← Chapters

သွေးနယ်ပယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ အဆိပ်မြူ ရွှံ့နွံတော

Vol. 57 Ch. 855

သွေးနယ်ပယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ အဆိပ်မြူ ရွှံ့နွံတော

Vol. 57 Ch. 855

ရွှယ်အန်းသည် အာကာသအချိန်လမ်းကို ဖြတ်ကျော်ပြီး တခြားတစ်ဖက်သို့ ထွက်လာသောအခါ ပုပ်သိုးနေသော အသီးအရွက်အနံ့များနှင့် နေရောင်ခြည်၏ အပူကြောင့် အငွေ့ပျံနေသော စိုထိုင်းထိုင်း အနံ့အသက်များသည် ရောနှောကာ သူ့နှာခေါင်းဝကို ရိုက်ခတ်လာသည်။

ထိုအနံ့နှစ်မျိုး ပေါင်းစပ်သွားသောအခါ ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးတစ်ခု အဖြစ်သို့ ပြောင်းသွားလေသည်။

ရွှယ်အန်းသည် လေထဲတွင် ရပ်ကာ သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ ရှုခင်းတစ်ခုလုံးကို မြူခိုးများသာ် လွှမ်းခြုံထားပြီး တောနက်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူ့အောက်ရှိ ရွှံ့နွံအိုင်ကြီးထဲတွင် ရောင်စုံပူဖောင်းများ တစီစီ ထနေသည်။

ရံဖန်ရံခါ ထိုပူဖောင်းများ ပေါက်ကွဲသွားသံက လွဲလျှင် ဤတိတ်ဆိတ်သော ကမ္ဘာကြီးတွင် တခြား မည်သည့်အသံမှ မရှိဘဲ ငြီးငွေ့ဖွယ် ကောင်းလှသည်။

ရွှယ်အန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

သူ၏ နတ်ဘုရားအာရုံသည် ဤရွှံ့နွံတောထဲတွင် အလွန်အကန့်အသတ်ရှိပြီး မိုင်တစ်ရာ ပတ်လည်လောက်သာ ဖြန့်ကျက်နိုင်သည်ကို သူတွေ့ရှိလိုက်ရသည်။

သို့သော် ဤအကန့်အသတ်ရှိသော အာရုံခံနိုင်စွမ်း အတွင်းမှာပင် အောက်ဘက် ရွှံ့နွံများထဲ၌ ခိုအောင်းနေသော ရက်စက်ကြမ်းကြုတ်သည့် အမဲလိုက် သားရဲများစွာကို သူအာရုံခံမိသည်။

ဥပမာ ယခုအချိန်မှာပင် ဆယ်မီတာနီးပါး ရှည်လျားသော ရွှံ့နွံမိကျောင်းကြီး တစ်ကောင်သည် ချုံပုတ်များကြားမှ ရုတ်တရက် ထွက်လာပြီး လေထဲတွင်ရှိနေသော ရွှယ်အန်းဆီသို့ ခုန်အုပ်လိုက်သည်။

ဤမိကျောင်းကြီးသည် လှုပ်ရှားမှု လျင်မြန်ရုံသာမက ၎င်း၏ အရေခွံသည်လည်း အေးစက်သော အလင်းရောင်များ တောက်ပနေသည်။ ၎င်းသည် လေထဲသို့ ရောက်သောအခါ ပါးစပ်ကို ဟပြီး အမည်းရောင် မြူခိုးလုံးကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။

ဤအမည်းရောင် မြူခိုးများသည် စူးရှသော ညှီနံ့များ ထွက်ပေါ်နေပြီး ၎င်းဖြတ်သန်းသွားသော နေရာတိုင်းရှိ လေထုသည် တရှဲရှဲ အသံမြည်ကာ တိုက်စားခံလိုက်ရသလို ဖြစ်သွားသည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အဆိပ်ပြင်းထန်မှုကို သိသာစေသည်။

ရွှယ်အန်း၏ မျက်လုံးများ အေးစက်သွားသည်။

"ကြမ်းတမ်းလိုက်တဲ့ မိကျောင်းပါလား"

သူ လမ်းကို ဖြတ်ကျော်လာပြီးနောက် ကျင့်ကြံခြင်းစွမ်းအားများကို အသုံးမပြုရသေးသော်လည်း သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါ သက်သက်ဖြင့်ပင် သာမန် မှော်သားရဲတစ်ကောင်ကို မဆင်မခြင် ရန်စခြင်းမပြုရဲအောင် ဟန့်တားနိုင်စွမ်း ရှိသင့်သည်။

သို့သော် ဤမိကျောင်းသည် ဦးစွာ တိုက်ခိုက်ရဲသည်ကို ကြည့်လျှင် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။

ဒါပေမဲ့ ဒီလောက်ပါပဲ...

ဓားအလင်းတန်း တစ်ချက်သည် လက်ခနဲ ဖြစ်သွားပြီး ခုန်အုပ်လာသော မိကျောင်းကြီးသည် နှာခေါင်းထိပ်မှစ၍ အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲသွားလေသည်။

အမည်းရောင်မြူခိုးများသည် ရွှယ်အန်း၏ အဝတ်စွန်းကိုပင် မထိလိုက်ရပေ။

မိကျောင်းကြီး၏ အလောင်းသည် ရွှံ့နွံထဲသို့ ဘုန်းခနဲမြည်က။ ပြုတ်ကျသွားသည်။

ထိုအခိုက်အတန့်မှာပင် ငြိမ်သက်နေသော ရွှံ့နွံအိုင်ကြီးသည် ရုတ်တရက် ဆူပွက်လာတော့သည်။

ရာချီသော မိကျောင်းများသည် သေဆုံးသွားသော မိကျောင်းအလောင်းကို ကိုက်ဖြတ် စားသောက်ရန် အလုအယက် ရောက်ရှိလာကြသည်။

ထို့နောက် မကျေနပ်နိုင်သေးသော အခြား မိကျောင်းများစွာ ပေါ်ထွက်လာပြီး ရွှယ်အန်းကို သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ရွှယ်အန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။

ဘုန်း!

အမြောက်ဆန်ဖြင့် ပစ်ခတ်ခံလိုက်ရသည့်ပမာ ရွှယ်အန်းအောက်ရှိ ရွှံ့နွံအိုင်ကြီးသည် ရုတ်တရက် နစ်ဝင်သွားပြီးနောက် မိကျောင်းအလောင်း ဒါဇင်ပေါင်းများစွာ ရေပေါ်သို့ ပေါလောပေါ်လာကြသည်။

ကျန်ရှိနေသော မိကျောင်းများမှာ အလွန် ကြောက်လန့်သွားကြပြီး အမြီးကုပ်ကာ ခြေရာဖျောက် ထွက်ပြေးသွားကြတော့သည်။

ရွှယ်အန်းသည် လိုက်မဖမ်းတော့ဘဲ ဦးတည်ရာတစ်ခု ရွေးချယ်ကာ ရှေ့ဆက်ပျံသန်းလာခဲ့သည်။

ထိုအချိန်ကျမှ ရွှယ်အန်း သတိထားမိလိုက်သည်မှာ ရွှံ့နွံတောထဲရှိ မြူခိုးများ အားလုံးသည် အဆိပ်ရှိသည်ကိုဖြစ်သည်။

ထိုအဆိပ်ငွေ့များသည် ရွှယ်အန်းအပေါ် ဘာမှ သက်ရောက်မှု မရှိပေ။

သို့သော် တခြားသူများဆိုလျှင်တော့ ဤနေရာမှာ ၁၅ မိနစ်လောက်တောင် ခံနိုင်မည်ဟုမထင်ချေ။

ခဏအကြာတွင်...,

ရွှယ်အန်းသည် ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း သူ၏ နတ်ဘုရားအာရုံ ထောက်လှမ်းမိသလောက် အဆုံးမရှိသော ရွှံ့နွံတောကြီးသာ ရှိနေသေးသည်။

ရှုခင်းများကလည်း သိပ်မပြောင်းလဲပေ။

တစ်ခုတည်းသော ကွာခြားချက်မှာ အောက်ဘက်ရှိ မိကျောင်းကြီးများ တဖြည်းဖြည်း နည်းပါးလာပြီး ၎င်းတို့အစား ပိုမိုကြီးမားသော ပုတ်သင်ညို အမျိုးအစားများ စတင်ပေါ်လာခြင်း ဖြစ်သည်။

ရွှယ်အန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ဒီ သွေးနတ်ဘုရားနယ်ပယ်က တစ်ခုခုတော့ ထူးဆန်းနေပုံပဲ...

ထိုစဉ်မှာပင် ရွှယ်အန်းသည် အဝေးတစ်နေရာမှ ပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျ တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

ရွှယ်အန်း ခေတ္တမျှ ကြောင်သွားသည်။

တိုက်ပွဲ ဖြစ်နေတာပဲ..။၊

ထို့အပြင် သူအာရုံခံမိသော အရှိန်အဝါအရ တစ်ဖက်လူသည် လူသားမျိုးနွယ် ဖြစ်ပုံရသည်။

ထိုသို့တွေးလိုက်ပြီး ရွှယ်အန်းသည် ထိုနေရာဆီသို့ အလျင်အမြန် ပျံသန်းသွားလိုက်သည်။

ထိုစဉ်

ရွှံ့နွံတောအစပ်တွင်...

လူတစ်စုသည် ပုတ်သင်ညိုကြီးတစ်ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ထိုပုတ်သင်ညိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရရှိနေပြီ ဖြစ်သည်။

သို့သော် ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားကြောင့် ဤဒဏ်ရာများသည် အသက်အန္တရာယ် မရှိစေဘဲ ၎င်း၏ ဒေါသကိုသာ ပိုမို ဆွပေးသလို ဖြစ်နေသည်။

ထို့ကြောင့် ဓားကြီးကို ကိုင်ဆောင်ထားသော လူတစ်ယောက်သည် ၎င်းဆီသို့ ထပ်မံ ပြေးဝင်သွားသောအခါ ပုတ်သင်ညိုကြီးသည် ပါးစပ်ကို ဟ၍ အမည်းရောင် မီးလုံးကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။

ဤမီးတောက်များသည် အလွန် အဆိပ်ပြင်းထန်သဖြင့် ထိုလူကို ထိလိုက်ရုံဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံး လျင်မြန်စွာ ခြောက်သွေ့သွားကာ မီးကျွမ်းထားသော အခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"Aiden"

မိန်းကလေးတစ်ဦး၏ စူးရှသော အော်ဟစ်သံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ထို့နောက် သူမသည် ပုတ်သင်ညိုကြီးကို ဒေါသတကြီး အော်ပြောလိုက်သည်။

"ကျိန်စာသင့်တဲ့ အကောင်... ငါ လီနာက Aiden အတွက် ဒီနေ့ နင့်ကို အသားကင် ဖြစ်အောင် လုပ်ပစ်မယ်"

ထိုသို့ပြောလိုက်ပြီး ဝတ်ရုံရှည် ဝတ်ဆင်ထားသော မိန်းကလေး၏ ဆံပင်များသည် လေမတိုက်ဘဲ လွင့်ပျံလာကာ မျက်လုံးများထဲတွင် ငွေရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူမသည် လက်နှစ်ဖက်ကို ရုတ်တရက် ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

လျှပ်စီးကြောင်း နှစ်ခုသည် သူမ၏ လက်ဝါးပြင်မှ ထွက်ပေါ်လာပြီး ပုတ်သင်ညိုကြီးဆီသို့ တည့်တည့် ဦးတည်သွားသည်။

ကျန်ရှိနေသော အဖွဲ့သားများသည် ထိုမြင်ကွင်းကို မြင်သောအခါ မိန်းကလေး၏ ရှေ့တွင် စုရုံးကာ ကာကွယ်လိုက်ကြသည်။

အဖွဲ့ထဲမှ မှော်ဆရာကို ကာကွယ်ပေးခြင်းသည် စစ်မြေပြင်၏ ပထမဆုံးစည်းမျဉ်း ဖြစ်သည် မဟုတ်ပါလား...

သို့သော် မိန်းကလေး၏ အစွမ်းကုန် ထုတ်သုံးလိုက်သော လျှပ်စီးတိုက်ခိုက်မှုများသည် ပုတ်သင်ညိုကြီး၏ အရေခွံကိုပင် မဖောက်နိုင်ခဲ့ပေ။ ၎င်းအစား သားရဲကြီး၏ ဒေါသကိုသာ ပိုမို ဆွပေးလိုက်သလို ဖြစ်သွားသည်။

ပုတ်သင်ညိုကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ထိုလူအုပ်စုဆီသို့ ပြေးဝင်လာသည်။

မီတာ ၂၀၊ ၃၀ ခန့် ရှည်လျားပြီး တန်ချိန် ဒါဇင်ပေါင်းများစွာ လေးလံသော ပုတ်သင်ညိုကြီး ပြေးဝင်လာမှုကြောင့် မြေကြီးပင် တုန်ခါသွားသည်။

အဖွဲ့သားတိုင်း၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

မိန်းကလေး၏ မျက်နှာမှာ သေလူတစ်ယောက်ကပမာ ဖြူဆုတ်သွားသော်လည်း ယခုအချိန်တွင် သူမသည် အခြား မည်သည့် မှော်ဂါထာကိုမျှ အသုံးပြုရန် အချိန်မရှိတော့ပေ။

ဓားတိုကိုင်ဆောင်ထားသော အမျိုးသား အနည်းငယ်သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဤဧရာမသတ္တဝါကြီးကို တားဆီးရန် ကိုယ်ရောင်ဖျောက်ကာ တိတ်တဆိတ် ထွက်ခွာသွားကြသည်။

ထိုသည်ကိုမြင်တော့ လီနာသည် အော်ပြောလိုက်သည်။

"မသွားကြပါနဲ့... ရှင်တို့က ဒီအကောင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

သို့သော် အချိန်နှောင်းသွားခဲ့သည်။

ထိုလူများသည် ရှေ့သို့ ပြေးထွက်သွားပြီး နေရာတွင်ပင် ပျောက်ကွယ်သွားကြသည်။

သူတို့ ပြန်ပေါ်လာသောအခါ ပုတ်သင်ညိုကြီး၏ ဘေးနားသို့ ရောက်ရှိနေပြီး ဓားများဖြင့် ထိုးစိုက်လိုက်ကြသည်။

သို့သော် သူတို့သည် ပုတ်သင်ညိုကြီး၏ ခံနိုင်ရည်ကို လျှော့တွက်ခဲ့မိကြသည်။

၎င်းတို့များ၏ ဓားသွားများသည် ပုတ်သင်ညိုကြီး၏ အရေခွံကို ခြစ်မိရုံသာရှိပြီး ထိုဒဏ်ရာများသည် ၎င်းအတွက် အယားပြေသလောက်သာ ရှိသည်။

၎င်းတို့၏ ဓားများတွင် သုတ်လိမ်းထားသော အဆိပ်များမှာမူ အဆိပ်မြူ ရွှံ့နွံတောမှ အဆိပ်ပြင်းသည်ဟု ကျော်ကြားသော သတ္တဝါကြီးအတွက် ဟာသတစ်ခုသာ ဖြစ်နေသည်။

သို့ဖြစ်ရာ ပုတ်သင်ညိုကြီးသည် စိတ်မရှည်စွာဖြင့် အမြီးကိုရမ်းလိုက်ရာ ၎င်းတို့ လွင့်စဉ်ထွက်သွားကြပြီး ရှေ့သို့ ဆက်လက် တိုးဝင်လာသည်။

အဖွဲ့သား အားလုံး၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်လာသည်။

ဤမျှ ငတ်မွတ်နေသော ပုတ်သင်ညိုကြီးနှင့် ရင်ဆိုင်ရချိန်တွင် လှည့်ပြေးလျှင်ပင် သေခြင်းတရားက ပိုလို့ပင် မြန်ဆန်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အဆိပ်မြူ ရွှံ့နွံတောထဲတွင် ပုတ်သင်ညိုကြီးဆီမှ မည်သူမျှ ပြေးနိုင်မည်မဟုတ်ပေ။

ထိုလူများ သေရတော့မည်ဟု ယုံကြည်လိုက်ချိန်တွင် ပုံရိပ်တစ်ခုသည် သူတို့ရှေ့၌ ရုတ်တရက် ပေါ်လာသည်။

ထိုအချိန်တွင် ပုတ်သင်ညိုကြီးသည်လည်း သူတို့ဆီကို ရောက်ရှိလာသည်။

ရွှယ်အန်းသည် ဖြည်းညှင်းစွာ လက်ကို ဆန့်ထုတ်လိုက်ပြီး ရှေ့သို့ ဖိလိုက်သည်။

"မလုပ်နဲ့"

ထိုသည်ကိုမြင်ချိန် လီနာလည်း လန့်ဖျပ်ပြီး အော်လိုက်သည်။

သူမ ဤလူကိုမသိသော်လည်း ယခုလိုလုပ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးတာနှင့်တူသည်။

သို့သော် အချိန်နှောင်းသွားခဲ့သည်။

ပုတ်သင်ညိုကြီးက သူတို့အပေါ် ရောက်နေပြီဖြစ်သည်။

လီနာသည် ဤလူ သေပွဲဝင်ရတော့မည့် မြင်ကွင်းကို မကြည့်ရက်သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ထိုစဉ်မှာပင် ဘုန်းခနဲဟူသော အသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာသည်။

အရှိန်ပြင်းစွာ ပြေးဝင်လာသော ပုတ်သင်ညိုကြီးသည် တောင်ကြီးတစ်လုံးကို ဝင်တိုက်မိသလို ဖြစ်သွားသည်။ ရွှယ်အန်းကမူ အနည်းငယ်မျှပင် မလှုပ်မယှက် ရှိနေသည်။

တစ်ချိန်တည်းမှာပင် ပုတ်သင်ညိုကြီး ရပ်တန့်သွားသည်။

ထို့နောက် ပြင်းထန်သော အရှိန်ဟုနမကြောင့် သူ့ဦးခေါင်းမှစကာ တစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားတော့သည်။

ပုတ်သင်ညိုကြီးသည် ဝေးလံသော နေရာများအထိ ပဲ့တင်ထပ်သွားအောင် သနားစဖွယ် အော်ဟစ်လိုက်သည်။

ဤမြင်ကွင်းသည် အဖွဲ့ထဲရှိ လူတိုင်းကို ကြောင်အသွားစေသည်။

အထူးသဖြင့် လီနာသည် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။ ဤလူသားသည် သူ၏ ခန္ဓာကိုယ်သက်သက်ဖြင့် ငတ်မွတ်နေသော ပုတ်သင်ညိုကြီးကို တားဆီးနိုင်ခဲ့သည်ကို သူမ ယုံကြည်နိုင်စွမ်း မရှိဖြစ်နေသည်။

ထိုအချိန်တွင်...,

ရွှယ်အန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဘာတွေ အဲ့လောက်တောင် အော်ဟစ်နေရတာလဲ၊ မင်း ပါးစပ်က အနံ့ဆိုးထွက်နေတာ မသိဘူးလား"

ထိုသို့ ပြောပြီးနောက် ရွှယ်အန်းသည် လက်ကို ပေါ့ပါးစွာ ဖိချလိုက်ရာ ပုတ်သင်ညိုကြီး၏ ဦးခေါင်းသည် မြေကြီးပေါ်သို့ ဖိချခံလိုက်ရပြီး အားပြင်းလွန်းသဖြင့် ဦးခေါင်းတစ်ခုလုံး ကြေမွသွားလေသည်။

ဦးနှောက်အကြွင်းအကျန်များနှင့် ပုတ်သင်ညိုသွေးများ၏ ညှီစော်နံသော အနံ့ဆိုးများသည် အန်ချင်စိတ် ဖြစ်ပေါ်လာစေသည်။

သို့သော် အဖွဲ့ထဲရှိ လူတိုင်းသည် နှာခေါင်းပိတ်ရန်ပင် မေ့လျော့နေကြပြီး ရွှယ်အန်းကိုသာ ငေးကြောင်ကြည့်နေမိကြသည်။

ပုတ်သင်ညိုကြီးတစ်ကောင်ရဲ့ ခေါင်းကို လက်တစ်ဖက်တည်းဖြင့် ချေမှုန်းပစ်လိုက်တာပဲ၊ ဒီလူက လူရော ဟုတ်ရဲ့လား…

All Chapters