အပိုင်း (၄၇၁)
Vol. 33 Ch. 471
ထို့အပြင် ချင်နိုင်ငံကို အရေးကြီးသော အခိုက်အတန့်များတွင်သာလျှင် အသုံးပြုရပေလိမ့်မည်။ တစ်ဖက် လူများကို လက်အောက်ငယ်သားများလို သဘောထား ဆက်ဆံ၍ မဖြစ်ချေ။ ရက်အနည်းငယ်လောက် ခိုင်းစားသလို ဖြစ်မည် ဆိုလျှင်တောင်မှ မကြာခင် ဆက်ဆံရေး ပျက်ပြားသွားပေလိမ့်မည်။
လက်ရှိ ချင်နိုင်ငံ၏ ဘုရင်မ အာယုနာနာက ချင်နိုင်ငံမှ ပြည်သူပြည်သားများ၏ ဘဝကို မြှင့်တင်ပေးရန် ပိုမို အာရုံစိုက်နေ၏။ သူမက စာနာတတ်သူ တစ်ယောက် ဖြစ်၏။
ထို့ကြောင့် လွန်ခဲ့သည့် တစ်လအတွင်း ရွှဲ့ဘုရင်က ချင်နိုင်ငံဆီသို့ သံတမန် နှစ်ဖွဲ့ကို စေလွှတ်ခဲ့ပြီ ဖြစ်၏။ ပထမဦးဆုံးသော သံတမန်က အာယုနာနာအား ချင်နိုင်ငံ၏ ဘုရင်မ ဖြစ်သည့်အတွက် တရားဝင် ဂုဏ်ပြုရန်နှင့် လက်ဆောင်များစွာကို အပြန်အလှန် လဲလှယ်ရန် ဖြစ်သည်။
ဒုတိယ သံတမန်မှာတော့ မရေတွက်နိုင်သည့် လက်ဖက်ခြောက်၊ ပိုးထည်၊ ရိက္ခာအများအပြားကို ယူဆောင်သွားခဲ့၏။ ထို့အပြင် ချင်နိုင်ငံဆီမှ သိုး၊ နွား၊ သားရေများ၊ သိုးမွှေးနှင့် ဒိန်ခဲများကို ဝယ်ယူရန်လည်း သဘောတူညီခဲ့၏။
တတိယ သံတမန်ကလည်း ထွက်ခွာသွားရန် အသင့်ဖြစ်နေ၏။ သူတို့က ချင်နိုင်ငံတွင် ရေလှောင်တမံ တစ်ခုကို တည်ဆောက်ပေးရန်နှင့် မြို့တချို့ တည်ဆောက်သည့် နေရာတွင် ကူညီဆောင်ရွက်ပေးရန်ပင် ဖြစ်၏။
အတိုချုပ်အားဖြင့် ပြောရမည်ဆိုလျှင် သူတို့က အရာအားလုံးကို ပေးဆပ်ထားပြီး တောင်းဆိုမှုများ မပြုလုပ်သလောက်နီးပါးပင်။
နင်ယွမ်ရှန်းက တကယ့်ကို လည်လွန်းသူ ဖြစ်၏။ အကယ်၍ လက်ရှိ အုပ်ချုပ်သူက အာယုခန် သို့မဟုတ် အာယုထိုင်သာဖြစ်ပါက ထိုသူတို့က လောဘကြီးသူများ ဖြစ်၏။ ထို့ကြောင့် အကျိုးအမြတ် မည်မျှ ပေးအပ်စေကာမူ သူ့အတွက် အသုံးဝင်လာလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား အာယုနာနာမှာတော့ အလိုက်သင့် တုံ့ပြန်တတ်သည့် လူတစ်ယောက် ဖြစ်၏။
နင်ယွမ်ရှန်း၏ မျှော်မှန်းချက်အတိုင်းပင် ချင်နိုင်ငံနှင့် ရွှဲ့ပြည်နယ်တို့က တဖြည်းဖြည်း ပိုမိုကာ ရင်းနှီးလာခဲ့ကြ၏။ ဟုတ်ပေ၏။ ဝူနှင့် ချောင်ပြည်နယ်တို့၏ကြား စေ့စပ်ညှိနှိုင်းမှုများက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
နန်းတော်မှ တစ်စုံတစ်ယောက်က ရှမ့်လန်ထံသို့ လာရောက်၍ စေ့စပ်ညှိနှိုင်းရေး အဖွဲ့တွင် ပါဝင်လိုစိတ် ရှိ၊ မရှိ လာရောက်ကာ မေးမြန်းခဲ့သေး၏။ နောက်ဆုံးမှာတော့ ရှမ့်လန်က အားလပ်ချိန် မရှိကြောင်းနှင့် သွားရန် စိတ်ဆန္ဒလည်း မရှိကြောင်း ပြန်လည်ကာ ဖြေကြားခဲ့၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ချက်ချင်းပဲ ဒေါသထွက်ခဲ့သည်။ ‘မင်း… ဒီခွေးကောင်လေး… မင်းက လုံးဝ ပါဝင်ပတ်သက်ဖို့ ဆန္ဒမရှိဘူးပေါ့ ဟုတ်လား။ မင်း ငါနဲ့သာ ထပ်တွေ့လို့ကတော့ ..’
နင်ယွမ်ရှန်းက စိတ်ထဲတွင် ကြမ်းတမ်းသည့် စကားလုံးများကို ကြုံးဝါးရုံမှအပ တခြား ဘာတစ်ခုကိုမှ ပြုလုပ်နိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် လက်လျှော့ အရှုံးပေးခဲ့ရ၏။
သူ ဘာများ ဆက်လုပ်နိုင်ဦးမှာလဲ။ ရှမ့်လန်ကို ခေါ်ယူပြီး နောက်ထပ် ကြိမ်ဒဏ် အနည်းငယ် ထပ်မံကာ ရိုက်နှက်ရဦးမည်လား။ ရှမ့်လန်က ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့၏ စေ့စပ်ညှိနှိုင်းမှုများကို ဂရုစိုက်နေမည် မဟုတ်ချေ။ အချိန်အတော်ကြာသည်အထိ ထိုအရာ၏ ရလဒ်က ထွက်ပေါ်လာမည် မဟုတ်သည်မှာလည်း ထင်ရှားသည်။ တစ်ဖက်လူများက ဤသို့ကြာအောင်လည်း တမင် ပြုလုပ်နေခြင်း ဖြစ်သည်။
ဘုရင်မင်းမြတ်သည် အလွန် ရှုပ်ထွေးလွန်းလှ၏။ သူက ချင်နိုင်ငံအပေါ် လွန်စွာ ရက်ရောပြီး ဆုံးဖြတ်ချက် အားလုံးတွင်လည်း ပညာသားပါခဲ့၏။ တခြားသောတစ်ဖက်မှာမူ သူက ချောင်ပြည်နယ်၏ စေ့စပ်ညှိနှိုင်းမှုများအပေါ်တွင် အဆမတန် ညှစ်ထုတ်လျက် ရှိနေ၏။
သူက တစ်ဖက်ခြမ်းတွင် အလွန်တရာ ရက်ရောလျက် ရှိနေပြီး တစ်ချိန်ထဲမှာပဲ တစ်ဖက်ခြမ်းတွင်တော့ အလွန်တရာ လောဘကြီးလျက် ရှိနေ၏။ ဟုတ်ပေ၏။ ထိုအရာနှင့် ပတ်သက်သည်ဆိုလျှင် သူက ရှမ့်လန်နှင့် တူညီသည့် လူတစ်ယောက် ကဲ့သို့ပင် ဖြစ်၏။ သူတို့နှစ်ယောက်လုံးက အတူတူပင်။
ရှမ့်လန်အတွက် ယခု အရေးကြီးဆုံးကိစ္စမှာ တစ်လအကြာတွင် ကျင်းပမည့် စာမေးပွဲများ ဖြစ်၏။ တစ်ချက်တည်းနှင့် လောကကြီးတစ်ခုလုံးကို အံ့အားသင့်စေမည့် အရာကို သူက ဖန်တီးရပေလိမ့်မည်။ အကယ်၍ သူသာ အောင်မြင်ခဲ့သည် ဆိုပါက သူတောင်းစား ၁၁ ယောက်လုံးက စာမေးပွဲကို အောင်မြင်နိုင်မှာ ဖြစ်၏။
ထိုသို့ အခြေအနေမျိုး ဖြစ်သည် ဆိုပါက ပဉ္စမမင်းသား၏ အင်အားစုက ချက်ချင်း တည်ဆောက်ပြီး ဖြစ်ပေလိမ့်မည်။ ကောင်းကင်ကို ထိုးတက်သွားမည် မဟုတ်သော်ငြားလည်း လက်ရှိ အခြေအနေနှင့်တော့ အလွန်တရာ ကွာခြားသွားပေလိမ့်မည်။
အကယ်၍ ရှုံးနိမ့်သွားသည် ဆိုပါက ရှမ့်လန်နှင့် နင်ကျန်းတို့သည် လုံးဝကို လှောင်ပြောင်ချင်စရာ ကောင်းသည့် အရူးများအဖြစ်သို့ ပြောင်းလဲသွားကြပေမည်။ ထီးနန်းယှဉ်ပြိုင်ဖို့ကို အိမ်မက်ပင် မမက်သင့်တော့ပေ။
ရှမ့်လန်က နန်းမြို့တော်တွင်သာမက ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် အလွန်လူသိများလာခဲ့၏။ နောင်အနာဂတ် စကားလုံးများအရ ပြောရမည်ဆိုလျှင် သူက အလွန် ခေတ်စားသည့် လူတစ်ဦး ဖြစ်လာခဲ့သည်ဟု ပြောရပေလိမ့်မည်။ သို့ပေမည့် အနှုတ်လက္ခဏာဘက်တွင် နာမည်ကြီးနေသူ ဖြစ်၏။
လောကကြီးတွင် လေမဝင်နိုင်သည့် နံရံဟူ၍ မရှိချေ။ သူနှင့် ဘုရင်မင်းမြတ်ကြားမှ လျှို့ဝှက်သဘော တူညီချက်ကို အားလုံးသိအောင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း တခြားသော သူများက ခန့်မှန်းနိုင်သည်။
ယခု မြို့တော်ရှိ လူတိုင်းနီးပါးတို့က ရှမ့်လန်သည် သူတောင်းစား ၁၁ ယောက်ကို စုဆောင်းရုံသာမက ထိုသူတို့ကို စာမေးပွဲဝင်ရောက် ဖြေဆိုစေရန် ကြံစည်နေကြောင်း သိရှိခဲ့ကြ၏။ အကယ်၍ မလုပ်နိုင်ပါက ရှမ့်လန်က အိမ်သို့ ပြန်ရမှာဖြစ်ပြီး ပဉ္စမမင်းသား နင်ကျန်းကလည်း သူ၏မြို့စားဘွဲ့ ပြန်လည် ရုပ်သိမ်းခံရပေမည်။
ဟုတ်ပေ၏။ မြို့စားဘွဲ့ ရုပ်သိမ်းခံရမည် ဆိုသည့် အချက်က ကောလဟာလ ဖြန့်သူများအတွက် မီးလောင်ရာ လေပင့် လုပ်သလို အကြောင်းအရာပင် ဖြစ်၏။ သို့ပေမည့် ထိုအရာက မှန်နိုင်ကောင်းလည်း မှန်နိုင်၏။
သတင်းပျံ့နှံ့သွားခဲ့ပြီးနောက် လူတိုင်းက ထိတ်လန့်တုန်လှုပ်လျက် ရှိနေသည်။
“ရှမ့်လန်… မင်း… တကယ့်ကောင်။ မင်း ငြိမ်ငြိမ်သက်သက် နေလို့မရဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ အခုလိုမျိုး ကြောင်ကြောင်ကျားကျားတွေ လုပ်နေရတာလဲ။ ပြီးတော့ ဒါက သူတောင်းစား ၁၁ ယောက်လေ”
ယခုအချိန် မြို့တော်၏ အထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် လူများက ၁၀၀၀ တွင် တစ်ယောက် အကြွင်းမဲ့ ထိပ်တန်း ကျောင်းတော်သားများ ဖြစ်၏။ သို့သော်ငြား အလေနတော ၊ ကလေကဝ သူတောင်စားက စားမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကြိုးစားနေ၏။
ထို့အပြင် သိုင်းတစ်ခါမှ မလေ့ကျင့်ဖူးသော အိုနာကျိုးကန်းအားလုံးတို့အား သိုင်းစာမေးပွဲကို အောင်မြင် စေလိုနေ၏။ ဤအရာကို ကြည့်ရှုမည်ဆိုလျှင် ရှမ့်လန်က အရူး သို့မဟုတ် စိတ်မနှံ့သူဟုပင် ပြောဆို၍ ရနိုင်တော့မည် မဟုတ်ချေ။ ထို့ထက် ပိုမိုကာ ဆိုးရွားနေသောကြောင့်ပင်။
ထိုနေရာတွင် မရိုးသားသော ကြံစည်မှုများလည်း ရှိနိုင်ပေလိမ့်မည်။ ရွှဲ့ပြည်နယ်၏ နန်းတွင်းစာမေးပွဲအား အထင်မြင်သေးစွာ စော်ကားခြင်းမျိုးလည်း ဖြစ်နိုင်၏။ ဤအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် လောင်းကစားရုံကမှ လောင်းကစား ဖွင့်လှစ်ခြင်း မရှိခဲ့ချေ။ ဤသူတောင်းစားများဘက်မှ အိုးမဲ့အိမ်မဲ့များ ပင်လျှင် လာရောက်လောင်းရန် စိတ်ဆန္ဒ မရှိကြသောကြောင့်ဖြစ်သည်။
သို့ပေမည့် တစ်နေ့မှာတော့ တစ်စုံတစ်ယောက်က မတော်တဆ စကားတစ်ခွန်းကို ပြောဆိုခဲ့၏။
“အကယ်၍ အရူးလန်သာ စာမေးပွဲ အောင်ခဲ့မယ်ဆိုရင် ငါ သူ့ရဲ့ ချီး ၁၀ ပိဿာလောက်ကို စားပစ်မယ်”
ပြီးနောက် ဤသည်မှာ နန်းမြို့တော်တွင် တကယ့်ကို လူသိများ ထင်ရှားသည့် အကြောင်းအရာ ဖြစ်လာ ခဲ့၏။ တစ်ခုတည်းသော လောင်းကြေးလည်း ဖြစ်၏။ သို့နှင့် လူအများအပြား ပါဝင်လာခဲ့၏။ ဒေသခံ လူဆိုးလူမိုက်များ၊ အိုးမဲ့အိမ်မဲ့များ၊ သူတောင်းစားများနှင့် သာမန်ပြည်သူများပင် ထိုလောင်းကြေးတွင် ပါဝင်လာခဲ့သည်။
အကယ်၍ အရူးလန်နှင့် သူတောင်းစား ၁၀ ယောက်တို့သည်သာ စာမေးပွဲကို အောင်မြင်ခဲ့သည် ဆိုပါက သူတို့က ချီး ၁၀ ပိဿာကို စားကြပေလိမ့်မည်။ ထို့အပြင် လူမိုက်များက ရှမ့်လန်သာ ရှုံးနိမ့်ခဲ့ပါက ချီးပြန်စားစရာ မလိုအပ်ဘဲ တံတွေးတစ်ချက်သာ အထွေးခံရမည် ဖြစ်ကြောင်း တောင်းဆိုခဲ့၏။ တံတွေးထွေးလိုသူများက ပိုမိုကာ များပြားလာခဲ့၏။
နောက်ဆုံးမှာတော့ လူပေါင်း ထောင်ချီတို့သည် ထိုလောင်းကြေးတွင် ပါဝင်ကြောင်း ကြေညာခဲ့ကြသည်။
အကယ်၍ ရှမ့်လန်သာ နိုင်ခဲ့ပါက လူတစ်ယောက်ချင်းစီတိုင်းသည် ချီး ၁၀ ပိဿာကို စားကြမှာ ဖြစ်ပြီး ရှမ့်လန်သာ ရှုံးနိမ့်ပါက လူတစ်ယောက်ချင်းစီတိုင်းက ရှမ့်လန်မျက်နှာကို တံတွေးနှင့် ထွေးပေလိမ့်မည်။
ရှမ့်လန် ဘာဆက်ပြောရဦးမည်နည်း။
ဤလူများက အလွန် မေ့လွယ်ကြ၏။ အချိန်တိုလေးသာ ကြာသေး၏။ မြို့တော်မှ ပြည်သူအားလုံးက ရှမ့်လန် ကျန်းယွမ်စီရင်စု၌ လူ မည်မျှ သတ်ခဲ့ကြောင်းကို မေ့လျော့နေခဲ့ကြပြီ ဖြစ်၏။
ဤနှစ်လအတွင်း သူတို့က ရှမ့်လန်ကို လူပြက်တစ်ဦးကဲ့သို့ပင် သဘောထားနေကြ၏။ သူတို့ တကယ်ကို အကြောက်အလန့် မရှိကြတော့ပေ။ ပြည်သူလူထုသာမက နန်းတွင်းတစ်ခုလုံးကလည်း မငြိမ်မသက် ဖြစ်လျက် ရှိသည်။
နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ အစိုးရ စစ်ဆေးရေးအရာရှိများက ရှမ့်လန်နှင့် နင်ကျန်းတို့ကို အပြစ်တင် စွပ်စွဲလျက် ရှိနေ၏။ ရှမ့်လန် သူတောင်းစားများကို နင်ကျန်း၏ မြို့စားစံအိမ်ထဲသို့ ခေါ်ယူခဲ့ခြင်းမှာ နိုင်ငံကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်ပြီး ရွှဲ့ပြည်နယ်၏ ဂုဏ်သိက္ခာကို စော်ကားခြင်း ဖြစ်ကြောင်း တင်ပြကြ၏။
ယခု သူတောင်းစား ၁၁ ယောက်ကို စာမေးပွဲဝင်ရောက် ဖြေဆိုလိုသေး၏။ ဤအရာက ပညာရှင်များ၏ ဂုဏ်သိက္ခာကို စော်ကားလိုခြင်းသာ ဖြစ်ပေလိမ့်မည်။ မရေတွက်နိုင်သည့် အရာရှိများက ရှမ့်လန်အား အပြစ်ပေးရန် ဘုရင်မင်းမြတ်ထံသို့ အသနားခံစာများကို တင်ကြသည်။
သူတို့က သူတောင်းစား ၁၁ ယောက်ကို ချန်းဖန်မြို့စားအိမ်တော်စံအိမ်ဆီမှ နှင်ထုတ်စေလိုပြီး အရပ်ဘက်နှင့် စစ်ဘက်ကြီးကြပ်သူများမှ စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်ကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြ၏။ ဤအကြောင်းအရာသည် နန်းတွင်း၌ နေ့စဉ်နေ့တိုင်း ပြောဆိုရမည့် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့၏။ နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ စွပ်စွဲ ပြောဆို အပြစ်တင်မှုများ ပေါ်ပေါက်နေ၏။
ထိုတင်သာ မကသေးချေ။ ဝူနှင့် ချောင်ပြည်နယ်တို့၏ စေ့စပ်ဆွေးနွေးမှု အတွင်းမှာ ချောင်ပြည်နယ်၏ သံတမန်က ရွှဲ့ပြည်နယ်၏ အဓိပ္ပာယ်မရှိသည့် မူဝါဒများနှင့် ဦးနှောက်မရှိသည့် ရွှဲ့ဘုရင် အကြောင်းကို လှောင်ပြောင်သည့်သဘော ရိသဲ့သဲ့ နှင့် အကြိမ်ပေါင်းများစွာ ပြောခဲ့ကြသည်။
ဘုရင်နင်ယွမ်ရှန်းကလည်း စိတ်အနှောင့်အယှက် ဖြစ်လို့နေခဲ့၏။ သို့ပေမည့် သူ့၌ ရွေးချယ်ခွင့် မရှိချေ။ ဤကိစ္စတွင် သူက မှားနေသူ ဖြစ်၏။ ရှမ့်လန်က ရူးသွပ်နေသည် ဆိုလျှင် ဘုရင်မင်းမြတ်ဖြစ်သည့် သူကပါ လိုက်ပါ ရူးသွပ်ခဲ့မိ၏။
သူတောင်းစား ၁၁ ယောက်ကို စာမေးပွဲ ဖြေဆိုခွင့်ပေးခဲ့ခြင်း၊ ဤအရာက အဓိပ္ပာယ်မဲ့လွန်းသည်ဟု ထင်ရ၏။ ယခု အရာရှိများက သူ့ကို စွပ်စွဲပြစ်တင်နေကြသောကြောင့် အရှင်မင်းမြတ်က ဤကိစ္စနှင့် ပတ်သက်၍ ရှမ့်လန်ကို ခေါ်ကာ အပြစ်ပေးရတော့မည်လား။
ရွေးချယ်စရာ မရှိပေ။ သို့နှင့် နင်ယွမ်ရှန်းက နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ မသိချင်ယောင်ဆောင်လျက် ရှိနေ၏။
‘မင်းတို့ဘာမင်းတို့ တံတွေးထွေးချင်လည်း ထွေးကြ။ ငါ့အတွက် စကားတစ်ခွန်းပဲ ရှိတယ်။ နောက်မှ ဆွေးနွေးမယ်’
ဟုတ်ပေ၏။ ဘုရင်မင်းမြတ်သည် လက်ရှိအခြေအနေတွင် မသိချင်ယောင်ဆောင်နိုင်သော အခြေအနေတွင် ရှိနေ၏။ မည်သို့ပင် ဆိုစေကာမူ ရွှဲ့ပြည်နယ်က ကြီးကျယ်မြင့်မြတ်သည့် အောင်ပွဲကို ရရှိထားသည်မှာ မကြာသေးချေ။ သူ၏ ဂုဏ်သတင်းကလည်း အထွတ်အထိပ် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ထို့ကြောင့် ရံဖန်ရံခါ ဆိုသလို အရှက်မရှိ ပြုမူခြင်းနှင့် အရာရှိများ၏ အောက်ခြေစည်းမျဉ်းကို နင်းချေခြင်းက သူ၏ ပျော်စရာတော့ ဖြစ်နေသေးသည်။
သို့ပေမည့် ဘုရင်မင်းမြတ်က နေ့စဉ် စစ်ဆေးရေး အရာရှိများ၏ ကျိန်ဆဲခြင်းကို ခံစားရခြင်းနှင့် ပတ်သက်၍ တကယ်ပင် မသက်မသာ ခံစားနေ၏။ ထို့ကြောင့် နင်ယွမ်ရှန်းက ရှမ့်လန်အား တကယ်ပင် မုန်းတီးလျက် ရှိနေ၏။
‘ဒီခွေးကောင်လေး… မင်းလုပ်ခဲ့တာကို ကြည့်စမ်း။ မင်းက အခု ပုန်းအောင်းနေပြီး ဘယ်မှမထွက်ဘဲ အေးအေးဆေးဆေး နေနိုင်ပေမဲ့ ငါက နေ့စဉ်နေ့တိုင်း ဆိုသလို ကျိန်ဆဲခံနေရတယ်။ တကယ့်ကို ဒေါသထွက်လို့ ကောင်းလိုက်တာ။ ငါ့လက်ထဲကို မင်း မရောက်စေနဲ့။ မရောက်စေနဲ့ .. ဟင်း...။”
ဤကိစ္စက တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့ပြီး နောက်ဆုံးတစ်နေ့မှာတော့ ပေါက်ကွဲထွက်သွားခဲ့၏။ နန်းတွင်းကျောင်းမှ ကျောင်းသားများနှင့် မြို့တော်မှ ပညာတတ်များက အတူတကွ စုရုံးပြီး ချန်းဖန်မြို့စား အိမ်တော်၏ စံအိမ်ကို ဝိုင်းလာခဲ့ကြ၏။ သူတို့က ရှမ့်လန်အား သူတောင်းစား ၁၁ ယောက်ကို စာမေးပွဲမှ နှုတ်ထွက်ခိုင်းရန် အတင်းအကျပ် ဖိအားပေးကြ၏။
မည်မျှ အဓိပ္ပာယ် မရှိလိုက်သနည်း။ သူတို့ ၁၀ နှစ်ကျော် ကြိုးစားပမ်းစား စာသင်ကြားခဲ့ပြီး ၁၀ နှစ်ကျော် သိုင်းပညာကို လေ့ကျင့်ခဲ့၏။ ပြီးမှသာလျှင် စာမေးပွဲကို ဖြေဆိုခွင့် ရခဲ့၏။ သို့ပေမည့် သူတောင်းစား ၁၁ ယောက်က ရှမ့်လန်ကို မှီခိုရုံနှင့် အထူးစာမေးပွဲကိုပင် ဝင်ရောက်ဖြေဆိုခွင့် ရခဲ့သည်။
အဘယ့်ကြောင့်နည်း။ သူတို့ ပညာတတ်တွေ၏ ဂုဏ်သိက္ခာက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
သူတို့ သိုင်းပညာ လေ့ကျင့်သူများ၏ ဂုဏ်သိက္ခာက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
သူတော်စင် ပညာရှင်များ၏ ဂုဏ်သိက္ခာက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
ဤပညာတတ်နှင့် သိုင်းပညာလေ့ကျင့်သူများသည် သူတော်စင်နှစ်ပါး၏ ရုပ်ထုများကို သယ်ဆောင် လာခဲ့ကြပြီး နင်ကျန်း၏ စံအိမ်ရှေ့တွင်ချကာ ဆန္ဒထုတ်ဖော် ဝိုင်းပိတ်ထားခဲ့ကြ၏။
“နင်ကျန်း… ထွက်ခဲ့။ နင်ကျန်း… ထွက်ခဲ့”
“ရှမ့်လန် ထွက်ခဲ့။ ရှမ့်လန် ထွက်ခဲ့”
နင်ကျန်းက ဖြောင့်မတ်သူတစ်ဦး ဖြစ်၏။ သူက ထိုအသံများကို ကြားသည်နှင့် ချက်ချင်း အပြင်ဘက်သို့ ထွက်သွားလို၏။ သို့ပေမည့် ရှမ့်လန်က သူ့ကို တားဆီးထား၏။ “အရှင်မင်းသား… ဒီကိစ္စမှာ ဝင်ပါစရာ မလိုပါဘူး”
ပြီးနောက် ရှမ့်လန်က တံခါးအပြင်ဘက်သို့ ထွက်သွားပြီး ထိုပညာရှိနှင့် သိုင်းပညာရှင်များကို တွေ့ဆုံလိုက်သည်။
ရှမ့်လန် ထွက်လာသည်ကို မြင်သည့်အချိန်မှာတော့ ထိုလူများ အားလုံးက ချက်ချင်းပဲ ဒေါသထွက်သွားကြ၏။ “ရှမ့်လန်… မင်းက အခွင့်အရေးသမား… မင်း နောက်ဆုံးတော့ ထွက်လာခဲ့ပြီပေါ့”
“ရှမ့်လန်… မင်း ဟာသလိုကောင်… မင်း အခု နောက်ဆုံးတော့ ထွက်လာခဲ့ပြီပေါ့”
“ရှမ့်လန်… သိပ်ပြီးတော့ လွန်မလာနဲ့။ မင်းက ဘာစာမေးပွဲမှ မဖြေခဲ့ဘဲနဲ့ ဘုရင်မင်းမြတ်က မင်းကို ကျောင်းတော်သားဘွဲ့ကို ပေးခဲ့တယ်။ အခု မင်းက သူတောင်းစား ၁၁ ယောက်ကိုတောင် စာမေးပွဲ ဖြေခွင့်ပြုခဲ့သေးတယ်။ သူတော်စင် ပညာရှိကြီးတွေရဲ့ ဂုဏ်သိက္ခာက ဘယ်နေရာကို ရောက်သွားတာလဲ။”
“ရှမ့်လန်… သူတောင်းစား ၁၁ ယောက်လုံးကို စာမေးပွဲ ဖြေဆိုတဲ့နေရာကနေ နှုတ်ထွက်ခိုင်း။ ပြီးတော့ သူတို့ကို ချန်းဖန်မြို့စားအိမ်တော်ကနေ နှင်ထုတ်ပြီး အထူးတရားရုံးချုပ် ထောင်ထဲ ပို့လိုက်။ ပြီးရင် တစ်လောကလုံးကို ဒူးထောက်တောင်းပန်ခိုင်း။ ဒါမှ ဒီကိစ္စက ပြီးဆုံးမှာ”
“ဒီသူတောင်းစားတွေက ဘယ်လိုလုပ် အရာရှိ ဖြစ်လာနိုင်မှာလဲ။ မင်းက နိုင်ငံရဲ့ ဥပဒေကို ကလေးကစားစရာလို သဘောထားနေတာလား။ ရွှဲ့ပြည်နယ်ရဲ့ နန်းတွင်းကို မင်းက ဝက်ခြံလို့ ထင်နေတာလား။ ဒါက လုံးဝ နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အရာပဲ”
ရှမ့်လန်က လက်နှစ်ဖက်ကို အသာဖြန့်ကာ ပြောလိုက်သည်။ “ကဲ လူကြီးမင်းတို့… ကျုပ်က အရည်အချင်းရှိတဲ့လူတွေကို ဆာလောင်တောင့်တလို့ ရွက်ပုန်းသီးတွေကို ရှာဖွေခဲ့တာလေ။ ခင်ဗျားတို့ လာပြီး လျှောက်ထားရင် အရှင်မင်းသားရဲ့ လက်အောက်မှာ အရာရှိတွေ ဖြစ်လာနိုင်တယ်။ အဲဒီတုန်းက ဘာလို့ မလာခဲ့တာလဲ”
လူအုပ်ထဲမှ လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့၏။ “မင်းသားနင်ကျန်းနောက်ကို လိုက်လို့ ကျုပ်တို့မှာ ဘာအနာဂတ်မှ မရှိဘူး။ ချန်းဖန်မြို့စားအိမ်တော်ဆီက ရာထူးကို ငါတို့ သေတောင် မလိုချင်ဘူးကွ”
“ဟုတ်တယ် ဟုတ်တယ်။ စာရေးချုပ်အရာရှိဆိုတာ ထားအုံး။ မင်း ရှမ့်လန်က ငါတို့ကို အမတ်ကြီးရာထူး ပေးမယ်ဆိုရင်တောင် မလိုချင်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ကြောင်တောင်တောင်နဲ့ ... ခင်ဗျားတို့က ဒီရာထူးကို မလိုချင်ဘူး။ ငြင်းပယ်တယ်။ ဒါပေမဲ့ ဒီရာထူးကို တခြားသူဆီ ပေးတော့လည်း ခွင့်မပြုဘူး။ ခင်ဗျားတို့က ဘာလဲ”
ပညာတတ်တစ်ဦးက လှမ်းကာ ပြောဆိုလိုက်၏။ “ဒါက ဘယ်လိုလုပ် တူမှာလဲ။ ဒီရာထူးကို သူတောင်းစားတွေဆီ ပေးတာကိုး။ မင်းက သာမန်လူတွေကို ပေးတာမှ မဟုတ်တာ”
အမှန်တကယ်အားဖြင့် အရူးလန် အပါအဝင် ဤ ၁၀ ယောက်လုံးက တကယ့် အရာရှိရာထူးကို မရရှိသေးပေ။ တစ်လအကြာ ကျင်းပမည့် အထူးစာမေးပွဲကို အောင်မြင်မှသာ အမှန်တကယ် ရာထူးတိုးမြှင့်ခြင်းနှင့် အရာရှိရာထူးများကို ရရှိမှာ ဖြစ်သည်။
ဝူလဲ့က တီးတိုးပြောလိုက်၏။ “သခင်လေး… ဒီလူတွေနဲ့ အကျိုးသင့်အကြောင်းသင့် သွားပြောနေလို့ ဘာမှ မထူးဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း… ငါ သူတို့နဲ့ အကျိုးသင့်အကြောင်းသင့် ပြောနေတာ မဟုတ်ဘူး”
ဝူလဲ့က ပြော၏။ “ဒါဆိုရင် ကျွန်မ လူအချို့ကို ခေါ်ပြီး သူတို့ကို မောင်းထုတ်လိုက်ရမလား”
ရှမ့်လန်က ပြောလိုက်သည်။ “မလိုပါဘူး။ လူများလေ ကောင်းလေပဲ။ ဒီကိစ္စကို ပိုပြီး ဂယက်ရိုက်လေ ကောင်းလေပဲ။ မိုးမြေကို ဆန့်ကျင်နိုင်တဲ့ အံ့ဖွယ်ရာ တစ်ခုခုကို ပြုလုပ်တော့မှာလေ။ ဒီအချိန်မှာ ဆန့်ကျင်တဲ့ လူတွေ ပိုများလေ၊ အခြေအနေ တစ်ခုလုံးကို ပိုပြီး အရှိန်မြှင့်တင်ပေးသလို ဖြစ်လိမ့်မယ်”