အပိုင်း (၄၆၅)
Vol. 33 Ch. 465
ရှမ့်လန်၏စကားကို ကြားသည့်အချိန်မှာတော့ လူပေါင်းများစွာတို့က အော်ဟစ်ရယ်မောပြီး ရှမ့်လန်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်ရှုနေ၏။ နန်းတွင်းကျောင်းသားများသာမက ဆရာ၊ ဆရာမများပင် ဗိုက်နှိပ်ကာ ရယ်မောလျက်ရှိနေကြ၏။ တကယ့်ကို ရယ်ရွှင်ဖွယ်ရာ ကောင်းလှ၏။
နင်ကျန်းက ထီးနန်းအတွက် တိုက်ပွဲဝင်မလို့ ပြင်ဆင်လျက် ရှိနေ၏။ ပုပုညှက်ညှက်၊ ဝဝတုတ်တုတ်၊ ရုပ်ဆိုးဆိုး၊ စကားကလည်း ထစ်သေး၏။ နင်ကျန်းက အရှင်မင်းမြတ် အမုန်းဆုံးဖြစ်သလို အခြေခံအုတ်မြစ် တစ်ခုမှလည်း မရှိချေ။ ထိုကဲ့သို့သော နင်ကျန်းက ထီးနန်းအတွက် တိုက်ပွဲဝင်ရန် ကြိုးစားချင်သည်လား။ တကယ့်ကို ကြီးမားလွန်းသည့် ဟာသပင် ဖြစ်သည်။
ဖားသူငယ်တစ်ကောင်က ဟင်္သာသားကို စားချင်သည်ဟု ပြောဆိုသကဲ့သို့ပင်။ ထီးနန်းကို ဟင်္သာသားဟု ညွှန်းဆိုရမည်ဆိုလျှင် နင်ကျန်းက ဖားသူငယ်လောက်ပင် တန်ဖိုးမရှိချေ။
“ရှမ့်လန်… ပဉ္စမမင်းသားက ဘာကိုအားကိုးပြီးတော့ ထီးနန်းကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာလဲ။ မင်းကိုလား” တစ်စုံတစ်ယောက်က လှမ်းကာ မေးလိုက်၏။
ရှမ့်လန်က လေးနက်တည်ကြည်စွာဖြင့် ပြောဆိုလိုက်သည်။ “ဟုတ်တယ်။ ကျုပ်ကြောင့်ပါပဲ”
ချက်ချင်းပင် နောက်ထပ် ရယ်မောသံများ ထွက်ပေါ်လာခဲ့၏။ “ရှမ့်လန်.. မင်းတကယ့်ကို ရူးသွားပြီပဲ”
“ရှမ့်လန်.. ချင်နိုင်ငံကို အောင်အောင်မြင်မြင် သွားနိုင်ခဲ့တာ မင်းမို့လား။ စုမျိုးနွယ်ရဲ့ အဓိကအင်အားစုကြီး တစ်ခုလုံးကိုလည်း သုတ်သင်ချေမှုန်းခဲ့တာ မင်း မဟုတ်လား။ ဒါပေမဲ့ ရှမ့်လန် မင်း ရူးနေပြီလား။ ဒါက အရူးတစ်ယောက်ရဲ့ လုပ်ရပ်ပဲ”
လောကကြီး ပျက်စီးသွားသည် သို့မဟုတ် ရွှဲ့ပြည်နယ်ကြီးတစ်ခုလုံး ပျက်စီးသွားသည်ဆိုလျှင်တောင် နင်ကျန်းက ထီးနန်းအတွက် ယှဉ်ပြိုင်လုယူနိုင်လိမ့်မည် မဟုတ်ချေ။
ရုတ်တရက် ရှမ့်လန်နှင့် ပဉ္စမမင်းသား နင်ကျန်းတို့က တိုင်းပြည်တစ်ခုလုံး၏ လှောင်ပြောင်စရာ ဖြစ်လာခဲ့၏။ ရှမ့်လန်နှင့် နင်ကျန်းတို့ကို လှောင်ပြောင် သရော်ချင်သူများက ပိုမိုကာ များပြားလာခဲ့လေ၏။ ထိုကဲ့သို့ လှောင်ပြောင်မှု၊ သရော်မှုများကြားထဲတွင် ရှမ့်လန်၏ ယခင်ကြီးမားလွန်းသည့် ဂုဏ်သိက္ခာ တရားများက တစ်နေ့တစ်ခြားဆိုသလို မှေးမှိန်လာခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းနီးပါးတို့က ရှမ့်လန်ဖန်တီးခဲ့သည့် အံ့ဖွယ်အကြောင်းအရာများကို မေ့လျော့သွားခဲ့ကြလေ၏။ ချင်နိုင်ငံဆီသို့ သွားရောက်သည့် အကြောင်းကို မေ့လျော့ပြီး စုမျိုးနွယ်၏ အဓိကစစ်တပ်ကြီးတစ်ခုလုံးကို ချေမှုန်းခဲ့သည့်အကြောင်းကိုလည်း မေ့လျော့သွားခဲ့ကြသည်။
ဤလောကကြီးထဲ၌ အောင်မြင်မှု ၊ ရှုံးနိမ့်မှုအပေါ်မူတည်၍ သူရဲကောင်းအဖြစ် တိုင်းတာ၏။ မည်မျှ အောင်မြင်ခဲ့သည့် လူတစ်ယောက်ဖြစ်စေ ကျရှုံးသွားသည်နှင့် ထိုသူက အရူးတစ်ယောက်ကဲ့သို့ အသုံးမဝင်သည့်သူ ဖြစ်သွားခဲ့၏။
ယခုအချိန်မှာတော့ ရှမ့်လန်က အရူးတစ်ယောက် ဖြစ်၏။ သူက လယ်ထဲက ဖားသူငယ်၊ ဟင်္သာသားကို စားချင်သည့် ဖားသူငယ်လေးတစ်ကောင် ဖြစ်၏။ သူ၏ပျက်လုံးကို အားလုံးသောသူတို့က အဝကြည့်ရှု ခဲ့ပြီးနောက် ကျောင်းမှလူအားလုံးက သူ့ကို နှင်ထုတ်လိုက်ကြသည်။ လာလည်းမနောက်နှင့် ၊ နောက်လည်း မလာနှင့်။
ရှမ့်လန်က ဤနေရာသို့ လာရောက်ပြီး လူခေါ်ဆောင်ရန်အတွက် လုံလောက်သည့် အရည်အချင်းမရှိဟု ပြောဆိုခဲ့ကြ၏။ ပြီးနောက် နန်းတွင်းကျောင်းက ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲခဲ့၏။ ‘ရှမ့်လန်ကို အထဲသို့ ဝင်ခွင့်မပြု’ ဆိုသည့် အရာပင်။
နောက်ဆုံးမှာတော့ တိုင်းပြည်ရှိ အခြားသော ကျောင်းတချို့မှာလည်း ဆိုင်းဘုတ်များ ချိတ်ဆွဲပြီး ရှမ့်လန်ကို ဝင်ခွင့်မပေးတော့ချေ။ နန်းတွင်းကျောင်းကလည်း ရှမ့်လန်ကို ကျောင်းသားအဖြစ် အသိအမှတ်မပြုကြောင်း ကြေညာခဲ့၏။
အခြားသော နည်းလမ်းမရှိချေ။ သို့နှင့် ရှမ့်လန်က ရွှမ်ဝူလမ်းမကြီး သို့မဟုတ် ဗာမေလီယံ ဂိတ်တံခါးကြီး၏အနား၊ လူစည်ကားသည့် လမ်းများပေါ်တွင် ခုံခင်းကာ လူခေါ်ယူမှုကို ပြုလုပ်ပြန်သည်။
အိမ်ရှေ့စံလောင်းရဲ့ အမတ်ခေါ်ယူခြင်း၊ .....
ရှမ့်လန်က နေ့စဉ်နေ့တိုင်း ထွက်၍ လူခေါ်မှုကို ပြုလုပ်၏။ အရူးကြီးကလည်း နေ့စဉ်နေ့တိုင်း ဆိုသလို သူ၏နောက်သို့ လိုက်ပါတတ်၏။ အခြားသောသူများဆိုလျှင် ရှက်ရွံ့ကြသည်မှာ သေချာသော်လည်း အရူးကြီးကတော့ ရှက်ရွံ့ခြင်း မရှိချေ။ ထိုအရာကို ပျော်စရာကောင်းသည်ဟုပင် ထင်မှတ်နေ၏။
ရှမ့်လန်က နာမည်ကြီးလာခဲ့၏။ တဖြည်းဖြည်းနှင့် အလွန့်အလွန်ကို နာမည်ကြီးလာခဲ့၏။ ဟုတ်ပေ၏။ သူ၏ကျော်ကြားမှုမှာ ဘုန်းသတ္တိကြီးမားမှုကြောင့် ကျော်ကြားလာခဲ့ခြင်း မဟုတ်ချေ။ လူပေါင်းများစွာတို့၏ လှောင်ပြောင်မှုကြောင့် ကျော်ကြားလာခဲ့ခြင်းသာ ဖြစ်သည်။
ရှမ့်လန်၏ဂုဏ်သတင်းက ကြီးမားကျယ်ပြန့်သွားခဲ့ကြပြီး ရွှဲ့ပြည်နယ်တစ်ခုတည်းသာမက အရှေ့ဘက် လောကကြီးတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့၏။ မကြာခင်မှာပဲ အိမ်နီးချင်းနိုင်ငံမှ လူများက ရွှဲ့ပြည်နယ်တွင် ရှမ့်လန်ဟူသည့် ထူးဆန်းသည့် လူတစ်ယောက် တည်ရှိနေကြောင်းကို သိရှိသွားခဲ့ကြ၏။ ရှမ့်လန်က နင်ကျန်းအတွက် ထီးနန်းကိုရရှိအောင် ကူညီပေးချင်ပြီး အရည်အချင်းရှိသူများကို နေ့စဉ်နေ့တိုင်း စုဆောင်းလျက် ရှိနေသည်ဟူသော စကားပင်။
ထို့ကြောင့် တချို့သောသူများက မေးမြန်းကေ၏။ “ရှမ့်လန်က ဘယ်သူလဲ။ ဘယ်က ရှမ့်လန်လဲ”
“ဒါနဲ့ ဟိုရှမ့်လန်လား”
“ဟုတ်တယ်။ အဲဒီရှမ့်လန်ပဲ။”
“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သူ တကယ်ရူးသွားပြီလား”
...................
ရက်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်သွားခဲ့၏။ ရှမ့်လန်က အရည်အချင်း ရှိသည့်လူတစ်ဦးတစ်ယောက်ကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ပဉ္စမမင်းသား၏ မြို့စားအိမ်တော်တစ်ခုလုံးကလည်း ခရုခွံကဲ့သို့ပင် ပြောင်စင်လျက် ရှိနေ၏။ အတွင်း၌မည်သူမှမရှိပေ။ နင်ကျန်းထံသို့ လူမပြောနှင့် သရဲတစ္ဆေတစ်ကောင်ပင် ပူးပေါင်းချင်စိတ် မရှိချေ။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် နင်ကျန်းက သာမန်အတိုင်းသာ လူစုဆောင်းမည်ဆိုလျှင် ဤသို့ ဆိုးရွား လွန်းသည့် အခြေအနေဆီသို့ ရောက်ရှိလိမ့်မည် မဟုတ်ချေ။ ပညာတတ် အနည်းငယ်တို့က သူ့ဆီသို့ ရောက်ရှိလာပြီး သက်တောင့်သက်သာဖြင့် နေထိုင်ဖို့ စဉ်းစားလျှင် စဉ်းစားကောင်း၏။
သို့ပေမည့် ရှမ့်လန်က ထီးနန်းအတွက် တိုက်ပွဲဝင်လိုသည့်အကြောင်း ကြေညာခဲ့၏။ ထို့ကြောင့် ဤအရာကို ကြားပြီးသည့် လူက သေးထွက်ကျလုမတက်ပင် ကြောက်လန့်သွားခဲ့ကြ၏။ သူတို့အတွက် ဘာတစ်ခုမှ အလုပ်လုပ်စရာ မလိုလျှင်တောင်မှ အလကားနေ အလကား အသက် ဆုံးရှုံးခံရမည့် ကိစ္စမျိုးဖြစ်နေသည်။
ထီးနန်းအတွက် ယှဉ်ပြိုင်လုယူချင်သည်ဟူ၍ လူသိရှင်ကြား ကြေညာခဲ့၏။ အိမ်ရှေ့စံမင်းသား သို့မဟုတ် တတိယမင်းသားတို့သာ နန်းတက်ခဲ့ပါက သူတို့၏အဖွဲ့အစည်းတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရမည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် နင်ကျန်း၏နောက်သို့လိုက်သော လူတိုင်းအားလုံးက သေရပေလိမ့်မည်။
အဆိုးဆုံးက ထီးနန်းယှဉ်ပြိုင်ချင်သူကမည်သူဖြစ်သနည်း။ နင်ကျန်းပင် ဖြစ်လေ၏။
လက်ရှိအိမ်ရှေ့စံမင်းသားနှင့် ယှဉ်ပြိုင်နေသည့်သူက တတိယမင်းသား နင်ချီ ဖြစ်၏။ ရွှယ်မိသားစုနှင့် ကျုံးမိသားစုတို့၏ ထောက်ခံမှုနှင့် သူက အိမ်ရှေ့စံမင်းသားနှင့် ယှဉ်ပြိုင်နိုင်သည့် အခြေအနေဆီသို့ ရောက်ရှိ လာခဲ့၏။ သို့ပေမည့် သူပင်လျှင် ထီးနန်းကိုယှဉ်ပြိုင်သည်ဟု လူသိရှင်ကြား မကြေညာရဲချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏အဖေကို ဝန်ထုပ်ဝန်ပိုးများ မကျစေလိုသောကြောင့်ပင်။
သို့ပေမည့် ရှမ့်လန်က အလွန် ခမ်းနားနေလေသည်လား။ ပဉ္စမမင်းသား၏ လက်အောက်၌ လက်အောက်ငယ်သား တစ်ယောက်မှ မရှိချေ။ သို့ပေမည့် နန်းပလ္လင်လုပွဲအတွက် တိုက်ပွဲဝင်ချင်သည်ဟု ပြောဆိုလျက်ရှိနေသည်။
နေ့စဉ်နေ့တိုင်း ရှမ့်လန်သည် လမ်းပေါ်တွင် ခုံတစ်လုံးကို ချပြီး လူသစ်စုဆောင်းလျက် ရှိ၏။ ပတ်ဝန်းကျင်ရှိ လူပေါင်းများစွာတို့က လာရောက်ကာ ကြည့်ရှု၏။ လာရောက်ကြည့်ရှုသည့် လူများက လူမိုက်များ၊ ကလေကဝများသာ ဖြစ်၏။ “ရှမ့်လန်... ပဉ္စမမင်းသားက ဘယ်တော့ ထီးနန်းယှဉ်ပြိုင်မှာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဒီနေ့ပဲလေ”
“ရှမ့်လန်... ပဉ္စမမင်းသားက ဘယ်တော့ အိမ်ရှေ့စံမင်းသား ဖြစ်လာမှာလဲ”
“အင်း... မနက်ဖြန်လောက်ပေါ့”
အားလုံးသောသူတို့က ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ ရှမ့်လန်ကို လူရွှင်တော်တစ်ဦး ကဲ့သို့ပင် ဝိုင်းဝန်းကာ ကြည့်ရှုပြီး လှောင်ပြောင်နေကြသည်။
နန်းမြို့တော်အတွင်းမှာတော့ ....
အရှင်မင်းမြတ်က ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေ၏။ “ဂုဏ်သိက္ခာတရား မရှိဘူးလား။ အရှက်တရားကော မရှိဘူးလား။ ရှမ့်လန်... ကိုယ့်မျက်နှာကို မငဲ့ဘူး။ နင်ကျန်းမျက်နှာကို မငဲ့ဘူးဆိုရင်တောင်မှ ငါ့မျက်နှာကိုတော့ ငဲ့သင့်တယ်။
ပြီးတော့ ထီးနန်းအတွက်က ယှဉ်ပြိုင်ချင်တယ်လို့ တောက်လျှောက်ပြောနေတယ်။ မင်းသေချင်နေတာလား။ ထီးနန်းအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုတဲ့ စကားလုံးကို ဒီအတိုင်း လျှောက်ပြီး အော်ဟစ်နေလို့ ရလား။ မင်းဒီကိစ္စအတွက် ကြိုးစားလို့ရတယ်။ ဒါပေမဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလို့ မရဘူး”
ဘုရင်မင်းမြတ်က ရှမ့်လန်ဆီသို့ သွားရောက်ပြီး ရှိရှိသမျှ လူများကို ရိုက်နှက်စေကာ နန်းတော်ဆီသို့ အတင်းခေါ်လာရန်ပင် ကြိုးစားချင်စိတ် ပေါက်၏။ သို့ပေမည့် သူက သည်းခံလိုက်မိ၏။ အဘယ့်ကြောင့် ဆိုသော် ရှမ့်လန်က သူ့အပေါ်တွင် ကျေးဇူးကြွေးနှစ်ခု တည်ရှိနေသည်။
ပထမဦးဆုံး ကျေးဇူးကြွေးက ရှမ့်လန်က စုမိသားစု၏ ပုန်ကန်မည့် အင်အားကြီး မဟာမိတ်တပ်ဖွဲ့ကြီး တစ်ခုလုံးကို ချေမှုန်းပေးခဲ့၏။ ဒုတိယကျေးဇူးကြွေးမှာတော့ မိဖုရားကြီးပျံ့၏ အသက်ကို ကယ်တင် ပေးခဲ့ခြင်းပင်။ ထို့ကြောင့် နင်ယွမ်ရှန်းက မျက်စိမှိတ်၍သာ နေပေးထား၏။ သို့ပေမည့် ဤသည်မှာ သူ၏ ဂုဏ်သတင်းကိုတော့ ထိခိုက်စေခဲ့၏။
ပတ်ဝန်းကျင် နိုင်ငံပေါင်းများစွာရှိ လူများက နင်ယွမ်ရှန်းကို လှောင်ပြောင်နေခဲ့ကြ၏။ ရှမ့်လန်သာလျှင် အားလုံးသောသူတို့၏ ပျက်ရယ်ပြုစရာ ဖြစ်လာသည် မဟုတ်ချေ။ သူ နင်ယွမ်ရှန်းကလည်း ထိုသူတို့၏ ပျက်ရယ်ပြုစရာ ဖြစ်လာခဲ့၏။ ထို့ကြောင့် အရှင်မင်းမြတ်က သည်းခံရန် အမှန်တကယ်ပင် ခက်ခဲလာခဲ့သည်။
ဤရက်ပိုင်းအတွင်းမှာတော့ အရှင်မင်းကြီး၏ နှလုံးသားထဲတွင် စကားလုံးတစ်ခုကို အထပ်ထပ် တွေးတောနေမိသည်။ ‘တော်သေးတာပေါ့။ ရှမ့်လန်က ငါ့ရဲ့သားအရင်း မဟုတ်လို့ပဲ။ မဟုတ်ရင် မိဘတစ်ယောက်အနေနဲ့ တကယ့်ကို အရှက်ရစရာဖြစ်မှာပဲ’
လောကကြီးထဲတွင် ရှိနေသည့် လူယုတ်မာအားလုံးက ထိုကဲ့သို့ အတူတူပင် ဖြစ်ပေလိမ့်မည်။ မည်မျှ ကောင်းမွန်ပြီး ဉာဏ်ကောင်းသည်မဆို ခေါင်းကိုက်စရာများကိုသာ ယူဆောင်ပေးတတ်၏။
အဆုံးသတ်မှာတော့ လီစွမ်းပင်လျှင် မခံနိုင်တော့ချေ။
“အရှင်မင်းကြီး... ရှမ့်လန်ရဲ့ ဆိုင်ခင်းထားတဲ့ခုံကို သွားရိုက်ချိုးပြီး သူ့ကိုဆွဲခေါ်လာဖို့ လူတွေ လွှတ်လိုက်ရမလား”
လီစွမ်းက ရှမ့်လန်ကို သဘောကျသူ တစ်ယောက် ဖြစ်ပြီး ထိုသူပင်လျှင် မခံနိုင်တော့ချေ။ ဤအရာက သိပ်ကိုရှက်ဖို့ကောင်း၏။ အရည်အချင်းရှိသူကို ရှာဖွေနေသည်လား သို့မဟုတ် ဗေဒင်ဆရာကဲ့သို့ ဆိုင်ခင်းပြီးတော့ ပြောချင်ရာကို ပြောနေသည်လား။
မိဖုရားကြီးပျံ့ပင် မခံနိုင်တော့ချေ။ သူမက နိုင်ငံရေးရာ ကိစ္စရပ်များတွင် ဘယ်တုန်းကမှ ပါဝင်ခြင်း မရှိသည်ဆိုသော်လည်း မနေနိုင်ဘဲ စကားတစ်ခွန်းကို ထုတ်ပြောမိ၏။ “အရှင်မင်းကြီး.. ကျန်းအာအတွက် အစေခံတွေကို စီစဉ်ပေးလိုက်ပါတော့လား။ မြို့စားအိမ်တော်ရဲ့ ဖွဲ့စည်းပုံကို လိုက်လျောညီထွေ ဖြစ်သွားအောင်လို့ တင့်တောင့်တင့်တယ်လေးပေါ့။ ဒါမှ ရှမ့်လန် အပြင်မှာ နေ့စဉ်နေ့တိုင်း အရှက်ရစရာတွေ လုပ်မနေမှာ”
ကြည့်လေ။ မိဖုရားကြီးပျံ့ကိုယ်တိုင်ပင်လျှင် သည်းမခံနိုင်ခဲ့တော့ချေ။
အရှင်မင်းမြတ်က ပြောလိုက်သည်။ “အရင်ကသာဆိုရင် ငါ နင်ကျန်းအတွက် အစေခံတွေကို တိတ်တဆိတ် စီမံပေးလို့ ရသေးတယ်။ ဒါပေမဲ့ အခု မရတော့ဘူး”
တကယ် ပြုလုပ်၍ မရတော့ချေ။ ရှမ့်လန်နှင့် နင်ကျန်းတို့က အားလုံးသောသူတို့၏ လှောင်ပြောင်စရာ ဖြစ်လာခဲ့ပြီး ပဉ္စမမင်းသား၏ အိမ်တော်မှာလည်း မီးတွင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်လျှင်ပင် အသုံးဝင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လက်ရှိ သူသာ အမှုထမ်းများအား ထိုနေရာဆီသို့ သွားရောက်ရန် အမိန့်ချမှတ်လိုက်လျှင် ထိုအမှုထမ်းတို့ဆီမှ နေမကောင်းဖြစ်၍ အလုပ်မှ နုတ်ထွက်သည်ဟူသည့် နုတ်ထွက်စာများ ထွက်ပေါ်လာမှာ သေချာ၏။ ထိုနေရာသို့ ရောက်ရှိသွားသည်ဆိုလျှင် အနာဂတ်ကိုမဆိုနှင့် အသက်ကိုပင် ဆုံးရှုံးနိုင်၏။
အဆုံးသတ်မှာတော့ ဘုရင်မင်းမြတ်က စကားတစ်ခွန်းကိုသာ ပြောခဲ့သည်။ “သူ့ဘာသာသူ နေပလေ့စေတော့။ အဲအတိုင်းသာ ထားလိုက်တော့ ဒီခွေးကောင်တွေ ငါ့လက်ထဲကို မရောက်စေနဲ့။ ငါသူ့ကို ရိုက်သတ်ပစ်မယ်”
ထိုစကားကိုကြားသည့်အချိန်မှာတော့ မိဖုရားကြီးပျံ့က မရယ်ဘဲ မနေနိုင်တော့ချေ။ တခစ်ခစ်နှင့်ပင် ရယ်မောခဲ့၏။ အရှင်မင်းကြီးနှင့် ရှမ့်လန်တို့၏ကြားတွင် ရှိနေသည့် ကံကြမ္မာတရားက စိတ်ဝင်စားစရာ ကောင်း၏။
အရှင်မင်းကြီးက သည်းခံလိုစိတ် မရှိ။ ခွင့်လွှတ်တတ်သည့် နှလုံးသားလည်း မရှိချေ။ သို့ပေမည့် ရှမ့်လန်ကို အစဉ်အမြဲ သည်းခံနေရ၏။ ရှမ့်လန်၏ ရုန့်ယင်းကြမ်းတမ်းသည့် စကားလုံးများကိုပင် တစ်ခါတလေ နားထောင်နေရ၏။ ဤအရာက သောက်ကျိုးနည်းကိစ္စရပ်မျိုးပင်။
...................
ဤအတောအတွင်းမှာတော့ ရှမ့်လန်က နေ့စဉ်နေ့တိုင်း အရည်အချင်းရှိသည့် လူပေါင်းများစွာတို့ကို ခေါ်ဆိုလျက် ရှိနေတုန်းပင်။ အစတုန်းက နေ့စဉ်နေ့တိုင်း သူ၏အနီးနားတွင် လူပေါင်းများစွာ ရောက်ရှိလာခဲ့၏။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း နည်းပါးလာ၏။
အဘယ့်ကြောင့်ဆိုသော် လူများက ဤကဲ့သို့သော ပြဇာတ်မျိုးကို ကြည့်ရှုရသည်မှာ တဖြည်းဖြည်း ငြီးငွေ့လာသောကြောင့်ပင်။ တဖြည်းဖြည်းနှင့် လူမိုက်များနှင့် ကလေကချေများပင်လျှင် ရှမ့်လန်ကို အာရုံစိုက်ရန် စိတ်ဆန္ဒ မရှိတော့ချေ။
အရူးတစ်ယောက်ကို ရက်အနည်းငယ် ကြည့်ရှုရမည်ဆိုလျှင် စိတ်ဝင်စားစရာ ကောင်းသော်လည်း နေ့စဉ်နေ့တိုင်း ကြည့်ရှုရမည်ဆိုလျှင် အလွန်အမင်း စိတ်ပျက်ဖွယ်ရာ ဖြစ်သည် မဟုတ်ပါလား။
နေ့စဉ်နေ့တိုင်း လေတိုက်၊ နေပူခံထားသောကြောင့် ရှမ့်လန်ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကလည်း အရောင်အနည်းငယ် လွင့်လာခဲ့၏။ နဂါးနောက်လိုက်များကို ခေါ်ယူခြင်း။ အိမ်ရှေ့စံလောင်း၏ အမတ်များကို ခေါ်ယူခြင်း ...။
အရူးကြီးကတော့ အကောင်းဆုံးပင် ဖြစ်၏။ သူက ထိုစာကြောင်းကို အကြိမ်ပေါင်း သောင်းနှင့်ချီပြီး အော်ဟစ်ခဲ့၏။ သို့ပေမည့် ငြီးငွေ့ခြင်း မရှိခဲ့ပေ။ သူက အဘယ်သို့ ငြီးငွေ့မည်နည်း။ သူက အနာဂတ်မှာ နံပါတ်တစ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာမည့်သူ ဖြစ်၏။ မဟာပညာရှင်ကြီး နှစ်ဦး၏ ချောင်းမြောင်း တိုက်ခိုက်မှုကို အကြိမ်ပေါင်း သန်းနှင့်ချီပြီး ခံရသည့်သူ၊ ဓားပေါင်းများစွာတို့၏ ထိုးနှက်မှုကို ပိတ်ဆို့ တားဆီးခံခဲ့ရသူ ဖြစ်၏။
သို့ပေမည့် နန်းမြို့တော်မှ လူများမှာတော့ ထိုအရာကို နားထောင်ရသည်မှာ ငြီးငွေ့လျက် ရှိနေ၏။ အရူးကြီး၏ အသံက မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်ပြီး အော်ဟစ်လိုက်သည့်အချိန်တိုင်း နှစ်မိုင် ပတ်လည်အတွင်း ကြားရသည်။
“နဂါးနောက်လိုက်များကို ခေါ်ယူခြင်း၊ အိမ်ရှေ့စံလောင်း၏ အမတ်ကို ခေါ်ယူခြင်း”
လူပေါင်းများစွာတို့က ထိုအရာကို အကြိမ်ကြိမ် နားထောင်ခဲ့ပြီးနောက် နောက်ဆုံး နားပင် ကလော်မိကြ၏။ ပတ်ဝန်းကျင်မှ လူများက နောက်ဆုံး မခံနိုင်တော့ချေ။ ထကာ အော်ဟစ်ကြ၏။ “မအော်နဲ့တော့။ နားတွေလည်း အူနေပြီ”
“မအော်နဲ့တော့။ မင်းရဲ့အော်သံကြောင့် ငါချေးတောင် မပါနိုင်တော့ဘူး”
တစ်လတိတိ ကြာမြင့်သွားခဲ့သည်။
ရှမ့်လန်က လူကိုမဆိုနှင့် သရဲတစ္ဆေတစ်ကောင်ကိုပင် မစုဆောင်း နိုင်သေးချေ။ သူနှင့် နင်ကျန်းတို့က လူသိရှင်ကြား လူရွှင်တော်များအဖြစ်မှ မည်သူမှဂရုမစိုက်သည့် လူရွှင်တော်များ အဖြစ်သို့ ရောက်ရှိသွားခဲ့၏။ နင်ကျန်း၏ ချန်းဖန်မြို့စားအိမ်တော်က အခွံသက်သက် ဖြစ်နေဆဲပင်။ ရှမ့်လန်မှလွဲ၍ ခွေးတစ်ကောင် ကြောင်တစ်မှီးမှ မရှိချေ။
၃၁ ရက်မြောက်မှာတော့ လူတစ်ယောက်က ရှမ့်လန်၏ ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့၏။ “လူခေါ်နေတာလား”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်”
“ဘယ်သူ့ကို ခေါ်နေတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “အနာဂတ်အတွက် နန်းတွင်းအမတ်လောင်းတွေ။ နဂါးနောက်လိုက် အရာရှိလောင်း တွေပေါ့”
ထိုသူက ပြောလိုက်သည်။ “ဒါဆိုရင် မှန်သွားပြီ။ ကျုပ် တစ်သက်လုံး ထောင်ထဲက မထွက်ဖို့ စဉ်းစားထားခဲ့တာ။ ဒါပေမဲ့ ခင်ဗျားရဲ့ စေတနာကို မြင်လို့ ထွက်လာခဲ့ပြီ။ ကျုပ် ပြောထားမယ်။ ကျုပ်က အရမ်းစျေးကြီးတယ်”
ရှမ့်လန်က ပြောလိုက်၏။ “ဘာလို့ စျေးကြီးတာလဲ”
ထိုသူက ပြောလိုက်သည်။ “အင်း... ကျုပ်က အနာဂတ်ရဲ့ ဝန်ကြီးချုပ်ပဲ”
သောက်တလွဲ.... ဤလူက ရှမ့်လန်ထက်ပင် ပိုမိုကာ ကြမ်းတမ်းနေခဲ့၏။
..............
ကျိုးကျောင်းရန်သည် ဓားပြကြီး နာကျည်းမှုကို ဆက်သွယ်ပြီး နေရာဟောင်းတွင် တွေ့ဆုံရန် ခေါ်ခဲ့၏။ အိမ်ရှေ့စံမင်းသားသည် ဓားပြကြီး နာကျည်းမှုအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျိုးကျောင်းရန်က သူမ၏ လက်ထဲရှိ ဝိုင်ပုလင်းကို ကြည့်၏။ ထိုအရာက အဆိပ်ဝိုင်ပင် ဖြစ်၏။ သောက်လိုက်လျှင် တစ်ခါတည်း သေဆုံးပေမည်။ သူမက စိတ်ဆန္ဒ မရှိသော်လည်း အိမ်ရှေ့စံမင်းသား၏ အမိန့်ကို နာခံရမည်။ နာကျည်းမှုက အသုံးဝင်ပြီး သိုင်းပညာကလည်း မြင့်မား၏။ သို့ပေမည့် ပင်ကိုယ် တရားမျှတမှု အသိစိတ်က လွန်ကဲလျက် ရှိနေ၏။
အရိပ်တစ်ခုက လှစ်ကနဲ ပေါ်ပေါက်လာ၏။ ထိုသူက ဓားပြကြီး နာကျည်းမှုပင်။
ကျိုးကျောင်းရန်က ပြုံးလိုက်၏။ ဝိုင်တစ်ခွက်ကို အသာငဲ့ပေးကာ ပြောလိုက်သည်။ “အစ်ကိုကြီး.. ရာသီဥတုက အရမ်းပူတယ်။ အာခြောက်ပြေအောင်လို့ ဝိုင်လေးတစ်ခွက်လောက် သောက်လိုက်အုံး”
နာကျည်းမှုက အရင်အတိုင်းပင်။ ကျိုးကျောင်းရန်ကို စွဲလန်းလွန်းသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် လက်ထဲမှ ဝိုင်ခွက်ကို လှမ်းယူပြီး တစ်ခါတည်း မော့သောက်လိုက်၏။