← Chapters

အပိုင်း (၄၇၈)

Vol. 33 Ch. 478

အပိုင်း (၄၇၈)

Vol. 33 Ch. 478

သို့နှင့် သူတောင်းစား ကိုးယောက်လုံးက ယိုင်ထိုးယိုင်ထိုး ပုံစံမျိုးနှင့် ထိုနေရာတွင် မတ်တပ်ထရပ်ကြ၏။ မလှုပ်ရှားရဲတော့ချေ။ သို့ပေမည့် မည်သို့ထိန်းထားနိုင်မည်နည်း။ မိနစ်အနည်းငယ်ပင် မကြာလိုက်ချေ။ သူတို့က လှုပ်ရှားမိ၏။

နာကျည်းမှုက ရှေ့ဆီသို့ပြေးတက်ပြီး လက်ထဲမှကြိမ်လုံးနှင့် အလျင်အမြန် ရိုက်ချ၏။ အမှန်တကယ်ပင် ထိုသူတို့ကို သေသည်အထိ ရိုက်သတ်မည့်ပုံပေါ်သည်။

သူတောင်းစားတစ်ယောက်က ကြောက်လန့်လွန်းသောကြောင့် တုန်လှုပ်လျက်ရှိ၏။ သေးများပင် ထွက်ကျချင်လုနီးနီး ဖြစ်ပြီး သေးပေါက်ရန် လက်ထောင်ပြချင်စိတ်ပေါ်၏။

နာကျည်းမှုက ရုတ်တရက်လှည့်ကြည့်လိုက်ရာ ထိုသူ၏မျက်လုံးများက တစ်ခါတည်း ကျုံ့ဝင်သွားခဲ့၏။ သူတောင်းစားက ရုတ်တရက် တုန်လှုပ်သွားခဲ့၏။ သူ အိမ်သာသွားစရာ မလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် အစောကြီးတည်းက ပေါက်ချပြီးပြီ ဖြစ်သောကြောင့်ပင်။

နာကျည်းမှုက တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ စိုက်ကြည့်ရုံသာလျှင်ရှိ၏။ သေးပေါက်ချလျှင်တောင် ကိစ္စမရှိချေ။ မလှုပ်လျှင် ပြီးရောဟု သတ်မှတ်ထားသည်။

............

သိုင်းစာမေးပွဲက တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။ ချက်ချင်းဆိုသလိုပဲ ဤသူတောင်းစား ဆယ်ယောက်တို့၏ သွေးမျိုးဆက် အသက်ဝင်ရန် အချိန်နှင့်အမျှ အရေးကြီးလို့နေခဲ့၏။ သို့ပေမည့် နာကျည်းမှုက အလျင်မလိုချေ။ သဘာဝအားဖြင့် ရှမ့်လန်ကလည်း အလျင်လိုခြင်း မရှိချေ။

ပဉ္စမမင်းသား၏ အိမ်တော်ထဲတွင်တော့ အားလုံးသောသူတို့က နာကျည်းမှု၏ အလုံးစုံသော ဩဇာအာဏာကို လေးစားနေကြပြီ ဖြစ်၏။ စစ်တပ်ပိုင်းဆိုင်ရာ၊ သိုင်းပညာပိုင်းဆိုင်ရာ အရာအားလုံးကို သူ ဆုံးဖြတ်သည် ဆိုသည်နှင့် မည်သူကမှ မေးခွန်းမထုတ်ရဲကြချေ။ မည်သူကမှလည်း မငြင်းဆန်ရဲပေ။

လူမှန်၊ နေရာမှန်ကို အသုံးပြုခြင်းအားဖြင့် ဤအရာအားလုံးက သံသယရှိစရာ မလိုပါဘဲ အဆင်ပြေလျက် ရှိနေ၏။ ပိုက်ဆံလိုချင်လျှင် ပိုက်ဆံကိုပေး၏။ ဘာလိုချင်လဲ။ လိုချင်သည့်အရာကို ပေး၏။ နင်ကျန်းက ပိုက်ဆံမရှိချေ။ ရှမ့်လန်၌လည်း ပိုက်ဆံမရှိချေ။ သို့ပေမည့် ကောင်းကင်တာအိုအဖွဲ့အစည်း၌ ရှိ၏။

နင်ကျန်းက နန်းပလ္လင်သို့ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကောင်းကင်တာအိုအဖွဲ့အစည်းက ချက်ချင်းပဲ နန်းမြို့တော်ထဲတွင် တရားဝင်ရုံးခန်းတစ်ခုကို ဖွင့်လှစ်ခဲ့၏။ ဤရုံးက အရာကိစ္စ တစ်ခုတည်းကိုသာ တာဝန်ယူ၏။ ထိုအရာက ပိုက်ဆံပေးခြင်းပင်။ သူတို့က ရှမ့်လန် မည်မျှပိုက်ဆံလိုချင်သည်ဖြစ်စေ ပေးမည်ဖြစ်၏။ ရှမ့်လန်ကိုယ်တိုင် ရေးသားထားသည့် ဘဏ်စာရွက်ဖြစ်သည်ဆိုပါက မည်မျှများပြားသည့် ပမာဏကိုပဲဖြစ်ဖြစ် သူတို့က ပေးရန်အဆင်သင့် ရှိသည်။

ပိုက်ဆံသာမက တခြားသော အထောက်အပံ့များကိုလည်း ပြုလုပ်ပေး၏။ ကောင်းကင်တာအိုအဖွဲ့အစည်းက နင်ကျန်းတစ်ယောက် နန်းပလ္လင်ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။ သို့ပေမည့် ရှမ့်လန်ကိုတော့ ယုံကြည်၏။ ရှမ့်လန်က ရင်းနှီးမြှုပ်နှံစေချင်သည်ဟု ပြောဆိုနေလျှင် သူတို့က ကျိန်းသေပေါက် ရင်းနှီးမြှုပ်နှံ ရပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အစမှအဆုံးအထိ ရှမ့်လန်က ကံကြမ္မာ အလှည့်အပြောင်းများကို ဖန်တီးခဲ့၏။ မဟာမိတ်များဖြစ်ခဲ့ပြီးနောက် ရှမ့်လန်နှင့်ပတ်သက်၍ သူတို့က ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီးသား ဖြစ်၏။ ထိုအကြောင်းအရာနှင့် ပတ်သက်လျှင် ကျန်းချုံးထက်ပင် ပိုမိုကာ သိသာရှင်းလင်း၏။

နင်ကျန်းက နန်းပလ္လင်ကို တိုက်ခိုက်မှုအောင်မြင်သွားခဲ့ပါက ရွှဲ့ပြည်နယ်တစ်ခုလုံး၏ ကုန်သွယ်ခွင့် အခွင့်အရေး ပြောင်းလဲသွားမှာ ဖြစ်၏။ ကောင်းကင်တာအိုအဖွဲ့အစည်းက အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး ယင်ယွမ်အဖွဲ့အစည်းကို ဖိနှိပ်နိုင်ပေလိမ့်မည်။

ကောင်းကင်တာအိုအဖွဲ့အစည်းအနေဖြင့် အကြွေးများကိုပင် စတင်ချပေးနိုင်မှာဖြစ်၏။ ရွှဲ့ပြည်နယ်သည် ယင်ယွမ်အဖွဲ့အစည်းအပေါ်၌ မည်မျှအကြွေးတင်နေကြောင်း သူတို့ အသိဆုံးဖြစ်၏။ အကယ်၍ နင်ကျန်းသာ နန်းပလ္လင်ကို ဆက်ခံနိုင်ခဲ့သည်ဆိုပါက ထိုအကြွေးအားလုံးကို တစ်ခါတည်း ပေးချေရန်ပင် အဆင်သင့် ပြင်ထားသည်။

သို့ပေမည့် အကြွေးစာရင်းကို အကြမ်းဖျင်း သုံးသပ်ပြီးနောက် ကောင်းကင်တာအိုအဖွဲ့အစည်း၏ အမူအရာက ပြောင်းလဲ သွားခဲ့၏။ ။”နင်ယွမ်ရှန်း… ခင်ဗျား ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ကြောက်ဖို့ ကောင်းရတာလဲ။ ပိုက်ဆံတွေကို ခင်ဗျားက အိပ်လိုက်စားလိုက်နဲ့ ယူပြီးသုံးထားသလားတောင် မှတ်ရတယ်။”

ထို့ကြောင့် ကောင်းကင်တာအိုအဖွဲ့အစည်းက နောက်ထပ်အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုက်၏။ ထိုအဖွဲ့အစည်း၌ လုပ်ဆောင်နိုင်စွမ်း တစ်ခုတည်းသာရှိ၏။ ပိုက်ဆံကို စုဆောင်းခြင်းပင်။ ရွှဲ့ပြည်နယ်၏ ယင်ယွမ်အဖွဲ့အစည်းအပေါ်တင်နေသော အကြွေးများကိုပေးဆပ်ရန် သူတို့က ပိုက်ဆံကို စုစည်းခြင်းပင်။

အကြွေးပမာဏက ကြီးမားလွန်း၏။ ထို့ကြောင့် ကောင်းကင်တာအိုအဖွဲ့အစည်းအနေဖြင့် မြန်မြန်ဆန်ဆန် ချဲ့ထွင်ရန် လိုအပ်လျက် ရှိနေ၏။ သူတို့၏ မဟာဗျူဟာများကို ပြန်လည်ဆန်းသစ်ရန် လိုအပ်၏။ ရွှေဒင်္ဂါးများကို အရေအတွက် များများ ထုတ်ဖော်ရန်လည်း လိုအပ်၏။ ရွှေဒင်္ဂါး အရေအတွက်များများ စုဆောင်းနိုင်သည် ဆိုလျှင်တောင်မှ ကောင်းကင်တာအိုအဖွဲ့အစည်း၏ အင်အားအရ နှစ်ပေါင်းများစွာတောင် ကြာမြင့်နိုင်သေး၏။ သို့ပေမည့် နင်ကျန်း၏ နန်းပလ္လင်ပေါ်တိုက်ခိုက်မှုက ယခုမှစတင်ရုံသာရှိသေး၏။ ထို့ကြောင့် အဲလောက် များပြားသည့်ပိုက်ဆံမျိုး မလိုသေးချေ။

ဥပမာအားဖြင့် ဤအချိန်မှာတော့ ရှမ့်လန်က မြင်းအကောင် ၂၀ ကိုသာလျှင် တောင်းခံခဲ့၏။ ထို့အပြင် ရွှေဒင်္ဂါး ၂၀၀၀၀ တိတိသာ တောင်းခံ၏။ ကောင်းကင်တာအိုအဖွဲ့အစည်းက မည်သည့်စကားကိုမှ မဆိုချေ။ ရက်အနည်းငယ်အတွင်းမှာပဲ သူတို့က မြင်း ၂၅ ကောင်နှင့် ရွှေဒင်္ဂါး တစ်သိန်းကို နင်အုပ်ချုပ်ရေးမှုရုံးဆီသို့ ပေးပို့ခဲ့၏။

ငါးရက်ကြာ လေ့ကျင့်ပြီးနောက် သူတောင်းစား ၁၀ ယောက်တို့က အလုံးစုံ ပြောင်းလဲသွားခဲ့ပြီ။ သူတို့က အလုံးစုံ လိမ်မာလျက်ရှိနေ၏။ ခန္ဓာကိုယ်များက တွန့်လိမ်ပြီး မသန်စွမ်းဖြစ်နေသည်ဆိုလျှင်တောင်မှ သူတို့က မတ်မတ် ရပ်နိုင်ကြ၏။ အားလုံးသောသူတို့သည် နှစ်နာရီတိတိ မည်သည့် လှုပ်ရှားမှုမှမရှိဘဲ မတ်တပ်ရပ်နိုင်စွမ်း ရှိလာကြသည်။

နာကျည်းမှု အမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် သူတို့က အရာအားလုံးကို ပြုလုပ်၏။ မြေပေါ်သို့ လဲကျသွားပြီဆိုလျှင်တောင် ... သူတို့၏ရှေ့တွင် ချေးပုံကြီးရှိနေသည်ဆိုလျှင်တောင် ... သူတို့က မျက်နှာနှင့် ထိုချေးပုံကို ဝင်တိုက်ရမည်ဆိုလျှင်တောင် ဘာတစ်ခုမှ မကန့်ကွက်ကြချေ။ မတ်မတ်ရပ်လျက် ရှိနေ၏။

ဆိုလိုသည်မှာ သူတို့၏ရင်ဘတ်ထဲသို့ မြွေတစ်ကောင်ဝင်လာမည် ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ မလှုပ်ရှားကြချေ။ အိပ်သည့်အချိန်တွင်လည်း သူတို့က မည်သည့်စကားကိုမှ မဆိုရဲချေ။ အဘယ့်ကြောင့်ဆိုသော် အိပ်နေရင်း စကားပြောသည်ဆိုပါက ပါးစပ်များကို ကြိုးနှင့်ချုပ်ခံရမှာ ဖြစ်သောကြောင့်ပင်။ အပ်နှင့်၊ အပ်ချည်ကိုလည်း အဆင်သင့် ပြင်ဆင်ထားခဲ့သည်။

ဤသုံးရက်အတွင်းမှာပဲ သူတို့က သေသေချာချာ မျက်နှာသစ်၊ သွားတိုက်၊ အရာအားလုံးကို ပြုလုပ်တတ်သွားကြ၏။ နာကျည်းမှု၏ ကြမ်းတမ်းမှုက စစ်သည်များ လေ့ကျင့်သည့်နေရာတွင် တကယ့်ကို အသုံးဝင်လွန်း၏။ ထိုအရာက ရှမ့်လန်ကိုပင် ကြက်သီးမွှေးညှင်း ထစေခဲ့၏။ သူတောင်းစား ၁၀ ယောက်က နာကျည်းမှုကို မြင်သည်နှင့် ငရဲမင်းကို မြင်ရသကဲ့သို့ပင်။ ညဘက် အိပ်မက်မက်သည်ဆိုလျှင်တောင် နာကျည်းမှု အကြောင်းကိုသာလျှင် အိပ်မက်၏။

ရှမ့်လန်မှာတော့ နာကျည်းမှုနှင့် စကားပြောဆိုရန် တိတ်တဆိတ်ကြိတ်ကာ ခေါ်ခဲ့၏။ “အစ်ကိုကျိုး.. စစ်သည်တွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ကြင်နာမှုနဲ့ လေးစားမှုနှစ်ခုလုံးကို အသုံးပြုရတာ မဟုတ်ဘူးလား။ ခင်ဗျားအနေနဲ့ လူတွေကို ပြောင်းပြန်လှန်ပြီး ကြောက်ရွံ့မှုဖြစ်အောင်ပဲ လုပ်နေတယ်။ ဒါပေမဲ့ ဘာပဲပြောပြော ကျုပ် ကြိုက်တယ်။”

နာကျည်းမှုက ပြောလိုက်၏။ “သခင်လေး.. ကြင်နာမှုနဲ့ လေးစားမှုဆိုတာ အပြန်အလှန်ပဲ။ ဒီတော့ လူသားတွေရဲ့နှလုံးသားကို ရယူဖို့အတွက် ကျုပ်တို့က သူတို့ကို အဝတ်အစားတွေ ဆင်ပေးမယ်။ အစားအစာတွေ ပေးရမယ်။ ဒါပေမဲ့ ဒီလောက်နဲ့ သူတို့က ကျုပ်တို့အပေါ် လုံလောက်တဲ့ သစ္စာတရား ရှိမှာ မဟုတ်ဘူး။ ဒီလို ကြပ်ကြပ်မတ်မတ် လေ့ကျင့်ပေးရခြင်းကသာ လုံလောက်တဲ့ သစ္စာတရားကို ရရှိစေလိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဘာပဲဖြစ်ဖြစ် အရာအားလုံးကို ခင်ဗျား လက်ထဲထားလိုက်မယ်။ ဒါနဲ့ တိုးတက်မှုကရော ဘယ်လိုလဲ။”

နာကျည်းမှုက ပြောလိုက်၏။ “ဒီလူတွေအကုန်လုံးက စည်းမျဉ်းစည်းကမ်းတော့ ကောင်းနေပါပြီ။ ကျုပ်တို့ နန်းမြို့တော်ကနေခွာပြီး သီးသန့်နေရာတစ်ခုကို သွားလေ့ကျင့်လို့ရနေပြီ။ သူတို့ရဲ့သွေးမျိုးဆက်ကိုလည်း အသက်သွင်းလို့ရနေပြီ။”

.............

နောက်တစ်ရက်မှာပဲ ရှမ့်လန်၊ နာကျည်းမှု၊ ဝူလဲ့ဦးဆောင်သည့် အမျိုးသမီးစစ်သည် ၁၀၀ ကျော်တို့နှင့် ချန်းဖန် မြို့စားအိမ်တော်ဆီမှ သူတောင်းစား ၁၀ ယောက်တို့က နန်းမြို့တော်မှ ထွက်ခွာသွားခဲ့၏။ နာကျည်းမှုက ငွေရောင်မျက်နှာဖုံးကို ဝတ်ထား၏။

နန်းမြို့တော်မှ လူများက အလွန်ကြီးကျယ် ခမ်းနားသည့် မြင်ကွင်းကို မြင်ရ၏။ တောင့်တင်း ခိုင်မာလွန်းသည့် စုစုပေါင်း မြင်း ၂၅ ကောင်ကို မြင်ရ၏။ တစ်ကောင်ချင်းစီတိုင်းက တကယ့်ကို အားကောင်းသည့် လီတစ်ထောင် မြင်းများသာ ဖြစ်၏။ ကြည့်ရှုရုံနှင့် လူပေါင်းများစွာကို သွားရည်ယိုစေနိုင်သည့် မြင်းများပင်။

သို့ပေမည့် သူတောင်းစား ၁၀ ယောက်မှာတော့ မြင်းကောင်းများကို စီးနင်းထားသည်ဆိုလျှင်တောင်မှ မည်သို့မှ ကြည့်ရှု၍ အဆင်မပြေချေ။ ထို့အပြင် သူတို့က မြင်းများကို စီးနင်းနေခြင်း မဟုတ်ချေ။ မြင်းနှင့်သူတို့ကို ကြိုးနှင့်တွဲကာ ချည်ထားခြင်းပင်ဖြစ်၏။

မြင်းကို မည်ကဲ့သို့စီးရမည်ကိုပင် မသိသည့်လူများဖြစ်၏။ ခန္ဓာကိုယ်များကလည်း လိမ်ကောက်ပြီး မသန်စွမ်းဖြစ်လို့ နေ၏။ မြင်းကို ကောင်းကောင်းစီးနင်း၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် ကြိုးနှင့် တုတ်နှောင်ထားခြင်းသာလျှင် ဖြစ်သည်။

မြင်းက အသော့နှင်၏။ ထိုသူတောင်းစားများက ခွေးလို၊ နွားလိုပင် အော်ဟစ်လိုက်ချင်၏။ သို့ပေမည့် နာကျည်းမှုက မည်မျှကြောက်မက်ဖွယ်ရာကောင်းသည့်အကြောင်းကို သတိရသွားပြီးနောက် သူတို့က ပါးစပ်ကို ခပ်တင်းတင်း ပိတ်ထား၏။ သူတို့က သေးပေါက်ချင်စိတ် ပေါက်လာသည်ဆိုလျှင်တောင်မှ မအော်ကြချေ။ မဟုတ်ပါက ပါးစပ်ကို အပ်နှင့်ချုပ်ခြင်း ခံရပေလိမ့်မည်။ သို့မဟုတ် ထိုထက်ဆိုးသည့်အရာမျိုးကို ကြုံနိုင်၏။

သို့ပေမည့် နာကျည်းမှုက အမိန့်ပေးလိုက်သည်။ “အင်း.. မင်းတို့အခုအော်လို့ရပြီ။”

ပြီးနောက် သူတောင်းစား ၁၀ ယောက်တို့က အပြိုင်အဆိုင်ပင် အော်ဟစ်လျက်ရှိနေ၏။ တကယ့်ကို ကြည့်ရှုရ ဆိုးလွန်းလှ၏။ “သွား၊ သွား၊ သွား၊ သွား။”

“ကယ်ကြပါအုံး၊ ကယ်ကြပါအုံး။ ပြုတ်ကျတော့မယ်။”

ရွှမ်ဝူလမ်းတွင်တော့ လူပေါင်းများစွာတို့က ထိုအရာကို စောင့်ကာ ကြည့်ရှုနေ၏။ တကယ့်ကို ရယ်ချင်ဖွယ်ရာပင်။ ဗရုတ်သုတ်ခလည်း ဆန်လွန်းလှ၏။ သိုင်းစာမေးပွဲကို ဖြေဆိုရန် တစ်လကျော်လောက်သာလျှင် ကျန်ရှိ၏။ ရှမ့်လန်အနေနှင့် ဤလူများကို ယခုမှ မြင်းစီးသင်ပေးခြင်းဆိုသည်မှာ နောက်ကျလွန်းနေပြီ မဟုတ်ပါလား။

ယခု မြင်းစီးလေ့ကျင့်ရခြင်း၏ အခြေအနေက မည်သို့ဖြစ်နေသနည်း။ မြင်းပေါ်တွင် ကောက်ညှင်းထုပ်များ ကဲ့သို့ပင် ကြိုးနှင့်သိုင်းကာ ချည်ထားခြင်းဖြစ်၏။ ထိုအရာက တကယ့်ကို မျက်စိပွင့်စေခဲ့၏။ ဤနှစ်ပိုင်းတွင် လူရွှင်လူပြက် တော်တော်များများ မြင်ခဲ့ရ၏။ သို့ပေမည့် မည်သူကမှ ရှမ့်လန်ထက် ကျော်လွန်လိမ့်မည် မဟုတ်ချေ။

မြင်းကောင်းများစွာရှိ၏။ သို့ပေမည့် ထိုမြင်းကောင်းများကို စီးနင်းထားသည်မှာ အမှိုက်များဖြစ်၏။ အတိုချုပ် ပြောရမည်ဆိုလျှင် ရှမ့်လန်က လူများကို ဦးဆောင်ပြီး မြို့ထဲမှ ထွက်ခွာသွားသည်မှာ မျက်စိဖြင့် လှမ်းကြည့်ရုံနှင့်ပင် ရွံရှာစရာကောင်းခဲ့၏။ တကယ့်ကို ဆိုးဝါးကာ ရှက်ရွံ့စရာကောင်းလှ၏။

အမှိုက် ၁၀ ယောက်ကို ခေါ်ဆောင်ပြီး တစ်လအတွင်း သိုင်းစာမေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားလျက် ရှိနေ၏။ ရူးသွပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ တစ်လမဆိုနှင့် ၁၀ နှစ်လောက် အချိန်ပေးလျှင်ပင် အသုံးဝင်လိမ့်မည် မဟုတ်ချေ။

ပြီးနောက်မှာတော့ မှတ်တမ်းရေးရာ အရာရှိများအားလုံးက ဘုရင်မင်းမြတ်ကို တိုင်ကြားကြ၏။ သူတို့က ရှမ့်လန်တို့အား အထူးစာမေးပွဲ ဝင်ရောက်ခွင့် ပိတ်ပင်ရန် ဘုရင်မင်းမြတ်ကို တောင်းဆိုကြသည်။ ရှမ့်လန်အား တလောကလုံးကို ပြန်လည် တောင်းပန်စေချင်ကြ၏။ သူတို့က သူတော်စင် ဘုံကျောင်းကြီးရှေ့တွင် ၃ရက် ၃ ည တိုင်တိုင် ဒူးထောက်ကာ အော်ဟစ်နေခဲ့ကြ၏။

သူတောင်းစား ဆယ်ယောက်ကို မြင်းပေါ်ကြိုးတုတ်ပြီး ခေါ်သွားခဲ့သည့်မြင်ကွင်းကို ဘုရင်မင်းမြတ်က သိရှိပြီးသားဖြစ်၏။ သူက နန်းတော်၏ အမြင့်ဆုံးသော တည်နေရာမှ လှမ်းကာ ကြည့်ရှုခဲ့၏။ ရူးသွပ်လုမတတ်ပင် ဒေါသထွက်နေ၏။ မည်မျှရှက်ရွံ့စရာကောင်းလိုက်သနည်း။ ထိုကဲ့သို့ပြုလုပ်ရန် မည်ကဲ့သို့သော အခွင့်အရေးမျိုး ရှိနေသနည်း။

“မင်း ရှမ့်လန်... လုပ်ချင်တာကိုလုပ်။ ဒါပေမဲ့ ငါ့ကို စိတ်ဒုက္ခရောက်အောင် မလုပ်နဲ့ ...”

သူ့အနေနှင့် လူများကို စေလွှတ်ပြီး ထိုသူတောင်းစား ၁၀ ယောက်ကို မသတ်ဖြတ်မိရန် မနည်းပင် အားစိုက်ကာ စိတ်ထိန်းထားခဲ့ရ၏။ နောက်ရက်အနည်းငယ်အတွင်း ညီလာခံအစီအစဉ်ကိုပင် သူက ရွှေ့ဆိုင်းရန် စဉ်းစားထားမိ၏။

နန်းမြို့တော်တွင်ရှိနေသည့် အမှုထမ်းအားလုံးက နေ့စဉ်နေတိုင်းသူလို သူ့ကို အပူကပ်လျက် ရှိနေ၏။ နင်ယွမ်ရှန်းက အောင့်အည်းပြီး ဘာတစ်ခုမှမဖြစ်သလို ဟန်ဆောင်လျက်ရှိနေ၏။ သို့ပေမည့် စိတ်ထဲတွင်တော့ ကြီးမားလွန်းသည့် ကျမ်းသစ္စာ ကျိန်ဆိုမှုတစ်ခု ပြုလုပ်ထားခဲ့သည်။

အထူးစာမေးပွဲ ပြီးဆုံးသွားခဲ့ပြီး သူတောင်းစား ၁၁ ယောက်သာ စာမေးပွဲ ကျရှုံးခဲ့ပါက ကျိန်းသေပေါက် လူ ၁၁ ယောက်လုံးကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ဖြတ်ကာ သတ်ဖြတ်ရပေလိမ့်မည်။

ရှမ့်လန် ရှာဖွေထားခဲ့သည့် လျှို့ဝှက်နေရာဆိုသည်မှာ နန်းမြို့တော်နှင့် မိုင်တစ်ရာနီးပါးကျော် ဝေး၏။ ထိုအရာက ကျွန်း၏အလယ်တွင် ကြီးမားလွန်းသည့် ရေကန်ကြီးတစ်ခု ရှိနေသည့် နေရာပင်ဖြစ်၏။ စွန့်ပစ်ထားခဲ့သည့် တည်နေရာတစ်ခု ဖြစ်ပြီး ထိုတည်နေရာကို ကောင်းကင်တာအို အဖွဲ့အစည်းက ရှာဖွေတွေ့ရှိထားခဲ့ခြင်း ဖြစ်၏။

လျှို့ဝှက်လေ့ကျင့်မှုဆိုသည်မှာ ဤကဲ့သို့ အလွန်လျှို့ဝှက်သည့်နေရာမျိုးတွင် ပြုလုပ်မှဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဤအိမ်တော်ကြီးတစ်ခုလုံးကို ကြီးမားလွန်းသည့်နံရံများက ဝန်းရံလျက် ရှိ၏။ ထို့အပြင် ပတ်ပတ်လည်တွင် ရေများက တည်ရှိနေ၏။ မည်သူမှ လာရောက်ကာ ကြည့်ရှုနိုင်လိမ့်မည် မဟုတ်ချေ။

ဟုတ်ပေ၏။ ရှမ့်လန်က အတွေးများလွန်းခဲ့ခြင်းသာဖြစ်၏။ သူ့အနေနှင့် သူတောင်းစား ၁၀ ယောက်ကို ခေါ်ဆောင်သွားပြီး လေ့ကျင့်သည့်နေရာတွင် မည်သူက အားအားယားယား လိုက်လံကာ ချောင်းမြောင်းပြီး သံတော်ဦး တင်နေမည်နည်း။

ကြည့်ရှုရမည်ဆိုလျှင် ဘရာဇီးအသင်း သူတို့၏ကစားကွက်များကို လာရောက် ချောင်းမြောင်းကြည့်မည်ကို တရုတ်ဘောလုံးအသင်းက စိုးရိမ်နေသကဲ့သို့ပင်။

………….

ရေကန်ကြီး၏ အလယ်တွင် ရှိနေသည့် အိမ်တော်၏ မြေအောက်ခန်းတစ်ခုထဲမှာတော့ ....

သူတောင်းစား ၁၀ ယောက်လုံးက ကြောက်လန့်လျက် ရှိနေ၏။ သူတို့က ကျောက်အိပ်ရာများပေါ်တွင် ညီညီစီစီ လဲလျောင်းလျက် ရှိနေ၏။ ခန္ဓာကိုယ်များကို ကြိုးဖြင့်ချည်နှောင်ထား၏။

ပြီးနောက် ရှမ့်လန်က ထိုသူတို့အား ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များပါဝင်သည့် ဆေးရည်များ ထိုးသွင်း၏။ ထိုသူတို့၏သွေးမျိုးဆက်ကို အဆင့်တစ်ဆင့်အထိ ပြန်လည်ကာ တိုးတက်အောင် ကြိုးစားနေခဲ့၏။ သူက နာကျည်းမှုကို အောင်မြင်အောင် ပြုလုပ်ပေးခဲ့၏။ သို့ပေမည့် ဤသူတောင်းစား ၁၀ ယောက်ကို အောင်မြင်အောင် ပြုလုပ်ပေးနိုင်မည်လားဆိုသည်က မသေချာချေ။

သူ့၌ ယုံကြည်ချက်ရှိ၏။ သို့ပေမည့် မသေချာသည့် ယုံကြည်မှုမျိုးပင်။ ကျရှုံးသွားသည်နှင့် အရာအားလုံး ပျက်စီးရပေလိမ့်မည်။ တစ်လကြာလျှင် ဖြေဆိုမည့် အထူးစာမေးပွဲ၏ ရလဒ်က တလွဲတွေ ထွက်လာပေမည်။ ပဉ္စမမင်းသား၏ နန်းပလ္လင်ကို ယှဉ်ပြိုင်မည်ဆိုသည့်အကြောင်းအရာကလည်း ဟာသလုပ်သလိုပင် ပြောင်းလဲသွားပေလိမ့်မည်။

ရှမ့်လန်နှင့် ဘုရင်မင်းမြတ်တို့၏ ကြားမှ အလောင်းအစားတွင်လည်း ကျိန်းသေပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

“ဟူး..။” ရှမ့်လန်က သက်ပြင်းရှည်ကြီးချလိုက်၏။ ပြီးနောက် သူက စတင်ရန် ပြင်ဆင်လိုက်၏။

နာကျည်းမှုက အေးစက်စက် ဝင်ရောက်ကာ ပြောလိုက်သည်။ “နောက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်သူမှ အသံမထွက်နဲ့။ ထွက်လာတဲ့လျှာကို ဖြတ်ပစ်မယ်။”

ချက်ချင်းပဲ သူတောင်းစား ၁၀ ယောက်လုံးက အံကိုကြိတ်ပြီး ဖင်ကိုကျုံ့ထားခဲ့ကြ၏။ သူတို့က အသံ ထွက်ရန်ပင် ကြောက်ရွံ့နေ၏။ ငရဲမင်းကြီး နာကျည်းမှုက ပြုလုပ်မည်ဟုပြောဆိုလျှင် ကျိန်းသေပေါက် ပြုလုပ်တတ်သူ ဖြစ်၏။ အီးပေါက်မိလျှင်တောင်မှ ဖင်ကို ဝါးပိတ်နှင့် လာပိတ်နိုင်၏။

ရှမ့်လန်ကတော့ ဆေးထိုးအပ် ၁၀ ချောင်းကို ထုတ်ယူပြီး စတင်ပြီဖြစ်၏။ ရှမ့်လန်၏ လှုပ်ရှားမှုက လျှပ်စီးကဲ့သို့ပင် မြန်ဆန်၏။ သူက တစ်ယောက်ချင်းစီတိုင်းကို ဆေးထိုး၏။ နှစ်မိနစ် အတောအတွင်းမှာပဲ ဆေးအားလုံး ကို ထိုးခဲ့ပြီးဖြစ်သည်။

All Chapters