← Chapters

အပိုင်း (၄၆၇)

Vol. 33 Ch. 467

အပိုင်း (၄၆၇)

Vol. 33 Ch. 467

တစ်နာရီခန့်ကြာပြီးနောက် ရှမ့်လန်၏ ပတ်ပတ်လည်၌ လူပင်လယ်ကြီး ဖြစ်လာခဲ့၏။ လာရောက်ကြည့်ရှုနေသူများက အနည်းဆုံး တစ်သောင်းနီးပါးခန့် ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်၏ လူစုဆောင်းပွဲက အမြင့်ဆုံးသောဇာတ်ရှိန်သို့ ရောက်ရှိနေသောကြောင့်ပင်။

“လာပြီ။ လာပြီ” တစ်စုံတစ်ယောက်က ထကာအော်ဟစ်လိုက်၏။ ပြီးနောက် လမ်းတစ်ခုလုံးတွင် အနံ့ဆိုးများနှင့် ပြည့်နှက်သွားခဲ့၏။ အရူးလန်က ပါရမီရှင်ဆယ်ဦးကို ခေါ်ဆောင်လာခဲ့၏။ ထိုသူတို့ အားလုံးတို့က ထော့နဲ့၊ ထော့နဲ့ နှင့် ဝင်ရောက်လာခဲ့၏။

ပါရမီရှင် ဆယ်ယောက်တို့ကို ရှမ့်လန်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် အရူးလန်က ပြောလိုက်သည်။ “အမတ်မင်း... ခင်ဗျားအတွက် ကျုပ်ရွေးချယ်ပေးခဲ့တဲ့ ပါရမီရှင်ဆယ်ယောက်က ဘယ်လိုလဲ။ ဒီလူတွေက ပညာရှိဖြစ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်”

ရှမ့်လန်က ပါရမီရှင်ဆယ်ဦးကို လှမ်းကြည့်လိုက်၏။ အားလုံးသောသူတို့က အိုးမဲ့အိမ်မဲ့ သူတောင်းစားများ ဖြစ်၏။ ပုံမှန်လူဟူ၍ တစ်ယောက်မှ မပါချေ။ မျက်နှာများကလည်း ညစ်ပတ်ပေပွလျက် ရှိနေပြီး တချို့က ခြေထောက် မသန်စွမ်းချေ။ တချို့က လက်မသန်ချေ။ တချို့မှာ ခါးများ ကုန်းနေ၏။ မတ်မတ်ရပ်နိုင်သူဟူ၍ပင် တစ်ယောက်မှ မရှိပေ။

ပွဲကြည့်ပရိသတ်များက အံ့သြသွားခဲ့၏။

ရှမ့်လန်က နှာခေါင်းကို ပိတ်လိုက်၏။ ပြီးနောက် တစ်ယောက်ချင်းစီကို သေသေချာချာ ကြည့်ရှု၏။ သူက X-Ray အမြင်ကို အသုံးပြု၍ ကြည့်ရှုနေခြင်း ဖြစ်သည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက် သူက တစ်ယောက်ချင်းစီကို စစ်ဆေးပြီးသား ဖြစ်သွားသည်။

အရူးလန်က ပြောလိုက်၏။ “အမတ်မင်း... ကျုပ်မိတ်ဆက်ပေးခဲ့တဲ့ ပါရမီရှင်တွေကို ဘယ်လိုထင်လဲ။ သူတို့အားလုံးက တစ်သောင်းမှာတောင် တစ်ယောက်ရှိတဲ့ လူမျိုး မဟုတ်လား”

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး။ တစ်သောင်းမှာ တစ်ယောက် မဟုတ်ဘူး။ တစ်သိန်းမှာ တစ်ယောက်ပဲ”

အရူးလန်က ပြောလိုက်၏။ “ဒါနဲ့ နေပါအုံး။ သူတို့က ပဉ္စမမင်းသားရဲ့အိမ်မှာ အရာရှိတွေဖြစ်လာဖို့ အရည်အချင်း ပြည့်မီရဲ့လား”

“ပြည့်မီတာပေါ့။ အရမ်းကို အရည်အချင်းပြည့်မီတယ်”

ရှမ့်လန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ “ညီအစ်ကိုတို့... ဒီနေ့ကစပြီး ကျုပ်တို့ တစ်အိုးတည်း စားရတော့မယ်။ ခင်ဗျားတို့အားလုံးက ချန်းဖန်မြို့စား အိမ်တော်ရဲ့ ပညာရှိအမတ်တွေ ဖြစ်ကြပြီ”

သူ ထိုကဲ့သို့ပြောလိုက်သည့်အချိန်မှာတော့ အားလုံးသောသူတို့က ခေါင်းများပင် ကျိန်းသွားမိ၏။ ပဉ္စမမင်းသားကို စောင့်ရှောက်နေသည့် မိန်းမစိုးအိုကြီးက မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ မျက်ဖြူများ လန်ကာ သတိလစ်မေ့မြောသွားခဲ့၏။

အရူးလန်က ထကာအော်ဟစ်လိုက်သည်။ “ပညာရှိတို့... အမတ်မင်းကို ဘာလို့ အခုထိ အရိုအသေ မပေးရသေးတာလဲ”

ချက်ချင်းပဲ သူတောင်းစားဆယ်ယောက်တို့က ဒူးထောက်လိုက်ကြ၏။ “အမတ်မင်းကို ဂါရဝပြုပါတယ်”

ထိုသူတို့ထဲ၌ သုံးဦးက တကယ့်ကို အားနည်းလျက် ရှိနေ၏။ နှစ်ဦးမှာတော့ ခြေမသန်စွမ်းချေ။ ဒူးထောက်လိုက်သည်နှင့် မြေပေါ်သို့ ချက်ချင်းလဲကျသွား၏။

ပဉ္စမမင်းသားအိမ်တော်မှ မိန်းမစိုးအိုကြီးသည် နှာနှပ်ယူထားသောကြောင့် ပြန်လည်ကာ သတိရလာ၏။ ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ နောက်တစ်ကြိမ် မျက်ဖြူလန်ကာ မေ့မျောသွားပြန်သည်။

ရှမ့်လန်က သူရဲကောင်းဆန်ဆန်ပင် လှမ်းကာ ပြောလိုက်၏။ “အားလုံးပဲ... ဒီနေ့မှာ ပါရမီရှင်တွေကို ရခဲ့ပြီ။ ပဉ္စမမင်းသားအိမ်တော်အတွက် လူခေါ်ယူမှုက ပြီးဆုံးသွားခဲ့ပြီ။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါ။ ကိုယ့်လူတို့ကတော့ ကျုပ်နောက် လိုက်ခဲ့ကြ”

ပြီးနောက် ရှမ့်လန်က လက်ကို ဝှေ့ယမ်းပြီး ပဉ္စမမင်းသား၏ စံအိမ်ဆီသို့ ပြန်သွားခဲ့၏။ အရူးကြီးက အလံတိုင်နှစ်ခုကို မြှောက်ကိုင်ထားသည်။

နဂါး နောက်လိုက်များကို ခေါ်ယူခြင်း’၊

‘အိမ်ရှေ့စံအိမ်တော်အတွက် အမတ်များ ခေါ်ယူခြင်း’။

အရူးလန်၏ မျက်နှာတွင် သားသတ်သမား ပြည့်တန်ဆာ၏ လက်ချက်ကြောင့် သွေးများ ပေပွနေသေးသည်။ သို့ပေမည့် သူက လွတ်လပ်ပေါ့ပါးသည့် ဟန်ပန်အမူအရာမျိုးဖြင့် ခေါင်းကိုမော့ကာ နောက်မှလိုက်ပါလာခဲ့၏။ သူ၏နောက်မှာတော့ သူတောင်းစား ဆယ်ယောက်တို့က ယိုင်တိယိုင်တိုင်နှင့် ပဉ္စမမင်းသား၏ အိမ်တော်ဆီသို့ လိုက်ပါလာခဲ့ကြ၏။

အားလုံးသောသူတို့မှာတော့ လှောင်ပြောင်ခြင်း သို့မဟုတ် ဆဲဆိုခြင်း တစ်ချက်ကလေးမှ မလုပ်ကြတော့ချေ။ အဘယ့်ကြောင့်ဆိုသော် အားလုံးက ရူးသွပ်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ အခြေအနေတစ်ခုလုံးက ပြောင်းပြန်လန်သွားခဲ့၏။ လာရောက်ကြည့်ရှုနေသူတို့၏ စိတ်ထဲတွင် မေးခွန်းများစွာက တဝဲလည်လည် ဖြစ်လို့နေသည်။

‘ငါဘယ်သူလဲ။ ငါဘယ်နေရာကို ရောက်နေတာလဲ။ လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ။ ဘာတွေများ မြင်ခဲ့တာလဲ။ သူတောင်းစား ၁၁ ယောက်က အရာရှိတွေ ဖြစ်သွားကြပြီ။ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ဘဲ သန်းထိုင်ရှာနေတဲ့ လူတွေကရော အရာရှိဖြစ်သွားကြပြီလား’

.................

ပဉ္စမမင်းသား၏ ချန်းဖန်မြို့စားအိမ်တော်ရှေ့တွင်မှာတော့ ...

အရူးလန်က သူတောင်းစား ၁၀ ဦးတို့ကို ဦးဆောင်ပြီး နင်ကျန်းကို ဦးညွှတ်လိုက်၏။ “အိမ်ရှေ့စံကို နှုတ်ခွန်းဆက်သပါတယ်”

နင်ကျန်းက အရုပ်ဆိုး အကျည်းတန်လွန်းသည့် သူတောင်းစားအဖွဲ့ကို လှမ်းကြည့်ပြီး ကြောင်အလျက် ရှိသည်။ ‘ဘာတွေဖြစ်ကုန်တာလဲ’

ကံကောင်းသည်မှာ သူက လုံလောက်သည့် စိတ်သဘောထား ကြီးမြတ်သူတစ်ယောက် ဖြစ်၏။ မဟုတ်ပါက ရှမ့်လန် သူ့ကို အရှက်ခွဲသည်ဟုပင် ထင်မိမှာ သေချာ၏။ သူ နင်ကျန်းက ဤသို့ မသန်စွမ်းသည့် သူတောင်းစားများနှင့်သာ ထိုက်တန်သည်လား။

သူက ရှမ့်လန်အပေါ် အကြွင်းမဲ့ ယုံကြည်ချက် ရှိ၏။ ရှမ့်လန်၏ လုပ်ရပ်များထဲတွင် နက်ရှိုင်းသည့် အဓိပ္ပာယ်များ ပါဝင်သည်ဟု သူ ခံစားမိ၏။

ထို့ကြောင့် သူက ခေါင်းကျိန်းကျိန်းနှင့် ခေါင်းညိတ်လိုက်ရသည်။ “ကဲ... ဒီကိုရောက်လာပြီဆိုမှတော့ စိတ်အေးအေးထားပြီး အနားယူကြတော့”

အရူးလန်နှင့် တခြားသော သူတောင်းစားများသည် မြို့စားအိမ်တော်၏ ခမ်းနားထည်ဝါမှုကို အံ့အားသင့်လျက် ရှိနေ၏။ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းလှချေ၏။ သူတို့က မြောင်းဘေး၊ ဘုရားကျောင်းပျက်ထဲတွင် အိပ်ခဲ့ကြသည့် လူများဖြစ်၏။ မြို့စားစံအိမ်ထဲသို့ လျှောက်ဝင်ပြီးနောက် နတ်ပြည်သို့ ရောက်နေသကဲ့သို့ပင် ခံစားနေရ၏။

အရူးလန်က ပြောလိုက်သည်။ “ဒါနဲ့ အိမ်ရှေ့စံ... ကျုပ်တို့ ဘယ်နေရာမှာ နေရမှာလဲ။ ကြမ်းပြင်မှာပဲ အိပ်ရမှာလား”

နင်ကျန်း၏ ခေါင်းများက ပိုမိုကာ ထုံကျင်သွားခဲ့၏။ သူက ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး ဟိုဘက်အိမ်မှာ နေလို့ရတယ်။ ဘာပဲလိုလို ကျုပ်ကိုပြော”

ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် သူတောင်းစားဆယ်ယောက်တို့က ပျော်ရွှင်စွာဖြင့် ထခုန်လိုက်ကြ၏။ ပြီးနောက် ခြံဝင်းဆီသို့ ထော့နဲ့ထော့နဲ့နှင့် သွားကြသည်။

“ဒီအခန်းကို ငါယူမယ်”

“ဒီအခန်းကို ငါယူမယ်”

“ငါက ချီးတွေ၊ သေးတွေ အနံ့မရှိတဲ့ အခန်းကို ရွေးရမယ်”

ပြီးနောက် သူတို့ တံခါးကိုဖြတ်ကာ မဝင်ရသေးခင်မှာပဲ ရပ်တန့်သွားခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် ရှောင်ပင်း ပေါ်လာသောကြောင့်ပင်။

ရှောင်ပင်းက လက်တစ်ဖက်ဖြင့် ခါးထောက်၍ တခြားလက်တစ်ဖက်ဖြင့် နှာခေါင်း အုပ်ထား၏။ ပြီးနောက် ခြင်္သေ့မကြီး တစ်ကောင်ကဲ့သို့ပင် ဟိန်းဟောက်လိုက်သည်။ “အားလုံး ရပ်စမ်း”

အရူးလန်နှင့် တခြားသော သူတောင်းစားများအားလုံး တုန်လှုပ်သွားခဲ့ကြ၏။ ပင်းအာက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “အားလုံးရေချိုး ... တစ်ကိုယ်လုံးကို ဂျီးပြောင်အောင်တိုက်ကြ။ ခန္ဓာကိုယ်ပေါ်မှာ အညစ်အကြေးတစ်စက် ရှိတာနဲ့ ခြံဝန်းထဲ ဝင်ခွင့်မရှိဘူး။ အားလုံး ဆံပင်တွေကို ရိတ်ပစ်။ သန်းတစ်ကောင် ပါလာရင် အရှင်လတ်လတ် အရေခွံခွာခံရမယ်။

ပြီးတော့ အခုဝတ်လာတဲ့ အဝတ်အစားတွေ အကုန်လုံးကို မီးရှို့ပစ်။ လူတိုင်း သွား အကြိမ် ၃၀ တိုက်ခဲ့ကြ။ ခံတွင်းနံ့ နည်းနည်းလေး ကျန်သေးရင်တောင်မှ ပါးစပ်ထဲမှာရှိတဲ့ သွားတွေအကုန်လုံးကို ဆွဲနှုတ်ပစ်မယ်။ ရှမ့်နု... ရေနွေးပူပူယူခဲ့။ ရေမချိုးတဲ့ ဘယ်သူ့ကိုမဆို သေတဲ့အထိ ရိုက်သတ်ပစ်”

အမျိုးသမီးစစ်သည်တော် ရှမ့်နုက လှမ်းကာ အော်ဟစ်လိုက်သည်။ “ကောင်းပါပြီ”

ပြီးနောက် အမျိုးသမီးစစ်သည် ဒါဇင်ပေါင်းများစွာတို့က ပြေးထွက်လာခဲ့ကြ၏။ ကြွက်ဖမ်းသကဲ့သို့ပင် သူတို့က နှာခေါင်းများ ပိတ်ကာဖြင့် သူတောင်းစားဆယ်ဦးကို ဘေးခြံဝန်းထဲသို့ ခေါ်ဆောင် သွားခဲ့ကြ၏။ ရေနွေးထည့်ထားသော စည်ပိုင်းထဲသို့ ကန်ချ၏။ ရေ၏အပူချိန်က ဝက်တစ်ကောင်ကိုပင် အမွှေးနှုတ်ရန် လုံလောက်၏။

ရုတ်တရက် သူတောင်းစားဆယ်ဦးတို့က သရဲတစ္ဆေများကဲ့သို့ပင် အော်ဟစ်ငိုကြွေးလျက် ရှိနေကြ၏။ ဤအရာက အစလေးသာ ရှိသေး၏။ အမျိုးသမီးစစ်သည်များက ကတ်ကြေးများကို ထုတ်ယူပြီး သူတောင်းစားများ၏ ဆံပင်များကို ညှပ်ပစ်၏။ ပြီးနောက် ဝါးပွတ်တန်များကို ယူပြီး ခန္ဓာကိုယ်မှ အညစ်အကြေးများကို တိုက်ချွတ်ဆေးကြော၏။ ဤဖြစ်စဉ်က ဝက်တစ်ကောင်ကို အမွေးခြစ်နေသလိုပင်။

“အား... ကယ်ကြပါအုံး”

“သခင်မလေး... ဖြည်းဖြည်းလုပ်ပါ။ ကျုပ်က အရာရှိ မလုပ်တော့ပါဘူး”

“အရာရှိ မလုပ်ချင်တော့ပါဘူး”

ဤကြောက်လန့်ဖွယ်ရာ အော်ဟစ်သံက ကြက်သီးမွှေးညင်းများပင် ထလောက်၏။

............

နင်ကျန်းက ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။ “ခင်ဗျားမှာ ဒီထက်ပိုပြီး နက်နဲတဲ့ အဓိပ္ပာယ် ရှိတယ်မလား”

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ “မရှိပါဘူး”

နင်ကျန်းက ပြောလိုက်သည်။ “ခင်ဗျား တကယ်ပဲ သူတို့ကို ခေါ်ထားမှာလား။ ပြီးတော့ အရူးလန်ကို တကယ်ပဲ စာရေးချုပ် လုပ်ခိုင်းပြီး ဒီသူတောင်းစားဆယ်ယောက်ကို ပညာရှိ လုပ်ခိုင်းမှာလား”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။

နင်ကျန်းက မယုံကြည်နိုင်သလို ဖြစ်သွားမိသည်။ “ခင်ဗျား သူတို့ကို ကျပန်း ရွေးချယ်ခဲ့တာလား၊ ဒါမှမဟုတ် သေသေချာချာ ရွေးချယ်ခဲ့တာလား”

ရှမ့်လန်က ပြန်လည်ကာ ဖြေဆို၏။ “ကျုပ် သေသေချာချာ ရွေးချယ်ခဲ့တာပဲ။ ဒီလူတွေကို ရှာဖို့အတွက် ကျုပ် တစ်လလုံးလုံး အချိန်ပေးခဲ့ရတယ်”

နင်ကျန်းက မဲ့ပြုံး ပြုံးလိုက်မိ၏။ ဤ ကြည့်မကောင်း ရှုမကောင်း ဘူးသီးပုတ်များကို ရရန်အတွက် တစ်လကျော် အချိန်ယူခဲ့ရသည်လား။ သို့ပေမည့် ထူးဆန်းသည့် လူတစ်ယောက်ကို ရှာဖွေရန် ဆိုသည်မှာ အမှန်တကယ် ခက်ခဲလှချေ၏။ ဆယ်ယောက်မပြောနှင့် တစ်ယောက်တည်းကို ရှာဖွေရန်ဆိုသည်ကပင် မလွယ်ချေ။

နင်ကျန်းက သေသေချာချာ မေးမြန်းလိုက်၏။ “ဘာကြောင့်လဲဆိုတာ ကျုပ် မေးလို့ရမလား”

ရှမ့်လန်က ဖြေဆိုလိုက်သည်။ “ဘာလို့လဲဆိုတော့ သူတို့အားလုံးက အရည်အချင်းရှိတဲ့လူတွေ မလို့ပဲ”

နင်ကျန်းက တကယ်ပဲ မေးမြန်းလိုက်ချင်၏။ ‘ခင်ဗျား တကယ်ပြောနေတာလား’

သို့ပေမည့် ထိုသို့ မေးမြန်းပါက မယဉ်ကျေးရာ ရောက်ပေလိမ့်မည်။ ဤလူများက တကယ်ပင် အရည်အချင်း ရှိသည့်လူများ ဖြစ်နေသည်လား။ တစ်ယောက်ချင်းစီတိုင်းက အရုပ်ဆိုးအကျည်းတန်ပြီး ခန္ဓာကိုယ်များ ကလည်း ပုံမှန်မဟုတ်ချေ။ မသန်စွမ်းများ ဖြစ်ကြသည်။

အမှိုက်ပုံထဲမှ သူတောင်းစားများ၊ လေလွင့်သူများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရှုရုံနှင့် သိနိုင်၏။ အရည်အချင်း ရှိဖို့မဆိုနှင့် မိမိကိုယ်တိုင်ပင် မတ်မတ်ရပ်နိုင်ခြင်း မရှိကြချေ။ သာမန်အလုပ်တစ်ခုကို ပြုလုပ်ဖို့ပင် မဖြစ်နိုင်သည့် လူများဖြစ်၏။

ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျား ကျုပ်ကို ယုံလား”

နင်ကျန်းက ပြောလိုက်၏။ “အင်း... ကျုပ်ကိုယ်ကျုပ် ယုံတာထက် ခင်ဗျားကို ပိုယုံတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် အရှင်မင်းသားကို လေးလေးနက်နက် ပြောပြမယ်။ သူတို့က တကယ့်ကို ပါရမီရှင်တွေပဲ။ တစ်သိန်းမှာ တစ်ယောက်တွေ့ရခဲတဲ့ ပါရမီရှင်တွေပဲ။ သူတို့ကို ဖန်တီးခဲ့တဲ့လူက သူတို့ကို အသုံးမပြုနိုင်ခင်မှာ ဖျက်ဆီးခံလိုက်ရတာ။ ဒါ့ကြောင့် ဒီအုပ်စုက အသုံးမကျတဲ့ လူတွေ ဖြစ်သွားပြီး လောကကြီးရဲ့ အနိမ့်ကျဆုံးလူတွေ ဖြစ်ကုန်တာပေါ့။

ကျုပ်က တစ်လကျော်လောက် ဒီနေရာကို လူသစ်စုဆောင်းဖို့ ပြင်ဆင်ခဲ့တယ်။ လောကကြီးတစ်ခုလုံးကို ကျော်ကြားစေ ခဲ့တယ်။ ကျုပ်က ဒီလူတွေ ရောက်လာမှာကို စောင့်နေတာပဲ။ အခု သူတို့ကိုတွေ့ခဲ့ပြီ။ တစ်ကြိမ်တည်းနဲ့ ၁၁ ယောက်တောင် ရတယ်။ ကျုပ် ပျော်လွန်းလို့ သေတော့မယ်”

နင်ကျန်းက အံ့အားသင့်သွားမိ၏။ သူက ရှမ့်လန်အပေါ်တွင် အကြွင်းမဲ့ ယုံကြည်ချက်ရှိသည်ဟု ပြောဆိုခဲ့ပြီး သူ့ကိုယ်သူထက်ပင် ပိုမိုကာ ယုံကြည်သည်ဟု ပြောဆို၏။ တစ်ဖက်လူက အရည်အချင်း ရှိသည့်လူများဟု ပြောနေလျှင် တကယ်ပင် အရည်အချင်းရှိသူများ ဖြစ်ရပေလိမ့်မည်။

နင်ကျန်းက ပြောလိုက်၏။ “ဒါဆိုရင် ဒီလူတွေက သူတို့ကိုယ်သူတို့ အရည်အချင်းရှိတဲ့လူတွေ ဖြစ်မှန်းရော သိကြရဲ့လား”

ရှမ့်လန်က ပြောလိုက်သည်။ “တစ်ယောက်ပဲ သိတယ်။ သူက အခုလူဆယ်ယောက်ကို သူ့နားရောက်အောင် စုစည်းထားဖို့ ဆယ်နှစ်ကျော် အချိန်ယူခဲ့တယ်။ သူက အရမ်းကို အံ့အားသင့်စရာ ကောင်းတဲ့လူပဲ။ လူဆယ်ယောက်ကတော့ သူတို့ကိုယ်သူတို့ ထူးခြားတဲ့လူတွေ ဖြစ်မှန်း မသိကြဘူး။”

နင်ကျန်းက ပြောလိုက်၏။ “အဲဒီလူက အရူးလန်လား”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူပဲ။ ပြီးတော့ အရှင်မင်းသားအတွက် ပြိုင်စံရှားတပ်မှုးတစ်ယောက် လိုအပ်နေသေးတယ်။”

ထိုအချိန် ရေချိုးခြံဝန်းထဲမှာတော့ ....

အရူးလန်က မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ချပြီး တောင်းပန်လျက် ရှိ၏။ “သခင်မလေး... သခင်မလေး... ကျေးဇူးပြုပြီး သနားပါ။ ကျုပ်ရဲ့ဆံပင်တွေရှည်အောင် မနည်းကြိုးစားခဲ့ရတာ။ ခေါင်းကိုတော့ ခေါင်းတုံး မတုံးလိုက်ပါနဲ့။ နောက်တစ်ချိန် ကျုပ်က ဝန်ကြီးချုပ်ဖြစ်လာမယ့်လူလေ။ ဆံပင်မရှိရင် လူကြားထဲမှာ ဘယ်လိုနေမလဲ။

သခင်မလေး... ကျုပ်ရဲ့ဆံပင်တွေကိုသာ ချန်ထားပေးမယ်ဆိုရင် တစ်ချိန်ချိန်မှာ ခင်ဗျားအသက်ကို ကျုပ်ကယ်ပေးမယ်။ သခင်မလေး... ဆံပင်ကိုပဲ ချန်ထားပေးပါ။ ကျေးဇူးပြုပြီး ဆံပင်ကိုပဲ ချန်ထားပေးစမ်းပါ”

ရှမ့်နုက အေးစက်စွာ ပြောလိုက်သည် “ရှင်က ဂဂျီဂဂျောင် သိပ်လုပ်တာပဲ။ ရှင့်ရဲ့ဆံပင်ထဲမှာ သန်း ဘယ်လောက်တောင် ရှိနေမှန်း မသိဘူး။ ဒီတော့ ချန်ထားပေးလို့မရဘူး။ ပြီးတော့ သန်းက သခင်မလေးပင်းအာဆီ ရောက်သွားမယ်ဆိုရင် ရှမ့်သခင်လေးဆီကို ရောက်သွားမယ်။ ရှမ့်သခင်လေးက နတ်ဘုရားလို လူမျိုးလေ။ ဘယ်လိုလုပ် သန်းတွယ်လို့ ဖြစ်မှာလဲ”

အရူးလန်က အကြံပြုလိုက်၏။ “ဒါဆိုရင် သန်းတွေကို သတ်ဖို့ ရေနွေးပူပူ သုံးလိုက်ရင်ရော”

ရှမ့်နုက ပြောသည်။ “ဒါကို ရှင့်ရဲ့ခေါင်းက ခံနိုင်ရည် ရှိပါ့မလား”

အရူးလန်က အံကို ကြိတ်လိုက်၏။ “ရပါတယ်။ စမ်းကြည့်ကြတာပေါ့”

ခဏကြာသည့်အချိန်မှာတော့ ...

“အား... အား...”

အရူးလန်က အလွန်အမင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ “ကျက်ကုန်ပြီ။ ခေါင်းတွေ ကျက်ကုန်ပြီ”

အော်သံကြောင့် အပြင်ဘက်မှ ဖြတ်သွားဖြတ်လာ ဈေးသည်များပင်လျှင် ကြောက်လန့်တကြားဖြင့် မြေပေါ်သို့ လဲကျကြ၏။

အတွင်းဘက်၌ အဝတ်အစားလဲလျက် ရှိနေသည့် တခြားသော သူတောင်းစားများအားလုံးသည် ကြောက်လန့်တကြားဖြင့် ဘောင်းဘီထဲတွင် သေးများပင် ထွက်ကျကုန်၏။

နာရီဝက်ခန့်ကြာပြီးနောက် ရေနွေးပူပူ ထည့်ထားသော ဇလုံထဲတွင် သန်းအသေကောင် ထောင်ပေါင်းများစွာ ပေါလော ပေါ်နေ၏။ အရူးလန်၏ ဦးရေပြားများကလည်း ကျက်လုနီပါး ဖြစ်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ပထမဦးဆုံးအကြိမ် ဆံပင်ကို သန့်ရှင်းစွာ ဆေးကြောခြင်း ဖြစ်သည်။

ရှည်လျားသည့် ဆံပင်များကို ညှင်သာစွာ ခါယမ်းလိုက်၏။ သူ၏ မုတ်ဆိတ်မွေးကို လက်ဖြင့် ပွတ်သပ်လိုက်၏။ တိုင်ကို အသာမှီပြီးနောက် ဆွဲဆောင်မှုရှိသည့် ဟန်ပန်အမူအရာဖြင့် လှမ်းကာ ကြည့်ရှု၏။ “ရှမ့်နုသခင်မလေး... ခင်ဗျားက အရမ်းကို ချောလွန်းတယ်လို့ တစ်ယောက်ယောက်ကများ ပြောခဲ့ဖူးလား။ သခင်မလေးက ဘယ်အရပ်က လာတာလဲ။ အိမ်ထောင်ရော ရှိပြီလား”

All Chapters