်သက်မဲ့ အနိုင်ကျင့်နေကျနေတာ"
"နောက်ဆုတ်နေစမ်း"
"ဟုတ်... ဟုတ်ကဲ့"
စုရှောင်မု မကျေမနပ်ဖြင့် နောက်ဆုတ်သွားသည်။
ထို့နောက် ဖူရှင်းယန်သည် တစ်ဖက်လူများကို အေးစက်စွာ ကြည့်လိုက်သည်။
"ဇာတ်လမ်းဆင်ထားတာ ကောင်းသားပဲ၊ ရှင့်သမီးကို စစ်ဟွာမြို့ပို့ကတည်းက ဒါကို ကြိုစီစဉ်ထားတာ မဟုတ်လား"
ဖူရှင်းယန်၏ စကားကို ကြားသောအခါ ယန်ဟန်ထျန်း မျက်နှာအနည်းငယ် ပျက်သွားသော်လည်း ပြန်ပြောရန်ပြင်လိုက်သည်။
"မြို့သခင်ဖူ..."
ဖူရှင်းယန်က လက်ကာပြလိုက်သည်။
"ငါတို့အားလုံးက အကင်းပါးတဲ့သူတွေပါ၊ စကားသွယ်ဝိုက်နေစရာ မလိုဘူး၊ ငါ တစ်ခုပဲ မေးချင်တယ်၊ တကယ်လို့ သခင်ကြီးသာ ဒီမှာရှိနေရင် ရှင်တို့ ဒါမျိုး လုပ်ရဲပါ့မလား"
ထိုစကားကို ကြားသောအခါ ယန်ဟန်ထျန်းနှင့် သူ့လူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လှောင်ပြုံးများ ပြုံးလိုက်ကြသည်။
"ဖူရှင်းယန်... မင်းက ရှင်းရှင်းလင်းလင်း ပြောမှတော့ ငါတို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့၊ ဟုတ်တယ်... ငါတို့က စစ်ဟွာမြို့ကို ပစ်မှတ်ထားတာပဲ၊ ရွှယ်အန်းကတော့ အခုလောက်ဆို သူ့အရိုးတွေတောင် ဆွေးလောက်ရောပေါ့"
"သူက ကောင်းကင်ဘုံသုံးဂိုဏ်က လူတွေကိုတောင် ရန်စရဲတယ်၊ သူ အရှေ့ပိုင်းနယ်မြေမှာ ဗိုလ်ကျသလိုမျိုး အလယ်ပိုင်းနယ်မြေမှာလည်း လုပ်လို့ရမယ် ထင်နေတာလား အဲဒီဂိုဏ်းမှာက စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်၊ စစ်မှန်အင်မော်တယ်အဆင့် ဘိုးဘေးတွေတောင် ရှိတယ်၊ သူ့လုပ်ရပ်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ဂိုဏ်းချုပ်တစ်ဦးက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါကြားတာတော့ အဲ့ရွှယ်အန်းက သွေးကွန်ရက်တောင်တန်းက ယွမ်ဂိုဏ်း လူတွေကိုလည်း ရန်စခဲ့သေးတယ်တဲ့၊ ဒါက သေလမ်းရှာတာ မဟုတ်လို့ဘာလဲ"
လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။
ယန်ဟန်ထျန်း၏ မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။
"ဖူရှင်းယန်... ငါတို့ တခြားဘာမှ မလိုချင်ဘူး၊ ရွှယ်အန်း မင်းကို ပေးခဲ့တဲ့ ကျင့်ကြံခြင်းပညာရပ်ကို ထုတ်ပေးပြီး ဒီမြို့ကနေ ထွက်သွားလိုက်၊ ငါ ကတိပေးတယ်... မင်းတို့ကို ထပ်ပြီး ဒုက္ခမပေးဘူး၊ ဘယ်လိုလဲ"
ထိုစကားသည် စစ်ဟွာမြို့ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
စစ်ဟွာမြို့ထဲ ရောက်နှင့်နေတာ ကြာပြီဖြစ်သော အမျိုးသမီးများသည် ဒေါသထွက်နေကြသည်။
သို့သော် အခုမှ ဝင်လာသော ဂိုဏ်းသားသစ်များကမူ ဂရုမစိုက်သလိုနေကြပြီး အချို့ဆို ဖူရှင်းယန်တို့ ဒုက္ခရောက်နေသည်ကို ကြည့်ကာ ဝမ်းသာနေကြသည်။
ဖူရှင်းယန်သည် နှာခေါင်းရှုံ့လိုက်သည်။
"ဒါဆို ကျွန်မက ရှင့်ကို ကျေးဇူးတင်ရမှာပေါ့ ဟုတ်လား"
"ဟား... အဲလိုတော့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့..."
ဖူရှင်းယန်က လက်ကာပြပြီး ဖြတ်ပြောလိုက်သည်။
"ဆက်ပြောစရာ မလိုတော့ဘူး"
ထို့နောက် တစ်ဖက်လူများအား တစ်ခါတည််း ပြောလိုက်သည်။
"ကျွန်မ ပြောလိုက်မယ်၊ သခင်ကြီးက ဘယ်တော့မှ မသေဘူး၊ စစ်ဟွာမြို့ကလည်း ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး"
"သေချင်နေတာပဲ"
ယန်ဟန်ထျန်းက လှောင်ပြောင်လိုက်ပြီး ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။
အားကောင်းသော မီးတောက်တစ်ခု ကာကွယ်ရေး အစီအရင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ယန်ဟန်ထျန်း အော်ဟစ်လိုက်သည်။
"ဘာရပ်လုပ်နေကြတာလဲ၊ အခုမလုပ်ရင် ဘယ်အချိန်လုပ်မှာလဲ"
သူ့စကားနှင့်အတူ သူနှင့်ပါလာသော ဂိုဏ်းချုပ်များလည်း တိုက်ခိုက်ကြတော့သည်။
အလင်းတန်း တစ်ဒါဇင်ကျော် စုစည်းသွားပြီး ကာကွယ်ရေး အလင်းတံတိုင်းကို ပြင်းထန်စွာ ဝင်ဆောင့်သည်။
ဘုန်း!
ကျယ်လောင်သော အသံကြီးအပြီးတွင် ကာကွယ်ရေး အလင်းတံတိုင်းသည် ဖိအားကို မခံနိုင်တော့ဘဲ ကြွပ်ဆတ်သော ကွဲအက်သံနှင့်အတူ ပျက်စီးသွားတော့သည်။
ထို့နောက် ဂိုဏ်းချုပ်များသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
ဝင်စီးကြဟေ့ စစ်ဟွာမြို့က ကျင့်ကြံသူတွေတိုင်းက အရှေ့ပိုင်းနယ်မြေမှာ နာမည်ကြီးတဲ့ အလှပဂေးတွေ၊ ရတနာတွေပဲ ဘယ်သူ့ကိုမှ အလွတ်မပေးနဲ့"
ဖူရှင်းယန်၊ စုရှောင်မုနှင့် စစ်ဟွာမြို့မှ တပည့်များအားလုံး အေးစက်သော မျက်နှာထားများဖြင့် မကြောက်မရွံ့ ပြန်လည်တိုက်ခိုက်ကြသည်။
အလင်းတန်းများ လင်းလက်ပြီး ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။
သို့သော် သေချာပြင်ဆင်လာသော ယန်ဟန်ထျန်းနှင့် လူစုသည် အင်အား အလွန်သာလွန်နေသည်။
ထို့ကြောင့် စစ်ဟွာမြို့မှ လူများသည် မကြာမီ ဝိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရသည်။
အထူးသဖြင့် ဖူရှင်းယန်သည် ဖိအားပေးခံနေရသည်။
ယန်ဟန်ထျန်းနှင့် အခြားခေါင်းဆောင် သုံးယောက်သည် သူမကို ဝိုင်းထားကြသည်။
ဖူရှင်းယန်၏ မျက်နှာ ဖြူဖျော့နေပြီး အသက်ရှူသံ မြန်နေကာ အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုစဉ် တိုက်ပွဲကို ကြည့်နေသော ယန်ချင်းရီက ယုတ်မာစွာ ရယ်မောလိုက်သည်။
"အဖေ... ကျွန်တော် ဒီမိန်းမကို သဘောကျတယ်၊ သူ့ကို ဖမ်းပြီး ကျွန်တော့်ကို ပေးပါ"
ယန်ဟန်ထျန်းက သဘောကျစွာ ရယ်မောလိုက်သည်။
"ကောင်းပြီ! ဒါပေမဲ့ ဒီမိန်းမက အရမ်းခက်ထန်တယ်၊ ငါ့သား နိုင်ပါ့မလား"
ယန်ချင်းရီက ယုတ်မာစွာ ရယ်လိုက်သည်။
"အဖေကလည်း... ကျွန်တော်က ခက်ထန်တာမျိုးကိုမှ ပိုကြိုက်တာ"
ထိုသားအဖ နှစ်ယောက်၏ အရှက်မဲ့သော စကားများကြောင့် ဖူရှင်းယန် ဒေါသထွက်သော်လည်း သူမ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
စစ်ဟွာမြို့၏ နှစ်ထောင်ချီ သက်တမ်းရှိသော အုတ်မြစ်သည် ယနေ့တွင် သူမလက်ထဲ ပျက်စီးရတော့မည်လား
ပြီးတော့ သခင်ကြီးက... သူတို့ပြောသလို တကယ်ပဲ ပြန်မလာနိုင်တော့ဘူးလား
ထိုအချိန်မှာပင်...
ကောင်းကင်ထက်မှ ဖျော့တော့သော အသံတစ်သံ ထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ငါသေပြီလို့ ဘယ်သူပြောလဲ”