အပိုင်း (၄၇၃)
Vol. 33 Ch. 473
ဤနှစ်ပိုင်းအတွင်း သူက ကျိုးချောင်းရန်၏ လိမ်ညာလှည့်စားခြင်းကို ခံခဲ့ရ၏။ မဟုတ်ဘဲ ကောင်းကင် ပင်လယ် နန်းဆောင်တွင်သာ နေမည်ဆိုပါက သူ၏ သိုင်းပညာက ယခုထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိနေမှာ သေချာ၏။
ထိုအချိန်မှာပဲ ရှမ့်လန်က ထူးခြားလွန်းသည့် အငွေ့အသက်တချို့ကို ခံစားရမိသည်။
“အင်း… သူ့ကို ကယ်နိုင်မလား” လီချင်းချိုးက လှမ်းကာ မေးမြန်း၏။
ဤစကားကို ကြားသည့်အချိန်မှာတော့ ဝူလဲ့က အနောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ တချို့သော လျှို့ဝှက်ချက်များကို မသိခြင်းက သူမအတွက် ပိုကောင်းသည်။
ရှမ့်လန်က ပြန်ကာ ဖြေဆိုလိုက်၏။ “အကြီးအကဲဓားဘုရင်၊ ကျုပ် သေသေချာချာ မသိပါဘူး”
သူက ဤစမ်းသပ်မှုကို လုပ်ဆောင်နေသည်မှာ လဝက်နီးပါးခန့် ရှိ၏။ အစပိုင်းက သူက အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက်ကို အသုံးပြုပြီး နတ်မိမယ်ရွှယ်ရင်ကို ကယ်တင်ခဲ့၏။ နောက်ပိုင်းမှာတော့ ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲမှ ကူပိုးကောင်က အလွန်နက်နဲ ထူးခြားလွန်းကြောင်း ရှာဖွေတွေ့ရှိခဲ့၏။
ထိုပိုးကောင်များက အရူးကြီး၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်သွေးမျိုးဆက်ကို အလွန် တောင့်တပြီး မရပ်မနား ဝါးမြိုတတ်သည့် ပိုးကောင်မျိုးပင်။ ထိုပိုးကောင်များသည် အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက်ကို မြိုချပြီးနောက် သွေးမျိုးရိုး စွမ်းအင်အသစ်များကို အဆက်မပြတ် ထုတ်လွှင့်နေကြောင်း သူ သတိပြုမိသည်။
အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက်ထက် အဆင့်တစ်ဆင့်နိမ့်သော သွေးမျိုးရိုး စွမ်းအင်မျိုး ဖြစ်၏။ အရေအတွက်က ၁၀ ဆမက ပိုမိုကာ များပြား၏။ အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက်က မည်မျှ တန်ခိုးကြီး တန်ဖိုးကြီးမားလိုက်သနည်း။ ထိုအရာက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိနေသည့် အရာပင်။
ထိုအထက် အဆင့်အနည်းငယ် နိမ့်သည် ဆိုလျှင်တောင်မှ အံ့အားသင့်စရာ ကောင်းသည့် ရလဒ်မျိုးကို ရရှိစေနိုင်သည့် သွေးမျိုးဆက် ဖြစ်ပေလိမ့်မည်။
သို့ပေမည့် ဤကဲ့သို့ အံ့ဖွယ်ရာများ၏ အရာက အစပြု ကြိုးစားနေခြင်းသာလျှင် ရှိသေး၏။ ထူးဆန်းသည့် ကူပိုးကောင်များသည် အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက်ကို ဝါးမြိုချပြီးနောက် တကယ်ကို ရူးရူးမူးမူး ဖြစ်နေ၏။ ထို့အပြင် ပိုးအရေအတွက်ကလည်း ပွားများလျက် ရှိနေ၏။
ရှမ့်လန်က တကယ်ကို များပြားသည့် ပမာဏအဖြစ် မွေးမြူထားနိုင်ပြီ ဖြစ်၏။ ပထမတုန်းက ဤကူပိုးကောင်များက အာရုံကြောအဆိပ်များကို ထုတ်လွှင့်နေဆဲ ဖြစ်၏။ သို့ပေမည့် မမျှော်လင့်ဘဲ ရှမ့်လန်က ဓားဘုရင် မိန်းမ၏ သွေးထဲမှ ကူပိုးကောင်နှင့် စမ်းသပ်ကြည့်ခဲ့သည်။
မွေးစားသမီး ရွှယ်ရွှယ်၏ အဆိပ်ခတ်ခြင်းကို ခံရပြီးနောက် ဓားဘုရင်၏မိန်းမသည် သိစိတ်တစ်ခုလုံး ပျောက်ဆုံးသွားခဲ့ပြီး ဖားပြုတ်တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် အသွင်အပြင်နှင့် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ရှမ့်လန်က သူမကို စမ်းသပ်စစ်ဆေးပြီးနောက် ကူပိုးကောင်၏အဆိပ်သင့်ခြင်း ဖြစ်ကြောင်း သိရှိသွား၏။ ရှမ့်လန်က ကူပိုးကောင် နှစ်မျိုးကို ရောစပ်လိုက်၏။ မမျှော်လင့်ထားဘဲ ထိုအကောင်များက မိတ်လိုက်ခဲ့သည်။
ထို့ကြောင့် အသစ် ကူပိုးကောင်မျိုးဆက်များ ထွက်ပေါ်လာခဲ့၏။ ထိုကူပိုးကောင်များသည် အဆိပ်အတောက် ကင်းစင်လျက် ရှိနေ၏။
ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲမှ အာရုံကြောအဆိပ်များက ပျောက်ကွယ်သွားခဲ့၏။ ဓားဘုရင်၏ မိန်းမ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များကလည်း ပျောက်ကွယ်သွားခဲ့၏။
ဤကူပိုးကောင်၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တစ်မျိုးတည်းသာ ကျန်ရှိတော့၏။ ထိုအရာက အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက် စွမ်းအင်ပင် ဖြစ်၏။ ထို့အပြင် ထိုအရာက အဆက်မပြတ် ပိုးကောင်များ ပွားလျက်ရှိသည်။
လုံလောက်သည့် သွေးနှင့် စွမ်းအင်များ ရှိနေသမျှ ထိုအရာများကို ဆက်လက် မျိုးပွားနိုင်သည်။ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ သွေးမျိုးဆက်ပြောင်းလဲခြင်းအား လုပ်ဆောင်နိုင်သည် ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။
ကူပိုးကောင်များက အဆိပ်မရှိတော့ချေ။ လူ့ခန္ဓာကိုယ်ထဲသို့ ထိုအရာကို ထိုးသွင်းလိုက်သည်နှင့် ကပ်ပါးပိုးများက လူ၏ သွေးဆဲလ်ကို အဆက်မပြတ် ဝါးမြိုပြီး ပြန်လည် ထုတ်လုပ်ပေးသည်။ ထိုထုတ်လုပ်လိုက်သည့် သွေးမျိုးရိုး စွမ်းအင်များထဲတွင် အရူးကြီး၏ ရွှေရောင်သွေးမျိုးရိုး စွမ်းအင်များ ပါဝင်နေ၏။ သို့ပေမည့် အဆင့်အနည်းငယ် နိမ့်ကျသည် ဆိုလျှင်တောင်မှ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် သွေးမျိုးဆက်စွမ်းအင်ကို ပိုင်ဆိုင်ပေလိမ့်မည်။
ရှမ့်လန်က ဝမ်းသာလွန်းသောကြောင့် ထခုန်လုမတတ်ပင် ဖြစ်သွား၏။ ထို့ကြောင့် သူက သေဒဏ် ကျခံထားသည့် အကျဉ်းသား အနည်းငယ်ကို ရှာဖွေ၍ စမ်းသပ်ကြည့်၏။ ရလဒ်အားဖြင့် တကယ်ကို ဆိုးရွားလှ၏။ ထိုသူများ၏ခန္ဓာကိုယ်သည် အရူးကြီး၏ ရွှေရောင်သွေးမျိုးဆက်စွမ်းအင်ကို လုံးဝ ခံနိုင်ရည် မရှိကြချေ။
ကူပိုးကောင်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ချက်ချင်းပဲ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အရည်ဟူသမျှက စုပ်ယူခြင်းခံရပြီး ခန္ဓာကိုယ် တစ်ခုလုံးက ခြောက်သွေ့သွား၏။ တချို့မှာမူ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ထွက်သွားခဲ့၏။ သေဒဏ်ကျ အကျဉ်းသားများကို သုံးသည် ဖြစ်စေ၊ တိရစ္ဆာန်များကို သုံးသည် ဖြစ်စေ တစ်နာရီ၏ လေးပုံတစ်ပုံ၊ ၁၅ မိနစ်ထက်ပင် မည်သူမှ ပိုကာ အသက်မရှင်ခဲ့ချေ။
ဤသည်ကို ကြည့်ရှုရသည်မှာ သွေးမျိုးဆက် ပြောင်းလဲလိုလျှင် ခိုင်မာသည့် အခြေခံ လိုအပ်ကြောင်း သက်သေပြလျက် ရှိနေ၏။ သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်က ထိုအရာကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ဟုတ်ပေ၏။ အကယ်၍ နည်းပါးသည့် ကပ်ပါးပိုး အရေအတွက်ကိုသာ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းသည် ဆိုပါက စမ်းသပ်ခံရသည့် လူက ပိုမို အားကောင်းပြီး အသက်လည်း ပိုရှည်လာနိုင်၏။ သို့ပေမည့် လဝက်ထက် ပို၍ အသက်ရှင်ရန် ဆိုသည်မှာတော့ ခက်ခဲနေဆဲပင်။
ထို့ကြောင့် ရှမ့်လန်က သူ၏ စမ်းသပ်မှုကို ၉၉.၉၉ ရာခိုင်နှုန်းလောက် အောင်မြင်သည်ဟု ပြောခဲ့ခြင်း ဖြစ်၏။ အရူးလန် ခေါ်ဆောင်လာခဲ့သည့် သူတောင်းစား ၁၀ ယောက်လုံးက ခန္ဓာကိုယ်ထဲတွင် အံ့ဖွယ်သွေးမျိုးဆက် စွမ်းအင်များ ရှိနေကြသော်လည်း သူတို့က ထိုသွေးမျိုးဆက် အသက်ဝင်နိုးထ မလာခင်တွင် စစ်ဘေး ဒုက္ခသည်များ ဖြစ်လာခဲ့ကြပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ၏။
ထိုသူများထဲတွင် အသက်အကြီးဆုံးက အသက် ၃၀ ခန့် ဖြစ်၏။ တစ်နည်းအားဖြင့် ပြောရမည် ဆိုလျှင် ထိုသူတို့ စစ်ဘေးဒုက္ခသည်များဖြစ်လာချိန်တွင် အသက် ၁၀ နှစ်ထက် မပိုသေးပေ။ သူတို့က ကံမကောင်းစွာဖြင့် ချမ်းသာကြွယ်ဝသော မိသားစုများ၏ မွေးစားခြင်း မခံရချေ။ ထို့ကြောင့် ခန္ဓာကိုယ် ပေါ်ရှိ သွေးမျိုးဆက်စွမ်းအင်အား အချိန်မီ လမ်းညွှန် ပြသပေးနိုင်မှု မရှိချေ။
အချိန်ကြာသည်နှင့်အမျှ ခန္ဓာကိုယ်ကို လှုံ့ဆော်နိုင်မှု မရှိဘဲ မသန်စွမ်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ခန္ဓာကိုယ်ရှိ တချို့သောအစိတ်အပိုင်းများက လိမ်ကောက်သွားခဲ့၏။ ထို့ကြောင့် သူတို့က ရှမ့်လန်အတွက် အကောင်းဆုံးသော စမ်းသပ်ခံများ ဖြစ်ခဲ့၏။
အဘယ့်ကြောင့်ဆိုသော် သွေးမျိုးရိုးစွမ်းအင်က အလွန် အားကောင်းသောကြောင့် ရှမ့်လန် ဖန်တီးထားသည့် ကူပိုးကောင်များကို ထည့်သွင်းလိုက်ခြင်းအားဖြင့် အသက်ရှင် ရပ်တည်နေနိုင်သော အခြေခံကို ပိုင်ဆိုင်မည် မဟုတ်ပါလား။ မဟုတ်ပါက တစ်ခါတည်း ပေါက်ကွဲသေဆုံးသွားပေလိမ့်မည်။
သို့သော်ငြားလည်း ရှမ့်လန်က ထိုသူတို့ကို ပြောင်းလဲရန် လောလောဆယ် မဝင့်ရဲသေးချေ။ သို့ပေမည့် ယခုအချိန်ထဲမှာတော့ နာကျည်းမှုက သေလုနီးပါး ဖြစ်နေခဲ့၏။ ထို့ကြောင့် အကောင်းမွန်ဆုံးသော စမ်းသပ်ခံ ဖြစ်လာခဲ့၏။
ရှမ့်လန်၏ ရွှေရောင်သွေးမျိုးရိုး ကူပိုးကောင်သည်သာ နာကျည်းမှုကို ကယ်တင်နိုင်သည် ဆိုပါက သူတောင်းစား ၁၀ ယောက်၏ အသက်ကိုလည်း ကယ်တင်နိုင်ပြီး ခန္ဓာကိုယ်ထဲမှ သွေးမျိုးရိုးစွမ်းအင်ကို လှုံ့ဆော်နိုင်စွမ်း ရှိလာပေလိမ့်မည်။
“နာကျည်းမှု… ကျုပ်ရဲ့ သွေးမျိုးရိုး စမ်းသပ်မှုက နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ဒီတော့ ၉၉.၉၉ ရာခိုင်နှုန်း အောင်မြင်နေပြီ ဆိုပေမဲ့ ၀.၀၁ ရာခိုင်နှုန်း ခင်ဗျားအတွက် ချန်ထားလိုက်မယ်။ အောင်မြင်ရင် ခင်ဗျား အသက်ရှင်မယ်။ အင်း… ကျရှုံးရင်တော့ ခင်ဗျား သေလိမ့်မယ်”
ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ယူလိုက်၏။ ထိုအထဲတွင် အဝါရောင် ဖျော့ဖျော့အရည် ၃ မီလီလီတာခန့် ရှိ၏။ ထိုအရာက သန်းနှင့်ချီသည့် ရွှေရောင်သွေးမျိုးဆက် စွမ်းအင်များ တည်ရှိနေသော ကူပိုးကောင်များပင်။
ဓားဘုရင် လီချင်းချိုးကလည်း စိတ်လှုပ်ရှားလျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က နာကျည်းမှုကို ကယ်တင်နိုင်သည် ဆိုပါက သူ၏ မိန်းမကိုလည်း ကုသနိုင်သည်ဆိုသော အဓိပ္ပာယ်ပင် မဟုတ်ပါလား။
“ကျုပ်က ၈၀ ရာခိုင်နှုန်းလောက် သေချာပေမဲ့ ကျန်တဲ့အရာကို ကံတရားဆီကို ပုံအပ်ထားရတယ်” ရှမ့်လန်က ရယ်မောလိုက်၏။ ပြီးနောက် သူက ဆေးထိုးအပ်ကို နာကျည်းမှု၏ သွေးကြောထဲသို့ ထိုးစိုက်လိုက်၏။ ကူပိုးကောင်များက နာကျည်းမှု၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။ နှစ်မိနစ်ခန့် ကြာမြင့်ပြီးနောက် ဆေးထိုးခြင်းက ပြီးဆုံးသွား၏။
ဓားဘုရင် လီချင်းချိုးက မေးလိုက်သည်။ “ဒါပဲလား”
ရှမ့်လန်က ဖြေ၏။ “ဟုတ်တယ်”
ပြီးနောက် နှစ်ယောက်လုံး အသက်ပင် မရှူဝံ့ဘဲ နာကျည်းမှုကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူတို့က အသေးငယ်ဆုံးသော အချက်အလက်လေး တစ်ခုတစ်လေ လွတ်ထွက်သွားမည်ကို စိုးရိမ်ရသောကြောင့် မျက်တောင်ပင် မခတ်ဝံ့ကြချေ။ သို့ပေမည့် မိနစ်အနည်းငယ် ကြာသွား၏။ နာကျည်းမှုက တစ်ချက်ကလေးမှ မလှုပ်ရှားသေးချေ။ အသက်ရှူသံကိုလည်း မကြားရသလို နှလုံးလည်း ခုန်မလာခဲ့ချေ။
ဓားဘုရင် လီချင်းချိုး၏ နှလုံးသားများက ဒိန်းကနဲ ဖြစ်နေ၏။ ကျရှုံးသွားခဲ့လေသည်လား။ ကျေးဇူးပြုပြီး ထိုသို့ မဖြစ်ပါနှင့်။
ရှမ့်လန်၏ မျက်နှာအမူအရာက တဖြည်းဖြည်း လေးနက်တည်ကြည်လာခဲ့၏။
ဓားဘုရင် လီချင်းချိုးက ပြောလိုက်သည်။ “ရှမ့်လန်… စိတ်မပူနဲ့။ ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်လာမှာ မဟုတ်ဘူး။ ထင်တာတော့ မနက်ဖြန်လောက်မှ ဖြစ်လာမယ် ထင်တယ်”
“အင်း… ကျုပ်လည်း အဲလို ထင်တယ်။ ဒါက အောင်မြင်မှာပါ။ ဒါပေမဲ့ တုံ့ပြန်မှု တစ်ခုခုကို မြင်ရဖို့ အတွက်တော့ အနည်းဆုံး နာရီအနည်းငယ်လောက် စောင့်ရမယ် ထင်တယ်”
ဓားဘုရင် လီချင်းချိုး၏ နှလုံးသားက တဖြည်းဖြည်း အေးစက်လာခဲ့၏။ သူက စိတ်ထဲတွင် မိမိကိုယ်ကို နှစ်သိမ့်လျက် ရှိနေ၏။
ရှမ့်လန်ကလည်း သူ၏ စိုးရိမ်စိတ်ကို မထိန်းချုပ်နိုင်တော့ချေ။ အဘယ့်ကြောင့် ဆိုသော် သူ၏ X-Ray အမြင်နှင့် သေသေချာချာ မြင်နေရသည်မှာ ကူပိုးကောင်များက နာကျည်းမှု၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် အရူးအမူးဖြင့် လှုပ်ရှားလျက် ရှိနေသောကြောင့်ပင်။ ထို့အပြင် အရူးအမူး ပျံ့နှံ့လျက် ရှိနေ၏။ အရူးအမူးဖြင့် သွေးများကို ဝါးမြိုလျက် ရှိနေပြီး အရူးအမူးနှင့် ထုတ်လွှင့်လျက် ရှိနေသည်။
သန်းပေါင်းရာနှင့်ချီသည့် ရွှေရောင်ကူပိုးကောင်များက နာကျည်းမှု၏ ခန္ဓာကိုယ်ထဲတွင် အလုံးစုံ သောင်းကျန်းလျက် ရှိနေ၏။ အချိန်တိုအတွင်း ခန္ဓာကိုယ်တစ်ခုလုံးတွင် ထိုပိုးကောင်များနှင့် ပြည့်နှက်သွားခဲ့၏။ သို့ပေမည့် နာကျည်းမှုက အသက်မရှူသလို နှလုံးလည်း မခုန်သေးချေ။
ဘာတွေ ဖြစ်နေသနည်း။ စမ်းသပ်မှု ကျရှုံးသွားခြင်းများလား။ အောင်မြင်ဖို့ အခွင့်အရေး ၈၀၊ ၉၀ ရာခိုင်နှုန်း ရှိနေသည် ဆိုလျှင်တောင် အဘယ့်ကြောင့် ကျရှုံးရသနည်း။ အကယ်၍ ကျရှုံးသွားသည် ဆိုလျှင် နာကျည်းမှုကို မကယ်တင်ရုံသာမက အစွမ်းထက်သည့် မဟာမိတ်တစ်ဦးကိုပါ ဆုံးရှုံးရမှာ ဖြစ်ပြီး အရေးကြီးဆုံးမှာ သူ၏ အနာဂတ် အစီအစဉ်အားလုံး ပျက်စီးသွားပေလိမ့်မည်။ စမ်းသပ်မှုကိုလည်း အစမှ ပြန်စရပေလိမ့်မည်။
ထို့သို့ အစမှ ပြန်စရန်ကလည်း အချိန် မလုံလောက်တော့ချေ။ အကယ်၍ အထူးစာမေးပွဲကို လွဲချော်ခဲ့သည် ဆိုပါက နောက်တစ်ကြိမ် အံ့ဖွယ်ရာများကို ဖန်တီးနိုင်ရန် အချိန်ကြာပေတော့မည်။ မည်မျှကြာမည် ဖြစ်ကြောင်းလည်း မည်သူမှ သိရှိနိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမည့် ထိုအခိုက်မှာပဲ ..
“ဒုတ်… ဒုတ်… ဒုတ်”
ပြင်းထန်သော နှလုံးခုန်သံ တစ်ခုကို ကြားလိုက်ရ၏။ ရုတ်တရက် နာကျည်းမှု၏ နှလုံးသားက စတင်ကာ လှုပ်ခုန်လာပြီ ဖြစ်သည်။
နာကျည်းမှု အသက်ရှင်ပြီ ဖြစ်၏။
.......
“သူအသက်ရှင်နေသေးတယ်။ သူအသက်ရှင်နေသေးတာပဲ” ဓားဘုရင် လီချင်းချိုးက အလွန်ဝမ်းသာလွန်း သောကြောင့် ထခုန်ချင်စိတ်ပင် ပေါက်လာသည်။
ရှမ့်လန်က နာကျည်းမှုကို အမှန်ပင် ကယ်တင်နိုင်ခဲ့သည်။ ဤအရာက လုံးဝကို ထူးခြားသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။ ထိုသို့ဆိုလျှင် သူ၏မိန်းမ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့်အဆိပ်ကလည်း ကုသပျောက်ကင်းနိုင်သည်ဟု အဓိပ္ပာယ်ပေါ်သည်မဟုတ်ပါလား။
ရှမ့်လန်က ပြောလိုက်၏။ “စီနီယာ ဓားဘုရင်... စေတီတောင်နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်တို့မှာ ဘယ်အဖွဲ့က ပိုပြီးအားကောင်းလဲ”
ဓားဘုရင် လီချင်းချိုးက ခေါင်းကိုခါယမ်းလိုက်သည်။ “အင်း... နှိုင်းယှဉ်လို့မရဘူး”
အမှန်တကယ်ပင် နှိုင်းယှဉ်၍မရနိုင်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်က အသိပညာတို့၏ မြင့်မြတ်သော နယ်မြေတစ်ခုသဖွယ်ဖြစ်၏။ လောကကြီးတစ်ခုလုံးက အလေးအမြတ်ထားပြီး ရိုသေလေးစားရသည့် နေရာတစ်ခု ဖြစ်၏။ သို့ပေမည့် ကြောက်မက်ဖွယ်ရာ မကောင်းချေ။
စေတီတောင်ကမူ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ရာကောင်းခြင်းကို ကိုယ်စားပြု၏။ လောကတွင် ဘုရင်မင်းမြတ်တစ်ပါးပါးကို စော်ကားမိခဲ့လျှင်တောင်မှ အသက်ရှင်နိုင်သေး၏။ စေတီတောင်ကို စော်ကားမိပါက သေဆုံးနိုင်သည်ဆိုသည့် ဆိုရိုးစကားပင်ရှိ၏။ ထိုစကားကပင် အရာအားလုံး ကို သက်သေပြလျက်ရှိနေ၏။
ရှမ့်လန်၏အထင်အရဆိုလျှင် စေတီတောင်က အဆိပ်ကို အရောင်းအဝယ်ပြုသည့် ကျွမ်းကျင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်၏။ သို့ပေမည့် လက်တွေ့တွင်မူ ထိုသို့မဟုတ်ချေ။ တိတိကျကျ ပြောဆိုရမည်ဆိုလျှင် စေတီတောင်က မှော်ပညာများကို လေ့လာလိုက်စားသည့်ပုံပင်။ ဆေးများဖော်စပ်ခြင်း၊ အဆိပ်ပညာနှင့် အတွင်းအားကျင့်စဉ်အားလုံးကို စေတီတောင်က ကိုင်တွယ်ထားခဲ့သည်။
စေတီတောင်၏တပည့်များက အပြင်လောကတွင် သွားလေ့သွားထ လှုပ်ရှားသည်ကို မြင်ရခဲ၏။ အမြဲတစေ အပြင်လူများကသာ စေတီတောင်ဆီသို့ သွားရောက်ပြီး ဂါရဝပြုမှုကို ပြုလုပ်ကြ၏။ သို့ပေမည့် အဖွဲ့အစည်းထဲတွင် သူတို့က အောက်ခြေစည်းမျဉ်းဟူ၍ မရှိချေ။ ထို့အပြင် အနိမ့်ဆုံး ကိုယ်ကျင့်တရား ဟူ၍ပင် မရှိချေ။
စေတီတောင်၏အဆိပ်က တကယ့်ကို အစွမ်းထက်လွန်းသည့်။ ထို့ကြောင့် အပြင်ဘက်သို့ မပျံ့နှံ့သင့်သည့် အရာမျိုးပင်။ သို့ပေမည့် အင်အားကြီးသည့်အဖွဲ့အစည်းအချို့သည် စေတီတောင်ဆီမှ အဆိပ်မျိုးစုံကို ဝယ်ယူရရှိနိုင်၏။
ကျုံးချူးကဲ့ စေတီတောင်ဆီသို့ သွားခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး နတ်မိမယ် ရွှယ်ရင်ကလည်း လိုက်ပါသွားခဲ့သည်မှာ သုံးလေးလခန့်ရှိနေ၏။ ထိုသူတို့ဆီမှ ဘာသတင်းတစ်စုံတစ်ရာကိုမှ သူ မကြားရသေးချေ။ ထိုအရာက တကယ်ပင် စိတ်ပူစရာ ကောင်းလှသည်။
“စေတီတောင်ရဲ့ ကူပိုးကောင်က ကြားခံတစ်ခုခုအဖြစ် အလုပ်လုပ်နေတဲ့ပုံပဲ”
ဓားဘုရင် လီချင်းချိုးက ဆိုလိုက်၏။ “ဘာပဲပြောပြော ဒီအရာကို မျိုချလိုက်ပြီးတာနဲ့ သူက အဆိပ်တွေကို အဆက်မပြတ် ထုတ်လွှတ်နေတဲ့ပုံပဲ”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ စေတီတောင်၏ ကူပိုးကောင်က တကယ့်ကို အမျိုးအစား စုံလင်လွန်း၏။ ဤလောကဆီသို့ ရောက်ရှိပြီးနောက် ရှမ့်လန်က ဤနေရာတွင် တွေ့မြင်သမျှ အရာအားလုံးတို့သည် တကယ့်ကို ရိုးရှင်းပြီး သူနေထိုင်ခဲ့ရာ အမိကမ္ဘာမြေဆီမှ မျိုးဆက်များနှင့် ၉၉ ရာခိုင်နှုန်းခန့် ထပ်တူကျသည့် လောကကြီး တစ်ခုဖြစ်ကြောင်း သိရှိခဲ့သည်။ သို့ပေမည့် ကူပိုးကောင်ကိုတော့ သူ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ပြောရမည်ဆိုလျှင် မြင်ဖူးခြင်း၊ ကြားဖူးခြင်းပင်မရှိချေ။
ရှမ့်လန်က ပြောလိုက်၏။ “စီနီယာ ဓားဘုရင်... စေတီတောင်က ကူပိုးကောင်တွေကို ဘယ်ကရတယ်လို့ ထင်လဲ။ သူတို့ကိုယ်တိုင် မွေးမြူခဲ့တာလား”
ဓားဘုရင် လီချင်းချိုးက ခေါင်းကိုခါယမ်းလိုက်၏။ “မဟုတ်လောက်ဘူး။ ရှေးလောကကြီးရဲ့ နယ်မြေပျက် တစ်ခုခုကနေ တူးဖော်ရရှိခဲ့တာလည်း ဖြစ်နိုင်တယ်”
“ရှေးလောကကြီးဟုတ်လား”
ကောင်းကင်ပင်လယ်နန်းဆောင်၏ နန်းဆောင်သခင် ကျိုးရှိက ကောင်းကင်ပင်လယ်နန်းဆောင်ကို စွန့်ခွာပြီး ရှေးဟောင်းအပျက်အစီးများကို လိုက်လံရှာဖွေစူးစမ်းနေသည်ဆိုခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ချေ။
တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် ရှေးဟောင်းယဉ်ကျေးမှုများကို ရှာဖွေရန်အတွက် လူအင်အားနှင့် သယံဇာတပေါင်းများစွာကို ကုန်ကျခံသည်ဆိုသည်မှာလည်း ဆန်းကြယ်ခြင်း မဟုတ်တော့ချေ။ ရှာဖွေတွေ့ရှိသည်နှင့် ထိုအင်အားစုကြီးက ချက်ချင်းပဲ တိုးတက်သွားပေလိမ့်မည်။
ဟုတ်ပေ၏။ ကျိုးရှိကတော့ အာဏာရရှိရေးအတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ချေ။ သူက ရှေးဟောင်း ယဉ်ကျေးမှုများအပေါ်တွင် အစွဲလမ်းကြီးနေသောကြောင့် ပြုလုပ်နေခြင်းသာဖြစ်၏။
ဓားဘုရင် လီချင်းချိုးက မေးလိုက်သည်။ “သူဘယ်တော့လောက် သတိပြန်ရလာမှာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “နောက်ထပ် နှစ်ရက်၊ သုံးရက်လောက်တော့ ကြာအုံးမယ်နဲ့တူတယ်”
ထိုအချိန်မှာတော့ နာကျည်းမှု၏ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းတို့က ပုံမှန်အခြေအနေဆီသို့ ပြန်ရောက်သွား၏။ သို့ပေမည့် သူက သတိပြန်လည် မနိုးထသေးချေ။ ရှမ့်လန်က X-Ray အမြင်ဖြင့် သွေးကြောများကို ကြည့်ရှုလိုက်၏။
ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များက မမောနိုင်မပန်းနိုင်ပင် လှည့်လည်သွားလာလျက်ရှိနေ၏။ အထဲတွင်ရှိနေသည့် သွေးမျိုးဆက်များကို ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ ပုံတူကူးခြင်း၊ မျိုးပွားခြင်း၊ ထို့အပြင် ခွဲခြမ်းစိတ်ဖြာခြင်း စသည့်အရာများအားလုံးကို တရစပ် လုပ်ဆောင်နေကြသည်။
...................