အပိုင်း (၄၆၃)
Vol. 33 Ch. 463
ရှမ့်လန်မှာတော့ ပျံ့နန် ပြောချင်သမျှကို ပြောဆိုခွင့်ပေးထား၏။ ပြုံးလျက်သာရှိပြီး ဘာတစ်ခုမှ ချေပခြင်း မရှိချေ။
“မင်း မဖြေရှင်းရဲဘူးဆိုတော့ ငါမှန်တယ်မဟုတ်လား။ ဟား ဟား ဟား”
ပျံ့နန်သည် အလွန် ဝမ်းမြောက်သွားခဲ့၏။ သူက ရှမ့်လန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာဖြင့် ပြောလိုက်၏။ “စောင့်နေလိုက်။ ငါ အခု နန်းတော်ကို သွားမယ်။ ဘုရင်မင်းမြတ်ကို တိုင်ကြားမယ်။ မင်းရဲ့ အကြံအစည်ကို ငါ အခုပဲ ဖော်ထုတ်မယ်”
ရှမ့်လန် နှုတ်ဆိတ်နေကြောင်းမြင်ရချိန်မှာတော့ ပျံ့နန်က တကယ်ပဲ ဝမ်းမြောက်သွားခဲ့၏။ သူ၏စကားက ချက်ကောင်းကို ထိမှန်သွားခဲ့ပြီဖြစ်ကြောင်း ခံစားမိ၏။ ထို့ကြောင့် သူက တက်ကြွသည့် စိတ်အဟုန်နှင့်အတူ နန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
............
ဆယ်ရက်နီးပါးခန့် အနားယူပြီးနောက် မိဖုရားကြီးပျံ့က ခဏလောက် ထိုင်နိုင်ပြီဖြစ်၏။ ဤအချိန်မှာတော့ နင်ယွမ်ရှန်းက သူမကို ကြက်စွပ်ပြုတ် တိုက်ကျွေးလျက်ရှိနေ၏။ “မိန်းမ... ဒါကံဆိုးခြင်းတွေထဲက ကံကောင်းခြင်း တစ်ခုပဲ။ မင်းကိုကြည့်ရတာ အများကြီး ကောင်းလာတယ်။ ဖြစ်နိုင်တာ မင်းက အနာဂတ်မှာ ဒီထက်တောင်ပိုပြီးတောင် အားကောင်းလာလိမ့်မယ်” နင်ယွမ်ရှန်းက ပြုံးကာပြော၏။
မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒါကို ကျွန်မကိုယ်တိုင် လုပ်ခွင့်ပေးပါ။ ဒါမှမဟုတ် အပျိုတော်တွေ လုပ်သွားပါလိမ့်မယ်။ အရှင်မင်းကြီးက နိုင်ငံ့ကိစ္စနဲ့ အလုပ်များနေတာ။ ဘယ်လိုလုပ်ပြီး ကျွန်မကို လာခွံ့ကျွေးနေရတာလဲ”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ငါ မင်းအပေါ်မှာ အကြွေးတွေ အများကြီးတင်နေတယ်။ အင်း.. အခု ငါ ဒါကို ပြန်ဆပ်နိုင်ပြီ”
ထိုအချိန်မှာပဲ အပြင်ဘက်မှ အော်သံများ ထွက်ပေါ်လာခဲ့သည်။
“အရှင်မင်းကြီး... အဒေါ် ... ကျုပ် ရှမ့်လန်ရဲ့ အကြံအစည်ကို ဖော်ထုတ်မလို့ပါ” ပျံ့နန်က အပြင်ဘက်မှာ ဒူးထောက်လျက်ရှိ၏။ သူ့ကို ဝင်ခွင့် မပေးသောကြောင့် အပြင်ဘက်မှ အော်ဟစ်နေခြင်းဖြစ်၏။
“အရှင်မင်းကြီး၊ အဒေါ်... ဒါတွေအားလုံးက ရှမ့်လန်ရဲ့ အကြံအစည်ပါပဲ။ ကျုပ်က အဒေါ်ရဲ့ တူအရင်းလေ။ ကျုပ်ရဲ့သွေးက ကျုပ်ရဲ့အဒေါ်နဲ့ ဘယ်လိုလုပ် မကိုက်ညီရတာလဲ။ ပြီးတော့ တိုင်ဆိုင်မှုတွေရှိနေပါတယ်။ ရှမ့်လန် ပြန်လာတာနဲ့ ကျုပ်အဒေါ်က ကိုယ်ဝန်ပျက်ကျပြီး သွေးထွက်လွန်ခဲ့တယ်။ ဒါက ရှမ့်လန်ရဲ့ လုပ်ဇာတ်ပဲ ဖြစ်လိမ့်မယ်။ ဒါတွေအားလုံးက သူ့ရဲ့အကြံအစည်ပဲ။ ကျုပ် ခုဏက ရှမ့်လန်ကို တွေ့ခဲ့တယ်။ သူ့အကြံအစည်ကို ဖော်ထုတ်ခဲ့တယ်။ သူက အပြစ်ရှိသလို ခံစားရပြီး နှုတ်ဆိတ်နေပါတယ်”
မင်းကြီးနှင့် မိဖုရားကြီးပျံ့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ သူတို့ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ ဤရက်ပိုင်းတွင် မင်းကြီးက ကောလဟလများ ပျံ့နှံ့စေခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ လက်လွှတ်ထားခဲ့၏။
ထိုအရာပြီးနောက် မည်သူထွက်ပေါ်လာမည်ကို သိရှိလိုသောကြောင့် သူ အသာစောင့်ကြည့်နေမိသည်။ အကြောင်းရင်းမှာတော့ မိဖုရားကြီးပျံ့၏ ကိုယ်ဝန်ပျက်ကျမှုမှာ တစ်စုံတစ်ဦးကြောင့် ဖြစ်သည်ဟု မင်းကြီးကလည်း သံသယ ရှိနေသောကြောင့်ပဲ။
ဟုတ်ပေ၏။ သူက ရှမ့်လန်ကို သံသယမရှိချေ။ သို့ပေမည့် နန်းတော်ထဲရှိ အခြားတစ်စုံတစ်ယောက်ကို သံသယရှိနေ၏။ ထို့ကြောင့် ကောလဟလ၏ အကူအညီဖြင့် မည်သူပေါ်လာမည်ကို ကြည့်ရှုနေ၏။ သို့ပေမည့် မမျှော်လင့်ထားသည်မှာ အစမှအဆုံးထိ ပျံ့နန်ဟူသည့် ငတုံးကြီးတစ်ကောင်သာ ထွက်ပေါ်လာခဲ့သည်။
အပြင်ဘက်ရှိ ပျံ့နန်က ပြောလိုက်၏။ “အရှင်ဘုရင်ကြီး... ကျေးဇူးပြုပြီး ရေနက်တပ်ဖွဲ့က လူတွေကို စေလွှတ်ပြီး ရှမ့်လန်ကို ဖမ်းခိုင်းပါ။ နည်းနည်း နှိပ်စက်လိုက်မယ်ဆိုရင် အမှန်တရား ပေါ်ပေါက်လာလိမ့်မယ်။ ဒါ သူ့ရဲ့ အကြံအစည်ပဲ ဖြစ်ရမယ်။ ကျုပ်ရဲ့အဒေါ်က ကိုယ်ဝန်ပျက်ကျပြီး သွေးထွက်လွန်ခဲ့တာ။ ဒါက ရှမ့်လန်ရဲ့ လှည့်ကွက်ပဲဖြစ်ရမယ်” ပျံ့နန်က အော်ဟစ်လျက်ရှိနေ၏။
ဘုရင်မင်းမြတ်၏ မျက်နှာက ပျက်ယွင်းသွားခဲ့၏။ မိဖုရားကြီးပျံ့၏ တူတစ်ယောက်အနေဖြင့် မိဖုရားကြီးပျံ့ ကိုယ်ဝန်ပျက်ကျပြီး သွေးထွက်လွန်သည့် အကြောင်းအရာကို အဘယ်သို့ ပျော်ပျော်ရွှင်ရွှင်နှင့် ပြောဆိုနေရသနည်း။ ဝမ်းနည်းခြင်းဆိုသည်မှာ တကယ်ပင် စိတ်ထဲရှိရဲ့လား။
နင်ယွမ်ရှန်းက အသာပဲ ပြောလိုက်သည်။ “လီစွမ်း.. ရေနက်တပ်ဖွဲ့က လူတွေကို ဒီကိုခေါ်လိုက်”
လီစွမ်းက ပြောလိုက်၏။ “ကောင်းပါပြီ မင်းကြီး”
ခဏကြာပြီးသည့်နောက် ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များက တံခါးဝဆီသို့ ရောက်ရှိလာခဲ့သည်။
ပျံ့နန်က ပြောလိုက်၏။ “အရှင်မင်းကြီး.... ဉာဏ်ပညာ ကြီးမားလှပါတယ်။ ရေနက်တပ်ဖွဲ့က လူတွေကို ရှမ့်လန်ကို ဖမ်းစေပြီး နှိပ်စက်မေးမြန်းကြည့်ပါ”
ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ရေနက်တပ်ဖွဲ့... ပျံ့နန်ကို ဖမ်းဆီးပြီး စစ်ကြောရေးထဲ ပို့။ သူ့ကို ဒီလို ပြဿနာရှာခိုင်းတဲ့ နောက်ကွယ်က တရားခံက ဘယ်သူလဲဆိုတာ သိအောင်မေး။ နှိပ်စက်ပြီးတော့သာ မေး”
“ကောင်းပါပြီ အရှင်မင်းကြီး” ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များက ပျံ့နန်ကို ဆွဲခေါ်သွားခဲ့၏။
ပျံ့နန်က တကယ်ပဲ တုန်လှုပ်သွားခဲ့သည်။ “အရှင်မင်းကြီး... လူမှားနေပါပြီ။ လူမှားနေပါပြီ။ အရှင်မင်းကြီး ဖမ်းရမှာ ရှမ့်လန်ပါ။ ကျုပ် ရေနက်တပ်ဖွဲ့ဆီ မသွားဘူး။ ကျုပ်ရေနက်တပ်ဖွဲ့ဆီ မသွားဘူး။ အဒေါ်... ကျုပ်ကို ကယ်ပါအုံး။ အဒေါ်... ကျုပ်ကို ကယ်ပါအုံး။ အရှင်မင်းကြီး ကျုပ်ကို ချမ်းသာပေးပါ”
ပျံ့နန်၏ အသံက တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့၏။ မကြာခင်မှာပဲ ထိုအသံကို မကြားရတော့ချေ။
အရှင်မင်းကြီးက ပြောလိုက်၏။ “ဒီလူတွေက အရမ်းကောက်ကျစ်ကြတယ်။ ဘယ်သူမှ ထွက်လာမှာ မဟုတ်ဘူး”
မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျွန်မ ကိစ္စတစ်ခုလုပ်ချင်တယ်။”
အရှင်မင်းကြီးက မိဖုရားကြီးပျံ့ကို လှမ်းကာကြည့်ရှု၏။ “မိန်းမ.. မင်းသေချာလို့လား။ ဒီကိစ္စကို တကယ်လုပ်ချင်တာလား”
မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “ဒီအတိုင်းနေတာကောင်းတယ်။ ဒါပေမဲ့ ဒါက ကျွန်မတို့ကြားမှာရှိနေတဲ့ ရေစက်ပဲ။ ကျွန်မမှာ နောက်ထပ် သားသမီး မရနိုင်တော့ဘူး။ သူ့မှာ အမေရှိပေမဲ့ အမေ မရှိသလိုပဲလေ။ ကျွန်မရဲ့ ကိုယ်ထဲမှာလည်း သူ့ရဲ့သွေးရှိနေတယ်။ ကျွန်မတို့နှစ်ယောက်ကြား သွေးချင်းတူညီသွားကြပြီ။”
မင်းကြီးက သက်ပြင်းချလိုက်၏။ “အင်း.. မင်းသဘောပါပဲ။”
...........
ညသို့ရောက်သည့်အချိန်မှာတော့ ပဉ္စမမင်းသားနင်ကျန်းကို အင်ပါယာအကျဉ်းထောင်ဆီမှ ခေါ်ထုတ် လာခဲ့၏။
“မိဖုရားကြီးပျံ့ကို ဂါရဝပြုပါတယ်” နင်ကျန်းက ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
မိဖုရားကြီးပျံ့က နင်ကျန်းကို တစ်ခါမှ မပြဖူးသည့် နူးညံ့ကြင်နာသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ဤသည်မှာ သူမအနေဖြင့် နင်ကျန်းကို အလေးအနက်ထားပြီး ကြည့်ရှုသည့် ပထမဦးဆုံးအကြိမ် ဖြစ်၏။
တကယ်ပဲ နင်ကျန်းမှာ မချောမောချေ။ အရပ်ပုပြီး ခပ်ဝဝနှင့်ပင်။ အသားအရေကလည်း မဲနက်လျက် ရှိ၏။ မေးစေ့ထက်တွင်လည်း မှဲ့ကြီးတစ်ခုက အလွန်ထင်ရှားစွာ တည်ရှိနေခဲ့၏။ မွေးဖွားပြီးနောက် ကံဆိုးသည့် လူတစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံရ၏။ ကလေးဘဝတည်းက မိခင်၏ ချစ်ခြင်းမေတ္တာ သို့မဟုတ် ချစ်ခင်မှုကို တစ်ချက်ကလေးမှ မရရှိခဲ့ချေ။ တကယ့်ကို သနားစရာကောင်းသည့် ကလေးတစ်ယောက်လည်း ဖြစ်သည်။
အချိန်အတော်ကြာအောင် ကြည့်ရှုပြီးနောက် မိဖုရားကြီးပျံ့က ကြင်နာစွာပြောလိုက်၏။ “ကျန်းအာ... မင်းငါ့ကို မင်းရဲ့အမေအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိလား။ ငါမင်းရဲ့အမေဖြစ်ချင်တယ်။ မင်းကို ငါ့ရဲ့မွေးစားသားအဖြစ် ထားချင်တယ်။”
နင်ကျန်းက ကြောင်အသွားခဲ့၏။ မိဖုရားကြီးပျံ့ကို မယုံကြည်နိုင်သည့် မျက်လုံးအစုံဖြင့် စူးစိုက်ကြည့်မိသည်။
တစ်ခဏအတွင်းမှာပဲ နင်ကျန်း၏ နှလုံးသားတစ်ခုလုံးက ဂယောက်ဂယက် ဖြစ်သွားခဲ့ပြီး မည်သို့မှ ထိန်းချုပ်၍ မရနိုင်လောက်အောင် လှုပ်ရှားနေခဲ့၏။ သူ၏နှလုံးသားတစ်ခုလုံးက တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်လာ၏။ ပြီးနောက် သူ၏ရင်ထဲတွင် ပူလောင်မှုကိုပဲ ခံစားလိုက်မိ၏။
ဤအရာက သူအိပ်မက် မက်ခဲ့ရသည့် အခိုက်အတန့် တစ်ခုလည်း ဖြစ်၏။ မွေးဖွားလာစဉ် အချိန်တည်းက သူ့ကိုပြုစုစောင့်ရှောက်ခဲ့သည့် မိန်းမစိုးမှလွဲ၍ အခြားသောသူများဆီမှ ချစ်ခြင်းမေတ္တာကို သူ မရရှိခဲ့ဖူးချေ။ သူ၏ဖခင်က သူ့ကိုမုန်းတီးခဲ့ပြီး မိခင်အရင်းဖြစ်သည့် စုဖေးကလည်း သူ့အပေါ်တွင် လျစ်လျူရှု ထားခဲ့၏။ သူ့ကို ချစ်မြတ်နိုးသည့် အမေတစ်ယောက် ရရှိရန် သူအကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။
သူ၏အဒေါ် စုဖေ့ဖေ့က နှလုံးသားထဲတွင် အမေတစ်ယောက်သဖွယ် ဖြစ်ခဲ့၏။ အကြောင်းအရင်းမှာ သူ၏အဒေါ်က သူ၏အသက်ကို ကယ်တင်ခဲ့သောကြောင့်ပင်။ ထိုသို့သာမကယ်တင်ခဲ့ပါက သူ မွေးဖွားပြီးစမှာပဲ ချက်ချင်း သေဆုံးရပေလိမ့်မည်။
သို့ပေမည့် သူက ငယ်ရွယ်စဉ်တည်းက စုဖေ့ဖေ့ကို တစ်ခါမှ မမြင်ခဲ့ဖူးသလို သူမနှင့်အတူတူ နေထိုင်ခဲ့ရဖူးခြင်းလည်း မရှိချေ။ ထို့ကြောင့် စုဖေ့ဖေ့ကို အမေတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သော်လည်း မိခင်မေတ္တာကို စိတ်ကူးနှင့်ပင် ပုံဖော်၍ မရနိုင်ခဲ့ချေ။
အနည်းငယ် ကြီးပြင်းလာပြီးနောက် သူ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ရောက်သည့်အချိန်မှာတော့ နန်းတော်တွင် ပွဲတော်များ ကျင်းပ၏။ သူက လောကကြီး၏ ကြီးကျယ်မြင့်မြတ်မှုကို နားမလည်ဘဲ တက်ရောက်ခဲ့ဖူး၏။ ထိုစဉ်က သူက မကြုံစဖူး ထူးခြားသည့် အေးစက်မှုများကိုသာလျှင် ခံယူခဲ့ရ၏။
အားလုံးသောသူတို့က သူ့ကို လျစ်လျူရှုခဲ့၏။ သူ၏အဖေ၊ သူ၏အဘိုး၊ သူ၏အမေအရင်း စုဖေးနှင့် သူ၏ ညီအစ်ကိုများကလည်း သူ့ကို မည်သည့်အခါကမှ မရှိခဲ့သလို ပြုမူဆက်ဆံခဲ့ကြ၏။ သူ့အတွက် ထိုင်ခုံ တစ်ခုကိုပင် ပြင်ဆင်ပေးထားခြင်း မရှိချေ။ သူ့ကိုကြည့်သည့် အကြည့်များကလည်း မုန်းတီးရွံရှာသည့် အကြည့်များသာ ဖြစ်ခဲ့သည်။
ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က ဤကဲ့သို့ အေးစက်သော ဆက်ဆံမှုများကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ ထိုအချိန်တုန်းက နင်ကျန်းက အလွန်ပဲ ဝမ်းနည်းကြေကွဲခဲ့ရ၏။ သူက လောကကြီး တစ်ခုလုံး၏ မုန်းတီးမှုများကို စုပြုံခံစားနေရသကဲ့သို့ပဲ။ လောကကြီးတစ်ခုလုံးက သူ့အတွက် နွေးထွေးမှုဟူ၍ လုံးဝမရှိဘဲ အဆုံးစွန်အထိ အေးစက်နေခဲ့ကြောင်း ခံစားမိ၏။
ထိုစဉ်က မိဖုရားကြီးပျံ့သည် သူ့ကို လက်ယက်ခေါ်ခဲ့သည်။ “ကလေး.. လာ ငါ့ဆီလာခဲ့”
ပြီးနောက် မိန်းမစိုးတစ်ယောက်သည် မိဖုရားကြီးပျံ့၏ဘေးတွင် ထိုင်ခုံတစ်လုံး ချပေးလိုက်၏။ ထိုအခိုက်အတန့်မှာတော့ နင်ကျန်း၏ နှလုံးသားတစ်ခုလုံးက တကယ်ပဲ နွေးထွေးသွားခဲ့၏။ သူ၏ နှလုံးသားတစ်ခုလုံးတွင် သူက ကယ်တင်ခံလိုက်ရသည်ဟု ခံစားနေမိ၏။
ထိုအချိန်တုန်းက မိဖုရားကြီးပျံ့သည်သာ သူ၏ အမေအရင်းဖြစ်လျှင် မည်မျှကောင်းမည်နည်းဟု သူ စဉ်းစားခဲ့ ဖူး၏။ သို့ပေမည့် သူနှင့် မိဖုရားကြီးပျံ့တို့ကြား၌ အဆက်အသွယ်ဟူ၍ မရှိတော့ချေ။ နောက်ပိုင်းတွင် နန်းတွင်း၌ နှစ်စဉ်ကျင်းပသည့် ပွဲတော်များ သူ တက်ရောက်နိုင်ခြင်း မရှိတော့သောကြောင့်ပင်။
တဖြည်းဖြည်း ကြီးပြင်းလာသည့်အခါမှာတော့ နင်ကျန်း၏ နှလုံးသားထဲတွင် အရာအားလုံးကို သေသေချာချာ သိမြင်လာခဲ့၏။ မိဖုရားကြီးပျံ့က သူ့ကို အမှန်တကယ် ချစ်ခင်နှစ်သက်ခြင်း မဟုတ်ဘဲ ခြောက်နှစ်၊ ခုနှစ် နှစ်အရွယ် ကလေးတစ်ယောက် ကူကယ်ရာမဲ့နေချိန်တွင် ခဏတာ ခေါ်ယူပြီး ကြင်နာမှုကို ပြသခဲ့ခြင်းသာ ဖြစ်သည်။
မိဖုရားကြီးပျံ့က ထိုဖြစ်ရပ်ကို မေ့လျော့နေလောက်ပြီ ဖြစ်၏။ သို့ပေမည့် ထိုစဉ်က မိဖုရားကြီးပျံ့၏ ကြင်နာစွာ ခေါ်လိုက်သည့် အသံက နင်ကျန်း၏ နှလုံးသားထဲ၌ ထာဝရ စွဲထင်လျက်ရှိ၏။ ယခု နောက်ဆုံးအချိန်မှာတော့ သူ၏အိပ်မက်များက အမှန်တကယ် ဖြစ်လာခဲ့၏။ ဤနူးညံ့သိမ်မွေ့ပြီး သီလသမာဓိနှင့် ပြည့်စုံသည့် အမျိုးသမီးက သူ့ကို သားအဖြစ် လက်ခံရန် တောင်းဆိုခဲ့၏။
နင်ကျန်းသည် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ နှလုံးသား တစ်ခုလုံး အပြင်ဘက်သို့ ခုန်ထွက်ပြီး ချက်ချင်း သဘောတူညီချင်စိတ်များ ပေါ်ပေါက်လာခဲ့၏။ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံးက နီမြန်းနေသည်။
မျက်နှာတစ်ခုလုံး နီမြန်းလျက်ရှိနေသည့် နင်ကျန်းကို မြင်ရသည့်အချိန်မှာတော့ မိဖုရားကြီးပျံ့က နူးညံ့စွာပဲ ပြောဆိုလိုက်၏။ “ကလေး... ဘာကိုစောင့်နေတာလဲ”
သူမ ဆိုလိုသည်မှာ သူမကို အမေအဖြစ် အမြန်ဆုံး ခေါ်ဆိုရန် ဖြစ်သည်။
နင်ကျန်း၏ နှလုံးသားက တောက်လောင်နေဆဲ ဖြစ်သော်လည်း စိတ်များကတော့ တဖြည်းဖြည်း ကြည်လင် လာခဲ့၏။ သူက အမေဟု မခေါ်ခဲ့ချေ။
မိဖုရားကြီးပျံ့က အံ့အားသင့်သွား၏။ “ဘာလဲ။ မင်းဆီမှာ ဆန္ဒမရှိဘူးလား။ ရှမ့်လန်ကို ကယ်ဖို့ ငါ့ကို တောင်းပန်တုန်းက ဥပေက္ခာပြုခဲ့မိလို့ ငါ့ကို အပြစ်မြင်နေတာလား။ စိတ်ထဲမှာ သဘောမတွေ့ ဖြစ်နေတာလား”
နင်ကျန်းက ခေါင်းခါယမ်းလိုက်သည်။ “မဟုတ်ပါဘူး။ အဲလိုမဟုတ်ပါဘူး”
သူ တကယ် ထိုသို့မတွေးခဲ့ချေ။ သူ၏နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်းသိနေ၏။ ဤလောကကြီးထဲတွင် သူက မည်သူ့ကိုမှ အကြွေး မတင်ထားချေ။ တစ်စုံတစ်ယောက်က သူ့ကို ကူညီလျှင် သူကလည်း ထိုအရာကို ပြန်လည်ကာ ကူညီ၏။
မိဖုရားကြီးပျံ့သည် မိဖုရားတစ်ပါး ဖြစ်သောကြောင့် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်ခြင်း မရှိချေ။ ထို့ကြောင့် ငြင်းပယ်ခြင်းဆိုသည်မှာ ဘာများ မှားယွင်းနေမည်နည်း။ ထို့အပြင် ထိုအချိန်တုန်းက ရှမ့်လန်က မိဖုရားကြီး အပေါ်တွင် မည်သည့်ကျေးဇူးမှ မရှိသောကြောင့် သူမ မကူညီလိုသည်မှာလည်း မှားယွင်းသည့် အခြင်းအရာ မဟုတ်ချေ။
မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “ဒါဆိုရင် ဘာလို့ငါ့ကို အမေလို့ ခေါ်ဖို့ ဆန္ဒမရှိတာလဲ”
နင်ကျန်းက ချက်ချင်းပဲ စိုးရိမ်တကြီး လှမ်းပြောလိုက်၏။ “ကျုပ်... ကျုပ်” သူက စိတ်လှုပ်ရှားလာလျှင် စကားထစ်တတ်သည့် အလေ့အကျင့် ရှိ၏။
မိဖုရားကြီးပျံ့က အသာပဲ ပြောဆိုလိုက်သည်။ “မလောနဲ့။ မလောနဲ့။ ဖြည်းဖြည်းချင်းပြော”
နင်ကျန်းက အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် အိတ်ထဲမှ ကျောက်ခဲတစ်လုံးကို ထုတ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။ မိမိကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ထိန်းချုပ်ရင်း နင်ကျန်းက စကားတစ်လုံးချင်းစီကို ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ “မိဖုရားကြီးပျံ့... အရင်တုန်းကသာဆိုရင် ကျုပ် မိဖုရားကြီးပျံ့လိုမျိုး မယ်တော်တစ်ပါးရဖို့ အစဉ်အမြဲ အိပ်မက်မက်ခဲ့တာပါ”
မိဖုရားကြီးပျံ့က ပြောလာသည်။ “ဒါဆိုရင် ဘာလို့ အခု မဖြစ်ရတာလဲ”
နင်ကျန်းက ပြောလာ၏။ “ဘာလို့လဲဆိုတော့ ကျုပ်က ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ကြံစည်ထားလို့ပါပဲ”
ထိုစကားကိုကြားသည့်အချိန်မှာတော့ မိဖုရားကြီးပျံ့က တုန်လှုပ်သွားခဲ့၏။ သူမ ဤအကြောင်းအရာကို တကယ် မသိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်က သူမကို တစ်ခါမှမပြောခဲ့ဖူးသောကြောင့်ပင်။
နင်ယွမ်ရှန်းကလည်း မည်သို့ပြောနိုင်မည်နည်း။ သူ၏အမြင်အရဆိုလျှင် ထိုအရာက အိပ်မက်ထဲတွင် လမ်းလျှောက်ခြင်းနှင့် ဆင်တူ၏။ အဓိပ္ပာယ် မရှိချေ။ ပြောလျှင် ရယ်မောခြင်းသာ ခံရပေမည်။ သို့ပေမည့် သူ မပြောရသေးခင်မှာဘဲ မိဖုရားကြီးပျံ့က မတော်တဆ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့၏။
မိဖုရားကြီးပျံ့က နင်ကျန်းကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် လှမ်းကာ ကြည့်လိုက်၏။ ဤကလေး၌ ဤသို့ ကြီးကျယ်မြင့်မြတ်သည့် ရည်မှန်းချက်မျိုး ရှိနေသည်လား။ သူမ လုံးဝ မသိခဲ့ချေ။ ထို့အပြင် ဤကဲ့သို့သော ပုံစံမျိုးနှင့် မည်သို့ ထီးနန်းအတွက် တိုက်ပွဲဝင်မည်နည်း။
ဘုရင်မင်းမြတ်ကလည်း မနှစ်သက်ချေ။ ပုံပန်းသွင်ပြင်မှာလည်း ဆိုးရွား၏။ ထို့အပြင် စကားက ထစ်လျက် ရှိနေပြီး နောက်ခံအင်အားလည်း မရှိချေ။ အဘယ်သို့ ထီးနန်းအတွက် တိုက်ပွဲဝင်နိုင်မည်နည်း။ ထီးနန်း ဆိုသည်မှာ ကလေးကစားစရာတစ်ခု မဟုတ်ချေ။
မိဖုရားကြီးပျံ့၏ မျက်နှာထားက တည်ကြည်သွားခဲ့၏။ “နင်ကျန်း... ပြော၊ မင်းဘာလို့ ထီးနန်းအတွက် တိုက်ပွဲဝင်ချင်ရတာလဲ”
နင်ကျန်းက ခဏလောက် စဉ်းစားလိုက်သည်။ “ကျုပ် ကာကွယ်လိုတဲ့လူတွေကို ကာကွယ်နိုင်ဖို့ပါပဲ။ ကျုပ် ထီးနန်းအတွက် မတိုက်ခိုက်ဘူးဆိုရင် အိမ်ရှေ့စံမင်းသားပဲ ဖြစ်ဖြစ် တတိယမင်းသားပဲ ဖြစ်ဖြစ် ၊ တစ်ယောက်ယောက်သာ ထီးနန်းရခဲ့ရင် သူတို့က ရှမ့်လန်နဲ့ ကျင်းမိသားစုကို အလွတ်ပေးမှာ မဟုတ်ဘူး”
ထိုစကားကိုကြားသည့်အချိန်မှာတော့ မိဖုရားကြီးပျံ့၏ နှလုံးသားတစ်ခုလုံးက နူးညံ့သွားခဲ့၏။ တကယ့်ကို လိမ္မာလွန်းသည့် ကလေးတစ်ယောက် ဖြစ်၏။ သို့ပေမည့် ကလေးဆန်လွန်းလှ၏။
မိဖုရားကြီးက ပြောလိုက်သည်။ “ရှမ့်လန်က မင်းကို ထီးနန်းတိုက်ပွဲဝင်ဆိုလို့ မင်းတိုက်ပွဲဝင်ဖို့ စဉ်းစားနေတာလား”
နင်ကျန်းက ခဏလောက် စဉ်းစားလိုက်၏။ “ဟုတ်တယ်လို့ ပြောလို့ရသလို ၊ မဟုတ်ဘူးလို့လည်း ပြောလို့ ရပါတယ်”
မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “ဖြည်းဖြည်းချင်း ပြောပါ”
နင်ကျန်းက ပါးစပ်ထဲတွင် ကျောက်ခဲကို ငုံထားသောကြောင့် ပြောသည့် စကားလုံးများမှာ အလွန် ခက်ခဲခဲ့သော်လည်း စကားထစ်ခြင်းတော့ မရှိတော့ချေ။
“ကျုပ် အရင်တုန်းက တိုက်ပွဲဝင်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ အိပ်မက်ထဲမှာတောင် မမက်ဖူးဘူး။ ဒါပေမဲ့ ရှမ့်လန်နဲ့ စကားပြောပြီးနောက်ပိုင်းမှာ ကြိုးစားကြည့်လို့ ရနိုင်တယ်လို့ ထင်မိတယ်”
မိဖုရားကြီးပျံ့သည် ဤသည်မှာမဖြစ်နိုင်ဟု ခံစားမိသော်လည်း ဆက်လက်ကာ မေးမြန်းလိုက်၏။ “ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုမှတော့ မင်းအတွက် ထောက်ခံမှုတွေ ပိုပြီးလိုအပ်တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ငါ့ကို အမေအဖြစ် မတော်စပ်ချင်ရတာလဲ”