အပိုင်း (၄၆၆)
Vol. 33 Ch. 466
ရှမ့်လန်က သူ့ရှေ့တွင်ရှိနေသည့် ထိုလူကို သေသေချာချာ ကြည့်ရှုလိုက်၏။ ထိုသူက လောကီ အညစ်အကြေးများနှင့် ကင်းလွတ်စင်ကြယ်လျက် ရှိနေပြီး အရာအားလုံးတို့၏ ချုပ်နှောင်မှုမှ ကင်းလွတ်လျက် ရှိနေသူ၊ လွတ်လပ်မှုကို မြတ်နိုးသူတစ်ယောက်၏ အသွင်အပြင်နှင့် ဖြစ်၏။
သာမန်လူစကားနှင့် ပြောဆိုရမည်ဆိုလျှင် ထိုသူက လောက၏ စည်းမျဉ်းများနှင့် ချုပ်နှောင်မှုကို မခံထားရသည့် လွတ်လပ်စွာ နေထိုင်နိုင်သူတစ်ဦး ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုသူက လပေါင်းများစွာ ရေချိုးခြင်း မပြုခဲ့ချေ။ ဝတ်ဆင်ထားသည့် အဝတ်အစား အားလုံးကလည်း ဂျီးများဖြင့် ညစ်ပတ်လျက် ရှိ၏။ ဆံပင်ကိုတော့ အနည်းငယ် လျှော်ထားပုံ ပေါ်၏။
ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုကဲ့သို့ ခေါင်းလျှော်ထားသည် ဆိုခြင်းမှာလည်း မိုးရွာသောကြောင့် သာ ဖြစ်ပုံပေါ်၏။ သူ၏ ပုံပန်းသဏ္ဍာန်မှာ သူတောင်းစား ဂိုဏ်းချုပ်ကြီးတစ်ယောက်နှင့်ပင် ဆင်တူ၏။ သို့ပေမည့် ရဲရင့်ခက်ထန်သည့် မျက်နှာသွင်ပြင်ကိုတော့ ပိုင်ဆိုင်ထားသည်။
သူ၏မျက်နှာ .... မျက်နှာဟူ၍ ခေါ်ဆိုရန်ပင် သိက္ခာကျ၏။ အဘယ့်ကြောင့်ဆိုသော် မျက်နှာတစ်ခုလုံး၌ အညစ်အကြေးများနှင့် ဖုံးလွှမ်းလျက် ရှိနေသောကြောင့်ပင်။ အမှိုက်ကောက်စားသည့် သူတောင်းစား တစ်ယောက်ထက်ပင် ညစ်ပတ်သေး၏။ တစ်ချိန်တည်းမှာပဲ လောက၏ အပြင်ဘက်စည်းမှ လွတ်ကင်းလျက် ရှိနေသည့် နတ်သခင်ကြီးတစ်ပါးနှင့်လည်း ဆင်တူ၏။
ရှမ့်လန်က ရေမွှေးဖျန်းထားသည့် သူ၏ လက်ကိုင်ပုဝါနှင့် နှာခေါင်းကို အသာ အုပ်ကိုင်လိုက်သည်။ “ဘယ်အရပ်ကနေ ကြွလာတာပါလဲ”
ထိုသခင်ကြီးက ပြန်လည်ကာ ဖြေဆို၏။ “အင်း... ငြိမ်းချမ်းရာ အရပ်ဟူသမျှက ကျုပ်ရဲ့နေရပ်ပဲ”
ရှမ့်လန်မှာ ထပ်မံကာ မေးမြန်းသည်။ “ဒါနဲ့ ခင်ဗျားက ဘယ်လိုပညာရပ်တွေမှာ ကျွမ်းကျင်လဲ”
သခင်ကြီးက ပြန်လည်ကာ ဖြေဆို၏။ “ဂုဏ်ပကာသန၊ လာဘ်လာဘ၊ အတတ်ပညာတွေဆိုတာ ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်တိုက်လိုပဲ မကြာခင် လွင့်ပြယ်သွားမယ့် အရာတွေချည်းပဲ။”
ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်ပြန်သည်။ “ဒါဆိုရင် ခင်ဗျားဆီမှာ တခြားမိသားစုဝင်တွေ၊ ဘာတွေ ရှိသေးလား”
သခင်ကြီးက ပြန်ဖြေ၏။ “အင်း... ကျုပ်က တစ်ကိုယ်တည်းသမား၊ တစ်ကိုယ်တည်းဘဝက အပူအပင် ကင်းမဲ့တယ်။ ဘယ်လောက်ကောင်းလိုက်လဲ”
“အင်း...” ရှမ့်လန် နားလည်သွားပြီ ဖြစ်၏။ သူ၏ရှေ့တွင် ရှိနေသည့် ဤလူ၌ မည်သည့် တတ်ကျွမ်းမှုမှ မရှိချေ။ နေထိုင်ရာ နေရာလည်း မရှိဘဲ လေလွင့်လျက် ရှိနေသည့် သူသာလျှင် ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က လက်ကို ဝှေ့ယမ်းကာ နှင်ထုတ်လိုက်သည်။ “ကိုယ့်လူ... ဒီကနေ သွားလိုက်တော့”
“အင်း... မိုင်တစ်ထောင်ပြေးနိုင်တဲ့မြင်းကို ရှာဖွေတွေ့ရှိဖို့က မခက်ခဲဘူးဆိုပေမဲ့ ဒါက မိုင်တစ်ထောင် ပြေးနိုင်တဲ့ မြင်းမှန်းသိတဲ့လူကတော့ ရှားပါးတယ်။ ကျုပ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ အရည်အသွေးတွေကို ခင်ဗျား မြင်နိုင်မယ်ထင်ခဲ့တာ .. ကျွတ် .. ကျွတ် .. ကျွတ် .”
ရှမ့်လန်က အံကို ကြိတ်လိုက်၏။ “ဒါနဲ့ ခင်ဗျား ဘာတတ်လဲ”
သခင်ကြီးက ပြန်လည်ကာ ဖြေဆိုသည်။ “အပေါ်မှာ နက္ခတ်တာရာ၊ အောက်မှာ ပထဝီ၊ လူမှုဆက်ဆံရေးက ယင်နဲ့ယန်၊ လောကီရှစ်ခွင်ချီမင် အတတ်ပညာနဲ့ ကိုယ်ပျောက်ခြင်းအတတ်၊ အိမ်ထဲမှာနေပြီး မိုင်ပေါင်းတစ်ထောင်က စစ်ပွဲကို အနိုင်တိုက်အနိုင်တိုက်နိုင်တဲ့ မဟာဗျူဟာ။ ဒါတွေအားလုံးကို ပိုင်နိုင်ပြီး မောက်မာဝင့်ကြွားစွာ နေထိုင်နိုင်တဲ့လူက ကျုပ်ပဲ။”
ရှမ့်လန်က မျက်လုံးပြူးပြလိုက်၏။
ထိုသူက ပြန်လည်ကာ မေးမြန်းလိုက်သည်။ “ဒါနဲ့ ခင်ဗျား ကျုပ်ကို မခေါ်ချင်ဘူးလား”
ရှမ့်လန်က ပြန်လည်ကာ မေးမြန်းလိုက်ပြန်၏။ “ခင်ဗျား မလုပ်တတ်တဲ့အရာ ရှိသေးလား”
“သိပ်ရှိတာပေါ့။ ကျုပ်က သေးငယ်တဲ့ အရာတွေကို မလုပ်တတ်ဘူး”
ထိုသူက ပြောဆိုလိုက်၏။ “ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စရပ်တွေကိုပဲ ကျုပ် လုပ်တယ်”
နောက်ဆုံးမှာတော့ ရှမ့်လန်က သဘောပေါက်သွား၏။ ထိုလူ၏ အထူးကျွမ်းကျင်သည့်အရာက ဟိတ်ဟန်ထုတ် ကြွားဝါခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
သောက်ကျိုးနည်း... တစ်ဖက်လူ၏ ကြွားဝါခြင်းက သူ့ထက်ပင် ပိုမိုကာ တော်နေသေး၏။
“ဟေ့... ဒါက အရူးလန် မဟုတ်လား” တစ်စုံတစ်ယောက်က ထိုသူ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဟာ... စိတ်ဝင်စားစရာ ကောင်းသွားပြီ။ အရူးနှစ်ယောက် ပေါင်းမိသွားပြီ”
“မဟုတ်သေးဘူး၊ တစ်ယောက်ကအရူး၊ တစ်ယောက်က ငတုံးဟ”
ရှမ့်လန် ကြားရသလောက် ဤလူ တကယ့်ကို နာမည်ကြီးသည့်ပုံပင်။ ပတ်ဝန်းကျင်မှ လူများ၏ စကားများအရ ဤအရူးလန်ဆိုသူက နာမည်ကြီးရုံသာမက တကယ့်ကို ကျော်ကြားသည့် လူတစ်ယောက် ဖြစ်ကြောင်း သူသိရှိသွား၏။
ပထမဦးဆုံး သူတောင်းစားတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်ရံ အချိန်ပိုင်းအနေဖြင့် ဗေဒင်ဟောသည့် အလုပ်ကိုလည်း လုပ်ကိုင်တတ်၏။ ဟုတ်ပေ၏။ ဟောသမျှ ဟောစတမ်းများကလည်း တစ်ခါမှ မမှန်ခဲ့ချေ။ ရွှဲ့ပြည်နယ်၏ တချို့သောနေရာများက လူရိုင်းမျိုးနွယ်များနှင့် ပိုမိုကာ နီးကပ်၏။ ထို့ကြောင့် ပွင့်လင်းကြ၏။ ဗေဒင်ဟောသည့် အမျိုးသမီးတချို့ပင်လျှင် ရှိကြသည်။ နန်းမြို့တော်တွင်လည်း ဗေဒင်ဟောခြင်း နှင့် ပတ်သက်၍ တားဆီးထားခြင်းမျိုး မရှိပေ။
ဤအရူးလန်ဆိုသူက ဗေဒင်ဟောခြင်းကို အခွင့်ကောင်းယူ၍ အမျိုးသမီးတစ်ဦး၏ ရင်သားကို သွားရောက်ကာ ကိုင်တွယ်ဖူး၏။ ထို့ကြောင့် လက်တစ်ဖက် ရိုက်ချိုးခြင်း ခံခဲ့ရ၏။ ဂုဏ်သိက္ခာကျဆင်းပြီး ဗေဒင်ဆရာအဖြစ် ဆက်လက်ရပ်တည်နိုင်စွမ်းမရှိသောကြောင့် သူတောင်းစား ပြန်ဖြစ်သွားခဲ့ပြန်၏။ မကြာခဏ အစာငတ်လျက် ရှိနေ၏။
ဆယ်နှစ်အတွင်း သူက ဝူပြည်နယ်၊ ချောင်ပြည်နယ်၊ ရွှဲ့ပြည်နယ် အစရှိသည့် နေရာအနှံ့ဆီသို့ လှည့်လည်ကာ သွားလာတတ်၏။ ဟုတ်ပေ၏။ သာမန် ဗေဒင်ဆရာဆိုလျှင် နာမည်မကြီးချေ။ သူကတော့ နာမည်ကြီးသည်။ ဗေဒင်ဟောတိုင်း တခြားအမျိုးသမီးများ၏ ရင်သားကို ကြည့်မှ ဟောနိုင်သည်ဟု စကားခံထားသောကြောင့် နှာဘူးအဖြစ် နာမည်ကြီးခြင်းပင်။
ဟုတ်ပေ၏။ ကံကောင်း၍ ဗေဒင်မေးသူများရှိလျှင် ပိုက်ဆံရတတ်သည်။ သို့သော်ငြား ပိုက်ဆံရသည်နှင့် သူက ပြည့်တန်ဆာဆီသို့ သွားရောက်ပြီး ပျော်ပါးတတ်သည်။
ပြောရမည်ဆိုလျှင် တော်ရုံပြည့်တန်ဆာများသည် သူနှင့် အလုပ်မလုပ်ချင်ပေ။ အဘယ့်ကြောင့်ဆိုသော် အလွန်အမင်း ညစ်ပတ်သောကြောင့် ဖြစ်၏။
ဟုတ်ပေ၏။ ညစ်ပတ်လျှင် ရေဆေးချနိုင်၏။ အများဆုံး ရေအနည်းငယ် ပိုကုန်ရုံသာရှိသည်။ အဓိကပြဿနာက သူက အကြွေးယူပြီး ပြန်မဆပ်ခြင်းပင်။ ပြည့်တန်ဆာကိုပင်လျှင် အကြွေးထားသည့် လူများ ဖြစ်၏။ နောက်ဆုံးမှာတော့ ပြည့်တန်ဆာများကပင်လျှင် သည်းမခံနိုင်သောကြောင့် လူမိုက်များ ငှားရမ်းပြီး ရိုက်နှက်ခိုင်းရသည်။
ရိုက်နှက်ခံရသည့်အချိန်တိုင်း လမ်းဘေးတွင် ခွေးသေတစ်ကောင်ကဲ့သို့ပင် လဲလျောင်းနေရပြီး ကွေးကွေးလေး အိပ်စက်ရ၏။ ထိုသူကို သေပြီဟူ၍ လူတိုင်းများစွာက အကြိမ်ပေါင်းများစွာ ထင်မှတ်ခဲ့၏။ သို့ပေမည့် တစ်ကြိမ်မှ မသေခဲ့ချေ။
နောက်ပိုင်း အချိန်ကြာသည်နှင့်အမျှ ထိုသူက နန်းမြို့တော်တွင် ကျော်ကြားသည့်လူတစ်ယောက် ဖြစ်လာခဲ့၏။ ‘အရူးလန်’ နာမည်က ကျော်ကြားသည်။ မြို့တော်တွင် အနိမ့်ကျဆုံး၊ အယုတ်မာဆုံး၊ အညစ်ပတ်ဆုံး၊ အစုတ်ပြတ်ဆုံး အမှိုက်တစ်စပင် ဖြစ်၏။
သူ မည်သူဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့သော်လည်း အရူးလန်က တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ချေ။ သူက ရှမ့်လန်အား ဆရာကြီးတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးနှင့် အထက်စီးမှ ကြည့်ရှုနေဆဲပင်။
“ရှမ့်... ခင်ဗျား ကျုပ်ကိုသာ လက်လွှတ်လိုက်ရင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ဘယ်တော့မှရမှာ မဟုတ်ဘူး”
ထိုအချိန်မှာပင် မိန်းမကြီးတစ်ယောက်က လှမ်းလျှောက် လာခဲ့၏။ သူမက အသက် ၄၀ နီးပါးခန့် ရှိပြီး ကိုယ်အလေးချိန်ကလည်း ပေါင် ၁၀၀ ကျော်ရှိ၏။ ခန္ဓာကိုယ်တစ်ခုလုံး၌ အဆီများနှင့် ပြည့်နှက်နေ၏။ ကြည့်ရှုရသည်မှာ ဝက်သတ်သမား တစ်ယောက်ကဲ့သို့ပင်။ သူမ၏ ခန္ဓာကိုယ်က ယောက်ျားတစ်ယောက် ထက်ပင် ပိုမိုကာ ကြံ့ခိုင်ပြီး နှုတ်ခမ်းမွှေးရေးရေးပင် ပေါ်လျက်ရှိ၏။
“ဖြောင်း...”
ထိုအမျိုးသမီးသည် အရူးလန်အား မြေပေါ်သို့ လဲကျသွားအောင် ရိုက်နှက်လိုက်သည်။ “ငါ့ဆီမှာ အကြွေးတင်နေတဲ့ ငွေငါးပြား ဘယ်တော့ပေးမှာလဲ။ မဆပ်ရင် ငါအခုသတ်ပစ်မယ်”
ပေါင် ၁၀၀ ကျော်ခန့် လေးလံသည့် အမျိုးသမီးက အရူးလန်ကို ရင်ဘတ်ပေါ်သို့ တက်ထိုင်လိုက်၏။
ရှမ့်လန်က “ခွပ်” ဟူသည့်အသံကို ကြားလိုက်ရပြီး ချက်ချင်း လန့်ဖြန့်သွားခဲ့၏။ ဆရာကြီး၏ နံရိုးများက ကျိုးကြေသွားသလား မသိချေ။
အရူးလန်က သက်ပြင်းချလိုက်၏။ “ကျောင်းကျောင်း... ငါတို့က ချစ်သူတွေလို့ ပြောထားတာပဲဟာ။ ဘယ်လိုဖြစ်ပြီး ငွေအကြောင်း ပြောနေရတာလဲ”
“ဘယ်သူက နင့်ရဲ့ချစ်သူ ဖြစ်မှာလဲ။ ပိုက်ဆံမပေးဘူးဆိုရင် တစ်ခါတည်း သတ်ပစ်မယ်”
ထိုအမျိုးသမီး သားသတ်သမားက ဘယ်ပြန်ညာပြန် ရိုက်နှက်လျက် ရှိနေရာ အရူးလန်၏ မျက်နှာမှ သွေးများပင် ထွက်ပေါ်လာသည်။
“ဆယ်ရက်အတွင်း ပြန်မဆပ်ဘူးဆိုရင် တစ်ခါတည်း သင်းကွပ်ပစ်မယ်” ထိုအမျိုးသမီး သားသတ်သမားက ခန့်ညားဝင့်ထည်စွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့လေ၏။ ထိုအမျိုးသမီး သားသတ်သမားကလည်း အချိန်ပိုင်း အလုပ် လုပ်သည်လား မသိချေ။
ဟုတ်ပေ၏။ သူမက အမှန်တကယ် အချိန်ပိုင်း အလုပ် လုပ်ခဲ့၏။ ဤအမျိုးသမီး သားသတ်သမားသည် ယခင်က ကျွန်တစ်ယောက် ဖြစ်ခဲ့ပြီး နပန်းအတတ်ပညာ၌လည်း ကျွမ်းကျင်၏။ အသက်ကြီးသည့်အချိန်တွင် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် ဝက်များ၊ သိုးများကို သတ်ဖြတ်ရန် ငှားရမ်းခြင်း ခံခဲ့ရ၏။ ထိုသို့ဆိုလျှင်တောင် သူမ၏ဝင်ငွေက အလွန်အမင်း နည်းပါး၏။ ထို့ကြောင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေရခြင်း ဖြစ်၏။ သူမ၏ ပြည့်တန်ဆာဈေးနှုန်း တကယ့်ကို နည်းပါးလွန်း၏။ ဆယ်ကြိမ် ပြုလုပ်မည်ဆိုလျှင် ငွေတစ်မတ်သာလျှင် ကျ၏။
အရူးလန်က တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ ရုတ်တရက် မတ်တပ်ထရပ်ပြီး ရင်ဘတ်ကို ပုတ်လိုက်၏။ နံရိုးများက ကျိုးကြေမသွားခဲ့ချေ။ တော်သေး၏။ ပြီးနောက် သူက ရှမ့်လန်ကို ကြည့်ရှုလိုက်သည်။
“သခင်လေး... ခင်ဗျား ကျုပ်ကို ငှားမယ်ဆိုရင် အကြွေးဆပ်ဖို့ ငွေငါးပြား ကြိုထုတ်ချင်ပါတယ်”
သောက်ကျိုးနည်း... ပြည့်တန်ဆာကြွေးကိုပါ လိုက်ဆပ်ရမည့်ပုံ ပေါ်နေ၏။
ရှမ့်လန်က တိုက်ရိုက် ဆိုသလိုပဲ မေးမြန်းလိုက်သည်။ “၃၈၉၅ x ၁၅၂၄၀ က ဘယ်လောက်လဲ”
အရူးလန်က ကြောင်အသွား၏။ “၅၄၆၉၆၃၆၀”
ရှမ့်လန်က ပြန်ပြောသည်။ “ကောင်းပြီ။ ခင်ဗျားကို အလုပ်ခန့်လိုက်ပြီ”
အရူးလန်သည် မျက်နှာပေါ်မှ သွေးများကိုသုတ်ပြီးလွတ်လပ်ပေါ့ပါးသည့် ဟန်ပန် အမူအရာမျိုးဖြင့် ပြောလိုက်၏။ “အင်း... ငှက်ကောင်းဆိုတာ သစ်ကိုင်းရွေးတော်ရတယ်။ ပညာရှိ အမတ်ကောင်း ဆိုတာကလည်း ဘယ်လိုသခင်မျိုးကို ရွေးချယ်ရမယ်ဆိုတာ တတ်ကျွမ်းရမယ်။ ပညာရှိတစ်ယောက်ဆိုတာ ကိုယ့်အပေါ် နားလည်ပေးနိုင်သူအတွက် အသက်စွန့်ပေးရမယ်။ ဒီနေ့ကစပြီး ကျုပ် လန်က နောက်ဆုံးအချိန်ထိ ကြိုးစားပေးပါမယ်။ ဒါပေမဲ့.... ကြိုတင်ငွေလေး”
ရှမ့်လန်က ငွေငါးပြားကို ရေတွက်ပြီး ထိုသူ့ကို ပေးလိုက်၏။ အရူးလန်က ငွေပြားများကို ယူပြီး အမျိုးသမီး သားသတ်သမားဆီ ပြေးသွားသည်။ “ကျောင်းကျောင်း... ငါ့မှာ ပိုက်ဆံရှိပြီ။ တို့တွေ ဆက်လုပ်လိုက်ကြရအောင်”
အမျိုးသမီးသားသတ်သမားက ပိုက်ဆံကိုယူ၏။ ပြီးနောက် မထီမဲ့မြင်ဖြင့် ပြောလိုက်၏။ “အရူး... ပိုက်ဆံ ဖြုန်းမနေနဲ့။ တစ်ခါတစ်လေ ရှင်က သေးတစ်ပေါက်စာတောင် ကြာတာ မဟုတ်ဘူး။ ဘောင်းဘီ ချွတ်ရတာ အလုပ်ရှုပ်တယ်။ ပြီးတော့ ရှင့်ပိုက်ဆံကို ယူရတာ ငါ စိတ်မဖြောင့်ဘူး”
အရူးလန်က အနည်းငယ်မှ ရှက်ရွံ့ခြင်း မရှိချေ။ ရှမ့်လန်ရှေ့ဆီသို့ ပြေးလာပြီး ပြောလိုက်၏။ “ဂုဏ်ယူပါတယ် အမတ်ချုပ်ကြီး”
ရှမ့်လန်က လေးနက်စွာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ခင်ဗျားက ချန်းဖန်မြို့စားအိမ်တော်ရဲ့ စာရေးချုပ် ... အဆင့်ခုနစ် အရာရှိ ဖြစ်သွားပြီ”
ပတ်ဝန်းကျင်ရှိ လူအားလုံးက ရူးသွပ်သွားပြီဟု ခံစားလိုက်ရ၏။ သူတောင်းစားတစ်ယောက်ပင် အရာရှိ ဖြစ်နိုင်သည်လား။ ထို့အပြင် အဆင့်ခုနစ် အရာရှိ ဖြစ်၏။ ရှမ့်လန် ရူးသွပ်နေလေသည်လား။
ဟုတ်ပေ၏။ ပဉ္စမမင်းသားအိမ်တော်ဆီမှ မိန်းမစိုးများကလည်း အံ့အားသင့်သွားခဲ့၏။ ရှမ့်လန်၏ ဘေးတစ်ဖက်တွင်ရှိနေသည့် ရှမ့်ဆယ့်သုံးကလည်း ကြောင်အသွားခဲ့၏။
မိန်းမစိုးအိုကြီးက လှမ်းကာပြောသည်။ “ရှမ့်... လူခေါ်ရတာ မလွယ်ဘူးဆိုပေမဲ့လည်း ဒီလူကတော့ တကယ့်ကို အသုံးမကျတဲ့ လူတစ်ယောက်နော်”
ရှမ့်လန်က ပြောလိုက်၏။ “အဘိုးကြီး... ကျုပ်က ပုံစံခွက်နဲ့ ကိုက်ညီတဲ့လူတွေကိုပဲ ခေါ်ယူချင်တာလေ”
မိန်းမစိုးအိုကြီးက မဲ့ပြုံးပြုံးလိုက်သည်။ “ဒါပေမဲ့ ရှမ့် .. ခင်ဗျားဟာက အရမ်းကြီးက ပုံစံခွက်က ကျလွန်း မနေဘူးလား”
ဤအရာက မြင်းပြိုင်ပွဲတစ်ခုကဲ့သို့ပင်။ မြင်းမရှိပါက လားတစ်ကောင်ကို ရွေး၍ရ၏။ သို့မဟုတ် မြည်းတစ်ကောင်ကို ရွေး၍ရ၏။ သို့မဟုတ် ခွေးရိုင်းတစ်ကောင်ကိုပင် ရွေးလို့ရသေး၏။ သို့ပေမည့် ချီးပိုးထိုး တစ်ကောင်ကို ဖမ်းကာ ပြိုင်ခိုင်း၍တော့ မဖြစ်နိုင်ချေ။
“ရှမ့်... အရင်တုန်းက ပြောဖူးတယ် မဟုတ်လား။ စာရေးချုပ်ဆိုတာက အနည်းဆုံး ပညာရှိ တစ်ယောက် ဖြစ်ရမယ်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျုပ်က ပညာရှိ ဖြစ်ရမယ်လို့ ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ပညာရှိဖြစ်ရမယ်လို့ မပြောခဲ့ဖူးဘူး။ နောင်စာမေးပွဲ ဝင်ဖြေပြီး ပညာရှိဖြစ်သွားရင်လည်း ရတာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... သူတောင်းစားတွေလည်း အိမ်မက်မက်ခွင့် ရှိပါတယ်။ သူတောင်းစားတိုင်းမှာလည်း အိပ်မက်ရှိတယ်”
ပြီးနောက် သူက အရူးလန်ကို လှမ်းကြည့်လိုက်၏။ “စာရေးချုပ်ကြီး... ခင်ဗျားက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ။ ဒီကိစ္စကို တခြားသောလူတွေက သိချင်မှ သိလိမ့်မယ်။ ဒီတော့ ခင်ဗျားရဲ့ အရည်အချင်းတွေကို အနည်းငယ်လောက် မိတ်ဆက်ပေးလို့ ရမလား”
အရူးလန်က ပြောလိုက်၏။ “သခင်လေးရှမ့်... ခင်ဗျား လူမှန်ကို ရွေးလိုက်တာပဲ။ ကျုပ်က တစ်သက်လုံး လေလွင့်နေခဲ့တာ။ သိုင်းလောကထဲမှာ လျှောက်သွားနေခဲ့တဲ့လူပဲလေ။ ကျုပ်နဲ့ တွေ့ဆုံခဲ့တဲ့ အရည်အချင်းရှိတဲ့လူ ဆိုတာ မြစ်ကိုဖြတ်ကူးတဲ့ ငါးတွေလိုပဲ အရမ်းကို များပြားခဲ့တယ်။
တစ်ယောက်ချင်းစီတိုင်းက နိုင်ငံကို အုပ်ချုပ်နိုင်တဲ့အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့လူတွေ၊ လောကကြီးကို အမိန့်ပေးနိုင်စွမ်း ရှိတဲ့ အရည်အချင်းရှိသူတွေ။ ဒါပေမဲ့ ကံဆိုးတာက သူတို့က အရမ်းကို လွတ်လပ်လွန်းလို့ လောကကြီးက သူတို့ကို နားမလည်ကြဘူး။ ဘယ်သူကမှလည်း သူတို့ကို အသိအမှတ် မပြုကြဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်မှာ ထက်မြက်တဲ့ မျက်လုံးရှိတယ်။ စာရေးချုပ်.. အရည်အချင်း ရှိတယ်ဆိုတဲ့ လူတွေကို သွားခေါ်လိုက်ပါ။ ကျုပ်က သူတို့ရဲ့ အရည်အချင်းပေါ် မူတည်ပြီး အလုပ်ခန့်ပေးမယ်”
အရူးလန်က ပြောလိုက်၏။ “ကောင်းပြီ။ ဒါပေမဲ့ ကျုပ်ကြိုပြောထားမယ်။ အရည်အချင်း ရှိတဲ့လူတွေကို ရဖို့ဆိုတာ မလွယ်ဘူး။ တချို့တွေဆိုရင် လောကကြီးတစ်ခုလုံးကို လှည့်ပတ်ပြီး ရှာဖွေမယ်ဆိုရင်တောင်မှ ရှာလို့တွေ့မှာ မဟုတ်တဲ့သူတွေပဲ။ ကျုပ်က တစ်ကြိမ်တည်းနဲ့ လူဆယ်ယောက်လောက်ကို ခေါ်လာဖို့ဆိုတာ မလွယ်ဘူး။ ပြီးတော့ ကျုပ်က အဲဒီလူတွေကို ခေါ်လာဖို့ ကြိုးစားခ လိုချင်သေးတယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ပဉ္စမမင်းသား၏မိန်းမစိုးများနှင့် ရှမ့်ဆယ့်သုံးတို့သည် သူတို့၏ ခေါင်းပေါ်ရှိ ဆံပင်များကိုပင် ဆုပ်ကိုင်မိလိုက်ကြ၏။ သူတို့က ရူးမတတ်ပင် ခံစားနေကြရသည်။
ရှမ့်လန်က ပြောလိုက်၏။ “ရတယ်လေ။ ဒါနဲ့ ဘယ်လောက်လိုချင်တာလဲ”
အရူးလန်က အံကို ကြိတ်လိုက်၏။ ပြီးနောက် သူက ငွေကြေးကို အဆမတန် တောင်းဆိုလိုက်သည်။ “တစ်ယောက်ကို ငွေဒင်္ဂါးတစ်ပြား ပေးရမယ်”
ရှမ့်လန်က ပြောလိုက်၏။ “သိပ်ရတာပေါ့”
ချက်ချင်းပဲ အရူးလန်က ပိုက်ဆံကိုယူပြီး ထွက်ပြေးသွားခဲ့၏။ မကြာခင်မှာပင် သူက ယိုယွင်း ပျက်စီးလျက် ရှိနေသည့် ဘုရားကျောင်းပျက်တစ်ခုထဲသို့ ဝင်ရောက်သွား၏။ ထိုထဲတွင် အိုးမဲ့အိမ်မဲ့များနှင့် သူတောင်းစား ရာပေါင်းများစွာ ရှိနေ၏။ ထိုသူများအားလုံးတို့က မြေပေါ်တွင် လဲလျောင်းလျက် ရှိနေကြသည်။
“အင်း... ခင်ဗျားတို့ အားလုံးကို အလုပ်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ မြို့စားအိမ်တော်မှာ အရာရှိတစ်ယောက် ဖြစ်ချင်လား။ ခင်ဗျားတို့ အရာရှိဘွဲ့ စ ရမယ်။ နောက်နှစ်အနည်းငယ် ကြာရင် ရာထူးဆယ်ဆင့် တိုးအုံးမယ်။ အားလုံးက တပ်ချုပ်ကြီးတွေ ဖြစ်လာလိမ့်မယ်။”
ဒါပေမဲ့ ဒီအလုပ်ကို ရှာဖို့ဆိုတာ သိပ်မလွယ်တာမဟုတ်ဘူး။ အလုပ်ရှာပေးခအဖြစ် ကျုပ်ကို ငွေဒင်္ဂါးတစ်ပြား ပေးရလိမ့်မယ်။ ပိုက်ဆံမရှိရင် အကြွေးထားလို့ရတယ်။ ဒါပေမဲ့ လစဉ်အတိုးတော့ ကောက်မယ်။ ဆယ်ရာခိုင်နှုန်း ပေးရမယ်”
...................