စာလုံးတစ်လုံးတည်းဖြင့် နယ်မြေတစ်ခုလုံးကို ဖိနှိပ်ခြင်း
Vol. 57 Ch. 849
မျက်စိတစ်မှိတ်အတွင်းမှာပင်...
လွန်ခဲ့သော တခဏကမှ သူတို့၏ စွမ်းအားကို ပြသပြီး မောက်မာဝင့်ကြွားနေခဲ့ကြသော ယန်ထျန်းဂိုဏ်းနှင့် အခြားအဓိကဂိုဏ်းကြီးများမှ လူများသည် ရွှယ်
လွေ့လီ၏ ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
စစ်ဟွာမြို့မှ လူအားလုံး မှင်သက်စွာ ကြည့်နေကြသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ဖူရှင်းယန်ကို ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ငါ ပြန်ရောက်ပြီ"
ထိုစကားကို ကြားလိုက်ရသောအခါ ဖူရှင်းယန်၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပြီး ဦးညွှတ်လိုက်ကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။
"စစ်ဟွာမြို့က သခင်ကြီး ပြန်လာတာကို လေးစားစွာ ကြိုဆိုပါတယ်"
သူမ၏ လှုပ်ရှားမှုကို လိုက်၍ စစ်ဟွာမြို့မှ လူအားလုံးသည် ပြိုင်တူ ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်ကြသည်။
"စစ်ဟွာမြို့က သခင်ကြီး ပြန်လာတာကို လေးစားစွာ ကြိုဆိုပါတယ်"
သူတို့၏ အသံများသည် မိုးချုန်းသံပမာ ကျယ်လောင်ပြီး သူတို့၏ အရှိန်အဝါသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုမြင်ကွင်းကို နယ်မြေများ ဖြတ်ကျော်ကာ ရွှယ်အန်းနောက် လိုက်ပါလာခဲ့ကြသော အလယ်ပိုင်းနယ်မြေမှ ကျင့်ကြံသူများ မြင်တွေ့လိုက်ရသည်။
စစ်ဟွာမြို့ရှိ လူများ၏ ကျင့်ကြံခြင်းအဆင့်များ သိပ်မမြင့်မားသော်လည်း သူတို့၏ စည်းလုံးညီညွတ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုကြောင့် ၎င်းတို့ကိုပါ စိတ်လှုပ်ရှားစေသည်။
အစောက ညည်းညူပြီး စိတ်မပါခဲ့ကြသော စစ်ဟွာမြို့မှ ဂိုဏ်းသားသစ်များမှာမူ ယခုအချိန်တွင် တုန်လှုပ်ချောက်ချားနေကြသည်။
သူတို့ ပြောခဲ့သော စကားများနှင့် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်ခဲ့သည့် အတွေးများ အားလုံးသည် ယခုအခါ သူတို့၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်နေသည့်ပမာ ဖြစ်နေသည်။
မကြာမီ...
ရွှယ်အန်းနှင့် သူ့လူစုသည် ဆွေးနွေးရန်အတွက် စစ်ဟွာမြို့၏ ခန်းမကြီးထဲသို့ ဝင်ရောက်သွားကြသည်။
ရွှယ်အန်းသည် သဘာဝကျစွာပင် အမြင့်ဆုံးနေရာတွင် ဝင်ထိုင်လိုက်သည်။
ဖူရှင်းယန်နှင့် စစ်ဟွာမြို့မှ လူများသည် သူ့ဘေးတွင် နေရာယူကြသည်။
တစ်ချိန်တည်းမှာပင် သူ့နောက်မှ လိုက်ပါလာသော ကျင့်ကြံသူများလည်း အသီးသီး နေရာယူလိုက်ကြသည်။
ထိုအချိန်ကျမှသာ
ဖူရှင်းယန်သည် ထိုလူများ၏ မျက်နှာများကို သေချာ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထိုအရာသည် သူမ၏ အံ့သြမှုကို ပိုမိုပြင်းထန်စေသည်။
အဘယ်ကြောင့်ဆို ထိုဆံပင်ဖြူ အကြီးအကဲ အားလုံးနီးပါးသည် စစ်မှန်အင်မော်တယ်အဆင့် စွမ်းအားရှင်များ ဖြစ်နေကြသည်။
ထိုပုဂ္ဂိုလ်များထဲမှ တစ်ယောက်သာ အရှေ့ပိုင်းနယ်မြေသို့ ရောက်လာခဲ့ပါက နယ်မြေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သော ပြိုင်ဘက်ကင်း စွမ်းအားရှင် ဖြစ်လာပေလိမ့်မည်။
သို့သော် ယခုတွင် သူတို့အားလုံးသည် သတိထားနေပုံရကာ ရွှယ်အန်းကိုသာ ကြည့်နေကြသည်။
ဤသည်ကြောင့် စစ်ဟွာမြို့မှ လူများကို တိတ်ဆိတ်စွာ အံ့အားသင့်စေသည်။
သူတို့၏ သခင်ကြီးသည် အရှေ့ပိုင်းနယ်မြေမှ ထွက်ခွာသွားသည်မှာ နှစ်ဝက်မျှသာ ရှိသေးသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာထိ တိုးတက်လာခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ရှင်းယန်"
ဖူရှင်းယန် အလျင်အမြန် ရှေ့တိုးလာပြီး ရိုသေစွာ ပြောလိုက်သည်။
"အမိန့်ရှိပါ သခင်ကြီး"
"ငါ့အမိန့်ကို ထုတ်ပြန်လိုက်၊ အရှေ့ပိုင်းနယ်မြေက မျိုးရိုးမြင့်မိသားစုတွေနဲ့ ဂိုဏ်းတွေက စွမ်းအားကြီး ကျင့်ကြံသူ အားလုံးကို သုံးရက်အတွင်း စစ်ဟွာမြို့ကို ရောက်ရှိလာရမယ်၊ နောက်ကျတဲ့သူတွေကို ညှာတာမှုမရှိ သတ်ဖြတ်မယ်"
ရွှယ်အန်း၏ လေသံသည် အေးစက်သော်လည်း ကြက်သီးထဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အချို့သည် နားမလည်နိုင်သော မျက်နှာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရွှယ်အန်း ဘာလုပ်ဖို့ ကြံနေတာလဲ...
အရှေ့ပိုင်းနယ်မြေက မျိုးရိုးမြင့် မိသားစုတွေနဲ့ ဂိုဏ်းတွေ အကုန်လုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီးဖို့ ရည်ရွယ်တာလား
ဖူရှင်းယန်လည်း စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း ရိုသေစွာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
သူမ သတင်းသွားပို့ရန် ပြင်လိုက်သည်။
"နေဦး"
ရွှယ်အန်းက သူမကို ရုတ်တရက် ပြန်ခေါ်လိုက်သည်။
"သခင်... တခြား ဘာများ ရှိသေးလို့လဲ"
"အမိန့်ကို ဒီအတိုင်းပဲ ပေးလိုက်ရင် မလိုက်နာတဲ့သူတွေ ရှိကောင်းရှိလိမ့်မယ်၊ အမိန့်နဲ့အတူ ထုတ်ပြန်ဖို့ မင်းကို စာလုံးတစ်လုံး ငါပေးမယ်"
ရွှယ်အန်းသည် ဂရုမစိုက်ဟန်ဖြင့် လက်ညှိုးထိုးလိုက်ရာ လေထဲတွင် ရွှယ် ဟူသော စာလုံးကြီးတစ်လုံး ရေးဆွဲလိုက်သည်။
ထိုစာလုံး ပေါ်လာသည်နှင့် ခန်းမကြီးထဲရှိ ကျင့်ကြံသူများအားလုံး ကြက်သီးထသွားကြသည်။
အထူးသဖြင့် ကျင့်ကြံမှုအဆင့် မြင့်မားသော စွမ်းအားကြီး ကျင့်ကြံသူများသည် ထိုစာလုံး၏ ဖိနှိပ်နိုင်သော စွမ်းအားကို ပိုမိုခံစားလိုက်ရသည်။
ထို့နောက် ဤစာလုံးသည် အဆောင်လက်ဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖူရှင်းယန်၏ လက်ဝါးထဲသို့ တိုက်ရိုက် ဝင်ရောက် ကပ်ငြိသွားသည်။
"သွားတော့"
ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
ဖူရှင်းယန်သည် လေးနက်စွာ ဦးညွှတ်လိုက်သည်။
"ဟုတ်ကဲ့"
မကြာခင်တွင်
ဖူရှင်းယန်သည် စစ်ဟွာမြို့သခင်၏ အမိန့်ကို ထုတ်ပြန်လိုက်ရာ ရေတွက်မရနိုင်သော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အရှေ့ပိုင်းနယ်မြေ တစ်ခွင်လုံးရှိ မြောက်မြားစွာသော မျိုးရိုးမြင့် မိသားစုများနှင့် ဂိုဏ်းများထံသို့ ပျံ့နှံ့သွားသည်။
ချက်ချင်းဆိုသလိူ အရှေ့ပိုင်းနယ်မြေ တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
"ဘာ၊ ယန်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်ဟန်ထျန်းနဲ့ တခြား ဂိုဏ်းခေါင်းဆောင် တစ်ဒါဇင်ကျော် အသတ်ခံလိုက်ရတယ် ဟုတ်လား"
အရှေ့ပိုင်းနယ်မြေရှိ အချို့သော အင်အားကြီး ဂိုဏ်းများသည် ထိုသတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်ပြီး ဣန္ဒြေပျက်ကုန်ကြသည်။
"ဟုတ်တယ်... အရှေ့ပိုင်းနယ်မြေကို ဖိနှိပ်ခဲ့ဖူးတဲ့ ရွှယ်အန်းက အလယ်ပိုင်းနယ်မြေကနေ ပြန်ရောက်လာပြီတဲ့၊ ပြီးတော့ အလယ်ပိုင်းနယ်မြေက ရေတွက်မရနိုင်တဲ့ ထူးချွန်တဲ့ သူတွေကိုပါ ခေါ်လာတယ်၊ အမှန်တရားမေးမြန်းခြင်းစာရင်းထဲက ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေတောင် သူ့ရဲ့ အစေခံအဖြစ် လုပ်ပေးဖို့ ဆန္ဒရှိနေကြတယ်"
ထိုသတင်းများသည် တစ်နယ်မြေလုံးကို ပြောစရာစကားမရှိလောက်အောင် ဖြစ်သွားစေသည်။
ထို့အပြင် စစ်ဟွာမြို့မှ ပေးပို့လိုက်သော စာလွှာကို မြင်လိုက်ရသောအခါ ထိုဂိုဏ်းများ၏ မျက်နှာများ အလွန်ဆိုးရွားသွားကြသည်။
အဘယ့်ကြောင့်ဆို စာလွှာရှိ စကားလုံးများသည် အလွန်ရိုးရှင်းပြီး စာလုံးရေ ၁၅ လုံးသာ ရှိသော်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
သုံးရက်ကြာရင် စစ်ဟွာမြို့မှာ တွေ့ဆုံမယ်၊ သတ်မှတ်ချိန်ကျော်လွန်ပြီး ပျက်ကွက်သူကို ညှာတာမှုမရှိပဲ သေဒဏ်ပေးမယ်
ထိုစာသားအပြင် ငွေရောင်တောက်ပနေသည့် ရွှယ်ဆိုသော စာသားလည်းပါသည်။
ထိုစာလွှာကို ကိုငမထားသော ဂိုဏ်းချုပ် အများစုသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ဘာမှပြန်မပြောရဲဘဲ တိတ်တဆိတ်သာ ကြိတ်မှိတ်နေရသည်။
သို့သော် အင်အားကြီး ဂိုဏ်းများနှင့် ရှေးဟောင်း မျိုးရိုးမြင့်မိသားစု အများအပြားသည် ထိုအရာကို အထင်သေးကြပြီး လိုက်နာရန် ငြင်းဆန်ကြသည်။
အရှေ့ပိုင်းနယ်မြေ၏ အနောက်မြောက်ဘက်ရှိ ကျင်းဝူဂိုဏ်းတွင်...
ကျင်းဝူဂိုဏ်း၏ ခေါင်းဆောင်သည် ရွှေအင်မော်တယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး သူ၏ အစွမ်းထက်သော ရွှေကျီးကန်းအမိန့်ပြန်တမ်းဖြင့် အရာရာကို ဖျက်ဆီးနိုင်သော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူ၏ အုပ်ချုပ်မှုအောက်တွင် ကျင်းဝူဂိုဏ်း၏ အင်အားသည်လည်း မြင့်တက်လာနေသည်။
မကြာမီပင် မိုင်ပေါင်း တစ်သောင်းကျယ်ဝန်းသော နယ်မြေကို လွှမ်းမိုးလာခဲ့သည်။
ယနေ့တွင်...
သူသည်လည်း စစ်ဟွာမြို့မှ စာလွှာကို လက်ခံရရှိခဲ့သည်။
သို့သော် စာလွှာကို မြင်လိုက်သည်နှင့် ဒေါသများမှာ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။
"ဟွန်း... ကောင်မလေးတစ်သိုက်က အရမ်းရဲတင်းတာပဲ၊ ငါ့ရဲ့ ကျင်းဝူဂိုဏ်းကို ဒီလို မောက်မာတဲ့ လေသံနဲ့ ပြောရဲတယ်"
ဂျင်ဝူဂိုဏ်း၏ အကြီးအကဲ အများအပြားသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်နေသော မျက်နှာများ ဖြစ်သွားကြပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"စစ်ဟွာမြို့က ဟိုရွှယ်အန်းဆိုတဲ့ ကောင်ရဲ့ အင်အားကို အားကိုးနေတာ မဟုတ်ဘူးလား၊ အမွေးအမျှင်တောင် မစုံသေးတဲ့ ကောင်လေးတစ်ယောက်က ဒီလောက်ထိ စွမ်းမယ်ဆိုတာ ငါတော့ လုံးဝမယုံဘူး"
"ဟုတ်တယ်၊ ငါတို့ ကျင်းဝူဂိုဏ်းက လုံးဝ မသွားဘူး၊ စစ်ဟွာမြို့က ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့"
ထိုဆူညံသံများကြားတွင် ကျင်းဝူဂိုဏ်း ခေါင်းဆောင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး စာလွှာကို ပြာဖြစ်အောင် ရှို့ပစ်ရန် သူ၏ လက်ထဲမှ ရွှေကျီးကန်း မီးတောက်များ ထွက်လာစေသည်။
သို့သော် ရွှေကျီးကန်း မီးတောက်များသည် စာလွှာနှင့် ထိမိသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြိုင်ဘက်ကင်းသော အရှိန်အဝါတစ်ခုသည် စာရွက်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ထိုအရှိန်အဝါ ရောက်ရှိသွားသမျှ နေရာတိုင်းတွင် ကျင်းဝူဂိုဏ်းသား အားလုံး ထိန်းမရအောင် တုန်ယင်ကုန်ကြသည်။
ထိုအချိန်တွင် မင်ဖြင့် ရေးဆွဲထားသော ရွှယ်ဆိုသည့်စာလုံး စာလွှာမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ကျင်းဝူဂိုဏ်း၏ အထက်တွင် ဝဲပျံနေသည်။
"ဒါ ဘာကြီးလဲ"
ကျင်းဝူဂိုဏ်းခေါင်းဆောင်၏ အံ့သြတကြီး အသံနောက်တွင် ရွှယ်ဆိုသောစကားလုံးသည် ရုတ်တရက် အောက်သို့ ဖိချလိုက်သည်။
အထွတ်အထိပ် အရှိန်အ၀ါသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်။
ဘုန်း
ကျင်းဝူဂိုဏ်းအတွင်းရှိ အကြီးအကဲ ဖြစ်စေ၊ သာမန်အဖွဲ့ဝင်ဖြစ်စေ မည်သူမျှ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ဤစာလုံးတစ်လုံးတည်း၏ ဖိအားအောက်တွင် ကြေမွသွားကြသည်။
ကျင်းဝူဂိုဏ်းခေါင်းဆောင် တစ်ယောက်တည်းသာ ထိတ်လန့်စွာဖြင့် ခုခံရန် ကြိုးစားနေပြီး သူ၏ ရွှေကျီးကန်း မီးတောက်များ အားလုံးကို ထုတ်သုံးလိုက်သည်။
သို့သော် နာမည်ကျော်ကြားလှသော သူ၏ ရွှေကျီးကန်း မီးတောက်များသည် အသက်တစ်ရှိုက်စာ အချိန်လေးပင် တောင့်မခံနိုင်ဘဲ ဖိအားအောက်တွင် ငြိမ်းသတ်ခံလိုက်ရသည်။
ကျင်းဝူဂိုဏ်းခေါင်းဆောင်သည် သနားစဖွယ် အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ်ရော ခန္ဓာကိုယ်ပါ အမှုန့်ကြိတ်ခံလိုက်ရသည်။
ထို့နောက် ကျင်းဝူဂိုဏ်း တည်ရှိရာ တောင်ကြီးသည် မခံမရပ်နိုင်သော ဝန်ကြောင့် ဂျိမ်းခနဲ မြည်သွားပြီးနောက် မိုးချုန်းသံနှင့်အတူ ပြိုကျသွားကာ ထိုစာလုံးတစ်လုံး၏ အလေးချိန်ကြောင့် မြေပြင်တစ်ခုလုံးညီသွားတော့သည်။
နှစ်ထောင်ချီ သက်တမ်းရှိပြီး နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသော ကျင်းဝူဂိုဏ်းသည် ဤသို့ဖြင့် ပျောက်ကွယ်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းနယ်မြေ၏ ဒေသအများအပြားတွင် အလားတူ မြင်ကွင်းများ ဖြစ်ပေါ်နေသည်။
နှစ်ထောင်ချီ သမိုင်းကြောင်းရှိသော ရှေးဟောင်း မိသားစုဖြစ်စေ၊ အထွတ်အထိပ် ရွှေအင်မော်တယ်အဆင့် သို့မဟုတ် စစ်မှန်အင်မော်တယ်တစ်ဝက် အဆင့်များ ဦးဆောင်နေသော အင်အားကြီး ဂိုဏ်းဖြစ်စေ စာလွှာကို ခုခံရန်ပြင်သူများသည် မလေးမစားပြုမူရန် ရဲဝံ့သူ မည်သူမဆို စာလုံးတစ်လုံးတည်းဖြင့် ဖိနှိပ်ခံလိုက်ရပြီး ဘာမှမရှိသော အခြေအနေသို့ ရောက်သွားကြသည်။
ဤအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် အရှေ့ပိုင်းနယ်မြေရှိ မျိုးရိုးမြင့် မိသားစုများနှင့် ဂိုဏ်းများအားလုံး ကြောက်လန့်တုန်လှုပ်သွားကြပြီး ရွှယ်အန်း၏ လက်ရှိ အစွမ်းနှင့် ကျင့်ကြံမှုအဆင့်၏ အတိုင်းအတာကို သူတို့ နားလည်သွားကြသည်။
ထိုအခြေအနေများအောက်တွင် မည်သူမျှ ရွှယ်အန်းနှင့် စစ်ဟွာမြို့အပေါ် အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲကြတော့ပေ။
တစ်ချိန်က မာန်တက်ခဲ့ဖူးသော ရှေးဟောင်း မျိုးရိုးမြင့် မိသားစုများနှင့် အဓိက ဂိုဏ်းကြီးများသည် ယခုအခါ ရွှယ်အန်းကို ကြောက်ရွံ့နေကြပြီဖြစ်သည်။
စာလုံးတစ်လုံးတည်းဖြင့် နယ်မြေတစ်ခုလုံးကို ဖိနှိပ်နိုင်ခြင်းဆိုသည်မှာ
ပြိုင်ဘက်ကင်းဆိုသော စကားမှလွဲ၍ အခြားပြောစရာမရှိတော့ချေ။