အပိုင်း (၄၆၉)
Vol. 33 Ch. 469
ဤသည်ကား မှန်ကန်၏။ သို့ပေမည့် လက်ရှိအခြေအနေက အဓိပ္ပာယ်ကင်းမဲ့လွန်းနေ၏။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်က ကတိခံဝန်တစ်ခုကို ရေးပါ့မယ်”
ဘုရင်မင်းမြတ်က ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ “ကောင်းပြီ၊ သဘောတူတယ်။ ဒါဆိုရင်လည်းရေး”
ရှမ့်လန်က စုတ်တံကို ကောက်ကိုင်လိုက်ပြီးနောက် ကတိခံဝန်ချက်တစ်ခုကို ရေးချ၏။ စာမေးပွဲ၌ အရူးလန်သည်သာ စာပေစာမေးပွဲကို ဝင်ရောက်ဖြေဆိုမှာဖြစ်ပြီး ကျန်သည့် ၁၀ ဦးက သိုင်းပညာဆိုင်ရာ စာမေးပွဲကို ဝင်ရောက်ဖြေဆိုပေလိမ့်မည်။
အကယ်၍ အရူးလန်သာ ထိပ်ဆုံး ၃ ဦး စာရင်းသို့ မဝင်ပါက သို့မဟုတ် ကျန်သည့် ၁၀ ဦးက သိုင်းစာမေးပွဲကို အောင်မြင်ခြင်းမရှိပါက ရှမ့်လန်က ရွှမ်ဝူမြို့ဆီသို့ တရားဝင် ပြန်ရပေလိမ့်မည်။ ပဉ္စမမင်းသား ထီးနန်းရရှိရေး ကူညီမည့် ကိစ္စရပ်ကို သူက စွန့်လွှတ်ရပေလိမ့်မည်။ သို့နှင့် ရှမ့်လန်က သူ၏ နာမည်နှင့် လက်မှတ်ကို ရေးထိုးလိုက်၏။
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အရူးလန် ထိပ်ဆုံး ၃ ဦးထဲ ဝင်ဝင်၊ မဝင်ဝင် ကိစ္စမရှိဘူး။ အောင်တဲ့ နာမည်စာရင်းထဲပါရင် ရပြီ”
ရှမ့်လန်၏ ကတိခံဝန်ချက်ကို ဖတ်ရှုပြီးနောက် ဘုရင်မင်းမြတ်က သူ့ကို ဟာသလုပ်နေသည်ဟုပင် ခံစားနေမိ၏။ ဟုတ်ပေ၏။ တကယ်ပင် ဟာသနှင့် ဆင်တူ၏။ လုပ်ခဲ့သမျှ အရာအားလုံးကလည်း ဟာသကဲ့သို့ပင် နင်ကျန်း ထီးနန်းယှဉ်ပြိုင်မည့်အရာကလည်း အဓိပ္ပာယ်ကင်းမဲ့လွန်းသည့် အရာပင်။
ထို့အပြင် အရူးလန်နှင့် ကျန်သည့် ၁၀ ဦးတို့သည်သာ စာပေ စာမေးပွဲနှင့် သိုင်းပညာ စာမေးပွဲများတွင် ကျရှုံးခဲ့ပါက နင်ကျန်း ထီးနန်းယှဉ်ပြိုင်မည့် ဖြစ်ရပ်အားလုံးက မျှော်လင့်ချက် ကင်းမဲ့သွားပေလိမ့်မည်။ ထိုအရာက ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် အံ့ဖွယ်ရာကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဖယောင်းတိုင်မီးက မျက်စိရှေ့မှာ ရှိနေတယ်။ မကြာခင် ပူနိုင်တယ်နော်။ အခုချိန်မှာ လက်လျှော့လိုက်မယ်ဆိုရင် ဘာတစ်ခုမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်။ ပြီးရင် သူတောင်းစား အကုန်လုံးကို မောင်းထုတ်လိုက်။ ပြီးရင် ငါကိုယ်တိုင် နင်ကျန်းရဲ့ အိမ်တော်ဆီ အမှုထမ်းနှင့် အရာရှိတွေကို စေလွှတ်ပေးမယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်က အံ့ဖွယ်ရာတွေကို ဖန်တီးရတာ နှစ်သက်တဲ့လူတစ်ယောက်ပဲ။ မဖြစ်နိုင်တဲ့အရာတွေကို ပြုလုပ်ရတာ ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ပါပဲ”
ဘုရင်မင်းမြတ်က ရှမ့်လန်အား ရူးသွပ်နေသူဟုသာ ခံစားနေမိ၏။ တစ်လကျော်သာ ကျန်ရှိသည့်အချိန်တွင် သူတောင်းစား ၁၁ ယောက်ကို နိုင်ငံ့စာမေးပွဲ အောင်မြင်အောင် ပြုလုပ်ပေးရန် စဉ်းစားနေ၏။ ရွှဲ့ပြည်နယ်၏ စာပေနှင့် သိုင်းပညာ စာမေးပွဲများက ဤမျှလွယ်ကူနေသလား။ နှစ်စဉ်နှစ်တိုင်း ထိပ်တန်းပညာရှင်များ ဤမျှ စာမေးပွဲကျခဲ့သနည်း။
ရွှဲ့၊ ချောင်နှင့် ဝူပြည်နယ်တို့တွင် နိုင်ငံ့စာမေးပွဲမှာ အလွန်ခက်ခဲ၏။ အစမ်းစာမေးပွဲဆိုလျှင်ပင် လူဦးရေ ၃၀၀၀ ခန့်သာ ဝင်ရောက်ဖြေဆိုနိုင်၏။ ထိုကဲ့သို့ ဝင်ရောက်ဖြေဆိုသည်ဆိုလျှင်တောင် မည်မျှ အောင်မြင်ရသနည်း။ အောင်မြင်နိုင်ခြင်းမှာ အများဆုံး ၁၃၀ ထက် မပိုချေ။ ထို့ကြောင့် အောင်မြင်နိုင်မှုနှုန်းက ၅ ရာခိုင်နှုန်းအောက်ပင် ရှိ၏။
ထို့အပြင် ပါဝင်ယှဉ်ပြိုင်ကြသည့် လူ ၃၀၀၀ တို့က ပညာတတ်များ၊ ကျောင်းတော်သားများသာလျှင် ဖြစ်၏။ အပျော်တမ်းဝင်ရောက်ဖြေဆိုသူ အနည်းငယ်မျှပင် မရှိကြချေ။ အစမ်းစာမေးပွဲ ဆိုပေမည့် ကြမ်းတမ်း ခက်ခဲလွန်းလှချေသည်။
ရွှဲ့ပြည်နယ်သည် အစမ်းစာမေးပွဲကို ဒေသ ၅ ခုတွင်ကျင်းပသည်။ ထျန်းလန်စီရင်စုက အလွယ်ကူဆုံးဖြစ်ပြီး နန်းမြို့တော်တွင် ဖြေဆိုခြင်းက အခက်ခဲဆုံးဖြစ်၏။ နန်းမြို့တော်တွင် ပါရမီရှင် အများအပြား တည်ရှိနေသောကြောင့်ပင်။ အစမ်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုရသည် ဆိုသော်လည်း စီရင်စုတစ်ခုတွင် ပညာရှင်တစ်ယောက် ပေါ်ပေါက်လာဖို့ဆိုသည်မှာ တကယ်ပင် ခက်ခဲလှ၏။ ဆယ်စုနှစ်ပေါင်းများစွာ စာပေကို သင်ကြားခဲ့သူများ၊ လေ့လာကျက်မှတ်ခဲ့သူများပင်လျှင် စာမေးပွဲကို အောင်မြင်ခဲ့ခြင်း မရှိကြချေ။
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ပြီးတော့ တစ်ချက်ရှိသေးတယ်။ တကယ်လို့ အစမ်းစာမေးပွဲ ကျရှုံးသွားပြီဆိုရင် ငါက အဲလူတွေအကုန်လုံးကို ကွပ်မျက်ပစ်မယ်။ ဘာလို့လဲဆိုတော့ မင်းက ပြဿနာရှာတယ်ဆိုပေမဲ့ သိက္ခာကျရတဲ့လူက ငါ ဖြစ်လို့ပဲ”
ရှမ့်လန်က တန့်ခနဲ ဖြစ်သွားခဲ့သည်။
“ကဲ ဒီအတိုင်း သဘောတူညီလိုက်ရအောင်”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “လီစွမ်း”
“ကောင်းပါပြီ”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အရူးလန်ကို နန်းတွင်းကျောင်းတော်သားအဖြစ် ချီးမြှင့်တယ်။ ဆောင်းဦးနှောင်းပိုင်း အစမ်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိတယ်။ ကျန် ၁၀ ယောက်လုံးကလည်း သိုင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိတယ်။ ပြီးတော့ ရေနက်တပ်ဖွဲ့က လူတွေကို ထွက်ခွာသွားဖို့ ပြောလိုက်။ သူတောင်းစားတွေရဲ့အသက်ကို တစ်ကြိမ်လောက် ချမ်းသာပေးလိုက်မယ်”
မိန်းမစိုးကြီး လီစွမ်းက ပြန်လည်ကာ ပြောဆိုလိုက်၏။ “ကောင်းပါပြီ”
ရှမ့်လန်က ဦးညွှတ်လိုက်သည်။ “အရှင်မင်းကြီး... တကယ်လို့ စာမေးပွဲကိုအောင်မြင်ပြီး အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်ခဲ့မယ်ဆိုရင်ရော ....”
ဘုရင်မင်းမြတ်က ခဏလောက် စဉ်းစားလိုက်၏။ “ဒါဆိုရင် ဘာလိုချင်လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “နင်ကျန်းရဲ့ ကိုယ်ပိုင်စစ်တပ်အင်အားကို ၂၀၀၀ အထိ တိုးမြှင့်ခွင့်ပြုပေးဖို့ပါ”
ကိုယ်ပိုင်စစ်သည် ၂၀၀၀ ဆိုသည်မှာ မများလှသော်လည်း မနည်းသည့် အရေအတွက်တစ်ခု ဖြစ်၏။ ဘုရင်မင်းမြတ်၏ မျက်ခုံးများက ကုပ်ဝင်သွားခဲ့၏။ ရှမ့်လန်သည်သာလျှင် ဤကဲ့သို့ အခြေအနေမျိုးကို တောင်းဆိုရဲ၏။ တခြားသောသူဆိုပါက သူ ရိုက်နှက်သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်၏။
နင်ယွမ်ရှန်းက မျက်မှောင် ကြုတ်လိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် စစ်သည်စုဆောင်းရာမှာလည်း စိတ်တိုင်းကျ ရွေးချယ်နိုင်တယ်။ တကယ်လို့ ကျရှုံးခဲ့ရင်တော့ ကိုယ့်ရဲ့အကျိုးဆက်ကို ကိုယ်သတိရ။ ငါ ထပ်မပြောတော့ဘူး”
ရှမ့်လန် ထွက်သွားသည်နှင့် ဘုရင်မင်းမြတ်က နောင်တရမိ၏။ သူ့ခေါင်းကိုပင် ပြင်းပြင်းထန်ထန်နှင့် ရိုက်မိ၏။ သူ စိတ်ဖောက်သွားခဲ့လေသည်လား။ ရှမ့်လန်၏ မဖြစ်နိုင်သော တောင်းဆိုမှုကို သဘောတူညီ လိုက်လေသည်လား။ သူတောင်းစား ၁၁ ယောက်ကို သိုင်းစာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပေးခဲ့၏။ တကယ် ရှက်ဖွယ်ရာပင်။
“ခွေးသူတောင်းစား ရှမ့်လန်”
………..
နင်ကျန်း၏ ချန်းဖန်မြို့စားစံအိမ်တော်ထဲမှာတော့ ....
ရေနက်တပ်ဖွဲ့မှ ကျွမ်းကျင်သူများက ထွက်ခွာသွားခဲ့ပြီး သူတောင်းစား ၁၁ ယောက်တို့ကလည်း လောလောဆယ် အသက်ချမ်းသာရာ ရခဲ့၏။ ထို့အပြင် သူတောင်းစား ၁၁ ယောက်တို့အား ကျောင်းတော်သားဘွဲ့ ချီးမြင့်သည့် အထောက်အထားစာရွက်များကို နန်းမြို့တော်မှ လူတစ်ယောက်က လာရောက်ကာ ပို့ဆောင်၏။ လာရောက်ပို့ဆောင်သူမှာ မိန်းမစိုးငယ်လေး တစ်ယောက်ဖြစ်၏။ မိန်းမစိုးကြီး လီစွမ်းက ဤသို့အရှက်ရစရာ ကိစ္စရပ်မျိုးကို ကိုယ်တိုင်ကိုယ်ကျ မပြုလုပ်ချင်ပေ။ ထို့အပြင် အမိန့်ပြန်တမ်း လည်း မဟုတ်ပေ။
အရူးလန်နှင့် သူတောင်းစား ၁၁ ဦးတို့က အလုံးစုံ သန့်ရှင်းသပ်ရပ်လျက်ရှိနေ၏။ အဘယ်သို့ မသန့်ရှင်းဘဲ နေမည်နည်း။ တစ်ကိုယ်လုံးကို ချေးများတွန်းထားခဲ့သောကြောင့် ခန္ဓာကိုယ်က သွေးများထွက်လုမတတ်ပင် ပွန်းပဲ့လျက်ရှိနေ၏။ တချို့နေရာများတွင် အသားနီပင် လန်လို့နေသည်။
အရူးလန်မှလွဲ၍ ကျန်သည့် လူ ၁၀ ဦးလုံးက ဆံပင်များကို သန့်ရှင်းစင်ကြယ်အောင် ရိတ်သင်ထားခဲ့၏။ ရေချိုးဆပ်ပြာတိုက်၊ ခေါင်းလျှော်၊ အဝတ်အစားသစ်များကို လဲလှယ်ပြီးနောက် သူတို့ ၁၁ ဦးလုံးက ပုံစံ ပြောင်းလဲသွားခဲ့၏။ သို့ပေမည့် အရုပ်ဆိုးနေဆဲပင်။
အရူးလန်တစ်ယောက်မှလွဲ၍ ကျန်သည့်လူများအားလုံးက အရုပ်ဆိုး၏။ အရူးလန်က ညစ်ပတ်နေစဉ်သာ အရုပ်ဆိုးသော်လည်း သန့်ရှင်းသပ်ရပ်သွားသည့်အချိန်မှာတော့ ခန့်ညားလွန်းသည့် သက်လတ်ပိုင်း အရွယ် အမျိုးကောင်းသား တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ ကံဆိုးစွာဖြင့် သူ၏ အကြည့်များက ယုတ်ညံ့သိမ်ဖျင်းပြီး မျက်နှာထားကလည်း အောက်တန်းကျနေဆဲ ဖြစ်သည်။
ကျန်သူတောင်းစား ၁၀ ဦးတို့သည် အားလုံးနီးပါး မသန်စွမ်းလူများဖြစ်ကြ၏။ သန့်ရှင်းစင်ကြယ်သော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ယခင်ကဲ့သို့ ပုံပန်းသွင်ပြင်က ခပ်ယိုင်ယိုင်နှင့်ပင်။
“အရူးလန်ကလွဲပြီး ကျန်တဲ့လူတွေအကုန်လုံး သွားအိပ်ကြ”
စာကြည့်ခန်းထဲမှာတော့ နင်ကျန်း၊ ရှမ့်လန်နှင့် အရူးလန်တို့သာလျှင် ကျန်ရှိနေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် အရှင်မင်းကြီးထံမှာ ကတိခံဝန်ချက်တစ်ခုကို လုပ်ခဲ့တယ်။ တစ်လခွဲအတွင်း အရူးလန်က စာပေ စာမေးပွဲ ဝင်ဖြေရမယ်။ ကျန်တဲ့လူတွေကတော့ သိုင်းစာမေးပွဲ ဝင်ရမယ်။ အားလုံးအောင်ရမယ်။ အရူးလန်က ထိပ်ဆုံး ၃ ယောက် စာရင်းထဲကို ဝင်ရမယ်။
အောင်မြင်ခဲ့ရင် ခင်ဗျားတို့ရဲ့ ရာထူးတွေက အတည်ဖြစ်သွားလိမ့်မယ်။ အရှင်မင်းကြီးကလည်း စစ်သည်အင်အား ၂၀၀၀ ကို တိုးမြှင့်ခွင့်ပေးလိမ့်မယ်။ တကယ်လို့ ကျရှုံးခဲ့မယ်ဆိုရင်တော့ ပဉ္စမမင်းသားရဲ့ ထီးနန်းယှဉ်ပြိုင်ခွင့် တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ။ ပြီးတော့ ကျုပ်က ရွှမ်ဝူမြို့ကို အမြီးကုပ်ပြီး ပြန်ရမယ်။ ခင်ဗျားတို့ ၁၁ ယောက်လုံးကတော့ ကွပ်မျက်ခံရမယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ နင်ကျန်းပင် တုန်လှုပ်သွားခဲ့မိ၏။
အရူးလန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ ရှမ့်လန်ကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။
‘သခင်လေးရှမ့်.. ကျုပ်က အရူးလား။ ခင်ဗျားက အရူးလား’
ရှမ့်လန်က ပြောလိုက်သည်။ “အရူးလန်.. ခင်ဗျားက ခင်ဗျားရဲ့ အရည်အချင်းကို ဂုဏ်ယူနေတာ မဟုတ်ဘူးလား။ ဘာလဲ။ ထိပ်ဆုံး ၃ ယောက် စာရင်းတောင် မဝင်နိုင်ဘူးလား”
အရူးလန်က ပြောလိုက်၏။ “ကျုပ်ကတော့ အဆင်ပြေပါတယ်။ ကျုပ်က အရည်အချင်းရှိပြီး လောကကြီးမှာ ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်လေ။ ဒါပေမဲ့ ဟိုသူတောင်းစား ၁၀ ယောက်ကတော့ မဖြစ်နိုင်ဘူး။ သိုင်းပညာ လေ့ကျင့်ဖို့ဆိုတာ ၁၀ နှစ်လောက်ကြာတယ်။ တစ်လခွဲလောက်အချိန်နဲ့ သူတို့ကို သိုင်းစာမေးပွဲ အောင်ဖို့လုပ်ရမယ်ဆိုတာ ကောင်းကင်ဘုံပေါ် တက်တာထက်တောင် ပိုပြီးခက်အုံးမယ်”
နင်ကျန်းက လေသံ ခပ်မာမာဖြင့် ပြောလိုက်သည်။ “အရူးလန်... နောက်ပြောင်မနေနှင့်တော့။ ခင်ဗျား လုပ်နိုင်လား မလုပ်နိုင်ဘူးလားပဲ ပြော”
အရူးလန်က သူ၏ ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ပုတ်လိုက်၏။ “ကျုပ်လုပ်နိုင်တယ်။ ဘာလို့ မလုပ်နိုင်ရမှာလဲ။ တခြားကိစ္စမရှိဘူးဆိုရင် ကျုပ်သွားတော့မယ်။ ကောင်းသောညပါ”
ပြီးနောက် အရူးလန်က ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားခါနီးတွင် နင်ကျန်းက လှမ်းကာ ပြော၏။ “ရှမ့်လန်.. ကျုပ်တော့ ဒီလူ့ကို ယုံကြည်လို့ မရဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ခဏလောက် စောင့်ကြည့်လိုက်ပါအုံး”
...........
နှစ်နာရီခန့်ကြာပြီးနောက် အရူးလန်က သူတောင်းစား ၁၀ ဦးကို ဦးဆောင်ပြီး တံတိုင်းကို ကျော်ကာ ထွက်ပြေးကြသည်။
သူတို့က ရှမ့်နုနှင့် ဝူလဲ့တို့၏ ဖမ်းဆီးခြင်းကို ခံရ၏။ ရှမ့်လန်၏ ရှေ့ဆီသို့ ပစ်လွှတ်ခြင်းကို ခံရ၏။
အရူးလန်က ရှမ့်လန်၏ ခြေထောက်ကို ဖက်ကာ အော်ဟစ်နေခဲ့သည်။ “သခင်လေးရှမ့်.. ကျုပ် မလုပ်နိုင်ဘူး။ ကျုပ် မလုပ်နိုင်တော့ပါဘူး။ ကျုပ်က ဗိုက်ဝဖို့ ကြိုးစားခဲ့ရုံသက်သက်ပဲ လုပ်တာပါ။ လူတွေသေမယ်လို့ ဘယ်ထင်မှာလဲ။ ကျုပ်တို့အားလုံးက လောကအလယ်မှာ ကျင်လည်ကျက်စားနေတဲ့လူတွေပါ။ ဒီတစ်ကြိမ်လောက်တော့ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ သခင်လေးရှမ့်ရဲ့ ကျေးဇူးကို ကျုပ်ဘယ်တော့မှ မမေ့ပါဘူး”
ခန့်ညားလွန်းသည့် မျက်နှာပိုင်ရှင်နှင့်တစ်ယောက်က ရှမ့်လန်၏ ခြေထောက်ကို ဖက်၍ ငိုယိုနေသည်ကို ကြည့်ရှုရသည်မှာ တကယ်ပင် ယုတ်ညံ့သိမ်ဖျင်းလွန်းလှ၏။ ရှမ့်နု၏ အမြင်တွင် တကယ့်ကို အထင်သေးစရာ ဖြစ်လာခဲ့၏။
နင်ကျန်းမှာမူ ဒေါသထွက်လျက် ရှိနေသည်။ “ခင်ဗျားရဲ့အရည်အချင်းတွေကို ကြွားလုံးထုတ်ခဲ့တာ ခင်ဗျားပဲ။ ပြီးတော့ သူတောင်းစားတွေကိုခေါ်ပြီး ထွက်ပြေးတာလည်း ခင်ဗျားပဲ။ ခင်ဗျားက ကျုပ် နင်ကျန်းကို ဘာမှတ်နေလဲ။
ခင်ဗျားက အိမ်ခြေရာမဲ့ သူတောင်းစားတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ ကျုပ်နဲ့ရှမ့်လန်တို့က ခင်ဗျားကို တန်ဖိုးထားခဲ့တယ်။ ခင်ဗျားကို ကျုပ်တို့က တန်ဖိုးထားရုံလောက်ဆို တော်သေးတယ်။ ခင်ဗျား အပေါ်မှာ မူတည်ပြီး ကျုပ်တို့ရဲ့ ဘဝကို အလောင်းအစားအဖြစ် ပုံအပ်ခဲ့တာလေ”
နင်ကျန်းက ရှမ့်လန်အပေါ်တွင် မျှော်လင့်ချက်အနည်းငယ် ထားရှိသော်လည်း အရူးလန်၏ ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ မည်သည့်မျှော်လင့်ချက်ဟူ၍မျှ မရှိတော့ချေ။ ထို့အပြင် သူက ဤ ၁၁ ယောက်တို့၏ အသက်ကို အကြောင်းမဲ့ မသေစေလိုပေ။
“အင်း... အတင်းအကျပ် ခူးဆွတ်တဲ့ အသီးက ချိုမှာ မဟုတ်ဘူး။ ဒီတော့ မလုပ်ချင်ရင် အတင်းအကျပ် မခိုင်းတော့ဘူး။ ကျုပ့်အဖေကို ကျုပ်သွားပြီး လျှောက်တင်တော့မယ်” နင်ကျန်းက အေးစက်စက်နှင့် ပြောလိုက်၏။
အရူးလန်က ချက်ချင်းပင် ဦးတိုက်လိုက်သည်။ “ကျေးဇူးတင်ပါတယ်။ အရှင်မင်းသား။ နောက်တစ်ချိန် အရှင်မင်းသားရဲ့ ကျေးဇူးကို ကျုပ် ပြန်ဆပ်ပါ့မယ်။ နှုတ်ဆက်ပါတယ်”
ပြီးနောက် သူက မီးခိုးငွေ့တစ်ခုလိုပင် လျောကနဲ ထွက်ပြေး၏။ သို့ပေမည့် နောက်တစ်စက္ကန့်အတွင်းမှာပံ ရှမ့်နု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရပြီး မြေပေါ်သို့ တဖန် ပစ်ချခံရပြန်၏။
ရှမ့်လန်က အရူးလန်ကို ကြည့်ရှုလိုက်သည်။ “ခင်ဗျား ရူးချင်သလို ရူးလို့ရတယ်။ ဒါပေမဲ့ ခင်ဗျားအသက်က ၃၀ ကျော်နေပြီ။ ဒီလိုတွေလုပ်နေဖို့ ခင်ဗျားမှာ ဘယ်နှစ် နှစ်လောက် ကျန်သေးလဲ။ ပြီးတော့ ခင်ဗျားဘယ်သူ့ကို အားကိုးမှာလဲ”
အရူးလန်က အံ့အားသင့်သွားမိ၏။ သို့ပေမည့် မကြာခင်မှာပဲ သူက ရှမ့်လန်၏ ခြေထောက်ကို တစ်ခါပြန်ဖက်ကာ အရှက်မရှိသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် ငိုယိုကာ တောင်းပန်ပြန်၏။ “သခင်လေးရှမ့်.. ကျုပ်ကို လွှတ်ပေးပါ။ ကျုပ်တကယ် မလုပ်နိုင်ပါဘူး။ ကျုပ်က အလကားနေရင်း ဝါကြွားခဲ့တာပါ။ ကျုပ်လိမ်ညာခဲ့တာပါ။ ကျုပ်ဟောခဲ့တဲ့ ဗေဒင်တွေကလည်း တစ်ခါမှ မမှန်ဖူးပါဘူး။
ကျုပ်စာအုပ်တွေ အများကြီးကို ဖတ်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းမတက်ခဲ့ဖူးဘူး။ နိုင်ငံ့စာမေးပွဲကို တစ်ခါမှတောင် ဝင်မဖြေခဲ့ဖူးဘူး။ နိုင်ငံ့ စာမေးပွဲဆိုတာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုပဲ။ ကျုပ်က ထိပ်ဆုံး ၃ ယောက် ဝင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျုပ်ကို သတ်ပစ်လိုက်မယ်ဆိုရင်တောင် ကျုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။
ပြီးတော့ ဟို ၁၀ ယောက်ကလည်း မသန်မစွမ်းတွေပါ။ သိုင်းပညာဆိုတာ တစ်ခါမှတောင် လေ့ကျင့်ဖူးတာ မဟုတ်ဘူး။ တစ်လခွဲအတွင်း သိုင်းစာမေးပွဲကို အောင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သခင်လေးရှမ့်.. အိပ်မက် မက်နေတာလား”
နင်ကျန်းက ပြောလိုက်၏။ “ရှမ့်.. ထားလိုက်ပါတော့။ ဘယ်လိုဖြစ်ပြီး အတင်းအကျပ် ဖိအားပေးနေရတာလဲ”
အရူးလန်၏ ယုတ်ညံ့သိမ်ဖျင်းသည့် ပုံစံကို ကြည့်ရှုရင်း သူကိုယ်တိုင်ပင်လျှင် ထကာ ပါးရိုက်ချင်စိတ် ပေါက်နေသည်။
ရှမ့်လန်က ဘာမှမပြောချေ။ အလွန်တရာ နက်နဲရှုပ်ထွေးသည့် ဆောင်းပါးတစ်ပုဒ်ကို အသာ ပစ်ချလိုက်၏။ ထိုဆောင်းပါး၌ စာလုံးရေ ထောင်ပေါင်းများစွာ ရှိ၏။
“အမွှေးတိုင်ထွန်းလိုက်”
အမွှေးတိုင်တစ်တိုင်ကို မီးရှို့လိုက်သည်။
“အရူးလန်.. ခင်ဗျား ဒီစာလုံး ၅၀၀၀ ကို ကျက်မှတ်ဖို့ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ရမယ်။ မရရင် ခင်ဗျားကို သင်းကွပ်ပစ်မယ်။ ဝူလဲ့.. ဓားယူထား”
ဝူလဲ့က မည်သည့်စကားမှ မဆိုချေ။ သူ၏ ဓားကောက်ကို ထုတ်ယူပြီး အရူးလန်၏ ပေါင်ဂွတည်နေရာကို တေ့ထား၏။
ထိုအခိုက်မှာတော့ အရူးလန်က ကြောက်လွန်း၍ သေးပင်ထွက်ကျလုမတတ် ဖြစ်နေ၏။ သူ၏ ယောကျ်ားအင်္ဂါကို နောက်ပြန်ဆုတ်၍ ဝမ်းဗိုက်ထဲသို့ ပြန်ကာ ဝှက်ထားချင်စိတ်ပင် ပေါက်သွားသည်။
“သခင်လေးရှမ့်... မနောက်ပါနဲ့။ ကျုပ်သေလိမ့်မယ်” အရူးလန်က တောင်းပန်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားမှာ အချိန်မရှိဘူး။ အမွှေးတိုင်တစ်တိုင်စာပဲ ရမယ်။ မကျက်နိုင်ဘူးဆိုရင် ခင်ဗျားကို သင်းကွပ်ပစ်မယ်။ ကျုပ်က ပြောတဲ့အတိုင်း လုပ်တတ်တယ်”