← Chapters

အပိုင်း (၄၆၄)

Vol. 33 Ch. 464

အပိုင်း (၄၆၄)

Vol. 33 Ch. 464

နင်ကျန်းက ပြောလိုက်၏။ “ကျုပ် ထီးနန်းအတွက် မတိုက်ခိုက်ဘူးဆိုရင် မိဖုရားကြီးပျံ့ကို အမေအဖြစ် သတ်မှတ်တာက ကျိန်းသေပေါက် လုပ်မယ့်အရာပါပဲ။ ဒါပေမဲ့ ထီးနန်းအတွက် တိုက်ပွဲဝင်တော့မယ် ဆိုရင်တော့ မိဖုရားကြီးကို အမေအဖြစ်တော်စပ်တာက နိုင်ငံရေးကိစ္စဖြစ်သွားပြီ။ ကိုယ်ကျိုးအတွက် အများအကျိုးကို မျက်ကွယ်ပြုသလို ဖြစ်သွားမှာပေါ့”

မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “ဒါဆို မင်းငါ့ရဲ့ ထောက်ခံမှုကို မလိုချင်ဘူးပေါ့”

နင်ကျန်းက ပြောလိုက်၏။ “လိုချင်တာပေါ့။ ဒါပေမဲ့ ကျုပ်ဆီမှာ အခု ဘာအရည်အချင်းမှ မရှိသေးဘူး။ မိဖုရားကြီးပျံ့ကို သွေးသွင်းပေးခဲ့တာ တစ်ခုတည်းနဲ့ မိဖုရားကြီးပျံ့ရဲ့ ထောက်ခံမှုကို တောင်းခံတယ်ဆိုတာက အခွင့်အရေးသမားတစ်ယောက်လို ဖြစ်နေမယ်။

ပြီးတော့ ကျုပ် ပျံ့မိသားစုရဲ့ ထောက်ခံမှုကိုလည်း ရချင်တယ်။ ဒါပေမဲ့ ပျံ့မိသားစုက ကျုပ်က အရည်အချင်းပြည့်မီတဲ့ ထီးနန်းဆက်ခံသူတစ်ယောက်ဖြစ်တယ်လို့ မြင်လို့ ထောက်ခံလာတာမျိုးကိုပဲ လိုချင်တာပါ။ မိဖုရားကြီးပျံ့ကို သွေးသွင်းပေးရုံသက်သက်နဲ့ ထောက်ခံလာတာမျိုးဆိုရင်တော့ မဖြစ်သင့်ဘူးလေ။

တကယ်လို့ ကျုပ်က မိဖုရားကြီးကို အမေအဖြစ် တော်စပ်လိုက်တယ်ဆိုရင် ပျံ့မိသားစုကို ကျုပ်ရဲ့ စစ်ရထားပေါ် အတင်းဆွဲခေါ်သလို ဖြစ်သွားမယ်။ ပျံ့မိသားစုကလည်း ဘာမှမဆိုင်တဲ့ တာဝန်တွေကို ကျုပ်အတွက် လိုက်ပြီး ထမ်းဆောင်နေရသလို ဖြစ်သွားလိမ့်မယ်။ ဒါက မလျော်ကန်ပါဘူး”

မိဖုရားကြီးပျံ့က မင်သက်သွားမိ၏။ သူက နင်ကျန်းကို အချိန်အတော်ကြာ စူးစိုက်ကြည့်ရှုနေ၏။ နင်ကျန်းကို သားအဖြစ် ခေါ်ဆောင်လိုခြင်းမှာ ပထမဦးဆုံးအနေဖြင့် သူမ၏အသက်ကို ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။ ဒုတိယအားဖြင့် နင်ကျန်းက သနားစရာကောင်းပြီး တတိယအားဖြင့် ကြင်နာတတ်သည့် ကလေးတစ်ယောက် ဖြစ်သောကြောင့် ဖြစ်၏။ သို့ပေမည့် ဤကလေးက ဤမျှလောက် တာဝန်သိတတ်သည့် ကလေးတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။

လောကကြီးတွင် ရှိနေသည့် လူအများစုက လောဘ၏ အမှောင်ဖုံးခြင်းကို ခံထားရ၏။ ရှေ့မှောက်တွင် ကြီးမားလွန်းသည့် သွေးဆောင်မှု တည်ရှိနေသည်ဆိုလျှင် မည်သူ တွန်းလှန်နိုင်မည်နည်း။ နင်ကျန်းကမူ ဤသို့ မဟုတ်ခဲ့ချေ။ ကြီးမားသည့် အကျိုးကျေးဇူး၏ ရှေ့မှောက်တွင် သူ၏ဆန္ဒတရားများကို ဖိနှိပ်ထားခဲ့၏။ ထိုအစား တည်တည်ငြိမ်ငြိမ်ဖြင့် ဆုံးဖြတ်ချက်များကို ရွေးချယ် ချမှတ်ခဲ့၏။

ဟုတ်ပေ၏။ နင်ကျန်းက အနည်းငယ် ကလေးဆန်သည်ဆိုသော်လည်း တကယ့်ကို သီလသမာဓိနှင့် ပြည့်စုံပြီး စိတ်ဓာတ်ကလည်း ကြံ့ခိုင်လှချေ၏။ ရှမ့်လန်က ထက်မြက်သည်။ ထို့အတူ အလွန်မာနကြီး၏။ သို့ပေမည့် ရှမ့်လန်၏ လူကဲခတ်နိုင်စွမ်းမှာ မဆိုးဟု သတ်မှတ်ရပေလိမ့်မည်။ နင်ကျန်းကို ရွေးချယ်ခဲ့ခြင်းမှာ နင်ကျန်း၌ ထူးကဲသည့် အရည်အချင်း တစ်ခုခုရှိနေကြောင်း မြင်ရသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့ပေမည့် မိဖုရားကြီးပျံ့က လက်ရှိအချိန်အနေအထားတွင် တည်ငြိမ်သွား၏။ နင်ကျန်းပြောခဲ့သလိုပဲ အကယ်၍ သူသာ ထီးနန်းတိုက်ပွဲဝင်ရန် ရွေးချယ်ခြင်း မရှိပါက မိဖုရားကြီးပျံ့အား အမေအဖြစ် သတ်မှတ်ဖို့ ပြဿနာ မရှိချေ။ အများဆုံးအားဖြင့် သူမကလည်း နင်ကျန်း အနိုင်ကျင့်မခံရစေရန်၊ ထို့အပြင် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ပံ့ပိုးပေးခြင်းမျိုး ပြုလုပ်နိုင်၏။

သို့ပေမည့် နင်ကျန်းသာ ထီးနန်း တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီဆိုသည်နှင့် သူက သားတစ်ယောက်အဖြစ် ပစ်စလတ်ခတ် လက်ခံ၍ မဖြစ်တော့ချေ။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် နိုင်ငံသားအားလုံးကို မှားယွင်းသည့် အချက်ပြမှုတစ်ခု ပြုလုပ်လိုက်သလို ဖြစ်နိုင်ပြီး ပျံ့မိသားစုက နင်ကျန်းအား ထီးနန်းတိုက်ပွဲအတွက် ထောက်ခံနေပါသည်ဟု ထင်မြင်သွားစေနိုင်၏။ ထိုကဲ့သို့သော အကျိုးဆက်က မကောင်းချေ။

အနည်းဆုံးအားဖြင့် ယခုအချိန်အထိ ပျံ့မိသားစုက ထီးနန်းတိုက်ပွဲတွင် မည်သည့်ဘက်ကမှ မပါဝင်ပေ။ ထို့အပြင် မိဖုရားကြီးပျံ့က ပျံ့မိသားစုကို ကိုယ်စားပြသောကြောင့် မည်သည့်ဘက်ကိုမှ ထောက်ခံပိုင်ခွင့် မရှိချေ။ မိဖုရားများက နန်းတွင်းရေးကိစ္စရပ်တွင် ပါဝင်ခွင့် မရှိသောကြောင့်ဖြစ်သည်။

သူမက မည်သည့်အစိုးရအဖွဲ့အစည်း ကိစ္စရပ်မျိုး၌မဆို ပါဝင် ပြောဆိုနေလိမ့်မည် မဟုတ်ချေ။ ပျံ့မိသားစု ကိုယ်စား ဆုံးဖြတ်ချက်ချနိုင်သည့် တစ်ဦးတည်းသောဦးဆောင်သူမှာ သူမ၏ အစ်ကိုကြီး ပျံ့ရှောင်ပင် ဖြစ်၏။

နင်ကျန်းကို အချိန်အတော်ကြာ ကြည့်ရှုပြီးသည့်နောက် မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “ကျန်းအာ... မင်းဟာ တကယ့်ကို လိမ္မာတဲ့ ကလေးလေးတစ်ယောက်တင် မကဘူးပဲ။ ငါ မင်းကို တကယ်ပဲ အထင်ကြီး လေးစားမိတယ်။ မင်းက တာဝန်သိတတ်ပြီး ကိုယ်ကျင့်တရားလည်း ကောင်းမွန်တယ်။ ဒီကိစ္စက ငါ့ကို ပျော်ရွှင်စေတယ်”

နင်ကျန်းက ခေါင်းငုံ့ထားပြီး မည်သည့်စကားကိုမှ မဆိုချေ။

မိဖုရားကြီးပျံ့က ပြောလိုက်၏။ “ဒါပေမဲ့ မင်းပြောသလိုပဲ ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်မှတော့ ငါ့သဘောထားကို ထုတ်ဖော်လို့ မဖြစ်ဘူး။ ဒါပေမဲ့”

သူမက စကားကို အနည်းငယ် တန့်ထားသည်။ “ဒါပေမဲ့ ငါ မင်းကို ပိုပြီးတောင် သဘောကျသွားပြီ”

နင်ကျန်းက အရိုအသေပြုလိုက်၏။ “ကျေးဇူးတင်ပါတယ် မိဖုရားကြီးပျံ့”

မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် မင်းသွားလို့ရပြီ”

...........

မိဖုရားကြီးပျံ့၏ ပြန်လည်ပြောဆိုချက်ကို ကြားသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က အနည်းငယ် အံ့အားသင့်သွားခဲ့၏။ နင်ကျန်းက တကယ်ပဲ ငြင်းပယ်ခဲ့၏။ အဘယ့်ကြောင့် ဤမျှလောက် တာဝန် သိတတ်နေရသနည်း။

ဘုရင်တစ်ပါးအနေနှင့် လောဘကြီးရမည်မှာ အမှန်ပင်။ ထို့အတူ သွေးဆောင်မှုများကို ငြင်းပယ်တတ်ဖို့လည်း လိုအပ်၏။ အဘယ့်ကြောင့်ဆိုသော် အကျိုးအမြတ်၏ သွေးဆောင်မှုဆိုသည်မှာ ထောင်ချောက်တစ်ခုဆီသို့ သက်ဆင်းသွားနိုင်သည့် အရာမျိုးဖြစ်သောကြောင့်ပင်။

“ဒါ ရှမ့်လန် သင်ပေးလိုက်တာများလား” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။

မိဖုရားကြီးပျံ့က ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “မဖြစ်နိုင်ဘူး”

အရှင်မင်းကြီးကလည်း မဖြစ်နိုင်ကြောင်း သဘောပေါက်မိ၏။ ထိုညက ရှမ့်လန်နှင့် နင်ကျန်းတို့ တွေ့ဆုံချိန်တွင် လူသုံးဦး စောင့်ကြည့်မှတ်တမ်းတင်ခဲ့၏။ ထိုအချိန်မှစ၍ ရှမ့်လန်က နင်ကျန်းနှင့် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံခြင်း မရှိတော့ချေ။ ထို့ကြောင့် သင်ကြားပြသရန် အခွင့်အရေး မည်သို့ ရှိမည်နည်း။

မိဖုရားကြီးပျံ့က အသာပဲ ပြောဆိုလိုက်၏။ “မိဖုရားတွေက နိုင်ငံရေးမှာ ပါဝင်စွက်ဖက်လို့ မရဘူး။ ဒီတော့ ကျွန်မကလည်း ထီးနန်းတိုက်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်ကများ ကျန်းအာကို အနိုင်ကျင့်ရဲကျင့်ကြည့်၊ ကျွန်မ လုံးဝ ငြိမ်ခံနေမှာ မဟုတ်ဘူး”

...................

နန်းတွင်းထဲမှ ထွက်ခွာခဲ့ပြီးနောက် နင်ကျန်းက အင်ပါယာဘုရားကျောင်း၏ အကျဉ်းထောင်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ သို့ပေမည့် နောက်တစ်နေ့မှာပဲ အရှင်မင်းကြီးက သူ့ကို ဆင့်ခေါ်ခဲ့သည်။

ဤသည်မှာ အရှင်မင်းကြီးက သူ့ကို ပထမဦးဆုံးအကြိမ် နှစ်ဦးတည်းတွေ့ဆုံရန် ဆင့်ခေါ်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ သူ မမှတ်မိတော့ချေ။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “နင်ကျန်း.... အထူးတရားရုံးက အရာရှိတွေကို သတ်ဖြတ်ခဲ့တဲ့ကိစ္စအပေါ် မင်းဘယ်လို သဘောရလဲ”

နင်ကျန်းက ပြောလိုက်သည်။ “မင်းသားတစ်ပါးဖြစ်ပေမဲ့ ဥပဒေချိုးဖောက်တာကြောင့် သာမန်သူတွေလိုပဲ အပြစ်ပေး ခံရပါလိမ့်မယ်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ နင်ယွမ်ရှန်းက ချက်ချင်းပဲ မျက်မှောင်ကုတ်လိုက်မိ၏။ သူက အမှန်တရား ဘက်တော်သားများ ပြောဆိုတတ်သည့် ဤသို့သော စကားလုံးများကို အမုန်းဆုံးဖြစ်၏။

ချက်ချင်းပဲ နင်ယွမ်ရှန်းက လှောင်ပြောင်လိုက်သည်။ “ဒါဆိုရင် ငါ မင်းကို ခေါင်းဖြတ်ရမလား”

နင်ကျန်းက မေးလိုက်၏။ “ဒါပေမဲ့ ကျုပ် လူကယ်ဖို့အတွက် အထူးတရားရုံးချုပ်က အရာရှိတွေကို သတ်ခဲ့တာပါ”

အရှင်မင်းကြီးက ပြောဆိုလိုက်သည်။ “မင်းဘာကိုဆိုလိုတာလဲ”

နင်ကျန်းက ပြောလိုက်၏။ “အဲအချိန်တုန်းက အထူးတရားရုံးချုပ်က အရာရှိတွေက ယုမိသားစုရဲ့ ကလေးငယ်လေးနှစ်ယောက်ကို လာဖမ်းတယ်။ ရှမ့်လန်ရဲ့ ကိုယ်လုပ်တော် ပင်းအာက မိန်းကလေးနှစ်ယောက်ကို ကာကွယ်ပေးထားခဲ့တယ်။ အထူးတရားရုံးချုပ်က အရာရှိက ပင်းအာရဲ့ ဝမ်းဗိုက်ထဲက ကလေးကို တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီတော့ သူမက သန္ဓေသားကို ကာကွယ်ဖို့ အဲလူတွေကို သတ်ပစ်ခဲ့ပါတယ်။ ဒါက တရားမျှတမှု တစ်ခုပါပဲ။ ခုခံကာကွယ်မှု တစ်ခုလို့လည်း အဓိပ္ပာယ် သက်ရောက်ပါတယ်”

အရှင်မင်းကြီးက ပြောလိုက်သည်။ “သူတို့ကို သတ်ခဲ့တာ မင်းလား။ ရှမ့်လန်ရဲ့ ကိုယ်လုပ်တော်လား”

နင်ကျန်းက ခဏလောက် တုံ့ဆိုင်းသွားခဲ့၏။ “ကျုပ် သတ်ခဲ့တာပါ”

နင်ယွမ်ရှန်းက သူ၏သားကို အချိန်အတော် စိုက်ကြည့်၏။ ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သိပြီ။ လာခဲ့ကြ။ နင်ကျန်းကို အင်ပါယာဘုရားကျောင်းက အကျဉ်းထောင်ဆီ ပြန်ခေါ်သွားကြ။ အင်ပါယာ ဘုရားကျောင်းနဲ့အတူ အထူးတရားရုံးချုပ်က ဒီအမှုကို ပူးတွဲစစ်ဆေးဖို့ အမိန့်ပေးလိုက်”

နောက်တစ်နေ့မှာပဲ အထူးတရားရုံးချုပ်က အင်ပါယာဘုရားကျောင်းတွင် ပဉ္စမမင်းသား နင်ကျန်း၏ လူသတ်မှုကို တရားဝင် စတင်ကာ စစ်ဆေး၏။ ခြောက်နာရီကြာ စစ်ဆေးမေးမြန်းပြီးနောက် အမှန်တရားက ပေါ်ပေါက်လာခဲ့၏။

အထူးတရားရုံးချုပ်မှ အရာရှိများက ရှမ့်လန်၏ ကိုယ်လုပ်တော် ဝမ်းဗိုက်ထဲအတွင်းမှ ကလေးကို သတ်ဖြတ်ရန် ကြံစည်ခဲ့၏။ နင်ကျန်းက လူကိုကယ်တင်ရန် ထိုလူတို့ကို သတ်ဖြတ်ခဲ့ရခြင်းသာ ဖြစ်၏။ ခွင့်လွှတ်နိုင်ဖွယ်ရာ ကိစ္စရပ်ဖြစ်သော်လည်း တစ်ဖက်လူအပေါ် အသုံးပြုခဲ့သည့် နည်းလမ်းက ကြမ်းတမ်းသောကြောင့် ကြိမ်ဒဏ်အချက် သုံးဆယ် ချမှတ်ခဲ့သည်။

ထို့နောက် ပဉ္စမမင်းသားနင်ကျန်းက လူများ၏ရှေ့တွင် ပြစ်ဒဏ်စီရင်ခြင်းကို ခံရ၏။ ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်နှက်ခံရခြင်းပင်။ သူ၏ခန္ဓာကိုယ်မှ အရေပြားနှင့် အသားအရေများ စုတ်ပြတ်လျက် ရှိနေပြီး သွေးများက တစက်စက် ကျဆင်းနေ၏။ အိမ်သို့ပြန်လည် သယ်ဆောင်သွားသည့်အချိန်မှာတော့ လမ်းတစ်ဝက်မှာပင် သတိလစ်မေ့မြောခဲ့ရ၏။

...................

သုံးရက်ကြာမြင့်ပြီးနောက် ဘုရင်မင်းမြတ်က နင်ကျန်းအား ချန်းဖန်မြို့စားကြီး ဘွဲ့ကို ပေးအပ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့၏။ ပြီးနောက် ကိုယ်ပိုင်ရုံးဌာနတစ်ခုကို ဖွင့်လှစ်ခွင့်နှင့် ကိုယ်ပိုင်စစ်သည်တော် တစ်ထောင်ကို စုဆောင်းခွင့်ပေး၏။ ထို့အပြင် နန်းမြို့တော်ရှိ ယခင် ကျန်းယွမ်နယ်စားကြီး စုနန်၏ အိမ်တော်ကိုလည်း နင်ကျန်းအား ချီးမြှင့်ခဲ့သည်။

ဤအမိန့်ကို လက်ခံရရှိပြီးနောက် နင်ကျန်းက ထိန်းမနိုင်သိမ်းမနိုင်ပဲ ရှိုက်ကြီးတငင် ငိုကြွေးမိ၏။ လွယ်ကူခဲ့သည် မဟုတ်ချေ။ သူ အရွယ်ရောက်ခဲ့ပြီးသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်၏။ သူ၏ အခြားသော ညီအစ်ကိုများက မင်းကြီး သို့မဟုတ် နယ်စားစသည့် ဘွဲ့များကို ရရှိခဲ့ပြီးပြီ ဖြစ်၏။ ယခုနောက်ဆုံးမှာတော့ သူ၏အလှည့်က ရောက်ရှိလာခဲ့၏။ အခြားသော ညီအစ်ကိုများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူ၏ဘွဲ့က တစ်ဆင့်နိမ့်လျက် ရှိနေဆဲပဲ။ သို့ပေမည့် သူ ကျေနပ်၏။

ဟုတ်ပေ၏။ ဤအမိန့်က လူပေါင်းများစွာတို့ကို တုန်လှုပ်စေခြင်း မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် မိဖုရားကြီးပျံ့ကို သွေးသွင်းပေးခဲ့သောကြောင့် နင်ကျန်းက ဤကဲ့သို့ ဆုချီးမြှင့်မှုကို လက်ခံရရှိသည်ဟု ယူဆသောကြောင့်ပင်။ ဘုရင်မင်းမြတ်၏ ချစ်ခင်နှစ်သက်မှုကို မခံရသော သားတော်တစ်ယောက်အဖြစ် ရှိနေဆဲဖြစ်ပြီး ဘုရင်မင်းမြတ်၏ မုန်းတီးမှုကို ခံနေရသူပင်။ အရှင်မင်းမြတ်က ကျန်းယွမ်နယ်စားကြီး၏ အိမ်တော်ကို နင်ကျန်းအား ချီးမြှင့်ခဲ့သော်လည်း ထိုအိမ်တော်၏ တစ်ဝက်လောက်က မီးလောင်ခဲ့ပြီးပြီ ဖြစ်သည်။

မင်္ဂလာရက်ကိုပင် ရွေးချယ်ခြင်း မရှိချေ။ နင်ကျန်းက နောက်တစ်ရက်မှာပဲ ချန်းဖန်မြို့စားကြီးအဖြစ် အိမ်တော်သစ်ဆီသို့ တိုက်ရိုက်ရွှေ့ပြောင်းခဲ့၏။

ကျန်းယွမ်နယ်စားကြီးအိမ်တော်က မီးလောင်ထားသည်ဆိုသော်လည်း ကျန်သည့်တစ်ဝက်မှာတော့ အလွန်ကြီးမားစွာ ကျန်ရှိနေဆဲ ဖြစ်၏။ ဧက သုံးရာကျော် ကျယ်ဝန်းပြီး နင်ကျန်း၏ မူလအိမ်တော်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားသည်။

ရွှေ့ပြောင်းမှု လုပ်သည့်အချိန်မှာတော့ ဂုဏ်ပြုရန် ရောက်ရှိလာခဲ့သည့် မိသားစုဟူ၍ တစ်ခုတည်းသာလျှင် ရှိ၏။ ထိုသူက ကျန်းချုံး၏သား ကျန်းချွင်သာ ဖြစ်၏။ မိဖုရားကြီးပျံ့က လက်ဆောင်ပဏ္ဏာများနှင့် ပရိဘောဂပေါင်း များစွာကို လက်ဆောင် ပေးပို့ခဲ့၏။ နင်ကျန်း၏ မိသားစုတစ်ခုလုံးနှင့် ရှမ့်လန်၏ မိသားစုတစ်ခုလုံး ပေါင်းလျှင်တောင်မှ လူဦးရေ တစ်ရာကျော်မျှသာလျှင် ရှိ၏။ ထို့ကြောင့် တည်နေရာ တစ်ခုလုံးက ကျယ်ပြောလွန်းလှ၏။

ရှမ့်လန်က ကျန်းယွမ်မြို့တော်ဝန်အဖြစ်မှ တရားဝင်နှုတ်ထွက်ခွင့်ကို ဘုရင်မင်းမြတ်ထံ တောင်းခံခဲ့ပြီး ချန်းဖန်မြို့စားအိမ်တော်၏ ပထမဦးဆုံးသော အရာရှိ စာရေးကြီး ဖြစ်လာခဲ့၏။ ဤအချိန်မှာတော့ အခြားသောလူများအားလုံးက အနည်းငယ် မှင်သက်မိသွား၏။ ရှမ့်လန်က နင်ကျန်းနှင့် အလုံးစုံ ပူးပေါင်းလိုက်လေသည်လား။

ထိုအချိန်မှာပဲ ရှမ့်လန်၏ ပဉ္စမမင်းသားကို ထောက်ပံ့မည့် အစီအစဉ်၏ ပထမခြေလှမ်းဖြစ်သော အစိုးရရုံး ဖွင့်လှစ်ခြင်းလုပ်ငန်းစဉ်က ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။

...................

သို့ပေမည့် ဤအချိန်မှာတော့ ချန်းဖန်မြို့စားကြီးအိမ်တော်က အခွံသက်သက်သာလျှင် ရှိနေသေး၏။ ထို၌ အရပ်ဘက် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ဖွဲ့စည်းပုံများ လိုအပ်လျက် ရှိနေသေး၏။ အရေးကြီးဆုံးမှာ ကိုယ်ပိုင်စစ်သည် တစ်ထောင်ကို စုဆောင်းရန် ဖြစ်၏။ အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် နင်ကျန်း၏ အိမ်တော်တွင် စာရေးအရာရှိသုံးဦး၊ ထောင်စုမှူးတစ်ဦး၊ ရာအိမ်မှူး ဆယ်ဦးတို့ ခန့်အပ်ရန် လိုအပ်သည်။

ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအရာများကို အရှင်မင်းမြတ်က ခန့်အပ်ပေးလေ့ရှိ၏။ သို့ပေမည့် အရှင်မင်းမြတ်က နင်ကျန်းအား စစ်သည်တစ်ယောက်မှ မပေးသလို အရာရှိတစ်ဦးကိုမှလည်း မပေးခဲ့ချေ။ အရာအားလုံးကို နင်ကျန်းနှင့် ရှမ့်လန်တို့ကိုယ်တိုင် လုပ်ဆောင်ရမည်ဟု အမိန့်ချမှတ်ခဲ့၏။

ထို့ကြောင့် ရှမ့်လန်က စစ်ပညာကျောင်းနှင့် အင်ပါယာကျောင်းများဆီသို့ သွားရောက်ကာ စုဆောင်းခဲ့၏။ သို့ပေမည့် တစ်ယောက်ကိုမှ မရရှိခဲ့ချေ။ ထို့နောက် သူက ရွှမ်ဝူလမ်းပေါ်တွင် သွားရောက် စုဆောင်း ခဲ့ပြန်၏။ သို့ပေမည့် မရခဲ့ချေ။

သုံးရက်လုံးလုံး ရှမ့်လန်က ချန်းဖန်မြို့စားကြီးအိမ်တော်ဆီသို့ ဝင်ရောက်ရန် ဆန္ဒရှိသူ တစ်ဦးမှ မတွေ့ခဲ့ရချေ။ ဤသို့သော အလုပ်ကိုလုပ်လိုသူများ ရှိကောင်းရှိနိုင်၏။ သို့ပေမည့် နင်ကျန်း၏ နေရာဆိုသည်မှာ မီးဖိုကြီး တစ်ခုကဲ့သို့ပင် ဖြစ်၏။ ထိုထဲကို ခုန်ချဝင့်သူ မည်သူရှိမည်နည်း။ အဘယ့်ကြောင့်ဆိုသော် ထိုထဲသို့ ခုန်ချဝင့်သူ မည်သူမဆိုက အနာဂတ် ပျောက်သွားမည် ဖြစ်သောကြောင့်ပင်။

“မင်း ရှမ့်လန်က ရွှမ်ဝူနယ်စားကြီးရဲ့ သမက်ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုကို မမက်ဘူး။ ဒါပေမဲ့ ငါတို့က မင်းလို မဟုတ်ဘူး” အရည်အချင်းရှိသည့်လူအားလုံးက အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားဆီသို့သာ သွားကြ၏။ ပဉ္စမမင်းသား၏ အိမ်တော်သို့လာပြီး အသေခံဖို့ စိတ်ဆန္ဒ မရှိကြချေ။

ရှစ်ရက်တိတိ ကြာမြင့်သွားခဲ့၏။ ရှမ့်လန်က အရည်အချင်းရှိသည့် လူတစ်ဦးတစ်ယောက်ကိုမှ မစုဆောင်း နိုင်ခဲ့သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူ့၌ သတ်မှတ်ချက်များ ရှိနေသောကြောင့်ပင်။ ပဉ္စမမင်းသား၏ အိမ်တော်၏ စာရေးသုံးဦးကို ခေါ်ယူရာ၌ ပညာတတ် သို့မဟုတ် နန်းတွင်းကျောင်းသားကဲ့သို့ ပညာတတ်နှင့် ညီမျှသည့် လူဖြစ်ရန် လိုအပ်၏။

ခေါ်ယူမည့် ထောင်စုမှူးကလည်း ပညာတတ်တစ်ဦးဖြစ်ရန် လိုအပ်ပြီး ရာစုမှူးဆယ်ဦးကလည်း ပညာတတ်များဖြစ်ရန် လိုအပ်ပြန်သည်။ သို့သော်ငြား ပညာတတ်ဖြစ်သည်ဆိုလျှင် မည်သူက ဤနေရာဆီသို့ လာချင်မည်နည်း။ ပညာတတ်မဆိုနှင့် ကျောင်းတော်သားတစ်ယောက်ပင်လျှင် သူတို့ဆီသို့ လာချင်လိမ့်မည် မဟုတ်ချေ။

သို့ပေမည့် ရှမ့်လန်က နာမည်ကြီးလာ၏။ အဘယ့်ကြောင့်ဆိုသော် နေ့စဉ်နေ့တိုင်း လူစုဆောင်းရန် ပြင်ဆင်လျက် ရှိနေသောကြောင့်ပင်။ ကိုးရက်မြောက်အချိန်မှာတော့ ရှမ့်လန်က လူတိုင်းကို ထိတ်လန့်စေခဲ့လေ၏။ အဘယ့်ကြောင့်ဆိုသော် သူက ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲ၊ လမ်းဘေးတွင် ခုံခင်းလိုက်သောကြောင့်ပဲ။

‘နဂါး၏နောက်လိုက်များ ခေါ်ယူခြင်း။ အိမ်ရှေ့စံမင်းသား၏ အမတ်များ ခေါ်ယူခြင်း’

ထိုသို့သော စာလုံးကြီးများကို ရေးသားရုံမက အရူးကြီးအားလည်း ထိုစာကြောင်းနှစ်ခုကို လိုက်လံကာ အော်ဟစ်စေ ခဲ‌ေ၏။ မြို့ထဲရှိလူများက မိုးကြိုးပစ်ခံရသလိုပင် တုန်လှုပ်လျက် ရှိနေ၏။

ရှမ့်လန်က အသိပညာမရှိ၊ အရည်အချင်းမရှိပေ။ ပညာတတ်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သည်နည်း ဆိုသည်ကိုပင် သိရဲ့လား မသိချေ။ ထို့အပြင် အိမ်ရှေ့စံမင်းသား၏ အမတ်ဆိုသည်မှာ ဘာအဓိပ္ပာယ်နည်း။ အိမ်ရှေ့စံမင်းသား၏ စံအိမ်ကိုလား သို့မဟုတ် နောက်တစ်ချိန် ဖြစ်လာမည့် အိမ်ရှေ့စံမင်းသား၏ အမတ်ကို ခေါ်ဆိုရသည်လား။ ဘာမှန်းသေချာ မသိရှိချေ။

ထိုနေ့မှာပဲ ရှမ့်လန်က နန်းတွင်းကျောင်း၌ လူသိရှင်ကြား လူစုဆောင်းခဲ့၏။ သို့ပေမည့် ထိုကျောင်း၏ ကြီးကြပ်သူက လှမ်းကာ လှောင်ပြောင်၏။ “ရှမ့်လန်... မင်းရဲ့အမတ်ဆိုတာ ဘာလဲသိရဲ့လား။ ပဉ္စမမင်းသားက ထီးနန်းလုဖို့ ကြံနေတာလား”

ရှမ့်လန်က ချက်ချင်း ပြန်လည်ကာ တုန့်ပြန်လိုက်သည်။ “ဒါကို ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။ ကျုပ်တို့ရဲ့ ပဉ္စမမင်းသားက ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ကြံနေတာပဲ။”

ထိုစကားကိုကြားသည့်အချိန်မှာတော့ ကြီးကြပ်သည့်လူက ကြောက်လန့်တကြားဖြစ်ပြီး သေးပင် ထွက်ကျလုမတတ် ဖြစ်သွားခဲ့၏။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မော လိုက်မိ၏။

နန်းတွင်းကျောင်းဆီမှ ကျောင်းသားတစ်စုကလည်း ထွက်လာပြီး ရှမ့်လန်ကို ပြောဆိုလိုက်ကြသည်။ “ရှမ့်လန်.. ပဉ္စမမင်းသားက တကယ်ပဲ ထီးနန်း ယှဉ်ပြိုင်မလို့လား”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ပဉ္စမမင်းသားက တကယ်ပဲ ထီးနန်း ယှဉ်ပြိုင်မလို့”

All Chapters