အပိုင်း (၄၇၀)
Vol. 33 Ch. 470
အရူးလန်က ရှမ့်လန်ဆီမှ စာရွက်ကို အလျင်အမြန် လှမ်းကာ ယူလိုက်၏။
စာအုပ်က စာလုံးပေါင်း ၅၀၀၀၊ စာမျက်နှာ ၂၀ ခန့်ရှိသော ထူထဲသည့်စာအုပ်တစ်အုပ်ဖြစ်ပြီး ရှုပ်ထွေးလွန်းသည့် စာတမ်းတစ်စောင်ဖြစ်၏။ အမွှေးတိုင်တစ်တိုင်စာ အချိန်ဆိုသည်မှာ နာရီဝက်ပင် မကြာချေ။ သာမန်လူတစ်ယောက်အတွက် ထိုစာအုပ်ကို ဖတ်ရှုရန် အချိန်ပင် မလောက်ပေ။ ကျက်မှတ်ဖို့ ဆိုလျှင် ဝေလာဝေးပင် ဖြစ်၏။ ပါရမီရှင်တစ်ယောက်ပင်လျှင် ထိုအရာကို ကျက်မှတ်ရန် အနည်းဆုံး အချိန် တစ်ရက်လောက် လိုအပ်ပေလိမ့်မည်။
ထိုအခိုက်အတန့်မှာတော့ အရူးလန်က လုံးဝ ကွဲပြားခြားနားသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ပုံပင်။ သူက တိတ်တဆိတ် ရွတ်ဆိုလျက်ရှိနေ၏။ သူ၏ မျက်လုံးများကလည်း လျင်မြန်စွာ လှုပ်ရှားနေ၏။ ဝူလဲ့၏ ဓားက သူ့ပေါင်ဂွကြားကို တေ့ထားဆဲဖြစ်၏။ သူ၏ ခန္ဓာကိုယ်ကတော့ တဆတ်ဆတ် တုန်ယင်လျက်ရှိနေ၏။
နာရီဝက်မပြည့်ခင်မှာပဲ အမွှေးတိုင်တစ်တိုင် ကုန်ဆုံး သွားခဲ့သည်။
“အချိန်စေ့ပြီ”
ရှမ့်လန်က စာမျက်နှာ ၂၀ ရှိသည့် စာအုပ်ကို အသာဆွဲယူလိုက်၏။ “အကုန်ပြန်ရွတ်။ တစ်လုံးမှ မှားလို့မရဘူး။ မှားတာနဲ့ ခင်ဗျားကို သင်းကွပ်မယ်”
အရူးလန်က မျက်လုံးများကို မှိတ်ထား၏။ ပြီးနောက် လျင်လျင်မြန်မြန် ရွတ်ဆိုလျက်ရှိနေ၏။
[...............]
အရာအားလုံးတို့ကို သူက လျင်မြန်စွာ ရွတ်ဆိုနေသော်လည်း အသံထွက်မှာ ရှင်းလင်းပြတ်သား၏။ ၁၅ မိနစ်ခန့်အကြာမှာပဲ စာလုံးရေ ၅၀၀၀ ကို ရွတ်ဆိုခဲ့ပြီးဖြစ်၏။ စာလုံးတစ်လုံးမှ မမှားချေ။
နင်ကျန်းက အံ့အားသင့်သွားခဲ့၏။ လောကတွင် ဤကဲ့သို့ ပါရမီရှင်များ ရှိနေသေးသည်လား။ စာလုံး ၅၀၀၀ လုံးကို အမွှေးတိုင်တစ်တိုင်စာအတွင်း ကျက်မှတ်ခဲ့သည်။
ပြီးနောက် ရှမ့်လန်က သင်္ချာပုစ္ဆာတစ်ပုဒ်ကို မေးမြန်းပြန်၏။ ပေါင်းနှုတ်မြှောက်စား ဂဏန်းများပင်။ မည်မျှ ခက်ခဲစေကာမူ ရှမ့်လန် မေးခွန်းမေးပြီး ၄၊ ၅ စက္ကန့်အတွင်း တစ်ဖက်လူက ဖြေဆိုနိုင်ခဲ့၏။ လုံးဝ အသေအချာပင်။
နင်ကျန်းက အံ့အားသင့် မင်သက်လျက်ရှိနေ၏။ အရူးလန်၏ ပါရမီက တကယ့်ကို အံ့အားသင့်စရာကောင်း၏။ ရှမ့်လန်ကတော့ ပိုမိုကာ အထင်ကြီးဖွယ်ရာပင်။ သူတောင်းစားများကြားထဲတွင် ဤကဲ့သို့ ပါရမီရှင် တစ်ယောက်ကို ရှာဖွေနိုင်ခဲ့သေးသည်လား။
နင်ကျန်းတင်မက ရှမ့်လန်မှာလည်း အံ့အားသင့်လျက်ရှိနေ၏။ နာရီဝက်အတွင်း စာလုံးပေါင်း ၅၀၀၀ ကို ကျက်မှတ်နိုင်ခြင်းကို ရှမ့်လန်က ပြုလုပ်နိုင်သော်လည်း သူက သူ၏ AI ကို အားကိုးသောကြောင့်ပင်။ တစ်ဖက်တွင်ရှိနေသည့် အရူးလန်မှာမူ ဓာတ်ပုံကဲ့သို့သော မှတ်ဉာဏ်မျိုးကို မွေးရာပါ လက်ဆောင်အဖြစ် ရရှိထားခဲ့၏။ အလွန်အံ့အားသင့်စရာ ကောင်း၏။ ရှမ့်လန်သည် ကိုယ့်ကိုယ်ကိုယ်ပင် ရှက်ရွံ့မိ၏။
ကျက်မှတ်ပြီးနောက် အရူးလန်က သနားစဖွယ် ပြောလိုက်သည်။ “သခင်လေးရှမ့်.. ကျုပ် သေးသွားပေါက်ပြီး ဘောင်းဘီလဲလို့ရမလား။ ကြောက်လွန်းလို့ပါ”
ရှမ့်လန်က လက်ကို ဝှေ့ယမ်းလိုက်၏။
ရှမ့်နုက အရူးလန်ကို ခေါ်ဆောင်သွားပြီး သန့်စင်ခန်းသို့ ပို့ကာ ဘောင်းဘီလဲစေ၏။ အရူးလန်က သေးပေါက်နေစဉ်မှာပဲ ...
“ရှမ့်နု သခင်မလေး... ယောကျ်ားတစ်ယောက်မှာ အရွယ်အစားက အရေးကြီးလား။ ဒါမှမဟုတ် သက်လုံက အရေးကြီးလား။ ဒါတွေက အရေးကြီးတာ မဟုတ်ဘဲနှင့် နည်းစနစ်က အရေးကြီးလား။
ရှမ့်နု သခင်မလေး... ကျုပ်အကြောင်း ဟာသတွေ အများကြီး ခင်ဗျားကြားဖူးမှာပေါ့။ ဒါတွေအကုန်လုံးက အမှန်ကြီးပဲလို့ ကျုပ်ပြောနိုင်တယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးက အပေါ်ယံ ဟန်ဆောင်ထားတာပဲ။ ကျုပ်ရဲ့ တကယ့် ပင်ကိုယ်စရိုက်က ဘာလဲသိလား။ ညသန်းခေါင်ကျရင် ကျုပ်ရဲ့ ခြံဝန်းထဲ လာခဲ့။ ကျုပ်တို့ လောလောဆယ် ပထမတစ်ပိုင်းကို ဆွေးနွေးခဲ့ပြီးပြီ။ ဒုတိယတစ်ပိုင်းကိုတော့ အဲကျမှ ဆက်ပြီး ဆွေးနွေးကြတာပေါ့”
ရှမ့်နုက အရူးလန်ကို မထီမဲ့မြင် ကြည့်ရှုလျက်ရှိနေ၏။
.........
အရူးလန်က ရှမ့်လန်၏ ရှေ့ဆီသို့ တဖန် ရောက်ရှိလာခဲ့ပြန်၏။ သူက ရှမ့်လန်၏ ပေါင်ကို ဖက်ကာ ငိုယိုပြန်သည်။ “သခင်လေးရှမ့်.. ကျုပ်ဆီမှာ အဲလို မှတ်ဉာဏ်ပဲ ရှိတာပါ။ ကျုပ်က ပါရမီရှိပေမဲ့ ကျုပ်တကယ် ကျောင်းမတက်ခဲ့ဖူးဘူး။ ကျုပ်ဖတ်ခဲ့တဲ့ စာအုပ်တွေကလည်း အရမ်းများလွန်းလို့ ရောထွေးကုန်ပြီ။ အထူး စာမေးပွဲနှင့် ပတ်သက်တာတွေကလည်း ကျုပ်ဖတ်ဖူးတဲ့စာအုပ်တွေထဲမှာ တစ်ခါမှ မပါဘူး။ ကျုပ်ဝင်ဖြေရင် စာမေးပွဲအောင်မှ မဟုတ်ပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အထူးစာမေးပွဲဆိုတာ အဓိကအားဖြင့် စကားပြေ နဲ့ ကဗျာကိုပဲ အားကိုးရတာ။ ကျုပ်ခင်ဗျားအတွက် ခန့်မှန်းစကားပြေ နဲ့ ကဗျာထောင်ပေါင်းများစွာကို ပြင်ဆင်ထားတယ်။ တစ်လအတွင်း ဒါတွေကို ကျက်မှတ်ရမယ်”
အရူးလန်က ပြောလိုက်သည်။ “ဒါတွေကို ကျက်မှတ်နေရုံနဲ့ အဓိပ္ပာယ်မရှိဘူး။ အောင်မြင်နိုင်ချေက အရမ်းကို နည်းတယ်”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားက ပါရမီရှင်လေ။ ခင်ဗျားက ကျင်းမူကုန်းမှ မဟုတ်တာ။ စာစီစာကုံး ထောင်ပေါင်းများစွာကို ကျက်မှတ်ပြီးရင် ခင်ဗျားဘာသာ ကိုယ့်စိတ်ကူးနဲ့ ချမရေးနိုင်ဘူးလား”
ထိုအခိုက်မှာပဲ စာစီစာကုံးများကို ဒေါသတကြီးဖြင့် ကူးယူရေးသားလျက် ရှိနေသည့် ကျင်းမူကုန်းသည် သူ၏ ယောက်ဖကို မော့ကြည့်လိုက်သည်။ ‘ယောက်ဖ.. ခင်ဗျား ဘာကြောင့် ကျုပ်ကို ထည့်ပြောရတာလဲ’
ရှမ့်လန်က ပြောလိုက်၏။ “အရူးလန်.. ကျုပ်ခင်ဗျားကို မေးမယ်။ တစ်လအတွင်း မူဝါဒစာတမ်း ၁၀၀၀ ကို ခင်ဗျား ကျက်ပေးနိုင်လား”
အရူးလန်က ခေါင်းညိတ်လိုက်သည်။ “ရတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် စကားပြေ ၁၀၀၀ ကျက်ပြီးရင် ခေါင်းစဉ်ဘယ်လိုပဲ လာလာ ကောင်းမွန်တဲ့ စကားပြေတစ်ခုအဖြစ် ခင်ဗျား ပြန်မရေးနိုင်ဘူးလား”
အရူးလန်က ပြောလိုက်သည်။ “ရာစုနှစ်အတွင်း ရှားပါးတဲ့ စကားပြေမျိုးထိ ကျုပ် မရေးနိုင်ဘူး။ ဒါပေမဲ့ အထူး စာမေးပွဲက စကားပြေလောက်ကိုတော့ ဖြေနိုင်လိမ့်မယ် ထင်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် မလုံလောက်သေးဘူးလား”
အရူးလန်က ထပ်မံကာ ဒူးထောက်ပြီး ရှမ့်လန်၏ ခြေထောက်ကို ဖက်ပြန်၏။ “ကျေးဇူးရှင်ကြီး... ကျုပ် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ညီအစ်ကိုတွေက လုပ်နိုင်မှာ မဟုတ်ဘူး။ သိုင်းပညာက စာကျက်သလို ကျက်မှတ်လို့မှ မရတာ။ ၁၀ နှစ်လောက် ကြိုးစားအားထုတ်ရုံတောင် အောင်မြင်ဖို့ မသေချာဘူး။ အခု သူတို့က သိုင်းပြိုင်ဖို့မပြောနဲ့။ ပေါင်နှစ်ချောင်းကိုတောင် ဆွဲကားဖူးတာ မဟုတ်ဘူး”
ရွှဲ့ပြည်နယ်၏ သိုင်းပညာ စာမေးပွဲက အဓိကအားဖြင့် အရာ ၄ ခု စစ်ဆေး၏။ အလေးမခြင်း၊ မြင်းစီးခြင်း၊ မြားပစ်ခြင်းနှင့် ဓားခုတ်ခြင်းတို့ပင်။ ၁၀ နှစ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားမှုမရှိဘဲနှင့် ထိုအရာကို အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “အရူးကြီး.. မင်း သိုင်းပညာကို လေ့လာဖူးလား”
အရူးကြီးက ခေါင်းကို ခါယမ်းလိုက်၏။ “မလေ့လာဖူးဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဝူလဲ့... ခြေလှမ်း ၂၀၀ အဝေးမှာ ဖယောင်းတိုင်တစ်တိုင်ကို သွားထွန်းထားလိုက်”
ဝူလဲ့က အပြင်ဘက်သို့ ထွက်ခွာပြီး ခြေလှမ်း ၂၀၀ အကွာ၌ ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းညှိလိုက်၏။ ကံအားလျော်စွာ ဤနေရာက ကျန်းယွမ်နယ်စားကြီး၏ စံအိမ်တော်ဖြစ်၏။ ထို့ကြောင့် တည်နေရာလွတ် ကျယ်ကျယ်ပြောပြော ရှိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရူးကြီး... ဟိုဖယောင်းတိုင်မီးကို လှမ်းပြီးတော့ ငြှိမ်းလိုက်”
“ကောင်းပါပြီ”
အရူးကြီးက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လေးကို လျင်မြန်စွာ ဆွဲတင်လိုက်၏။ ပစ်မှတ်ကိုပင် မချိန်ရသေးဘဲ တစ်ခါတည်း ပစ်လွှတ်လိုက်၏။
“ရှူး...”
ခဏကြာမှာတော့ ခြေလှမ်း ၂၀၀ အကွာအဝေးရှိ ဖယောင်းတိုင်မီးတောက်က ငြိမ်းသက်သွားခဲ့သည်။
ထိုအခိုက်၌ အရူးလန်က အံ့အားသင့်လျက်ရှိနေ၏။ မြားပစ်ခြင်းကို တစ်ခါမှ မသင်ယူဖူးဘဲနှင့် အဘယ်ကြောင့် ဤမျှတော်နေရသနည်း။
ရှမ့်လန်က ပြော၏။ “အတိုင်းအတာတစ်ခုထိ သွေးမျိုးရိုးဗီဇ ရှိနေတယ်ဆိုရင် အရာအားလုံးထက် ကျော်လွန်ပြီး ပြုလုပ်နိုင်စွမ်းရှိတယ်။ အရူးလန်... ခင်ဗျားနဲ့ ခင်ဗျားရဲ့ ညီအစ်ကို ၁၀ ယောက်က ဘယ်လိုသွေးမျိုးဆက်ဗီဇတွေ ရှိတယ်ဆိုတာ ခင်ဗျားမသိဘူးလား”
အရူးလန်က ရှမ့်လန်ကို မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။ ပြီးနောက် သူက ခေါင်းကို ခါယမ်းလိုက်သည်။ “သခင်လေးရှမ့်.. ကျုပ် မသိပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ခင်ဗျား သူတို့ကို ရှာဖွေဖို့အတွက် ၁၀ နှစ်ကျော် အချိန်ယူခဲ့ရတယ်။ သူတို့ကို ကာကွယ်ဖို့အတွက် ဘေးနားမှာထားပြီး တစ်စုတစ်စည်းထဲ နေထိုင်ခဲ့တယ်။ ဒါကိုတောင် ခင်ဗျား မသိဘူးလို့ ပြောချင်တာလား”
အရူးလန်က ခေါင်းကို ခါယမ်းလိုက်သည်။ “ကျုပ်.. ကျုပ်.. ကျုပ်ဘာမှမသိပါဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ခင်ဗျားတို့လို လူမျိုးတွေဘယ်နှစ်ယောက်ရှိလဲ ကျုပ်မသိဘူး။ ဒါပေမဲ့ သူတို့အားလုံးက ပညာရှိ၊ ပါရမီရှင်တွေကြီးပဲ။ လန်ပေါင်၊ ဓားပြကြီး နာကျည်းမှုနဲ့ တခြားသူတွေ။ ဒါပေမဲ့ အဲဒီလူတွေကို ချမ်းသာပြီး အာဏာရှိတဲ့လူတွေက မွေးစားသွားခဲ့ကြတယ်။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်က လူတွေကတော့ သူတောင်းစားတွေ၊ အိမ်ခြေရာမဲ့တွေ ဖြစ်ကုန်ကြတယ်။ သူတို့ရဲ့ ဘဝတွေကို အလဟဿ ဖြုန်းတီးခဲ့တာပဲ”
အရူးလန်က အော်ဟစ်လိုက်သည်။ “နောက်ကျသွားခဲ့ပါပြီ။ သခင်လေးရှမ့်... လုံးဝ နောက်ကျသွားပြီ။ သူတို့အားလုံးက မသန်စွမ်းတွေ ဖြစ်ကုန်ပြီ။ သူတို့ရဲ့ သွေးမျိုးရိုးဗီက ခန္ဓာကိုယ်ပုံစံတွေကို ပြောင်းလဲစေခဲ့တယ်။ ဒါကြောင့် သူတို့က အခု မသန်စွမ်း တစ်ပိုင်းတွေ ဖြစ်ကုန်ကြပြီ”
ရှမ့်လန်က ပြောလိုက်၏။ “နောက်မကျသေးဘူးလို့ ပြောလို့ရတယ်။ ကျုပ်စဉ်းစားလိုက်ပါအုံးမယ်”
ပြီးနောက် သူက အရူးလန်၏ ပခုံးကို ပုတ်လိုက်သည်။ “ခင်ဗျားက ခင်ဗျားရဲ့ ကိစ္စကိုပဲ အာရုံစိုက်။ တစ်လခွဲအတွင်း စာမေးပွဲအတွက် ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ထားတော့။ ခင်ဗျားရဲ့ ညီအစ်ကို ၁၀ ယောက်ကို ကျုပ်ကြည့်ကျက် လုပ်ထားလိုက်မယ်။ သူတို့ရဲ့ သွေးမျိုးရိုးဗီဇကို ဘယ်လိုအသက်ဝင်အောင် ပြုလုပ်ရမလဲဆိုတာ ကျုပ်စဉ်းစားလိုက်အုံးမယ်။
ကျုပ်ကို ယုံလိုက်။ တစ်လခွဲအတွင်းမှာ ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုကို ကျုပ် ဖန်တီးပြမယ်။ ရွှဲ့ပြည်နယ်တစ်ခုလုံး တုန်လှုပ်စေရမယ်”
အရူးလန်သည် ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် ပြင်းပြလွန်းသည့် စိတ်ဆန္ဒများဖြင့် တောက်လောင်လာခဲ့၏။ “ဒါဆိုရင် နောက်ဆုံးတစ်ယောက်ကရော ကျုပ်တို့ဆီမှာ ရာစုမှူး ဆယ်ယောက်ရှိတယ်။ ဒါပေမဲ့ ထောင်စုမှူး မရှိသေးဘူး”
ရှမ့်လန်က ပြောလိုက်၏။ “သူက တကယ်ကို မကြုံစဖူး အကျပ်အတည်းကြီး တစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ သူ ဒါကိုသာ ကျော်လွှားနိုင်ပြီဆိုရင် ဘယ်သူမှယှဉ်လို့မရနိုင်တဲ့ တပ်မှုးတစ်ယောက် ဖြစ်လာလိမ့်မယ်။ မကျော်လွှားနိုင်ဘူးဆိုရင်တော့ မသန်စွမ်းဘဝနဲ့ပဲ ဇာတ်သိမ်းသွားလိမ့်မယ်”
.........
ကျိုးကျောင်းရန်သည် ခေါင်းလေးကိုပြူပြီး ချောင်းမြောင်းကြည့်၏။ သူမ ကြည့်ရှုနေသည်မှာ ရေစီးကြောင်းနှင့်အတူ နိမ့်ချီမြင့်ချီ မျောပါသွားခဲ့သည့် နာကျည်းမှု၏ အလောင်းသာလျှင် ဖြစ်၏။ ခဏကြာသည့် အချိန်မှာတော့ အလောင်းက သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ကျိုးကျောင်းရန်၏ မျက်နှာထက်တွင် ရက်စက်လွန်းသည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ “လောကကြီးမှာ တန်ဖိုးမရှိတဲ့ အရာက ဦးနှောက်မရှိတဲ့ သိုင်းပညာရှင်ပဲ”
ပြီးနောက် သူမက လှည့်ထွက်သွားခဲ့၏။ ထိပ်တန်းကျွမ်းကျင်သူလေးဦး၊ အရှေ့မှ နှစ်ဦး၊ အနောက်မှ နှစ်ဦးတို့က သူမကို ကာကွယ်စောင့်ရှောက်ပေး၏။ ထိုသူတို့က အမှန်တကယ် ထိပ်တန်းကျသည့် ကျွမ်းကျင်သူများဖြစ်ကြပြီး တကယ်လည်း လျှို့ဝှက်ဆန်းကြယ်၏။ ထိုသူတို့က ယင်ယွမ်အဖွဲ့အစည်းမှ မဟုတ်ကြချေ။
ရှမ့်လန် ပြောခဲ့ဖူး၏။ ကျိုးကျောင်းရန်က ယင်ယွမ်အဖွဲ့အစည်းတစ်ခုသာ မကချေ။ သူမ၌ လျှို့ဝှက် ဆန်းကြယ်သည့် တာဝန်ကြီးတစ်ခုလည်း ရှိနေသေးသည်။
………….
နုရှောင့်မြို့၏ လီပေါင်း ၂၀ အကွာ ......
နာကျည်းမှု၏ အလောင်းက မြစ်ရေထဲ နစ်မြုပ်ကာ မြေအောက်ကြမ်းပြင်ဆီသို့ ရောက်ရှိသွားခဲ့၏။ သို့သော်လည်း သိမ်းငှက်ကဲ့သို့ ပုံရိပ်တစ်ခုက လျှပ်စီးကဲ့သို့ ခုန်ဆင်းသွား၏။ ထိုသူက နာကျည်းမှု၏ ခန္ဓာကိုယ်ကို မြစ်ရေထဲမှ ဆယ်ပြီး မြစ်ကမ်းပါးဆီသို့ လှမ်းတင်၏။
ထိုသူက ဓားဘုရင် လီချင်းချိုးပင် ဖြစ်သည်။
မြစ်ကမ်းစပ်မှာတော့ လီချင်းချိုးက နာကျည်းမှုအား မြေပေါ်သို့ ချလိုက်၏။ ပြီးနောက် နှလုံးခုန်နှုန်းကို စမ်းသပ်၏။ နှလုံးခုန်နှုန်းက အလုံးစုံ တိတ်ဆိတ်နေ၏။ အသက်ရှူသံကို နားစွင့်ကြည့်၏။ ဘာသံကိုမှ မကြားရချေ။ အလုံးစုံ သေဆုံးသွားပြီဟု ထင်ရ၏။ သို့ပေမည့် အသေဖြစ်စေ၊ အရှင်ဖြစ်စေ သူ ထိုအရာကို ရှာနိုင်ခဲ့၏။
သို့နှင့် ဓားဘုရင် လီချင်းချိုးသည် နာကျည်းမှု၏ အလောင်းကိုပွေ့ချီပြီး နန်းမြို့တော်ဆီသို့ တရှိန်ထိုး ပြေးထွက်သွားခဲ့သည်။
....
ချောင်ပြည်နယ်မှ သံတမန်အဖွဲ့က နန်းမြို့တော်သို့ ရောက်ရှိနေခဲ့သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးမှု ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်မှာ တစ်လတိတိ ကြာမြင့်ခဲ့ပြီးပြီ။
နှစ်နိုင်ငံမှ ကိုယ်စားလှယ်များက တစ်လကျော်လုံးလုံး နေ့စဉ်နှင့်အမျှ အပြန်အလှန် အငြင်းပွားလျက် ရှိနေကြပြီး မည်သည့်ရလဒ်ကိုမှ ထုတ်ဖော်နိုင်ခြင်း မရှိကြချေ။
အမှန်စင်စစ်အားဖြင့် ယခုတစ်ကြိမ် ချောင်ပြည်နယ်က မဟာဗျူဟာအရ ရှုံးနိမ့်ခဲ့သူ ဖြစ်၏။ သို့ပေမည့် ချောင်ပြည်နယ်က ရွှဲ့ပြည်နယ်အပေါ်တွင် အတင်း ဖိနှိပ်လိုသည့် ဟန်ပန်မျိုးဖြင့် ဗိုလ်ကျစိုးမိုးစွာ အပေါ်စီးမှ ဖိကာ ပြောဆိုလျက် ရှိနေသည်။
ဤသုံးပွင့်ဆိုင် ပဋိပက္ခတွင် ဝူပြည်နယ်က အထိနာဆုံး ဖြစ်၏။ သူတို့က စစ်မျက်နှာနှစ်ခုတွင် တပ်ဖွဲ့ဝင်ပေါင်း ၄၀,၀၀၀ ကျော်ကို ဆုံးရှုံးခဲ့ရ၏။ ဒဏ်ရာရသူများနှင့် ထိခိုက်သေဆုံးသူများ၏ အရေအတွက်ကို လုံးဝ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ချေ။ ထို့အပြင် ဆုံးရှုံးခဲ့သည့် ငွေကြေးနှင့် ရိက္ခာပမာဏ ကလည်း မိုးထိအောင်ပင် မြင့်မားလျက် ရှိခဲ့၏။
အပေါ်ယံက ကြည့်ရှုမည်ဆိုလျှင် ချောင်ပြည်နယ်က အလွန်အမင်း ဆုံးရှုံးပုံ မပေါ်သော်လည်း လက်တွေ့အခြေအနေ မှာမူ ချောင်ပြည်နယ်၏ ဘုရင်က သွေးအန်ရလောက်အောင် အထိ လုံလောက်သည့် ဆုံးရှုံးမှုမျိုးကို ရရှိခဲ့သည်။
ပထမဦးဆုံး အနေဖြင့် စုနန်၏ ပုန်ကန်မှုကို တုံ့ပြန်သည့်နေရာတွင် ချောင်ပြည်နယ်က ကျုံးယောင်နှင့် အမှန်တကယ် တိုက်ပွဲဝင်ခဲ့ရ၏။ တိုက်စစ်ဆင်သည့်ဘက်မှ ဖြစ်သည့်အလျောက် သူက ကြီးမားသည့် ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရ၏။ သူတို့က ခံတပ်အချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရွှဲ့ပြည်နယ်၏ နယ်နိမိတ်ကို အနောက်ဘက် ၄ မိုင် ၅ မိုင်ဆီသို့ အတင်းတွန်းပို့နိုင်ခဲ့သည် ဆိုသော်လည်း ထိခိုက် ကျဆုံးမှုမှာ ၁၀,၀၀၀ ကျော်ခန့် ရှိ၏။ အရေးကြီးဆုံးအချက်မှာ ထို ၄ မိုင် ၅ မိုင် အတွင်းတွင် ရှိနေသည့် ခံတပ်များကို ယခုအခါ ပြန်လည်ကာ နောက်ဆုတ်ပေးရတော့မည်။
ယခု ဝူနှင့် ရွှဲ့ပြည်နယ်တို့သည် အပေါ်အားဖြင့် မဟာမိတ် ဖွဲ့လိုက်ကြသော်လည်း ချောင်ပြည်နယ်က မဟာဗျူဟာအရ ခံစစ်အနေအထားဆီသို့ ယာယီဝင်ရောက်သွားခဲ့၏။ တပ်ဖွဲ့ဝင် သောင်းနှင့်ချီသည့် ထိခိုက် ဒဏ်ရာရမှုမျိုးကို ကြုံခဲ့ရပြီး စုနန်သေဆုံးမှုက မဟာဗျူဟာအရ ဆုံးရှုံးမှုကို ဖြစ်စေခဲ့၏။
ဤနှစ်တစ်လျှောက်လုံး စုနန်က ချောင်ပြည်နယ်နှင့် ပူးပေါင်းပြီး ကြံစည်ခဲ့၏။ စုနန် ပုန်ကန်စေရန်၊ ရွှဲ့ပြည်နယ် ပြိုကွဲသွားစေရန် အတွက် ချောင်ပြည်နယ်သည် စုနန်နှင့် ချင်နိုင်ငံတို့ထံသို့ မည်မျှ ထောက်ပံ့ပေးခဲ့ရသနည်း။ ဆယ်စုနှစ်များစွာ လျှို့ဝှက်ကုန်သွယ်မှုမှ ရရှိသည့် အကျိုးအမြတ် အားလုံးကို ပေးအပ်ခဲ့ရ၏။ ထိုအရာက အတိုင်းအဆမရှိ များပြားလွန်းသည့် ပမာဏလည်း ဖြစ်သည်။
ယခု စုနန်၏ ပုန်ကန်သည့်တပ်များက ဆုံးရှုံးသွားသည့်အခါမှာတော့ ရင်းနှီးမြှုပ်နှံမှုအားလုံးက ရေစုန်မျောခဲ့၏။ ထို့ကြောင့် ချောင်ပြည်နယ်၏ အမှန်တကယ် ဆုံးရှုံးမှုက ဝူပြည်နယ်ထက်ပင် ပိုမိုကာ ကြီးမား၏။
အရေးကြီးဆုံးအချက်မှာ ချင်နိုင်ငံသည် ရွှဲ့ပြည်နယ်၏ မဟာမိတ် ဖြစ်ခဲ့၏။ ထို့ကြောင့် ချောင်ပြည်နယ် အပေါ်တွင် ကြီးမားသည့် ဖိအား သက်ရောက်လာစေခဲ့သည်။
ဤအကြောင်းအရာများကြောင့် ချောင်ပြည်နယ်၏သံတမန်များက စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် တစ်လက်မမှ အလျှော့မပေးဘဲနှင့် တင်းခံနေကြခြင်း ဖြစ်၏။ ချောင်ပြည်နယ်က ဆုတ်ခွာပြီး သူတို့ သိမ်းပိုက်ထားခဲ့သည့် ခံတပ်အားလုံးကို ပြန်ပေးရမည်။ ထိုအရာအားလုံးကို သူတို့က သဘောတူညီ၏။ သို့ပေမည့် နောက်ဆက်တွဲ အခြေအနေ နှစ်ခုကိုမူ သဘောတူညီခြင်း မရှိခဲ့ပေ။
ပထမဦးဆုံး အချက်အနေနှင့် ချောင်ဘုရင်က ရွဲ့နိုင်ငံအား လူသိရှင်ကြား တောင်းပန်ရန် ပြောဆိုခဲ့ခြင်းနှင့် စစ်ပွဲကို ချောင်ပြည်နယ်မှ စတင်ခဲ့ကြောင်း ဝန်ခံရန် တောင်းဆိုခြင်းပင်။ ဒုတိယအချက်အားဖြင့် ချောင်ဘုရင်က ရွဲ့ပြည်နယ်အား ရွှေဒင်္ဂါး သုံးသိန်း လျော်ကြေးပေးပါရန် တောင်းဆိုခဲ့ခြင်းပင်။
ထိုတောင်းဆိုမှုကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်ကပင် တံတွေးသီးမတတ် ဖြစ်သွားခဲ့၏။ “အရှင်မင်းကြီး… အရှင်မင်းကြီး တောင်းဆိုတာ တကယ်ကို များနေတာပဲ”
ဤစစ်ပွဲအတွက် ရွှဲ့ပြည်နယ်က ယင်ယွမ်အဖွဲ့အစည်းဆီမှ ရွှေဒင်္ဂါး နှစ်သန်းကျော် ချေးယူခဲ့၏။ တိုက်ပွဲက မျှော်လင့်ထားသည်ထက် ပိုမို ချောမွေ့ခဲ့ပြီး စောစောစီးစီး ပြီးဆုံးခဲ့သောကြောင့် ထိုငွေများကို သုံးပင် မသုံးဖြစ်ခဲ့သေးချေ။
နင်ယွမ်ရှန်း၏ ဆိုလိုရင်းမှာ သူက ချောင်ပြည်နယ်ဆီမှ ငွေများကို ညှစ်ထုတ်လိုပြီး လက်ရှိ အခြေအနေဆီမှ အကျိုးအမြတ်ကို ရယူလိုနေခြင်း ဖြစ်၏။
အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ချောင်ဘုရင်က ရူးသွပ်နေသည့် လူတစ်ယောက် ဖြစ်လျှင်တောင်မှ ထိုကိစ္စကို သဘောတူညီလိမ့်မည် မဟုတ်ချေ။ အမှန်တကယ် စင်စစ်အားဖြင့် သူက လျော်ကြေးပေးရမည့်အစား စစ်ပွဲကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ရန်ပင် ရွေးချယ်ကောင်း ရွေးချယ်ပေလိမ့်မည်။
ဟုတ်ပေ၏။ တခြားသော နည်းလမ်းများတော့ ရှိသေး၏။ ချင်နိုင်ငံ၏ မြင်းတပ်များ ရွှဲ့ပြည်နယ်၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သလို ချောင်ပြည်နယ်ကို ဝင်ရောက် လုယက်၊ တိုက်ခိုက် နှောင့်ယှက်မည်ဆိုလျှင် ချောင်ပြည်နယ်က တကယ့်ကို ကြီးမားသည့် ဖိအားကို ခံစားရမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲဝိုင်းတွင် နောက်သို့ ဆုတ်ခွာသွားရပေလိမ့်မည်။
သို့ပေမည့် နင်ယွမ်ရှန်းက ထိုသို့ မလုပ်ချင်ပေ။ သူက အတ္တကြီးပြီး ကောက်ကျစ်တတ်သည့် ဘုရင်တစ်ယောက် ဖြစ်သည် ဆိုသော်လည်း အမြော်အမြင် မရှိသူ တစ်ယောက်တော့ မဟုတ်ချေ။ ချင်နိုင်ငံက နောက်ဆုံးတွင် ရွှဲ့ပြည်နယ်၏ မဟာမိတ် ဖြစ်လာခဲ့၏။ ထိုသို့သော ဆက်ဆံရေး ခိုင်မြဲစေရန် သူက ကြိုးစားရပေလိမ့်မည်။ မဟုတ်သည့်အရာများကို အတင်းတွန်းအားပေး ခိုင်းစေ၍ မဖြစ်ပေ။