← Chapters

အပိုင်း (၄၇၅)

Vol. 33 Ch. 475

အပိုင်း (၄၇၅)

Vol. 33 Ch. 475

နှလုံးပြန်ခုန်လာခဲ့သည်ဆိုသော်လည်း နာကျည်းမှုက သုံးရက်သုံးညတိတိ သတိလစ်မေ့မြောနေခဲ့၏။ သူ သတိလစ်မေ့မြောနေသည် ဆိုသော်လည်း အသိစိတ် လွတ်မသွားခဲ့ချေ။ တိတိကျကျ ပြောရမည်ဆိုလျှင် သူ အိမ်မက်တစ်ခုထဲသို့ ရောက်ရှိနေ၏။

အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက သူစိတ်ထဲတွင် တစ်ကွက်ချင်းစီ ပြန်လည်ပေါ်ပေါက် လာခဲ့၏။ ငယ်စဉ်ဘဝက ပျောက်ဆုံးခဲ့သည့် အမှတ်တရ၊ မှတ်ဉာဏ် အစိတ်အပိုင်းများက သူစိတ်ထဲသို့ တိုးဝင်လာခဲ့သည်။

ဟုတ်ပေ၏။ ပို၍အသေးစိတ်ကျသည်မှာ သူ ရွှဲ့ပြည်နယ်သို့ ထွက်ပြေးခဲ့ပြီးနောက် ကျိုးမိသားစု၌ မွေးစားခံခဲ့ရသည့် နောက်ပိုင်းကာလများဖြစ်၏။ ကျိုးမိသားစုတွင် နေခဲ့ရသည့် နေ့ရက်များက ပျော်ရွှင်စရာ မကောင်းချေ။ အစပိုင်းတုန်းက အလွန်နိမ့်ကျသည့် အစေခံတစ်ဦးကဲ့သို့သာ နေထိုင်ရ၏။

ကျိုးကျောင်းပိုသည် သူ့ကို သိုင်းပညာ ထူးချွန်ပြောင်မြောက်သည့်အချိန်မှသာ သားအဖြစ် မွေးစားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် မွေးစားအဖေသည် သူ့ကို အမှန်တကယ် မချစ်ကြောင်း သိရှိ၏။ ထိုအစား သူ့ကို နေ့စဉ်နေ့တိုင်း သိုင်းပညာလေ့ကျင့်ရန် တွန်းအားပေးခဲ့၏။ စာပေဖတ်ရှုခွင့်ကိုတော့ ခွင့်မပြုပေးခဲ့ချေ။ နေ့စဉ်နေ့တိုင်း ဦးနှောက်ဆေးကြောခဲ့၏။ ရှိရှိသမျှ အရာအားလုံးတို့ကို ကျိုးမိသားစုက ပေးခဲ့သောကြောင့် ကျိုးမိသားစုအပေါ်တွင် သစ္စာစောင့်သိရမည်ဖြစ်ကြောင်းပင်။

ထိုအချိန်တုန်းက သူမွေးစားအဖေ သူ့ကို အဘယ်ကြောင့် စာမသင်ခိုင်းကြောင်း ကျိုးရိချမ်က နားမလည်ခဲ့ချေ။ စာသင်ကြားခြင်းက အသုံးမဝင်သောကြောင့် ထိုအရာအပေါ်တွင် အချိန်မဖြုန်းသင့်ကြောင်း၊ သိုင်းပညာကိုသာ တစ်စိုက်မက်မက် လေ့ကျင့်သင့်ကြောင်း မွေးစားအဖေ ပြောသည့် စကားလုံးများကို လိုက်နာခဲ့သည်။

နောက်ပိုင်း ကျိုးရိချမ် သိရှိသည်မှာ သူမွေးစားအဖေသည် သူ့ကို အရူးတစ်ယောက်အဖြစ် ဖြစ်စေချင် သောကြောင့်ပင်။ စာများများဖတ်လျှင် အတွေးအခေါ်များပြီး သိရှိနားလည်နိုင်ပေလိမ့်မည်။ ထို့ကြောင့် စာမဖတ်ခိုင်းခြင်းသာဖြစ်၏။

ထို့အပြင် တခြားသော မြင်ကွင်းတစ်ခုကို ကျိုးရိချမ် အမှတ်ရမိ၏။ မူလက ကျိုးကျောင်းရန် သူ့အပေါ်ထားရှိသည့် သဘောထားက အလွန်ကိုအေးစက်ပြီး အစေခံတစ်ဦးကဲ့သို့ပင် မထီမဲ့မြင်ရှိခဲ့၏။ ထိုအချိန်တုန်းက သူ စိတ်ဓာတ်ကျခဲ့၏။ သိုင်းပညာ တိုးတက်မှုကလည်း မမြန်ဆန်ချေ။ ကျိုးကျောင်းပိုက နည်းလမ်းပေါင်းများစွာ အသုံးပြုပြီး သူ့ကိုတိုးတက်အောင် ပြုလုပ်ပေးခဲ့၏။ သို့ပေမည့် တိုးတက်လာခြင်း မရှိခဲ့ချေ။

ထိုအချိန်မှာပဲ ကျိုးကျောင်းရန်က သူရှေ့မှောက်တွင် နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ပေါ်ထွက်လာခဲ့၏။ ချိုသာစွာပြုံးပြခဲ့ပြီး နှိုင်းယှဉ်၍ မရအောင် ချစ်ခင်ကြင်နာတတ်သည့် ပုံစံမျိုးနှင့် စကားပြောခဲ့၏။ ထိုအချိန်မှာပဲ ကျိုးရိချမ်က ကျရှုံးခဲ့၏။

လက်ရှိအချိန်မှာတော့ ကျိုးကျောင်းရန်၏ ရင်းနှီးချစ်ခင်မှုကို ပြသသည့် အကြောင်းအရာအားလုံးက လိမ်ညာလှည့်စားထားသည့် အကြောင်းအရာများဖြစ်ကြောင်း သိရှိခဲ့ရသည်။

အစမှ အဆုံးထိ သူမက သူ့ကို ဘယ်တော့မှ နှစ်သက်ခဲ့ခြင်း မရှိသလို တန်ဖိုးထားခဲ့ခြင်းလည်း မရှိချေ။ ကျိုးကျောင်းရန်က သူ့ကို အစဉ်အမြဲ အစ်ကိုတစ်ယောက်အဖြစ် ဆက်ဆံခဲ့ခြင်းမဟုတ်ဘဲ အစေခံတစ်ယောက် အဖြစ်သာ ဆက်ဆံခဲ့ခြင်းဖြစ်၏။

အိမ်မက်က ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ ရောက်ရှိသွားခဲ့၏။ တချို့အပိုင်းများက ရှင်းလင်းပြီး တချို့အပိုင်းများက ဝေဝါးလျက်ရှိနေတုန်းပင်။ နန်းဆောင်၏အရှင်သခင် ကျိုးရှိက သူဆရာဖြစ်၏။ သို့ပေမည့် နာကျည်းမှုသည် ထိုသူ့အပေါ်တွင် မှတ်ဉာဏ် ဝေဝေဝါးဝါးသာလျှင်ရှိ၏။ ရုပ်သွင်ကိုပင် မမှတ်မိပေ။

ကျိုးရှိ၌ တပည့်နှစ်ယောက်ရှိ၏။ မင်းသမီးနင်ဟန်နှင့် ကျိုးဟုန်ရွှဲ့တို့ပင် ဖြစ်၏။ သူ ကျိုးဟုန်ရွှဲ့ကို မြင်ဖူးပြီး နင်ဟန်ကို မမြင်ခဲ့ဖူးချေ။ သို့ပေမည့် ကောင်းကင်ပင်လယ်နန်းဆောင်၏ နေ့ရက်များက တကယ့်ကို အလွန်တရာ ရှင်းလင်းပြတ်သား၏။ အထူးသဖြင့် ဆရာမ ကျန်းယွီယင်သည် သူ့ကို ဆူပူကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်၏။ မြင်ကွင်းတိုင်းက တကယ့်ကို ရှင်းလင်းပြီး ပျော်ရွှင်စရာကောင်းသည့် နေ့ရက်များလည်း ဖြစ်ခဲ့၏။

ကောင်းကင်ပင်လယ်နန်းဆောင်မှာ နေထိုင်ရသည့်နေ့ရက်များက တကယ့်ကို နွေးထွေးပြီး ကြည်နူးဖွယ်ရာ ကောင်း၏။ ထို့အတူ သူ့အပေါ်တွင် အသုံးပြုလိုမှု၊ ဟန်ဆောင်မှု မည်သည့်အရာမှ မရှိခဲ့ချေ။ သူသင်္ချာနှင့် အမျိုးသားရေး ဘာသာရပ်များသည် တကယ့်ကို ညံ့ဖျင်းလွန်းလှခဲ့၏။ ထို့ကြောင့် နေ့စဉ် အဆူအပူခံနေရ၏။ သို့ပေမည့် ထိုကဲ့သို့အဆူအပူခံရသည်ဆိုလျှင်တောင်မှ သူ တကယ်ပျော်ရွှင်ခဲ့သည်။

ကောင်းကင်ပင်လယ်နန်းဆောင်တွင် နေထိုင်ခဲ့သည့်ကာလအတွင်း သူ သိုင်းပညာကို လေးနာရီအောက် တွင်သာ လေ့ကျင့်ခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ သိုင်းပညာ၏ အဆင့်အတန်းက လျင်မြန်စွာတိုးတက်လာခဲ့၏။ ကျိုးမိသားစုတွင် နေထိုင်ခဲ့သည်ထက် အဆပေါင်းများစွာ ပိုမိုကာ လျင်မြန်စွာ တိုးတက်လာခဲ့၏။

သို့ပေမည့် ရုတ်တရက် ဤပျော်ရွှင်စရာကောင်းသည့် နေ့ရက်များက အဆုံးသတ်သွားခဲ့၏။ ကျိုးမိသားစု တစ်စုလုံး အသတ်ခံရ၏။ ကျိုးရိချမ်က သူပျော်ရွှင်စရာ ကောင်းသည့်နေ့ရက်များကို ရပ်တန့်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။ သူ ကောင်းကင်ပင်လယ်နန်းဆောင်မှ ထွက်ပြေးခဲ့ရ၏။ လက်စားချေရန်၊ ကျိုးကျောင်းရန်ကို ကာကွယ်ရန် တာဝန်ရှိသည်ဟု သူ့ကိုယ်သူ ခံယူမိသည်။

ပြီးနောက် ဓားပြကြီး နာကျည်းမှု၏ မှတ်ဉာဏ်များ ရောက်ရှိလာခဲ့၏။ သူဦးနှောက်က ထိုအရာ အားလုံးကို ပြန်လည် အမှတ်ရလျက် ရှိ၏။ သေသေချာချာ အသေးစိတ် ပြန်လည်စဉ်းစားရန် မလိုအပ်ချေ။ နောက်ဆုံးမှာတော့ အမှတ်တရများက ရပ်တန့်သွားခဲ့၏။ ကျိုးကျောင်းရန်က သူ့ကို အဆိပ်ခတ်၏။ သူရင်ဘက်ကို ဓားဖြင့်ထိုးစိုက်ပြီး သူ့ကို နုကျန့်မြစ်ထဲသို့ ကန်ချခဲ့၏။

လူမိုက်။ အားလုံးသော မှတ်ဉာဏ်များကို ပြန်လည်ရရှိပြီးသည့်နောက် နာကျည်းမှု၏စိတ်ထဲတွင် စကားလုံး တစ်ခုသာလျှင် ကျန်ရှိခဲ့၏။ ထိုအရာက လူမိုက်ပင်။ တကယ့်ကို ညံ့ဖျင်းလွန်းသည့်လူက သူဖြစ်ခဲ့၏။ အချစ်သည် လူကို အမှန်ပင် ဦးနှောက်မဲ့စေခဲ့သည်။

နာကျည်းမှုက အိမ်မက်ရှည်ကြီးတစ်ခုကို မက်နေသကဲ့သို့ပင် ခံစားရ၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ သည် အိမ်မက်တစ်ခုကဲ့သို့ပင် မြန်ဆန်ခဲ့၏။ ကျိုးကျောင်းရန်၏ ဓားချက်က သူ့ကို အိမ်မက်ထဲမှ နိုးထစေခဲ့၏။

“လူမိုက်.. လူမိုက်” ထိုစကားစုက နာကျည်းမှု၏ဦးခေါင်းထဲသို့ ရောက်ရှိနေသည်။

သူ ရုတ်တရက် မျက်လုံးများ ပွင့်လာ၏။ သူ သတိပြန်လည်လာ၏။ မရင်းနှီးသည့် အခန်းတစ်ခုထဲတွင် လဲလျောင်းလျက် ရှိနေပြီး ပတ်ဝန်းကျင်တွင်လည်း မည်သူမှမရှိချေ။ သို့ပေမည့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက အလွန်တရာ ပေါ့ပါးနေသလို ခံစားရ၏။ ယခင်တုန်းက သူခန္ဓာကိုယ်တစ်ခုလုံးကို မီးခိုးရောင်စွမ်းအင်တစ်ခုက ဖုံးလွှမ်းထားသလို ခံစားရ၏။ သို့ပေမည့် ယခုအချိန်မှာတော့ ခန္ဓာကိုယ်က အလင်းရောင်များဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားနေရ၏။

ရင်းနှီးလွန်းသော ခံစားချက်ကြီးက ပြန်လည်ရောက်ရှိလာ၏။ ကောင်းကင်ပင်လယ်နန်းဆောင်တွင် စာသင်ကြားရသည့် ခံစားမှု၊ တကယ့်ကို သက်တောင့်သက်သာရှိ၏။ နာကျည်းမှုက ရုတ်တရက် ခုန်ထလိုက်၏။ သူ မည်သည့်နေရာမှ နာကျင်မနေကြောင်း သတိပြုမိလိုက်သည်။

ဤနှစ်များအတွင်း သူ နာကျင်မှုကို အဆက်မပြတ် ခံစားရ၏။ သူအတွင်းကလီစာထဲမှ နာကျင်မှု၊ သူ တွန့်လိမ်လျက် ရှိနေသည့်မျက်နှာထက်မှ နာကျင်မှုသည် သူသွေးကြောများဆီမှ နာကျင်မှုပင်ဖြစ်၏။ ဤနာကျင်မှုကို သူ ထိန်းချုပ်၍ မရနိုင်ခဲ့ချေ။ အချိန်တိုင်း နာကျင်နေသောကြောင့် အသက်ရှူရပ်မလိုပင် ဖြစ်ခဲ့ဖူး၏။

ယခုအချိန်မှာတော့ သူ ကောင်းကောင်းမွန်မွန်နှင့် အသက်ရှူလို့ရနေပြီး နာကျင်မှုကို မခံစားရချေ။ နာကျင်မှုအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့် တကယ့်ကို ပျော်ရွှင်မိသည်။

နာကျည်းမှုက အပြင်သို့ထွက်သွားရန် ပြင်လိုက်၏။ အခန်းထဲတွင် မှန်ကြီးတစ်ချပ်ကို မြင်လိုက်ရ၏။ ရှေ့ဆီသို့ တိုးကာကြည့်ရှုလိုက်၏။ သူ လုံးဝကြက်သေ သေသွားခဲ့၏။

ဤချောမောသောလူငယ်က မည်သူနည်း။

ဟုတ်ပေ၏။ ကျိုးရိချမ်သည် ရုပ်ရည် အသင့်အတင့်သာဖြစ်၏။ ချောမောသည့် လူတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် သူမျက်နှာက ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ပြီးသရဲတစ္ဆေများထက်ပင် ကြောက်စရာကောင်းခဲ့သည်။

ယခု သူ၏မျက်နှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာချိန်မှာတော့ တကယ့်ကို ချောမောသည့် လူတစ်ယောက်အဖြစ် သူ့ကိုယ်သူ ထင်မှတ်မှားလျက်ရှိနေ၏။ ပြီးသည့်နောက် နာကျည်းမှုက အတိုင်းမသိ ဝမ်းသာကြည်နူးမိ၏။

“ငါ့ရဲ့မျက်နှာ ပုံမှန်ဖြစ်သွားပြီလား။ ငါ့ရဲ့ခန္ဓာကိုယ်က ပုံမှန်ဖြစ်သွားပြီလား။ ငါ့ရဲ့တွန့်လိမ်နေတဲ့ အရေပြားတွေရော။ မီးလောင်ထားသလိုဖြစ်နေတဲ့ အရေပြားတွေ အားလုံးပြန်ကောင်း သွားခဲ့ပြီလား။ ဘယ်လိုဖြစ်တာလဲ။ ရှမ့်လန် ငါ့ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်လိုက်တာလဲ။ သူ့မှာ ဘယ်လို မှော်ပညာမျိုး ရှိတာလဲ”

ရှမ့်လန် သူ့ကို ကယ်တင်ခဲ့မှန်း သူသိ၏။ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းများကို ပြန်လည်ရရှိခဲ့ပြီးနောက် သူ သတိလစ် မေ့မြောခဲ့နေသည်ဆိုသော်လည်း အသံများကို ကြားနိုင်သေးသည်။

“အင်း... အား... အိုး... ဟား” နာကျည်းမှုက အဆက်မပြတ် အော်ဟစ်လျက် ရှိနေ၏။

မှန်ရှေ့တွင် ၁၅ မိနစ်ခန့် သေသေချာချာနှင့် ရပ်ကာကြည့်ရှုနေ၏။ ဤနှစ်များအတွင်း သူမျက်နှာက တကယ့်ကို တွန့်လိမ်ကာ ပျက်စီးခဲ့၏။ သူ ပုံပျက်ပန်းပျက် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ခဲ့ပြီး မိမိကိုယ်ကိုယ် ဂရုမစိုက်ဟန် ဆောင်ခဲ့၏။ သို့ပေမည့် နှလုံးသား၏ အနက်ရှိုင်းဆုံး တည်နေရာ အတွင်းမှာတော့ သိမ်ငယ်စိတ်များနှင့် ပြည့်နှက်ခဲ့၏။ သူ အဘယ်ကြောင့် နာကျည်းမှု ဟူသည့် နာမည်ကို ပေးအပ်ခဲ့သနည်း။ ထိုအကြောင်းအရာကြောင့်ပင် ဖြစ်၏။

ယခုမှာမူ သူ၏ မျက်နှာကို ပြန်လည်ရရှိခဲ့ပြီဖြစ်၏။ ဘဝသစ်တစ်ခုကို ပိုင်ဆိုင်ရပြီဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ သည် သူ့အတွက် ကြောက်မက်ဖွယ်ရာကောင်းသည့် အိမ်မက်ဆိုးကြီး တစ်ခုကဲ့သို့ပင်။ ယခု သူ အိမ်မက်ဆိုးဆီမှ နိုးထလာခဲ့ပြီ ဖြစ်သည်။

သူ ကျိုးမိသားစုအပေါ်တွင် မည်သည့်အကြွေးမှ မရှိတော့ချေ။ သူ ကျိုးကျောင်းရန်အပေါ်တွင်လည်း မည်သည့် အကြွေးမှ မရှိတော့ချေ။ ပျော်ရွှင်စွာဖြင့် တံခါးကို တွန်းဖွင့်ကာ အပြင်ဘက်သို့ လှမ်းလျှောက်ထွက်လိုက်၏။

ဆောင်းဦးရာသီသို့ ကူးပြောင်းလာခဲ့ပြီဖြစ်၏။ နေရောင်ခြည်က နွေးထွေးသော်လည်း မပူလောင်စေဘဲ ရွှေရောင် အလင်းတန်းတို့ဖြင့် တောက်ပစွာ ဖြာကျလျက် ရှိနေသကဲ့သို့ပင်။

အချို့သောသစ်ပင်တို့က အရွက်များစတင်ကာ ကြွေလွင့်နေခဲ့၏။ အချို့သောသစ်ပင်များမှာတော့ အသီးအပွင့်များဖြင့် ဝေဆာလျက် ရှိနေ၏။ ဤရှုခင်းက မည်မျှလှပသနည်း။ ကောင်းကင်ပင်လယ် နန်းဆောင်၌ နေထိုင်ခဲ့သည့်နှစ်များမှလွဲလျှင် ကျိုးရိချမ်သည် ပတ်ဝန်းကျင်ရှုခင်းများကို အာရုံစိုက်ရန်အချိန် သို့မဟုတ် စိတ်ခွန်အင်အား မရှိခဲ့ချေ။

ယခုအချိန်မှာတော့ လောကကြီး မည်မျှလှပကြောင်းကို သူ ခံစားလာမိ၏။ သို့ပေမည့် ခြံဝင်းထဲသို့ ဝင်ရောက်ပြီးနောက် မြင်ကွင်းက သူ့ကို အနည်းငယ် ကြေကွဲဝမ်းနည်းသွားစေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ခေါင်းပြောင်ပြောင်နှင့် လူ ၁၀ ယောက်တို့က သိုင်းပညာ လေ့ကျင့်လျက် ရှိနေသောကြောင့်ပင်။ ထို့အပြင် ထိုသူတို့၏ ခန္ဓာကိုယ်များကလည်း တွန့်လိမ်ကောက်ကွေးလျက် ရှိနေပြီး ပုံပျက်ပန်းပျက်ပင်။

၁၀ ရက်ကျော် ဆော့ကစားပြီးနောက်မှာတော့ ထိုသူတို့သည် သိုင်းပညာလေ့ကျင့်ရန် သတိရလာခဲ့ကြ၏။ သို့ပေမည့် ထိုသူတို့က သိုင်းပညာလေ့ကျင့်နေသည်ကကော ဟုတ်ပါရဲ့လား။ တစ်ယောက်ချင်းစီ ကိုင်ထားသည့် လေးများက ၁၅ ကီလိုဂရမ် အလေးချိန်သာရှိ၏။ ကလေးငယ်များ ဆော့ကစားသည့် လေးထက်ပင် ပို၍ ပေါ့ပါးနေသေးသည်။

ထိုသို့ဆိုသော်လည်း ထိုသူတို့က လေးကို မဆွဲနိုင်ကြချေ။ လေးကို ဆွဲရန်ဆိုသည်မှာ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး ခါးကိုဖြောင့်အောင်ထားရမည်။ သူတို့အားလုံးကမူ မြေပြင်ပေါ်တွင် လှဲပြီး လေးကို ဆွဲတင်နေကြ၏။ သူတို့က ခုနစ်မိနစ်လောက် လေ့ကျင့်ခဲ့ကြ၏။

“နားချိန်ရောက်ပြီ။ နားလိုက်ကြအုံး။ ဒီနေ့က တကယ်ကို ပင်ပန်းတာပဲ။ မလွယ်ဘူး။”

“ဟုတ်တယ်။ သိုင်းပညာလေ့ကျင့်ရတာ တကယ်ကို ခက်ခဲတယ်။ လောကကြီးထဲမှာ ကျုပ်တို့လောက် လုံ့လဝီရိယရှိတဲ့လူ မရှိသလောက် ရှားသွားပြီ။ ကျုပ်တို့ အကြာကြီး လေ့ကျင့်ခဲ့တာပဲ။”

“အင်း... ကျုပ်တို့စည်းမျဉ်းကို ပြောင်းကြရအောင်”

“ကောင်းပြီ။ ဒီလိုလုပ်ရအောင်။ ၁၅ မိနစ်လေ့ကျင့်ပြီးရင် သုံးနာရီခွဲလောက်နားကြမယ်”

“သုံးနာရီခွဲ ဟုတ်လား။ ဘာလို့လဲ။ အားလုံး ညီညီညာညာ လုပ်ကြမယ်။ လေးနာရီလောက်တော့ လုပ်လိုက်ကြရအောင်”

“ကောင်းပြီ။ ဒါဆိုလည်း သဘောတူညီကြရအောင်။ ၁၅ မိနစ်လေ့ကျင့်ပြီးရင် လေးနာရီ နားကြမယ်”

“အင်း.. ငါတို့အရမ်းကို ပင်ပန်းကြတယ်။”

သူတောင်းစား ၁၀ ယောက်တို့က ၁၅ မိနစ်ပြည့်အောင်ပင် မလေ့ကျင့်ကြချေ။ သို့ပေမည့် လေးနာရီကြာအောင် လဲလျောင်းအနားယူရန် ပြင်ဆင်လျက် ရှိနေကြ၏။ သူတို့က အသာ လဲလျောင်းပြီးသည့်နောက် ထုံးစံအတိုင်းပင် စတင်ကြွားဝါမှုကို ပြုလုပ်ခဲ့ကြ၏။

နာကျည်းမှုသည် ဒေါသပေါက်ကွဲလုမတတ်ဖြစ်သွား၏။ ဤလူစုက တကယ့်ကို အသုံးမကျသည့် လူများဖြစ်၏။ သူသည် အဖွဲ့တစ်ခုကို ဦးဆောင်ရခြင်း၌ အသားကျနေသည့်လူ ဖြစ်၏။ ထို့အပြင် သူသည် တစ်ချိန်က သိုင်းပြိုင်ပွဲ၌ဗိုလ်စွဲသူတစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ပါလား။

လင်းကြက်တွန်သံ ကြားသည်နှင့် ထကာ လေ့ကျင့်တတ်သူ ဖြစ်၏။ ဤကဲ့သို့ ပျင်းရိလွန်းသည့် လူများကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

‘ငါ့လက်အောက်သာဆိုရင် မင်းတို့ကောင်တွေ အလောင်းတွေတောင် ဖြစ်နေလောက်ပြီ’

နာကျည်းမှုသည် သူ၏ ညီအစ်ကိုတစ်ယောက်ချင်းစီတိုင်းကို သေသေချာချာ လေ့ကျင့်ပေးသူ တစ်ယောက်ဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက လူ ၁၀ ယောက်လောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ သူ လက်အောက်တွင် လူ ၂၀၀ ကျော်မျှသာ ရှိသော်လည်း ထိုသူတို့အားလုံးက တကယ့်ကို ကျွမ်းကျင်လွန်းသည့် လူများ ဖြစ်သည်။

နာကျည်းမှုက သိုင်းပညာကို လေ့ကျင့်ပေးသည့်နေရာတွင် တကယ့်ကို စံနှုန်းမြင့်သည့် လူတစ်ယောက်ဖြစ်၏။ သူ ကြာပွတ်တစ်ချောင်းကိုယူပြီး ထိုသူများကို ရိုက်နှက်ချင်စိတ် ပေါက်လာ၏။

‘အင်း... ဒီလိုပုံစံမျိုးနဲ့ နှစ် ၁၀၀ လောက်လေ့ကျင့်ရင်တောင်မှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး’

ထိုအခိုက်မှာပဲ ရှမ့်လန်နှင့် နင်ကျန်းတို့ ရောက်ရှိလာခဲ့၏။ သူတောင်းစား ၁၀ ယောက်တို့က မည်သူ့ကိုမှ ဂရုမစိုက်ချေ။ မြေပြင်ပေါ်မှောက်လှဲပြီး ကြောက်လန့်မှုမရှိဘဲ ဆက်လက် ဝါကြွားလျက်ရှိ၏။ အကြောင်းမှာ ရှမ့်လန် သူတို့အပေါ် ထားရှိသည့် သဘောထားက အလွန်ကောင်း၏။ နေရာမရွေး ဆီးသွားခြင်းနှင့် ဝမ်းသွားခြင်းကို မပြုလုပ်ရန် တားဆီးထားသည်မှလွဲလျှင် တခြားမည်သည့်အရာကိုမဆို ပြုလုပ်နိုင်စွမ်း ရှိကြသည်။

အဓိကအားဖြင့် ရှမ့်လန်၏ ဟန်ထုတ်ကြွားဝါခြင်းများက တကယ့်ကို ရယ်မောဖွယ်ရာကောင်း၏။ နင်ကျန်းကတော့ ပြုံးရယ်ခြင်း မရှိသလို ဆူငေါက်ခြင်းလည်း မရှိချေ။ ဒေါသလည်း မထွက်တတ်သည့် လူတစ်ယောက် ဖြစ်သောကြောင့် သူတို့အနေနှင့် ကြောက်ရွံ့စရာ မလိုအပ်ပေ။

ဤတစ်စုက နှစ်ပေါင်း ၂၀ ကြာ လှည့်လည်သွားလာခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းက အလွန် ပျင်းရိသူများဖြစ်၏။ မည်သူ့ကိုမှ ကြောက်လန့်သည့် အခြေအနေမျိုး မရှိချိန်မှာတော့ သူတို့က ထ၍ အရိုအသေပေးရန်ပင် ပျက်ကွက်လျက် ရှိနေ၏။

“အင်း... သခင်လေးရှမ့်လန် ရောက်လာပြီပဲ”

“အင်း... ပဉ္စမမင်းသား ရောက်လာပြီပဲ။ ဂရဝပြုပါတယ်။”

“ဒါနဲ့ ဟိုမိန်းကလေးတွေ ဘယ်မှာလဲ။”

“ဟုတ်တယ်။ မတွေ့ရတာတောင် နှစ်နာရီလောက်ရှိပြီ။”

.............

နာကျည်းမှုက ထူးဆန်းသည့်မျက်နှာအသွင်အပြင်ဖြင့် ရှမ့်လန်၏ရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့၏။ သူ့ အသက်ကို ကယ်တင်ခဲ့သည့်အတွက် တကယ်ကျေးဇူးတင်၏။ အသက်ကို ကယ်တင်ရုံသာမက သူ့ကို ဘဝသစ် တစ်ခုပါ ပေးအပ်ခဲ့သေး၏။ သို့ပေမည့် နာကျည်းမှုက တခြားသောသူများရှေ့တွင် ဒူးထောက်ရန် ဆန္ဒမရှိသလို ကျေးဇူးတင်သည့်အမူအရာကို ပြသရန်ဆန္ဒလည်း မရှိပေ။

ဤအရာက နှလုံးသားထဲမှ ပုန်ကန်လိုမှု တစ်မျိုးလည်းဖြစ်တန်ကောင်း၏။ ယခင်က ကျိုးမိသားစုက သူ့ကို ဟိုဟာလုပ်၊ ဒီဟာလုပ်ဟူ၍ နေ့စဉ် အမိန့်ပေးခဲ့ပြီး ကျိုးမိသားစု၏ မွေးစားခြင်းကျေးဇူးတရားသည် တစ်နေ့လျှင် အကြိမ်ပေါင်း ထောင်နှင့်ချီကာဖြင့် နားထဲရောက်ရှိခဲ့၏။

ထို့ကြောင့်ပင် သူက ကျိုးမိသားစုအပေါ် သစ္စာစောင့်သိခဲ့ရ၏။ တကယ်တမ်းမှာတော့ ကျိုးရိချမ်က တခြားသောသူများထက် ပိုမိုကာ သစ္စာရှိခဲ့ပြီးသားဖြစ်၏။ ကျိုးမိသားစုပျက်စီးသွားသည့်အချိန်မျိုးတွင် မည်သူမှ သူ့ကို အတင်းအကျပ် မခိုင်းစေခဲ့ချေ။ သို့ပေမည့် သူ ကျိုးကျောင်းရန်ကို ကယ်တင်ရန်အတွက် ကောင်းကင်ပင်လယ် နန်းဆောင်ဆီမှ ထွက်ခွာလာခဲ့၏။ ကျိုးမိသားစုအတွက် လက်စားချေရန် သူ၏ လွတ်လပ်မှုနှင့် သူ၏ အသက်ကိုပင် စတေးခဲ့ရသည်။

သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူသည် သစ္စာရှိသည့် ခွေးတစ်ကောင်ကဲ့သို့ ပြုမူနေထိုင်ရန် ဆန္ဒမရှိတော့ချေ။ သူ့၌ မာနနှင့်သိက္ခာဟူ၍ ရှိလာခဲ့၏။

“အင်း.. သတိရလာပြီလား”

ရှမ့်လန်က ရှေ့ကိုတိုးလိုက်၏။ ပြီးတော့ ပခုံးကို အသာပုတ်လိုက်သည်။ “အင်း.. ရှစ်ချင်းချင်းရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်။ ဒါကြောင့် ကျုပ် ခင်ဗျားအပေါ်မှာ အကြွေးတစ်ခါတင်သွားခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ယောက္ခထီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတော့ ကျုပ် ခင်ဗျားကို တစ်ချက်ပြန်ပြီးတော့ ပုတ်ရမယ်။ ဒါနဲ့ ခင်ဗျား ကျိုးကျောင်းရန်နဲ့ အိပ်ဖူးလား”

ဤမေးခွန်းက စဉ်းစားနေစရာပင်မလိုအပ်ချေ။ နာကျည်းမှုက ခေါင်းကိုခါယမ်းလိုက်၏။ “မအိပ်ဖူးပါဘူး”

“အင်း ကောင်းတာပေါ့”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ပြောပြမယ်။ ဒီမိန်းမက အဆိပ်ရှိတယ်။ ခင်ဗျားသာ သူနဲ့အိပ်မယ်ဆိုရင် ခင်ဗျားတစ်ကိုယ်လုံး ပုပ်သိုးသွားနိုင်တယ်”

နာကျည်းမှုက ကြောင်အသွားခဲ့၏။ ဤလူက ဉာဏ်ပညာထက်မြက်မှုတွင် နတ်ဆိုးတစ်ကောင်နှင့် နီးစပ်သည်ဟူ၍ ဒဏ္ဍာရီလာ စကားများကို ကြားခဲ့ရ၏။ ဤကဲ့သို့သော လူတစ်ယောက် ဟုတ်ပါရဲ့လား။ အဘယ်ကြောင့်ဆိုသော် အိမ်နီးနားချင်းတွေနှင့် အတင်းအဖျင်း ပြောဆိုတတ်သည့် အဒေါ်ကြီးတစ်ယောက် ကဲ့သို့ ပြောဆိုလျက် ရှိနေသောကြောင့်ပင်။

“ကျုပ်ကို ဘာလုပ်စေချင်လဲ” နာကျည်းမှုက တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျုပ်တို့တွေ အိုးတူခွက်တူ စားကြတာပေါ့။ ဘယ်လိုသဘောရလဲ”

နာကျည်းမှုက ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါ မင်းသားနင်ကျန်းပဲ”

နာကျည်းမှုက လက်သီးနှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်လိုက်၏။ “မင်းသားကို ဂါရဝပြုပါတယ်”

နင်ကျန်းက ပိုမို၍ပင် နှိမ့်ချ၏။ သူက ဦးခေါင်းကို အသာညွှတ်ကာဖြင့် ပြောလိုက်သည်။ “အင်း.. အစ်ကိုကျိုးကို နှုတ်ဆက်ပါတယ်”

ချက်ချင်းပဲ နာကျည်းမှုက ပြန်လည်ကာ ဦးညွှတ်၏။ “မင်းသားကို ဂါရဝပြုပါတယ်။ သခင်လေးရှမ့်ကို နှုတ်ဆက်ပါတယ်”

သူက ထိုကဲ့သို့သောလူဖြစ်၏။ အစောပိုင်းက မာနကြီးဟန်ပေါ်သော်လည်း တခြားသောသူများက သူ့ကို လေးစားသမှုနှင့်ဆက်ဆံလာပါက သူ ဆယ်ဆမက ပိုမို လေးစားစွာ တုံ့ပြန်တတ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျိုးရိချမ်.. မင်းသားရဲ့အိမ်မှာ ထောင်စုမှူးတစ်ယောက် လိုအပ်နေတယ်။ ခင်ဗျား လုပ်ချင်လား”

ကျိုးရိချမ်က ရွှဲ့ပြည်နယ်၌ တကယ့်ကို ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ အကယ်၍ သူ့သာ ပုံမှန်အရာရှိတစ်ယောက်ဖြစ်သည်ဆိုပါက အဆင့်လေး တပ်မှုး သို့မဟုတ် ထို့ထက်ပိုမိုက မြင့်မားသည့် သူ တစ်ယောက်ဖြစ်နိုင်၏။ ထောင်စုမှူးဆိုသည်မှာ သူ့အတွက် တကယ့်ကို သေးငယ်လွန်းသည့် ရာထူးတစ်ခုသာ ဖြစ်၏။

“ရပါတယ်” နာကျည်းမှုက ပြောလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း အစ်ကိုကျိုး.. ပဉ္စမမင်းသား နန်းပုလ္လင်ပေါ်တက်လှမ်းနိုင်ဖို့ ပြိုင်ပွဲမှာ ကျုပ်က ကူညီပေးမယ်။ ဒီအရာနဲ့ပတ်သက်ပြီးတော့ ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုကို ကျုပ်နဲ့အတူတူ ပြုလုပ်ကြမယ်။ ဆန္ဒရှိလား”

နာကျည်းမှုက မင်သက်သွား၏။ မင်းသားက နန်းပုလ္လင်ကို ယှဉ်ပြိုင်လုယက်ရန် စဉ်းစားထားလေသည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။ ခေါင်းပြတ်သွားသည်ဆိုလျှင်တောင် အောင်မြင်နိုင်မှာ မဟုတ်ပေ။ သို့ပေမည့် ရှမ့်လန်က သူ့ကို ဘဝသစ်တစ်ခုကို ပေးအပ်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူ အသက်ကို ပြန်လည်ကာ ပေးဆပ်ရပေလိမ့်မည်။

ချက်ချင်းပဲ နာကျည်းမှုက ဒူးတစ်ဖက်ထောက်ချလိုက်၏။ “ကျုပ် ကျိုးရိချမ်က မင်းသားကို ဂါရဝပြုနှုတ်ပါတယ်။ ကျုပ်ကို သစ္စာမဖောက်သရွေ့ ကျုပ်ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး”

ဤသည်က နာကျည်းမှု၏ ကတိသစ္စာပင်ဖြစ်၏။ သစ္စာစောင့်သိရန်အတွက် တစ်ဖက်လူအပေါ်တွင်လည်း မူတည်၏။ သူသစ္စာခံသူသာ သူ့ကို သစ္စာမဖောက်လျှင် သူ နာကျည်းမှုက မည့်သည့်အကြောင်းနှင့်မှ သစ္စာဖောက်လိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်၏။ “ဂုဏ်ယူပါတယ် မင်းသား.. မင်းသားအတွက် ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက်ကို ရရှိလိုက်ပါပြီ”

All Chapters