အပိုင်း (၄၇၄)
Vol. 33 Ch. 474
“သခင်လေး... ဒီအရူးလန်ကို ထိန်းချုပ်ပေးလို့ရမလား”
ရှမ့်နုက ဆိုလိုက်၏။ “ကျွန်မကို ဒီလိုမျိုး စိုက်မကြည့်ဖို့ သူ့ကိုပြောပေးပါအုံး”
ရှမ့်လန်က ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ။ သူ့အကြည့်တွေက အရမ်းကို ရမ္မက်ဆန်နေလို့လား”
ရှမ့်နုက ခေါင်းခါယမ်းလိုက်၏။ “မဟုတ်ပါဘူး”
အမှန်တကယ်မှာတော့ သူမက ထိုကဲ့သို့ ရမ္မက်ထန်သည့် အကြည့်များကို မကြောက်လန့်ချေ။ အကြောင်းအရင်းမှာ ထိုကဲ့သို့သောအကြည့်များကို အကြိမ်ပေါင်းများစွာ တွေ့ကြုံဖူးသောကြောင့်ဖြစ်၏။ အကြောင်းက သူမ ဆူမိုနပမ်းသတ်သည့် အခါမျိုးတွင် အဝတ်အစားများကို ဝတ်ဆင်လေ့မရှိသောကြောင့်ပင်။
ဟုတ်ပေ၏။ ဆူမိုနပမ်းသတ်သည့် မိန်းကလေးတိုင်း၏ ခန္ဓာကိုယ်က တကယ့်ကို ဝဖြိုးပြီး ကြည့်ကောင်းသည်ဟူ၍ မရှိချေ။ သို့ပေမည့် ထူးဆန်းသည့်အရသာကို နှစ်သက်သည့်ယောက်ျားများလည်း လောကကြီးထဲတွင် ရှိခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် အသစ်အဆန်းကို မက်မောစွာဖြင့် လာရောက် ကြည့်ရှုတတ်သည်။
ရှမ့်လန်က ရယ်မောလိုက်၏။ “ဒါဆိုရင် သူ့ကို ဘာလို့မကြည့်ခိုင်းချင်တာလဲ”
ရှမ့်နုက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူက ကျွန်မကို လောကမှာ အလှဆုံး မိန်းကလေးတစ်ယောက်လို ကြည့်နေတာမို့လို့ပဲ။ ကျွန်မက တကယ်တမ်းတော့ ရုပ်ဆိုးတယ် မဟုတ်လား။ ဒါက ကျွန်မကို ထူးဆန်းသလို ခံစားရစေတယ်”
ဤကဲ့သို့သောစကားမျိုးလည်း ရှိနေသေးသည်လား။ ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီလေ။ ဒီတော့ ငါကြိုးစားကြည့်မယ်။ ဒါပေမဲ့ ဒီလို အသေးအမွှားကိစ္စတွေမှာ သူ့ကို ငါ ချုပ်ချယ်လို့တော့ မဖြစ်နိုင်ဘူး”
ရှမ့်နုက တစ်စုံတစ်ရာကို ပြောချင်၏။ သို့ပေမည့် တုံ့ဆိုင်းလို့နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “မင်း နင်ယန်အကြောင်းကို မေးချင်တာလား”
ရှမ့်နုက ခေါင်းညိတ်လိုက်သည်။ “မင်းသမီးလေးကို နန်းတော်ရဲ့အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားတာ လပေါင်းများစွာ ကြာနေပြီ။ တကယ်ဆိုရင် လွတ်ရမယ့်အချိန်ကို ကျော်နေပြီ။ ဘာလို့အခုထိ ပြန်မလွှတ် ပေးသေးတာလဲ။ ပြီးတော့ အရှင်မင်းကြီးက သခင်လေးကို ဒီလောက်သဘောကျနေတာ။ သခင်လေးသာ အသနားခံ တောင်းဆိုပေးမယ်ဆိုရင် အရှင်မင်းကြီးက တတိယမင်းသမီးကို သေချာပေါက် ပြန်လွှတ်ပေးမှာပါ”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီးက နင်ယန်ကို မလွှတ်ချင်လို့မဟုတ်ဘူး။ ယွမ်မင်ကျယ်က တော်ဝင်ရန်နိုင်ငံကို သွားပြီး မင်းသားလျန်နဲ့လက်ထပ်ထားတာကို ဖျက်သိမ်းဖို့၊ ပြီးတော့ မင်းသမီး နင်ယန်ကို လွတ်လပ်ခွင့်ပေးဖို့ ပြန် တောင်းဆိုနေတယ်။ အခုထိ ပြန်မလာသေးဘူးဆိုတော့ အခြေအနေက မချောမွေ့သေးဘူး ဆိုတဲ့သဘောပေါ့။ ဒါကြောင့် တော်ဝင်ရန်နိုင်ငံကို တို့တိတို့တိ သွားလုပ်လို့ မဖြစ်သေးဘူး။
နင်ယန်က အခုနန်းတော်ရဲ့အကျဉ်းထောင်ထဲမှာ အခြားခြံဝန်းတစ်ခုဆီ ပြောင်းသွားခဲ့ပြီ။ ဒါက မင်းသားနင်ကျန်း အကျဉ်းချခံရတုန်းက အခြေအနေနဲ့ လုံးဝတူတာမဟုတ်ဘူး။ အရှင်မင်းကြီးက နင်ယန်ကို ချုပ်နှောင်ထားတယ် ဆိုတာက သူ့ရဲ့လွတ်လပ်ခွင့်ကို အပြည့်အဝပြန်ပြီး ရရှိစေချင်လို့ပဲ။ သူ့ရဲ့ကောင်းကျိုး အတွက် ချုပ်နှောင် ထားတာ။”
“ကျွန်မ သဘောပေါက်ပါပြီ။ ကျေးဇူးတင်ပါတယ် သခင်လေး” ရှမ့်နုက တကယ်ပင် ဝမ်းသာသွားမိ၏။
………….
အရူးလန်၏ ပါရမီကို မြင်ရသည်မှာ ရှမ့်လန်ပင် မကြည့်နိုင်အောင်ဖြစ်မိ၏။ အရူးလန်က ရှမ့်လန်ပြင်ဆင်ထားသည့် နိုင်ငံရေးကျမ်းအားလုံးတို့ကို နေ့တိုင်းလိုလို ကျက်မှတ်နေဆဲဖြစ်ပြီး အမြန်နှုန်းကလည်း ပိုမိုကာ မြန်ဆန်လာခဲ့သည်။
သို့ပေမည့် ထိုအရာက ဘာမှမဟုတ်သေးချေ။ ပိုမို၍ အရေးကြီးမားသည်မှာ နိုင်ငံရေးကျမ်းများကို ကျက်မှတ်နေရင်း တစ်ဖက်မှာလည်း ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းကိုပါ ဖတ်ရှုနိုင်စွမ်း ရှိနေ၏။ ရှေးဟောင်း စာပေအများစုနှင့် ပြောင်းလဲခြင်းစာအုပ်ကိုလည်း ဖတ်ရှုနေသေး၏။ ထိုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် သူ၏အချိန်ကို မကုန်စေခဲ့သေးချေ။ အားလပ်ချိန်ပင် ရှိနေသေး၏။
ရှမ့်လန်က သူ့ကို စမ်းသပ်ကြည့်၏။ တကယ်ပင် နိုင်ငံရေးကျမ်းများကို ကျက်မှတ်သည့်နေရာတွင် ပြဿနာ မရှိရုံသာမက ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းကိုပင် အလွတ်ရအောင် ကျက်မှတ်နိုင်သေး၏။ တစ်ခုတည်းသော အခက်အခဲ တွေ့နေသည်မှာ ပြောင်းလဲခြင်းစာအုပ်ကို ဖတ်ရှုခြင်းပင်။ ထိုအရာက သူ့အတွက် ခက်ခဲသည်။
[ပြောင်းလဲခြင်းစာအုပ်ဆိုသည်မှာ ကွန်ဖြူရှပ်၏ လေးအုပ်၊ ငါးကျမ်းထဲမှ ဖြစ်ပြီး အဓိကအားဖြင့် ငါးကျမ်းထဲမှ ကျမ်းတစ်ကျမ်း ဖြစ်သည်။ ကဗျာကျမ်း၊ သမိုင်းမှတ်တမ်းကျမ်း၊ ထုံတမ်းကျမ်း၊ နွေဦးနှင့် ဆောင်းဦးကျမ်း၊ ပြောင်းလဲခြင်းကျမ်းပင်။
တရုတ်ဒဿနအားလုံး၏ အမြစ်တွယ်ရာကျမ်းတစ်စောင်ဖြစ်ပြီး စကြဝဠာကြီး၏ ပြောင်းလဲခြင်းတရားကို အခြေခံထားသည်။ ယင်၊ ယန် သဘောတရားတို့၏ ဆန်ကျင်ဘက် အကြောင်းအရာတို့လည်း ပါဝင်သည်။
ဗေဒင်ပညာ - Hexagram ၆၄ ခုကို အသုံးပြု၍ တွက်ချက်ခြင်း ၊
ဒဿနပညာ - လူဘဝနေထိုင်နည်း၊ ခေါင်းဆောင်မှု အတတ်ပညာ နှင့် အခက်အခဲ ကျော်ဖြတ် ၊ ကိုင်တွယ် ဖြေရှင်းခြင်းတို့တွင် လမ်းညွှန်အဖြစ် အသုံးပြုသည်။
အမျိုးသားစာပေဆုရ စာရေးဆရာကြီး တင်ညွှန့် (ရိုးမားပေါ်ကျတဲ့မျက်ရည်) ၏ (ကွန်ဖြူရှပ်၏ စီးပွားရေးဒဿန) စာအုပ်ဟူ၍ရှိသည်။ နီးစပ်ရာဆိုင်များတွင် ဝယ်ယူဖတ်ရှုနိုင်သည်။ ဤကား ကြော်ငြာ တစ်ဖြတ်။]
ဟုတ်ပေ၏။ ဤအရာက အရူးလန် အနှစ်သက်ဆုံး အရာလည်းဖြစ်၏။ အရူးလန်က စစ်ဘေးဒုက္ခသည် တစ်ဦး မဖြစ်မီကပင် အသက် ၁၃ နှစ်ရှိနေပြီဖြစ်၏။ ထိုအချိန်တည်းကစ၍ သူက တစ်နိုင်ငံနှင့် တစ်နိုင်ငံသို့ ခြေဦးတည့်ရာ လှည့်လည်သွားလာခဲ့၏။ သူက စာအုပ်ပေါင်းများစွာကို ရှာဖွေဖတ်ရှုရန် တတ်နိုင်သမျှ နည်းလမ်းမျိုးစုံနှင့် ကြိုးစားခဲ့၏။ အသိပညာအားလုံးကို ကိုယ်တိုင်လေ့လာသင်ယူခြင်းမှ ရရှိခဲ့၏။
ရှမ့်လန်က သူ့ကို စာအုပ်ပေါင်းများစွာကို အဆက်မပြတ်ထောက်ပံ့ပေး၏။ သူက ထိုစာအုပ်များကြားထဲတွင် နစ်မြုပ်နေခဲ့၏။ အလုပ်ပေါင်းများစွာကို တပြိုင်နက်တည်း လုပ်ဆောင်နေရင်းမှာပဲ သူက ရှမ့်နုကိုလည်း အမြဲဆိုသလိုကြည့်ကာ စနောက်နိုင်သေး၏။ ဤကဲ့သို့သောပါရမီမျိုးက တကယ့်ကို အံ့အားသင့်စရာ ကောင်းသလို ထိတ်လန့်ဖွယ်ရာလည်း ကောင်း၏။ ပိုပိုသာသာ ပြောရမည်ဆိုလျှင် စက်ဆုပ်ဖွယ်ရာလည်း ကောင်းသည်။
မိဖုရားကြီးပျံ့၏ ကျန်းမာရေးက အလုံးစုံ ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်၏။ သူမက နင်ကျန်းကို လေး၊ ငါးရက်လျှင် တစ်ကြိမ် နန်းတော်ဆီသို့ ခေါ်တွေ့လေ့ရှိ၏။ သို့ပေမည့် ဘယ်သောအခါကမှ နိုင်ငံရေး အကြောင်းကို မပြောဆိုခဲ့ချေ။ မိဖုရားများက နန်းတွင်းရေးကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိချေ။ နင်ကျန်းက သူမနှင့်အတူ ထမင်းစားရန်အတွက်သာ နန်းတော်သို့ လာခြင်းဖြစ်၏။
တစ်နေ့မှာတော့ မိဖုရားကြီးပျံ့က သည်းမခံနိုင်တော့ချေ။ “ကျန်းအာ.. အထူးစာမေးပွဲဖြေဖို့ ရက်ကသိပ်ပြီး ကျန်တော့တာ မဟုတ်ဘူး”
နင်ကျန်းက ပြောလိုက်သည်။ “ဟုတ်ပါတယ်”
မိဖုရားကြီးပျံ့က ပြောလိုက်၏။ “အင်း... အရူးလန်ကို သင်ကြားပေးဖို့ ပညာရှင် တစ်ယောက်ယောက် ရှာပေးရမလား။ ဘာမှမဟုတ်နိုင်ပေမဲ့ နောက်ဆုံးမိနစ်မှာ ကောက်ရိုးမျှင်တစ်ခုကို ဆွဲပြီး အသည်းအသန် ကြိုးစားလိုက်ရင် အောင်မြင်သွားနိုင်သေးတယ် မဟုတ်လား။”
အရူးလန်သည် ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း သို့မဟုတ် အခြားသောဝတ္ထုများကို ဖတ်ရှုနေပြီး ဗေဒင်ဟောစာတမ်းများ ကိုပါ ဖတ်ရှုနေသည်ဟု သူမ ကြားသိရ၏။ အခြေခံအားဖြင့် လေးအုပ်၊ ငါးကျမ်း စာအုပ်ကိုပင် လုံးဝဖတ်ရှုခြင်း မရှိချေ။ စာမေးပွဲဝင်ရောက်ဖြေဆိုရန် သင်ယူရမည့်အချိန်က အလုံးစုံ အချိန်နှောင်းလျက် ရှိနေ၏။ သို့ပေမည့် အနည်းဆုံးအနေနှင့် ဟန်ပြတစ်ခုခုတော့ ပြုလုပ်သင့်သည် မဟုတ်ပါလား။ ကောက်ရိုးမျှင်တစ်ခုကိုဆွဲ၍ ကြိုးစားခြင်းဆိုသည်မှာ အသုံးမဝင်လျှင်တောင်မှ စာမေးပွဲကို ရိုသေလေးစားခဲ့သည်ဟု အဓိပ္ပာယ်ဖော်သည်။
နင်ကျန်းက ပြောလိုက်၏။ “မိဖုရားကြီးပျံ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုအပ်ပါဘူး။ ရှမ့်လန်က အရူးလန်ကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးနေပါတယ်”
မိဖုရားကြီးပျံ့က အလုံးစုံ ဆွံ့အသွားသည်။ “ရှမ့်လန်... အဲကောင်လေးက စာမေးပွဲကိစ္စမှာ လုံးဝ အားကိုးလို့ရတာ မဟုတ်ဘူး။ သူကိုယ်တိုင်တောင် စာမေးပွဲအောင်တာ မဟုတ်ဘူး။ သူ့ရဲ့ ကျောင်းတော်သား ဆိုတဲ့ဘွဲ့က အရှင်မင်းကြီးက သူ့ကို တမင်သက်သက် ပေးထားတာ။ သူက ဘယ်လိုဖြစ်ပြီး တခြားသူတွေကို စာသင်ပေးချင်နေရတာလဲ။ သူ လိမ်နေတာပဲ ဖြစ်မယ်။”
ဤစကားများက နင်ယွမ်ရှန်း၏ မူရင်းစကားများဖြစ်၏။ မဟုတ်သေးပေ။ နင်ယွမ်ရှန်း၏ မူရင်းစကားမှာ ခြိမ်းခြောက် အကျပ်ကိုင်ခြင်း ဖြစ်၏။ လိမ်ညာလှည့်ဖြားခြင်းထက် ပိုမိုကာ တစ်ဆင့်မြင့်၏။
သူက ရှမ့်လန်ကို မတရားစွပ်စွဲနေခြင်း မဟုတ်ချေ။ ရှမ့်လန်ကို ချင်နိုင်ငံဆီသို့ သံတမန်အဖြစ် စေလွှတ်ခဲ့စဉ်က ရာထူးအခြေအနေက နိမ့်ကျ၍ မဖြစ်ပေ။ ထို့ကြောင့် ကျောင်းတော်သားဘွဲ့တစ်ခု လိုချင်သည်ဟု ရှမ့်လန်က ခြိမ်းခြောက် အကျပ်ကိုင်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်က ကျောင်းတော်သားဟူသည့် လက်မှတ်တစ်ခုကို ထုတ်ပေးခဲ့ရသည်။
ထိုအရာနှင့်ပတ်သက်၍ ရှမ့်လန်ကလည်း အရှင်မင်းကြီးထံမှ အဆက်မပြတ် တောင်းဆိုခဲ့၏။ သူက ပညာရှိဘွဲ့ကို လိုချင်ခဲ့သော်လည်း နင်ယွမ်ရှန်းက မပေးခဲ့ချေ။ နောက်ဆုံးမတတ်သာသည့် အခြေအနေမျိုးမှသာလျှင် ပေးခဲ့ရ၏။
ရှမ့်လန်သာ တော်ဝင်စာမေးပွဲများ၌ ဝင်ရောက်ဖြေဆိုသည်ဆိုပါက တကယ့်ကို အရှက်တကွဲ အကျိုးနည်း ဖြစ်ရပေလိမ့်မည်။
မိဖုရားကြီးပျံ့က ပြောလိုက်သည်။ “ငါကြားတာတော့ ဒီရက်ပိုင်းမှာ သိုင်းစာမေးပွဲကို ဝင်ဖြေမဲ့လူ ၁၀ ယောက်က သိုင်းပညာ လေ့ကျင့်ပေးမယ့် ဆရာတွေလည်း မငှားကြဘူး။ မြင်းစီး၊ လေးမြားပစ်တာတွေလည်း မသင်ကြဘူးတဲ့။ အိမ်မှာပဲ နေ့တိုင်း စားလိုက်သောက်လိုက်နဲ့ လုပ်နေကြတယ်တဲ့။ ဟုတ်လား”
နင်ကျန်းက မည်သို့ဖြေရမှန်းပင် မသိတော့ချေ။ အဘယ်ကြောင့်ဆိုသော် မိဖုရားကြီးပျံ့ ပြောနေသည်မှာ အမှန်ပင်ဖြစ်၏။ သူတောင်းစား ၁၀ ယောက်တို့က အိမ်တော်သို့ ရောက်ရှိသည်မှာ ၁၀ ရက်ကြာနေပြီ ဖြစ်သော်လည်း တစ်ရက်ကလေးမှ သိုင်းပညာကို မလေ့ကျင့်ခဲ့ချေ။ မြင်းပင်မစီးတတ်ချေ။
ဟုတ်ပေ၏။ ရှမ့်လန်က ထိုသူတို့အား တစ်ခါစမ်းသပ်ကြည့်ဖူး၏။ ရလဒ်မှာ တကယ်ပင် ကြေကွဲစရာ ကောင်းလှ၏။ မြင်းစီးခြင်း၊ လေးမြားပစ်ခြင်းကို မဆိုနေဦး။ ထို ၁၀ ယောက်လုံးက မြင်းပေါ်သို့ပင် မတက်နိုင်ကြချေ။
စစ်မြင်းများက ငြိမ်သက်စွာ မတ်တပ်ရပ်ပေးနေသည်ဆိုလျှင်တောင် သူတို့က မြင်းပေါ်သို့ တွယ်မတက်နိုင်ကြချေ။ အကြောင်းမှာ ထိုသူတစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်များက လိမ်ကောက်လျက် ရှိနေပြီး မသန်စွမ်းများ ဖြစ်နေသောကြောင့်ပင်။
မြားပစ်ရန်လေးတင်ဖို့ ဆိုသည်မှာ ပို၍ပင် ဆိုးရွား၏။ တစ်ကျပ်သားအလေးကို ဆွဲပြီး လေးကြိုးကိုပင် ကောင်းကောင်း မဆွဲနိုင်ချေ။
ဤရက်ပိုင်းအတွင်း သူတောင်းစား ၁၀ ယောက်တို့က ထုံးစံအတိုင်း စားလိုက်၊ အိပ်လိုက်၊ အိပ်လိုက်၊ စားလိုက်သာ လုပ်နေကြ၏။ နေ့စဉ်နေ့တိုင်း လဲလျောင်းပြီး ဟိတ်ကြီးဟန်ကြီး စကားလုံးများကို ပြောဆိုခဲ့ကြ၏။ သူတို့က မနက်မိုးလင်း အချိန်မှ ညနေ နေဝင်သွားသည့်အထိ ဝါကြွားလျက်သာ ရှိကြ၏။
နင်ကျန်းကဲ့သို့ ဖြောင့်မတ်သည့်လူတစ်ယောက်ပင်လျှင် ထိုသူတို့၏စကားများကို နားထောင်ရန် မတတ်နိုင်ချေ။ တစ်ယောက်ချင်းစီတိုင်းက အစွမ်းကုန်ပင် မိမိ၏ အစွမ်းသတ္တိများကို ကြွားဝါကာ ပြောဆိုနေ၏။ သို့ပေမည့် ဘာတစ်ခုမှ အသုံးဝင်သည့်လူမျိုး မဟုတ်ချေ။
အချို့သောသူများက မိန်းမလှလေးများနှင့် ပတ်သက်ဆက်နွယ်ဖူးကြောင်း၊ နိုင်ငံတစ်နိုင်ငံရှိ သူဌေးသမီးကပင် သူတို့ကို ချစ်မြတ်နိုးကြောင်း၊ တချို့သော သူဌေးကြီးများက သမက်တော်ချင်ကြောင်း စသဖြင့် ဟိတ်ဟန်ထုတ်ကာ ပြောဆိုလျက် ရှိနေ၏။
လက်တွေ့အခြေအနေမှာတော့ ရှမ့်လန် ခေါ်ဆောင်လာခဲ့သည့် ၁၁ ယောက်ထဲတွင် အရူးလန် တစ်ယောက်တည်း ကသာလျှင် အကောင်းဆုံး လုပ်နိုင်၏။ အနည်းဆုံးအနေနှင့် သူက ငွေတစ်မတ်တန်သည့် မိန်းမများနှင့် မရေတွက်နိုင်အောင် တူတူအိပ်ခဲ့ဖူးသေး၏။ ကျန်သည့် ၁၀ ယောက်မှာ လူပျိုရည်ပင် မပျက်သေးကြချေ။
သို့ပေမည့် တစ်ယောက်ချင်းစီတိုင်းက တကယ့်ကို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများကဲ့သို့ပင် ပြောဆိုလျက် ရှိနေ၏။ အရူးလန်သည် မိန်းမတစ်ယောက်နှင့် ငါးမိနစ်ထက်ပို၍ အတူနေထိုင်ခဲ့ဖူးခြင်း မရှိသော်လည်း အဆုံးသတ်မှာတော့ သူက လေးနာရီကျော် နေထိုင်ကြောင်းကို ကြွားဝါခဲ့သည်။
မိဖုရားကြီးပျံ့က ပြောဆိုလိုက်၏။ “ရှမ့်လန်က ဒါတွေကို ဂရုမစိုက်ဘူးလား”
ရှမ့်လန်က အဘယ်သို့ ဂရုစိုက် ဆုံးမမည်နည်း။ သူကိုယ်တိုင်ပင်လျှင် ထိုသူတောင်းစား ၁၀ ယောက်တို့နှင့် နေ့စဉ် နှစ်နာရီကြာအောင် သွားကာ ကြွားဝါတတ်သေး၏။ ရှမ့်လန်၏ ကြွားဝါမှုများက ပို၍ပင် နားမခံသာစရာ ကောင်း၏။ သူက ကောင်းကင်ဘုံသို့ ရောက်ခဲ့ဖူးကြောင်း၊ ပင်လယ်ပြင်အောက်ခြေသို့ ရောက်ခဲ့ဖူးကြောင်းနှင့် တစ်နှစ်လျှင် မိုင်ထောင်နှင့်ချီ ခရီးသွားခဲ့ဖူးကြောင်းပင်ပါသေး၏။
သူ့ကိုယ်သူ စွန်ဝူခုံးဟု ထင်နေသည်လား မသိချေ။ ဟုတ်ပေ၏။ အနောက်ဘက်သို့ ခရီးသွားခြင်းကိုလည်း ကျင်းမူကုန်းက ရေးသားခဲ့ခြင်းဖြစ်ပြီး တကယ်ပင် လူကြိုက်များခဲ့၏။ နင်ကျန်းသည် ကြက်သီးမွှေးညင်းများပင် ထခဲ့ရသည်။
“အင်း.. ရှမ့်လန်က ဂရုစိုက်ပါတယ်” သူက ပြီးစလွယ် ပြန်ဖြေလိုက်၏။
ရှမ့်လန်က ဤသူတောင်းစားများအတွက် အရာတစ်ခုတည်းကိုသာလျှင် ဂရုစိုက်၏။ ထိုအရာက တစ်ကိုယ်ရည် သန့်ရှင်းရေးပင်။ နေ့စဉ်နေ့တိုင်းဆိုသလိုပင် အမျိုးသမီးစစ်သည်များအား ရေချိုးခိုင်း၏။ ဝါးပွတ်တံများနှင့် တစ်ကိုယ်လုံးကို တိုက်ချွတ်ဆေးကြောခိုင်း၏။ တစ်နေ့လျှင် နှစ်ကြိမ်သွားတိုက်ရ၏။
အကယ်၍ တစ်စုံတစ်ယောက်က နေရာမရွေး သေးကော့ပန်းခဲ့သည်ဆိုပါက ထိုသူ၏ ဝှေးစေ့ကို သားရေပင်းဖြင့် အချက် ၃၀ ပစ်၏။ တကယ်၍ တစ်စုံတစ်ယောက်က ကြုံရာနေရာတွင် အိမ်သာတက်ခဲ့သည် ဆိုပါက ထိုအရာက ပိုမိုက ရိုးရှင်း၏။ ထိုသူ၏စအိုဝကို သုံးရက်တိတိ တိုက်ရိုက်ပိတ်ဆို့ထားခဲ့သည်။
နင်ကျန်းက ဝှေးစေ့ကို သားရေပင်းနှင့် ပစ်ခတ်သည့် မြင်ကွင်းကို တွေးမိရင်း ချက်ချင်းပဲ ကြက်သီးထမိသည်။ တကယ်ကို ကြောက်မက်ဖွယ်ရာကောင်းပြီး ကြေကွဲစရာလည်းကောင်း၏။ ထိုသူနှစ်ယောက်တို့၏ သနားဖွယ် အော်ဟစ်ငိုယိုသံကို နှစ်မိုင်အကွာမှပင် ကြားခဲ့ရ၏။
“အင်း.. ဒီမိုက်မဲတဲ့ကလေးလေး ရှမ့်လန်က ဘာတွေများလုပ်ချင်နေတာလဲ” မိဖုရားကြီးပျံ့က မေးမြန်းလိုက်၏။ တစ်လကျော်သာ ကျန်တော့၏။ အထူးစာမေးပွဲကို ဖြေဆိုရန် မျှော်လင့်ချက် လုံးဝ မရှိတော့သည့်ပုံပင်။
ပြီးနောက် မိဖုရားကြီးပျံ့က အသာပင် နှစ်သိမ့်လိုက်၏။ “ကျန်းအာ.. နန်းပုလ္လင်လုဖို့ မကြိုးစားတာက ပိုပြီးကောင်းပါတယ်ကွယ်။ အေးအေးချမ်းချမ်း ဘဝတစ်ခုကို နေထိုင်ပြီး ကိုယ်ကြိုက်တာကို လုပ်နေရတာက တခြားသောအရာတွေထက် ပိုပြီးကောင်းတယ် မဟုတ်လား”
ဤအရာကို ကြည့်ခြင်းအားဖြင့် မိဖုရားကြီးပျံ့က ရှမ့်လန်အပေါ်တွင် လုံးဝမျှော်လင့်ချက် ကုန်ဆုံးနေပြီ ဖြစ်ကြောင်း မြင်နိုင်၏။ ရုတ်တရက် နင်ကျန်းက မည်သို့ဖြေရမှန်းပင် မသိတော့ချေ။
မိဖုရားကြီးပျံ့က ပြောလိုက်၏သည် “အင်း... အရှင်မင်းကြီး ဘယ်မှာလဲ။ အခုထိမလာသေးဘူးလား မသိဘူး”
အပြင်ဘက်မှ မိန်းမစိုးက ပြောလိုက်၏။ “အရှင်မင်းကြီးက မှတ်တမ်းလွှာတွေ ဖတ်နေတုန်းပါပဲ”
မိဖုရားကြီးပျံ့က စိတ်ထဲတွင် အကူအညီမဲ့သလို သက်ပြင်းချလိုက်၏။ အရှင်မင်းကြီးက နင်ကျန်းကို အခုထိ သဘောမကျသေးချေ။ မိဖုရားကြီးပျံ့က သားအဖနှစ်ယောက် အတူတူထမင်းစား၊ စကားပြောနိုင်ရန် အခွင့်အရေးကို ဖန်တီးပေးတိုင်း နင်ကျန်းရောက်ရှိလာသည်နှင့် အရှင်မင်းကြီးက ရောက်မလာတတ်ချေ။ ဗိုက်ဆာနေသည် ဆိုလျှင်တောင် စာကြည့်ခန်းထဲတွင် အချိန်ဖြုန်းနေတတ်၏။ အဘယ်သို့ မှတ်တမ်းလွှာများ ကို ဖတ်နေသနည်း။ ဘာမှအရေးမကြီးသည့် ကိစ္စရပ်မျိုးပင်။
နင်ယွမ်ရှန်းက လုံ့လဝီရိယရှိသည့် ဘုရင်တစ်ပါး မဟုတ်ချေ။ မှတ်တမ်းလွှာများကို တစ်ချက်သာကြည့်ရှုပြီး ထပ်မံကာ ကြည့်ရှုတတ်သည့်သူ မဟုတ်ပေ။ ယခုအချိန်မှာတော့ အကြောင်းပြချက် ပေးနိုင်ရန် မှတ်တမ်းများကို သွားရောက်ဖတ်ရှုနေခြင်းသာဖြစ်၏။ သူ၏အဓိကရည်ရွယ်ချက်က နင်ကျန်းနှင့်အတူ မရှိချင်ရုံသက်သက်သာ။
ထမင်းစားပြီးနောက် နင်ကျန်းက ရုတ်တရက် ထရပ်ကာဖြင့် နှုတ်ဆက်လိုက်၏။ “နောက်ရက်နည်းငယ်ကြာရင် မိဖုရားကြီးကို လာတွေ့ပါအုံးမယ်”
“ကောင်းပြီ” မိဖုရားကြီးပျံ့က လိုက်မပို့ချေ။ သူမက ကြင်နာသည့် အကြည့်မျိုးဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့၏။ သူမ၏အမြင်အရဆိုလျှင် သူမတို့သားအမိနှစ်ယောက်ကြားတွင် ဤမျှယဉ်ကျေးနေရန် မလိုပေ။
အမှန်ပင် နင်ကျန်းထွက်ခွာသွားပြီး ၁၅ မိနစ်အတွင်းမှာပဲ အရှင်မင်းကြီးက ရောက်ရှိလာ၏။ မိဖုရားကြီးပျံ့က အရှင်မင်းကြီးကို အပြစ်တင်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်၏။ “တောင်းပန်ပါတယ်။ အလုပ်တွေ များနေလို့လေ”
မိဖုရားကြီးပျံ့က အရှင်မင်းကြီးအတွက် ဟင်းတစ်ချို့ကို ခပ်ထည့်ရုံမှတစ်ပါး တခြားဘာမှလုပ်စရာ မရှိတော့ချေ။ သူမက ယောက်ျားဖြစ်သူ၏ ကလေးဆန်ပြီး လူလည်ကျသည့် အကျင့်စရိုက်မှာ ရှမ့်လန်နှင့် တစ်ပုံစံတည်း တူညီနေကြောင်း တွေးတောလိုက်မိသည်။
…………