ကွေ့ယီ၏ ကိစ္စရပ်များ ပြီးဆုံးခြင်း
Vol. 57 Ch. 854
ရွှယ်အန်းသည် ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်သော နတ်ဘုရားစွမ်းအင်ကို အသုံးပြု၍ အရှေ့ဘက်ဒေသ တိုက်ကြီးတစ်ခုလုံးကို ကောင်းကင်မြေအဖြစ် ပြောင်းလဲပစ်လိုက်သည်ဟူသော ဤသတင်းသည် ကွေ့ယွီ ကမ္ဘာတစ်ခုလုံးအား နျူကလီးယားဗုံးကြီး ပေါက်ကွဲသလို တုန်လှုပ်သွားစေခဲ့သည်။
ထိုသတင်းကို ကြားရသောအခါ ကျင့်ကြံသူအားလုံး အကြီးအကျယ် တုန်လှုပ်သွားကြသည်။
"အခု အရှေ့ဘက်ဒေသက ကောင်းချီမြေ ဖြစ်သွားပြီ၊ ငါတို့သာ အဲ့ဒီမှာ နေရာတစ်နေရာ မရယူနိုင်ရင် နောက်အများဆုံး နှစ်တစ်ရာလောက်နေရင် ငါတို့ဂိုဏ်းက တခြားဂိုဏ်းတွေရဲ့ နောက်ကောက်ကျ ကျန်ရစ်ခဲ့လိမ့်မယ်"
ရှေးဟောင်းမိသားစုကြီးမှ အကြီးအကဲတစ်ဦးက လေးနက်စွာ ပြောကြားလိုက်သည်။
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"
"အခု ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ အရှေ့ဘက်ဒေသကို ဝင်ရောက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြဖို့ပဲ"
အားလုံးက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ထိုသို့သော ဖြစ်ရပ်မျိုးသည် ဂိုဏ်းကြီးအားလုံးတွင် ထပ်တူထပ်မျှ ဖြစ်ပျက်နေကြသည်။
မကြာမီအချိန်အတွင်းမှာပင် မရေမတွက်နိုင်သော ဂိုဏ်းများ၊ ရှေးဟောင်းမိသားစုများ၊ လွတ်လပ်ကျင့်ကြံသူများနှင့် လူသားမဟုတ်သော မျိုးနွယ်စုမှ ကျင့်ကြံသူများပါမကျန် အရှေ့ဘက်ဒေသဆီသို့ အလုအယက် ဦးတည်လာကြသည်။
သူတို့ အရှေ့ဘက်ဒေသသို့ ခြေချလိုက်မိသောအခါ သူတို့၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုများ မလွဲမသွေ ဝင်ရောက်လာကြသည်။
အဘယ်ကြောင့်ဆို ဤနေရာမှ အခြေအနေသည် ကောလာဟလ သတင်းများထက် ပိုလို့ပင် အံ့မခန်း ဖြစ်နေသောကြောင့်ဖြစ်သည်။
ရက်အနည်းငယ်အတွင်းမှာပင် ဝိညာဉ်စွမ်းအင်များ မြင့်တက်လာမှုကြောင့် လမ်းဘေးရှိ သစ်တောငယ်လေးများ၌ပင် ဝိညာဉ်ဆေးဖက်ဝင်အပင်များနှင့် နတ်ဘုရားဆေးပင်များ ပေါက်ရောက်လာနေပြီ ဖြစ်သည်။
ထို့အပြင် ဝိညာဉ်သားရဲအမျိုးမျိုးတို့လည်း စတင်ပေါ်ထွက်လာကြသည်။
အချိန်သာရမည်ဆိုပါက မည်မျှတောင် အံ့သြစရာကောင်းမလဲ တွေ့ကြည့်လို့တောင်မရချေ။
ထို့ကြောင့် ဤလူအုပ်ကြီးသည် စစ်ဟွာမြို့သို့ ရောက်ရှိလာသောအခါ သူတို့၌ မာနဆိုသည်မှာ အစွန်းအစလေးမျှပင် မရှိတော့ပေ။ သူတို့သည် မည်သို့ပင် ပေးဆပ်ရပါစေ အရှေ့ဘက်ဒေသသို့ ဝင်ရောက်လိုကြသည်။
အကယ်၍ ရွှယ်အန်း သို့မဟုတ် စစ်ဟွာမြို့မှ အကြီးအကဲများနှင့် စကားပြောခွင့်ရလျှင် ပိုလို့ပင် ကောင်းပေမည်။
သို့သော် သူတို့ ရောက်လာပြီး ဤနေရာကို မြင်လိုက်ရသောအခါ အနည်းငယ် ကြောင်အသွားကြသည်။
အဘယ်ကြောင့်ဆို လက်ရှိတွင် စစ်ဟွာမြို့သည် လှုပ်ရှားမှုများဖြင့် စည်ကားသိုက်မြိုက်နေပြီး ဖြစ်သောကြောင့်ဖြစ်သည်။
ကွေ့ယီကမ္ဘာမှ ကျင့်ကြံသူဂိုဏ်း အားလုံးနီးပါး အလုအယက် ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်၍ မည်သူကမျှ အလျှော့ပေးမည့်ပုံ မပေါ်ပေ။
ထိုရောက်လာသော ဂိုဏ်းများသည် စစ်ဟွာမြို့မှ လူများနှင့် အဆက်အသွယ်ရရန်အတွက် ပေါ်တင်တစ်မျိုး နောက်ကွယ်မှတစ်မျိုး နည်းလမ်းပေါင်းစုံဖြင့် အားပြိုင်နေကြသည်။
ရလဒ်အနေဖြင့် စစ်ဟွာမြို့သားများ၏ အဆင့်အတန်းသည် အတိုင်းအဆမရှိ မြင့်တက်လာခဲ့သည်။ သာမန်တပည့်တစ်ဦး အပြင်ထွက်လာလျှင်ပင် မရေမတွက်နိုင်သော ဂိုဏ်းများ၏ မြှောက်ပင့်ပေါင်းဖက်ခြင်းကို ခံနေရသည်။
သို့သော် ယင်းနောက်တွင်ပင် မြို့စားဖူရှင်းယန်သည် စစ်ဟွာမြို့၏ အတွင်းရေးကိစ္စများကို လျင်မြန် ပြတ်သားစွာ စတင် ပြုပြင်ပြောင်းလဲလိုက်သည်။
ပထမဆုံး ရှင်းထုတ်ခံရမည့် ပစ်မှတ်များမှာ မြို့ထဲသို့ ဝင်လာပြီးနောက် ဆက်လက်၍ ညည်းညူ အပြစ်တင်နေကြသော သူဌေးသမီးများပင် ဖြစ်သည်။
ယခုအချိန်တွင် လူနုံလူအများသာ စစ်ဟွာမြို့သည် အနာဂတ်တွင် အမြင့်ဆုံးသို့ ရောက်ရှိတော့မည်ကို မမြင်ဘဲ နေလိမ့်မည်။
ဤသို့သော အခြေအနေမျိုးတွင် အထုတ်ခံလိုက်ရလျှင် ထိုမိန်းကလေးများ မည်သို့ခံစားရမလဲ ဆိုတာကို တွေးကြည့်နိုင်သည်။
အနည်းဆုံးတော့ သူတို့ထဲမှ အများစုသည် မောင်းထုတ်ခံရပြီးနောက် မြို့တံခါးရှေ့တွင် ဒူးထောက်ကာ မရပ်မနား ငိုကြွေးနေကြသည်။
သူတို့ကို ထောက်ပံ့ထားသော ဂိုဏ်းများနှင့် မိသားစုများ အားလုံးလည်း အပြေးအလွှား ရောက်လာကြပြီး ညှိနှိုင်းဖို့ ကြိုးစားကြသည်။
သို့သော် ဖူရှင်းယန်သည် ထိုလူများကို တွေ့ဆုံခွင့်ပင် မပေးခဲ့ချေ။
ရွှယ်အန်းက သူမကို ရှင်းလင်းစွာ မှာကြားထားသည်။
ယခုအခါ စစ်ဟွာမြို့သည် အကောင်းဆုံးသော အရင်းအမြစ်များကို ထိန်းချုပ်ထားပြီ ဖြစ်သော်လည်း အင်မော်တယ်ဂိုဏ်းတစ်ခု ဖြစ်လာစေရန်အတွက် တင်းကျပ်သော အတွင်းပိုင်း စီမံခန့်ခွဲမှု လိုအပ်သည်။
သို့မဟုတ်ပါက ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသလို ဖြစ်သွားလိမ့်မည်။
ရွှယ်အန်း၏ လမ်းညွှန်မှုဖြင့် ဖူရှင်းယန်သည် မည်သည့် တောင်းပန်မှုကိုမျှ ဂရုမစိုက်ခဲ့ပေ။ အရည်အချင်းမရှိသူများနှင့် မနာလိုသူများကို မောင်းထုတ်ပြီး ထူးချွန်သော အရည်အချင်းနှင့် စစ်ဟွာမြို့အပေါ် မယိမ်းယိုင်သော သစ္စာရှိသည့် လူငယ်များဖြင့် အစားထိုးလိုက်သည်။
တစ်ညတည်းဖြင့် စစ်ဟွာမြို့တစ်ခုလုံး ပြောင်းလဲသွားပြီး တက်ကြွလန်းဆန်းသော လူငယ်များကြောင့် ထွန်းလင်းလာခဲ့သည်။
ထို့အတူ ရွှယ်အန်းသည် အမိန့်ပြန်တမ်း အချို့ကို ထုတ်ပြန်လိုက်သည်။
ဤ အဓိကကောင်းချီးမြေတွင် ကျင့်ကြံလိုသော အခြားဒေသမှ ကျင့်ကြံသူများနှင့် ဂိုဏ်းများသည် စစ်ဆေးမှုများစွာကို ဦးစွာ ခံယူရမည်။
ထိုစစ်ဆေးမှုများကို သုံးနှစ်လျှင် တစ်ကြိမ် ပြုလုပ်သွားမည် ဖြစ်သည်။
ထို့အပြင် စစ်ဆေးမှုများတွင် ထူးချွန်စွာ အောင်မြင်သူများသည် ကျင့်ကြံရန်အတွက် စစ်ဟွာမြို့ထဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
ဤအမိန့်များ ထွက်လာသောအခါ ရောက်ရှိနေကြသော ဂိုဏ်းများအားလုံး အကြီးအကျယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ပါးနပ်သူများကမူ ရင်ထဲတွင် ထိတ်လန့်သွားကြသည်။
အဘယ်ကြောင့်ဆို ရွှယ်အန်း၏ လုပ်ရပ်သည် အလွန်ဉာဏ်များကာ ပရိယာယ် ကြွယ်ဝပြီး အရှေ့ဘက်ဒေသသို့ ဝင်လိုသော ဂိုဏ်းတိုင်း၏ လည်ပင်းကို ဆုပ်ကိုင်ထားသလို ဖြစ်နေသောကြောင့်ဖြစ်သည်။
ထို့ပြင် ဂရုတစိုက် စိစစ်ရွေးချယ်လိုက်သော အရည်အချင်းရှိသူများသည် စစ်ဟွာမြို့ကို တက်ကြွမှု အသစ်များဖြင့် အဆက်မပြတ် ဖြည့်ဆည်းပေးနေလိမ့်မည်။
အပြန်အလှန် တိုးတက်မှုနှင့် ကျဆင်းမှုသဘောတရားအရ စစ်ဟွာမြို့သည် ပိုလို့တောငမ အင်အားကြီးမားလာပေလိမ့်မည်။
လူအများအပြားသည် ထိုအမိန့်များနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကြသော်လည်း ယခုအချိန်တွင် သူတို့သည် မည်သည့် ပုန်ကန်မှုမျိုးကိုမျှ မလုပ်ရဲဘဲ လက်ပိုက်ကြည့်နေရုံသာ ရှိတော့သည်။
မည်သို့ပင်ဖြစ်စေ စစ်ဟွာမြို့သည် ထိုသို့လုပ်ဆောင်နိုင်သည့် အရည်အချင်းနှင့် ပြည့်စုံနေပြီးဖြစ်သည်။
အရှေ့ဘက်ဒေသမှ မူလဒေသခံ ကျင့်ကြံသူများလည်း ပျော်ရွှင်ရမည့်အချိန် သိပ်မကြာလိုက်ပေ။
ရွှယ်အန်းသည် နောက်ထပ် အမိန့်တစ်ခုကို လျင်မြန်စွာ ထုတ်ပြန်လိုက်ပြန်သည်။
ဂိုဏ်းအားလုံးသည် ဆယ်နှစ်လျှင် တစ်ကြိမ် ပြိုင်ပွဲကျင်းပရမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ရောက်ရှိသော ဂိုဏ်း ဆယ်ဂိုဏ်းအား အရှေ့ဘက်ဒေသမှ မောင်းထုတ်မည်ဟူသော အမိန့်ဖြစ်သည်။
ဤအချက်သည် ထိုဂိုဏ်းများအပေါ် ကြီးမားသော ဖိအားကို ပေးလိုက်ခြင်းဖြစ်သည်။
ရွှယ်အန်းက ပြတ်သားသော အမိန့်များကို ရဲရဲတင်းတင်း ထုတ်ပြန်နေချိန်၌ပင် အလယ်ပိုင်းဒေသမှ သတင်းတစ်ခု ရောက်ရှိလာသည်။
ဟဲ့ဝမ်ပင်းသည် ၀မ်ရှန့်ခန်းမသို့ ပြန်ရောက်ရောက်ချင်း ထမင်းတစ်နပ်ပင် စားခွင့်မရလိုက်ဘဲ သူ၏ ဂိုဏ်းမှ အကြီးအကဲများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် နေရာတင် အသတ်ခံလိုက်ရသည် ဟူသော သတင်းပဖြစ်သည်။
ဤသတင်းသည် လူအများကြားတွင် တော်တော်လေး လှုပ်ရှားသွားစေခဲ့ပြီး ရွှယ်အန်းအပေါ် မည်သူကမျှ အထင်သေးခြင်း၊ အာခံခြင်းများ မပြုရဲအောင် ဖြစ်သွားစေသည်။
ဉာဏ်မပါဘဲ သတ္တိသာရှိသူများသည် သာမန်လူများ၏ လက်ထဲမှ ထက်မြက်သော ဓားတစ်လက်နှင့် တူသည်။ အစွမ်းထက်ပုံရသော်လည်း တကယ်တမ်းတွင် သိပ်ပြီး ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
သို့သော် ရက်စက်ပြီး ဉာဏ်ပါးနပ်သော လူတစ်ယောက်သည် ထူးချွန်သော ဓားသမားတစ်ယောက်၏ လက်ထဲမှ နတ်ဘုရားလက်နက်နှင့် တူသဖြင့် လူတိုင်းကို ကြောက်ရွံ့စေသည်။
တစ်လကြာပြီးနောက်...
ကွေ့ယီသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
သို့သော် ယခုအချိန်တွင် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အရှေ့ဘက်ဒေသသည် ကွေ့ယီ၏ နံပါတ်တစ် ကောင်းချီးမြေ ဖြစ်လာခဲ့သည်။
မရေမတွက်နိုင်သော ဂိုဏ်းများသည် ဤနေရာသို့ ဝင်ရောက်ကျင့်ကြံခွင့်ရရန် အိပ်မက်မက်နေကြသည်။
အမိန့်အမျိုးမျိုးအောက်တွင် ဂိုဏ်းအားလုံးသည် တစ်ဖွဲ့ထက်တစ်ဖွဲ့ သာလွန်စေရန် အပြင်းအထန် ကြိုးစားနေကြသည်။
ထိုသို့သော အခြေအနေများအောက်တွင် စစ်ဟွာမြို့၏ အဆင့်အတန်းသည် ပိုလို့ပင် သီးခြားကွဲထွက် မြင့်မားလာသည်။
ဤကာလအတွင်း ရွှယ်အန်းသည် အခွင့်အရေးယူကာ ဖူရှင်းယန်နှင့် အခြားသူအချို့ကို နတ်ဘုရားအဆင့် ကျင့်စဉ်များကို သင်ကြားပေးခဲ့သည်။
ရွှယ်အန်း၏ စေ့စပ်သေချာသော လမ်းညွှန်မှုအောက်တွင် ထိုသူများ၏ ကျင့်ကြံခြင်း အဆင့်များသည် အံ့မခန်း တိုးတက်လာခဲ့ကြသည်။
အဆုံးတွင် ကိစ္စအားလုံး နီးပါး ပြီးစီးသွားခဲ့သည်။
တစ်နေ့တွင် ရွှယ်အန်းသည် စစ်ဟွာမြို့၏ ပင်မခန်းမဆောင်ကြီးသို့ ကိုယ်တိုင် ရောက်ရှိလာသည်။
ထိုခန်းမကြီးထဲတွင် လုယီယွမ်အား ဂုဏ်ပြုထားသော ဝိညာဉ်ပြားတစ်ခု ရှိနေသည်။
ရွှယ်အန်းသည် အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိလိုက်ပြီး ဝိညာဉ်ပြားကို မော့ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရွှယ်အန်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
"စီနီယာ... အရင်တုန်းက ခင်ဗျားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တဲ့ ဂိုဏ်းကို ကျွန်တော် သုတ်သင်လိုက်ပါပြီ၊ ခင်ဗျား မှာထားခဲ့တဲ့အတိုင်း စစ်ဟွာမြို့ကိုလည်း ကောင်းချီမြေ ဖြစ်အောင် လုပ်ပေးပြီးပြီ၊ အခု ခင်ဗျား ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာရန် လှည့်လိုက်သည်။
ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ရောက်သောအခါ ဖူရှင်းယန်နှင့် စုရှောင်မုတို့ တံခါးဝတွင် စောင့်နေကြသည်။
သူ့ကို မြင်လိုက်သည်နှင့် သူတို့သည် ၀တ်ရုံများကို မကာ ဒူးထောက်လိုက်ကြသည်။
"သခင်ကြီး သွားတော့မှာလား"
ရွှယ်အန်း အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦး တုန်လှုပ်သွားကြပြီး စုရှောင်မုသည် ဝမ်းနည်းသော အသံဖြင့် မေးလိုက်သည်။
"အစ်ကိုရွှယ်အန်း... ပြန်လာမှာလားဟင်"
"ဒါပေါ့ ငါ ပြန်လာမှာပေါ့"
ရွှယ်အန်းက ပြုံး၍ လက်ကာပြလိုက်သည်။
"ထကြပါ၊ စစ်ဟွာမြို့ကို မင်းတို့လက်ထဲ အပ်ခဲ့မယ်နော်၊ ဒါပေမဲ့ မှတ်ထားရမှာက... ဘဝင်မမြင့်မိစေနဲ့၊ မကောင်းတာတွေ မလုပ်မိစေနဲ့၊ မဟုတ်ရင်... ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ခံရလိမ့်မယ်"
ဖူရှင်းယန်နှင့် အခြားသူများသည် ထိုစကားကို အလေးအနက် မှတ်သားလိုက်ကြသည်။
"ဟုတ်ကဲ့ သခင်ကြီး စိတ်ချပါ၊ ကျွန်မတို့စစ်ဟွာမြို့က သခင်ကြီးရဲ့ ညွှန်ကြားချက်တွေကို သေချာပေါက် လိုက်နာပါ့မယ်၊ ပြဿနာ မရှာဘူး၊ ဒါပေမဲ့ ပြဿနာလာရှာရင်လည်း ကြောက်နေမှာ မဟုတ်ဘူး"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
သူ ဤသို့ သတိပေးဆုံးမရခြင်းမှာ လူငယ်သူရဲကောင်းများသည် ဗီလိန်များအဖြစ် ပြောင်းလဲသွားတတ်သော ဖြစ်ရပ်များကို သူအများကြီး မြင်ဖူးခဲ့သောကြောင့်ဖြစ်သည်။
အာဏာနှင့် လုပ်ပိုင်ခွင့်များ ရှေ့မှောက်တွင် ၎င်းတို့၏ မူလရည်ရွယ်ချက်ကို မှန်ကန်အောင် ထိန်းသိမ်းထားနိုင်သူမှာ အလွန်နည်းပါးလှသည်။
မျှော်လင့်ရသည်မှာတော့ ဤနှစ်ယောက်သည် သူတို့စကား သူတို့ တည်နိုင်ဖို့ဖြစ်သည်။
ဤကိစ္စများကို ဆောင်ရွက်ပြီးနောက် ရွှယ်အန်းသည် သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
အန်းယန်သည် မေးလိုက်သည်။
"ယောက်ျား... ကျွန်မတို့တွေ ကြယ်တာရာတွေကို ဖြတ်ပြီး ခရီးဆက်ရဦးမှာလား"
ရွှယ်အန်းက ပြုံးလိုက်သည်။
"သိပ်မလိုတော့ဘူး၊ ပြီးတော့ ကြယ်တာရာ အာကာသယာဉ်ကိုလည်း ကွေ့ယီရဲ့ ဂြိုဟ်အပြင်ဘက်ကနေ ကိုယ် ပြန်သိမ်းလာခဲ့ပြီးပြီ"
"ဒါဆို ကျွန်မတို့တွေ ဘယ်လိုသွားကြမလဲ"
ရွှယ်အန်းသည် သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ တောက်ပနေသော အနီရောင် စက်လုံးလေးတစ်ခု ပေါ်လာသည်။
"ဒါက သွေးကွန်ရက်တောင်တန်းက ရာဇဝတ်သားတွေကို အပြစ်ပေးတဲ့ သွေးချောက်နက်ပဲ၊ ဒီကနေတစ်ဆင့် ကိုယ်တို့တွေ သွေးနတ်ဘုရားနယ်ပယ်ကို တန်းပြီး ဝင်သွားလို့ရတယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အန်းယန်နှင့် သူ့သမီးနှစ်ယောက်ကို မှော်ရတနာပြခန်းထဲသို့ ခေတ္တနေရန် ပြောလိုက်သည်။
ထို့နောက် ရုတ်တရက် သူလက်ကို ဆန့်ထုတ်လိုက်သည်။
သွေးချောက်နက်သည် ကြီးမားသော သွေးရောင်တံခါးပေါက်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှယ်အန်းသည် ထိုအထဲသို့ ဝင်ရောက်သွားပြီး ကွေ့ယီဂြိုဟ်မှ ပျောက်ကွယ်သွားလေတော့သည်။