အပိုင်း (၄၇၆)
Vol. 33 Ch. 476
ပြိုင်ဘက်ကင်း စစ်သူကြီး၊ ပြိုင်ဘက်ကင်း တပ်မှူးဆိုသည်မှာ မည်သူဖြစ်သနည်း။ အရူးကြီးကို ထည့်တွက် ရမည်လား။
မရပေ။ အရူးကြီးက အရှုံးမရှိနိုင်သော ရှေ့ပြေးတိုက်ခိုက်ဖြိုခွင်းသူ တစ်ယောက်သာ ဖြစ်၏။
ချောင်ယောင်းအာရော ဖြစ်နိုင်သလား။ မဟုတ်ပေ။ ချောင်ယောင်းအာမှာ သာမန်လူသားများနှင့် အဆင့်အတန်း ကွာခြား၏။ ထို့ကြောင့် ချောင်ယောင်းအာအား သာမန်လူများနှင့် တန်းတူထားကာ ပြောဆို၍ မရနိုင်ပေချေ။
မယှဉ်နိုင်သည့်တပ်မှူးတစ်ယောက်၊ ပြိုင်ဘက်ကင်းတပ်မှူးဆိုသည်မှာ စစ်ကျမ်းပေါင်းများစွာကို ဖတ်ရှုဖူးသူ သို့မဟုတ် ဉာဏ်ရည်အလွန်မြင့်မားသူများကို ဆိုလိုခြင်း မဟုတ်ချေ။
ကျုံးယောင်က ထက်မြက်၏။ ထို့ပြင် အလွန်အမင်းလည်း ထက်မြက်လွန်း၏။ သို့ပေမည့် သူက ပြိုင်ဘက်ကင်း စစ်သူကြီးတစ်ယောက်လား။ မဟုတ်ပေ။
ပြိုင်ဘက်ကင်းတပ်မှူးဆိုသည်မှာ ဟန်ရှင်း သို့မဟုတ် ဟော့ချွီပင်းတို့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာလျှင် ဖြစ်တန်ရာ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များမှာ စစ်တပ်ကို အမိန့်ပေးနိုင်စွမ်း ရှိနေသည်သာမက စစ်မြေပြင်တွင် လက်တွေ့ တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ ထိုကဲ့သို့သော တပ်မှူးမျိုးမှာ မွေးရာပါ ပင်ကိုယ်ပါရမီ အသိစိတ်အရ ဖြစ်တည်လာခဲ့သည့် လူမျိုးများဖြစ်၏။ (တရုတ်သမိုင်းထဲမှ စစ်သူကြီးများ ဖြစ်ပုံရသည်။ ကျွန်ုပ်မသိပါ - ဘာသာပြန်သူ)
ထိုသူတို့မှာ စစ်မြေပြင်ထဲတွင် မွေးဖွားလာခဲ့သည့်သူများဖြစ်၏။ စိတ်ဓာတ်ခွန်အားမြှင့်တင်ရန်၊ တပ်များကို လေ့ကျင့်ပေးရန်၊ ရန်သူမည်သည့်နေရာတွင် ရှိသည်ကို အနံ့ခံနိုင်ရန်၊ ရန်သူ၏အားနည်းချက်များကို သိရှိနိုင်ရန် မွေးဖွားလာခဲ့သည့် လူများဖြစ်၏။ ထို့အပြင် ကြောက်စရာအကောင်းဆုံးသော ကိစ္စရပ်မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ကျင့်ကြံမှုတစ်စုံတစ်ရာကို မလိုအပ်ခြင်းပင်။
ဟော့ချွီပင်းက လေ့ကျင့်ခဲ့ဖူးပါသလား။ လုံးဝ မလေ့ကျင့်ခဲ့ဖူးချေ။ သူ၏ဦးလေး ဝေ့ချင်းဆီမှ ခဏတာ သင်ယူပြီး အသက် ၁၇ နှစ်သားအရွယ်တွင် မြင်းတပ်သား ၈၀၀ တို့ကို ဦးဆောင်ကာဖြင့် ရန်သူ့နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ရှင်းနုလူမျိုး ၂၀၀၀ ကျော်တို့ကို သတ်ဖြတ်ဖမ်းဆီးနိုင်ခဲ့၏။ ထိုအထဲတွင် ထိပ်တန်း အရေးကြီးသည့် ပုဂ္ဂိုလ်များပါဝင်၏။
အသက် ၁၉ နှစ်အရွယ်တွင် ဟော့ချွီပင်းက မြင်းဖြူတပ်၏တပ်မှူးအဖြစ် ခန့်အပ်ခြင်း ခံရ၏။ သူက စစ်တပ်ကိုဦးဆောင်ပြီး ဟဲရှို့သို့ ချီတက်တိုက်ခိုက်ရာ ရန်သူပေါင်းလေးသောင်းကို ချေမှုန်းနိုင်ခဲ့ပြီး ဟန်ဘုရင်၊ မိဖုရားခေါင်ကြီး ချန်ယိခန်၊ မင်းသား၊ ဝန်ကြီးချုပ်နှင့် စစ်သူကြီးများအပါအဝင် လူပေါင်း ၁၀၀ ကျော်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ထိုအရွယ်တွင် သူက အသက် ၁၉ နှစ်သာလျှင်ရှိသေး၏။
နာကျည်းမှု၊ ကျိုးရိချမ်တို့ကလည်း ဤကဲ့သို့ ပါရမီရှင်မျိုးဖြစ်တန်ကောင်း၏။ သူက ငယ်ရွယ်စဉ်တည်းက ကျိုးမိသားစုတွင် စစ်မြေပြင်၏ သိုင်းပညာနှင့် စစ်ပိုင်းဆိုင်ရာ မဟာဗျူဟာများကို သင်ယူခဲ့ရ၏။ အသက် ၁၈ နှစ်ဖြင့် သိုင်းပညာပြိုင်ပွဲ၌ပင် ဗိုလ်စွဲခဲ့သေး၏။ အသက် ၁၉ နှစ်တွင် ကောင်းကင်ပင်လယ် နန်းဆောင်သို့ သွား၍ သိုင်းပညာကို သင်ကြားခဲ့ရပြီး တရုတ်သမိုင်း သို့မဟုတ် ဂဏန်းသင်္ချာနှင့် ဒဿနိက ဘာသာရပ်များကိုလည်း သင်ကြားခဲ့ရသည်။
ဓားပြတစ်ဦးဖြစ်လာခဲ့ပြီးနောက် သူက လူအယောက် ၂၀၀ ကို ဦးဆောင်ကာ ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ပိုင်းနှင့် ဝူပြည်နယ်၏ အရှေ့တောင်ဘက်ပိုင်းတို့၌ ခြေရာမကျန်အောင် လှုပ်ရှားသွားလာနိုင်ခဲ့၏။ ရွှဲ့ပြည်နယ်တွင် ထျန်းလျန်စီရင်စု၏ အုပ်ချုပ်ရေးမှုးက သူ့ကို နှိမ်နင်းရန် ကြိုးစားခဲ့သော်လည်း အမြစ်ပြတ် နှိမ်နင်းနိုင်ခဲ့ခြင်း မရှိချေ။
ထို့အပြင် ထျန်းလျန်စီရင်စုနှင့် ဝူပြည်နယ်တို့၏တောင်ပိုင်းတွင် နာကျည်းမှုအား အကြိမ်တစ်ရာမက ဝိုင်းဝန်းကာ တိုက်ခိုက်နှိမ်နင်းခဲ့ဖူး၏။ အဆုံးသတ်မှာတော့ ဆံချည်တစ်ပင်ကိုမှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိချေ။ သူ၏လက်အောက်မှ မြင်းသည်တော် ၂၀၀ ကျော်တို့က ဝူနှင့်ရွှဲ့ပြည်နယ်အတွင်း၌ လုံးဝ တားဆီးမရနိုင်သော အင်အားစုကြီး တစ်ခုကဲ့သို့ပင်ဖြစ်ခဲ့၏။
အပေါ်ယံတွင် ဓားပြတစ်ဦးဖြစ်သော်လည်း အရပ်သားများကို ဘယ်သောအခါမှ လုယက်ခြင်း မရှိချေ။ နေရာဒေသ အသီးသီးရှိ ဒေသခံများကိုလည်း ထိခိုက်နာကျင်အောင် မလုပ်ခဲ့ချေ။ သူတို့က နှလုံးသား ကင်းမဲ့လွန်းသည့် သူဌေးသူကြွယ်များ၊ ရာထူးရာခံကြီးမားသည့် အာဏာရှင်များကိုသာ ဝင်ရောက် တိုက်ခိုက်သည်။
ထို့ထက် သူ၏လက်အောက်မှ မြင်းသည်တော် ၂၀၀ ကျော်တို့က ဓားပြများဖြစ်ကြသော်လည်း သူ၏အမိန့်ကို တသွေမတိမ်း လိုက်နာကြပြီး သူ့အား အလွန်မြင့်မားသည့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်သူတစ်ယောက်ကဲ့သို့ပင် တန်ဖိုးထား ဆက်ဆံကြသည်။ သူတို့အားလုံးက အမှန်စင်စစ်အားဖြင့် ငွေကြေးကို ရွံ့ကဲ့သို့၊ ချေးကဲ့သို့ သဘောထားကြသည့်လူများဖြစ်၏။ ဤသည်မှာ ဓားပြအဖွဲ့တစ်ခု မဟုတ်ချေ။ စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်ချက် မြင့်မားသော စစ်တပ်ကြီး တစ်တပ်ကဲ့သို့ပင်ဖြစ်၏။ သူတို့၏ယုံကြည်ချက်က ကောင်းကင်ဘုံ၏ ကိုယ်စား တရားမျှတမှုကို ရှာဖွေခြင်းပင်။
“အရှင်မင်းသား.. ကျုပ်ရဲ့လက်အောက်မှာ တပ်သား နှစ်ရာရှိပါတယ်။ သူတို့အားလုံးကို ခေါ်ယူချင်ပါတယ်” နာကျည်းမှုက ဆို၏။
နင်ကျန်းက ပြောလိုက်သည်။ “ကောင်းပြီ။ ဒီမြင်းတပ်သား ၂၀၀ လုံးက ခင်ဗျားရဲ့ ကိုယ်ရံတော်တပ် ဖြစ်လာလိမ့်မယ်။ ကျုပ် သူတို့ထဲက တစ်ယောက်ကိုမှ နေရာမရွှေ့ဘူး”
နာကျည်းမှုက ပြောလိုက်၏။ “ကျုပ် လျှို့ဝှက်စာတစ်စောင် ရေးတာ ခဏစောင့်ပေးပါ။ ရှမ့်က တစ်ယောက်ယောက်ကို ရွှဲ့ပြည်နယ်ရဲ့ အရှေ့ဘက်ပင်လယ်က တာလော့ကျွန်းကို လွှတ်ပေးပါ။ အမှတ်အသားနဲ့ လျှို့ဝှက်တစ်စောင်ကို လက်ခံရတာနဲ့ သူတို့ နန်းမြို့တော်ဆီကို ချက်ချင်း လိုက်လာပါလိမ့်မယ်”
“တာလော့ကျွန်း ဟုတ်လား”
ရှမ့်လန်က ထိုနေရာကို သိ၏။ ထိုနေရာက လူသူမနေသည့်ကျွန်းဖြစ်ပြီး ထိုနေရာက ရွှဲ့ပြည်နယ်၏ ပင်လယ်ပိုင်နက် အတွင်းတွင် မရှိသလို ဝူပြည်နယ်၏ ပင်လယ်ပိုင်နက်အတွင်း၌လည်း မရှိချေ။ ခေတ်သစ်စကားအရ ပြောရမည်ဆိုလျှင် နိုင်ငံတကာရေပိုင်နက်ထဲတွင် ရှိနေသည့်အရာကဲ့သို့ပင်။
ထို့ကြောင့် ဝူနှင့်ရွှဲ့ပြည်နယ်တို့က လူအင်အားအများအပြား သုံးပြီး ရှာဖွေခဲ့သည်တောင်မှ နာကျည်းမှု၏ စခန်းကို ရှာမတွေ့ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ နာကျည်းမှုက တစ်စုံတစ်ခုပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်နှင့် တစ်မိနစ်ပင် စောင့်ဆိုင်းတတ်သည့် လူ မဟုတ်ချေ။ လျှို့ဝှက်စာကို တစ်ခါတည်း စတင်ကာ ရေးသား၏။
ရှမ့်လန်က ထိုသူ ရေးသားသည့် စကားလုံးတစ်လုံးကိုမှ မသိချေ။ အတိုချုပ်ပြောရမည်ဆိုလျှင် အလွန် ထူးဆန်းသည့် စကားလုံးများ၊ ဤလောကကြီးတွင်ပင်မရှိသည့် စကားလုံးများနှင့် ရေးသားနေခြင်းဖြစ်သည်။
“ဒီစာလုံးတွေကို ခင်ဗျားကိုယ်တိုင် တီထွင်ထားတာလား” ရှမ့်လန်က မေးမြန်းလိုက်၏။
နာကျည်းမှုက ဖြေလိုက်သည်။ “နောက်နေတာလား”
သူ ကိုယ်တိုင်တီထွင် ထားခဲ့သည်လား။ ထိုသို့ဆိုလျှင် သူက အံ့မခန်း လူသား ဖြစ်ပေလိမ့်မည်။
နာကျည်းမှုက ပြောလိုက်၏။ “ကျုပ်တို့ကြားမှာ ရှိတဲ့ လျှို့ဝှက်စာက ရိုးရိုးမဟုတ်ဘူး။ လျှို့ဝှက်စာကို လက်ခံပြီးတဲ့တဲ့နောက်မှာ အဓိပ္ပာယ်ပြန်ဖော်ဖို့က လိုသေးတယ်”
ရှမ့်လန်နှင့် နင်ကျန်းတို့က အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ ဤသည်မှာ နိုင်ငံတော်အဆင့် လျှို့ဝှက်အမှုကြီး တစ်ခုကို ပြုလုပ်နေသကဲ့သို့ပင်။ သို့ပေမည့် တစ်ဖက်လူက လူအယောက် ၂၀၀ ကိုသာ ဦးဆောင်ထားသည့် ဓားပြတစ်ယောက်ဖြစ်၏။ ထိုမျှအထိ ဆန်းသစ်နေဖို့ လိုပါရဲ့လား။ ကြက်ကိုသတ်ဖို့ နွားသတ်ဓားကို သုံးနေသည်နှင့်ပင် ဆင်တူသည်။
“ဆရာမ ကျန်းယွီယင်းဆီက ကြားတာကတော့ ခင်ဗျားက ပညာရေးမှာ တကယ့်ကို ညံ့ဖျင်းလွန်းတဲ့ လူတစ်ယောက်ဆို” ရှမ့်လန်က မေးမြန်းလိုက်၏။
နာကျည်းမှုက သက်ပြင်းချလိုက်သည်။ “ကျုပ်က အသက် ၁၉ နှစ်အရွယ်မှာ ကောင်းကင်ပင်လယ်နန်းဆောင်ကို ရောက်သွားတာလေ။ ကျုပ် အရင်က စာ မသင်ခဲ့ဘူး။ ဂဏန်းသင်္ချာလည်း မသင်ခဲ့ဘူး။ ရောက်သွားတော့ အသက် ၁၈ နှစ် ၁၉ နှစ်အရွယ် အတန်းဖော်တွေနဲ့အတူတူ စာသင်ဖို့ ကျုပ်ကို အတင်းအကျပ် ခိုင်းခဲ့တယ်လေ။ ဒါ့ကြောင့် ဖြစ်ခဲ့တာပါ။”
“ဪ ဒီလိုကိုး”
တကယ့်ကို ဆိုးဝါးလွန်းသည့် အဖြစ်ပင်။ မူလတန်းကျောင်းတောင် မတက်ဖူးသည့် လူက တက္ကသိုလ်သို့တန်းဝင်ပြီး ပထမနှစ်မှ စတင် တက်ရသလိုပင်ဖြစ်ခဲ့၏။ နာကျည်းမှုအနေဖြင့် နေ့တိုင်း အဆူအရိုက်ခံခဲ့ရပြီး သူ၏ဘဝကိုပင် သူသံသယ ဝင်ရလောက်သည်အထိ ဖြစ်သွားခဲ့သည်ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သို့ပေမည့် တကယ်ပဲ သင်ယူနိုင်ခဲ့၏။ ပါရမီမည်မျှရှိသနည်း ဆိုသည်က ရှင်းလင်းလှချေ၏။
ပြီးနောက် နာကျည်းမှုက ပြောလိုက်သည်။ “အရှင်မင်းသား... ကျုပ်အတွက် ထောင်စုမှူးနေရာက တစ်နေရာစာပဲ ရှိတာလား”
ရှမ့်လန်က ပြောလိုက်၏။ “လောလောဆယ် ထောင်စုမှူး တစ်နေရာပဲရှိတယ်”
နာကျည်းမှုက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်ရဲ့လက်အောက်မှာရှိနေတဲ့ ရာစုမှူးဆယ်ယောက်ကရော ဘယ်မှာလဲ”
“ဟိုမှာလေ”
ရှမ့်လန်သည် ခြံဝင်းထဲတွင် လဲလျောင်းကာဖြင့် အားရပါးရ ကြွားဝါလျက်ရှိနေသည့် သူတောင်းစား ၁၀ ယောက်ကို မေးငေါ့ပြလိုက်၏။
တစ်ခဏအတွင်းမှာပင် နာကျည်းမှုက သူ၏ ဦးရေပြား တစ်ခုလုံးက ထုံကျင်သွားခဲ့ပြီး ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့သည်။
သေချာပေ၏။ ဤအချိန်က ဆောင်းဦးရာသီဖြစ်၏။ နေရောင်ခြည်က နွေးထွေးသည်ဆိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လေထုတစ်ခုလုံးက အလွန်အေးစက်နေသည်ဟု သူခံစားရ၏။
ဤသူတောင်းစား ၁၀ ယောက်ပေလား။
“ရှမ့်.. ခင်ဗျားလို ပါရမီရှင်တစ်ယောက်က ဘာလို့ ဒီလောက်လက်လွတ်စပယ် နိုင်ရတာလဲ။ ဒါမှမဟုတ် ခင်ဗျားမှာ ထူးခြားလွန်းတဲ့ ဝါသနာတစ်ခုခုများ ရှိနေတာလား။ ငရဲပြည်ကိုဆင်းရတာလောက် ခက်ခဲတဲ့ အခြေအနေမျိုးကို ဖန်တီးမှ ခင်ဗျားက အိပ်ပျော်၊ စားဝင်တာလား။ ဘယ်လိုဖြစ်ပြီး အခက်အခဲမရှိတဲ့နေရာမျိုးမှာ အခက်အခဲတွေလိုက် ဖန်တီးနေရတာလဲ။ ဒီသူတောင်းစား ၁၀ ယောက်ကိုကြည့် ... မျှော်လင့်ချက်ကို မရှိတော့ဘူး။ ကျုပ်က မျက်စိမှိတ်ပြီး လမ်းပေါ်ထွက်၊ ရှိတဲ့လူကို ဆွဲခေါ်ခဲ့ရင်တောင်မှ ဒီသူတောင်းစား ၁၀ ယောက်ထက် သာအုံးမယ်’
ထိုအရာက တကယ့်ကို လွန်လွန်းလှ၏။ သူတောင်းစား ၁၀ ယောက်က ကိုယ်လက်အင်္ဂါ ချို့ယွင်းလျက် ရှိနေသည်ဆိုရင်တောင်မှ တော်သေး၏။ အဓိကအားဖြင့် တကယ့်ကို အလေလိုက် လွင့်ပါးလျက် ရှိနေကြပြီး ငပျင်းစစ်စစ်များပင်။ ခန္ဓာကိုယ်တစ်ခုလုံးက လူပုံမပေါ်လောက်အောင် ပျက်စီးနေခဲ့သည်။
စောဏကလေးတင် ကလေးဆော့သည့် လေးများကို ဆွဲနေကြပြီး လေးကြိုးကိုပင် ကောင်းကောင်း မဆွဲနိုင်ခဲ့ချေ။ ၁၅ မိနစ်မပြည့်ခင်မှာပဲ လေးနာရီလောက် အနားယူလျက် ရှိနေ၏။ အနားယူချိန်တွင် မတ်တပ်ရပ် အနားယူ၍ ရ၏။ အလွန်ဆုံးထိုင်၍ အနားယူရုံပင်။ သို့ပေမည့် ဤအဖွဲ့က မြေကြီးပေါ်တွင် ပိုးလို့ပက်လက်ဖြင့် အိပ်လျက်ရှိနေ၏။
နင်ကျန်းနှင့် ရှမ့်လန်တို့ကိုပင် လျစ်လျူရှုထားပြီး လောကကြီးတစ်ခုလုံးတွင် သူတို့ ပြောဆိုလျက်ရှိနေသည့် စကားလုံးများလောက် မည်သည့်အရာကမှ အရေးမကြီးသည့်ပုံစံမျိုးဖြင့် ဟိတ်ကြီးဟန်ကြီး ပြောဆိုလျက် ရှိနေကြသည်။
သူတို့ ဘာတွေလုပ်နေသနည်း။ တချို့က ခြေထောက်မှ ဂျီးများကို ကုတ်ခြစ်နေပြီး တချို့က နှပ်ချေး နှိုက်နေ၏။ မကြာသေးခင်က ရေသေချာချိုးထားသောကြောင့် အနံ့ဆိုးများ စုပုံ မနေသည်ကိုပင်လျှင် နောင်တရနေသည့် ပုံစံမျိုးဖြစ်၏။ အနံ့ပြင်းလေးများ ရှုလိုက်ရမှ သက်တောင့်သက်သာ ရှိသလိုပင်။
နောက်တစ်ယောက်မှာတော့ လေလည်ချင်သည်ကို အောင့်ထားသည့်ပုံ ပေါ်၏။ အဆုံးစွန်ထိအောင့်ထားပြီးမှ ရုတ်တရက် လွှတ်လိုက်၏။ ပြီးနောက် နောင်တရသည့်အသံဖြင့် ပြောလိုက်သည်။ “အင်း.. ဒီတစ်ခါလည်း မအောင်မြင်ပြန်ဘူး။ ငါ ဗျောက်အိုးဖောက်သလိုမျိုး ဖောက်ဖောက်ဖောက်ဖောက်နဲ့ဖြစ်အောင် ပေါက်ချင်တာ။ အင်း.. အခုတလော အစားအစာတွေက အရမ်းစားကောင်းလို့ပဲ ဖြစ်မယ်”
ဤလူများကို အမှိုက်ဟုပင် ခေါ်ဆို၍မရတော့ချေ။ တကယ့်ကို လူအညစ်အကြေးပင် ဖြစ်ပေလိမ့်မည်။
နာကျည်းမှုက ပြောလိုက်၏။ “ရှမ့်.. ဒီလူအယောက် ၁၀ ယောက်အတွက် ခင်ဗျားဆီမှာ တကယ်ကို ရည်မှန်းချက် တစ်ခုခု ရှိနေတာလား”
ရှမ့်လန်က ပြောလိုက်သည်။ “ရှိတာပေါ့။ သိုင်းပညာစာမေးပွဲမတိုင်ခင် ၃၈ ရက်ကျန်သေးတယ်။ သူတို့အားလုံးကို အောင်မြင်စေချင်တယ်။”
တခဏချင်းမှာပဲ နာကျည်းမှုက လုံးဝ ကြက်သေသေလျက်ရှိနေ၏။ သူ၏ဦးရေပြားတစ်ခုလုံးက ထုံကျင်လွန်းသောကြောင့် ဦးခေါင်းတစ်ခုလုံး ပွင့်ထွက်လုမတတ်ပင် ခံစားနေရ၏။
အချိန်ခဏတာကြာပြီးနောက် နာကျည်းမှုက တုန်ယင်လျက် ရှိနေသည့်အသံဖြင့် ပြောလိုက်သည်။ “ရှမ့်... ကျုပ်ကို အဆိပ်တစ်ခွက်လောက် ပေးလိုက်တာကမှ ပိုကောင်းအုံးမယ်။ ကျုပ်ရဲ့အသက်ကို ခင်ဗျားဆီ ပြန်ပေးပါ့မယ်”
အသက် ကယ်ပေးခဲ့သည့် ကျေးဇူးကို သူ ပြန်ဆပ်ရပေလိမ့်မည်။ သို့ပေမည့် သူ့ကို အကြိမ်တစ်ရာလောက် သတ်မည်ဆိုလျှင်တောင်မှ ထိုအရာကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
‘ခင်ဗျား ကျုပ်ကို စစ်တိုက်ဖို့ ဦးဆောင်ခိုင်းချင်တယ်။ ကျုပ်မှာ ဓားမရှိရင်တော့ အနည်းဆုံး သစ်သားချောင်းလောက်တော့ ပေးသင့်တာပေါ့။ ဘယ်လိုဖြစ်ပြီးတော့ ချေးပုံ ၁၀ ပုံကို လာပေးထားရတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း .. အစ်ကိုကျိုး.. တစ်ယောက်ချင်းစီကို သေသေချာချာ ဂရုစိုက်ပြီး လေ့လာကြည့်စမ်းပါ။ ခင်ဗျားဘာတွေ့မလဲဆိုတာ ကြည့်ကြည့်”
နာကျည်းမှုက အရှေ့ကို တိုးကြည့်ပြီး သူတောင်းစား ၁၀ ယောက်ကို သေသေချာချာ လေ့လာကြည့်၏။ သူတောင်းစား ၁၀ ယောက်က ချက်ချင်းပဲ ကြွားဝါနေရာမှာ ရပ်တန့်သွား၏။ အဘယ့်ကြောင့်ဆိုသော် သူတို့က နာကျည်းမှု၏ စူးစိုက်ကြည့်ရှုမှုကို ကြောက်ရွံ့သွားသောကြောင့်ပင်။ ဘာကြည့်နေသနည်း။ အဆိုးရွားဆုံး အခြေအနေမျိုးမှာပင် သူတို့က ဖင်ကိုရောင်းစားကာ အသက်မွေးဝမ်းကျောင်းခဲ့သည့်လူမျိုး မဟုတ်ချေ။ ယခု ရာစုမှူးဖြစ်နေပြီ ဖြစ်၏။ သူတို့ဖင်ကို ရောင်းစားလိမ့်မည် မဟုတ်ပေ။
နာကျည်းမှုက ကြည့်ရုံသာမက တစ်ဖက်လူများ၏ ခန္ဓာကိုယ်ကို ဆုပ်နယ်လျက်ရှိ၏။ ပြီးတော့ အနံ့ကိုလည်း ရှူရှိုက်ကြည့်၏။
သူတောင်းစား ၁၀ ယောက်လုံးက ကြက်သီးမွေးညှင်းများ ထလျက်ရှိနေ၏။ ဘာလာလုပ်သနည်း။
“ကျုပ်ကို မထိနဲ့။ ဒါနေ့ခင်းကြောင်တောင်ကြီး။ တစ်ခုခုလုပ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ညဘက် မိုးချုပ်တဲ့အထိတော့ စောင့်အုံးမှပေါ့”
သူတောင်းစားတစ်ယောက်က နာကျည်းမှု၏လက်ထဲမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားလျက် ရှိနေသည်။
“ဖြောင်း” နာကျည်းမှုက ချက်ချင်းပဲ ပါးပိတ်ရိုက်လိုက်၏။ ထိုသူတောင်းစားက မြေပေါ်သို့ လဲကျသွားပြန်၏။ သူက တုန်လှုပ်လျက် ရှိနေသည့် ဖားလေးတစ်ကောင်ကဲ့သို့ပင် ငြင်းဆန်ပုန်ကန်မှုကို မလုပ်နိုင်ချေ။ ၁၅ မိနစ်ခန့် ကြည့်ရှုပြီးနောက် နာကျည်းမှုက ရှမ့်လန်ထံသို့ ပြန်လာခဲ့၏။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ခင်ဗျား မြင်ခဲ့လား”
နာကျည်းမှုက ခေါင်းညိတ်လိုက်၏။ “ကျုပ်မြင်ခဲ့တယ်။ သူတို့ဆီကနေပြီး ရင်းနှီးတဲ့ အငွေ့အသက်တစ်ခုကို ကျုပ် အနံ့ခံနိုင်ခဲ့တယ်”
ဤသွေးမျိုးဆက်၏ စွမ်းအားမှ ထွက်ပေါ်လာခဲ့သည့် အငွေ့အသက်က တကယ့်ကို နက်နဲလွန်း၏။ တူညီသည့် မျိုးနွယ်တူ လူများမှသာလျှင် ထိုအရာကို အနံ့ခံ သိရှိနိုင်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ဘာလို့ ဒီလိုပုံစံမျိုးဖြစ်နေတာလဲ ခင်ဗျားသိလား။ လူတိုင်းရဲ့ခန္ဓာကိုယ်က လိမ်ကောက်ပြီးတော့ ပုံပျက်ပန်းပျက် ဖြစ်နေတယ်”
နာကျည်းမှုက ပြောလိုက်၏။ “သူတို့ရဲ့မျိုးဆက်စွမ်းအားက အရမ်းကို အစွမ်းထက်တယ်။ သူတို့က နေ့တိုင်း စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေတယ်ဆိုပေမဲ့ ဒါကို မနိုးဆွနိုင်ဘူး။ ဒီတော့ အဲဒီစိတ်ဝိညာဉ် စွမ်းအင်တွေက ခန္ဓာကိုယ်ထဲမှာ တန်ပြန်ကန်ထွက်လာခဲ့ပြီး ခန္ဓာကိုယ်ကို လိမ်ကောက်သွားစေခဲ့တာပဲ။ ကျုပ်အရင်က ဒါမျိုးကြုံခဲ့ဖူးတယ်”