အပိုင်း (၄၇၉)
Vol. 33 Ch. 479
ကူပိုးကောင် သန်းချီတို့သည် သူတောင်းစား ၁၀ ယောက်တို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ပြီးနောက် အလုံးစုံ တိတ်ဆိတ်ငြိမ်သက်သွား၏။ သို့ပေမည့် နှလုံးသားထဲတွင်တော့ စစ်စည်ကြီးများ တီးသကဲ့သို့ပင် ကျယ်လောင်သည့်အသံများ ထွက်ပေါ်နေ၏။ သူတို့၏ နှလုံးခုန်နှုန်းများက နှစ်ဆ၊ သုံးဆခန့် ပိုမိုကာ မြန်ဆန်လျက် ရှိနေသလို အလွန်လည်း ကျယ်လောင်၏။
လျှို့ဝှက်ခန်းထဲတွင် လူ ၁၀ ယောက်တို့၏ နှလုံးခုန်နှုန်းများက စည်သံကြီးများကဲ့သို့ပင် ကျယ်လောင်လာခဲ့သည်။
”ဒုတ်၊ ဒုတ်၊ ဒုတ်” ပြီးနောက် အားလုံးသောသူတို့က သွေးများအန်ထွက်လာခဲ့၏။ သွေးများက ရေပန်းများကဲ့သို့ပင် အန်ထွက်လာခဲ့ခြင်းဖြစ်၏။ ပြီးနောက် အသားအရေများက စတင်ကာ အက်ကွဲလာခဲ့၏။ သွေးများကလည်း အဆမတန်ထွက်လာခဲ့၏။
”အော်ကြတော့” နာကျည်းမှုက အော်ဟစ်လိုက်သည်။
အလွန်နာကျင်လွန်းသောကြောင့် အော်ဟစ်လိုက်သည့်အသံများ ချက်ချင်း ထွက်ပေါ်လာခဲ့၏။ တကယ့်ကို နှလုံးသားတစ်ခုလုံး ဆွဲစုတ်လိုက်သကဲ့သို့ပင် ခံစားရ၏။
ရှမ့်လန်က ကြောက်မက်ဖွယ်ရာ ကောင်းသည့်မြင်ကွင်းကို မြင်ရ၏။ သူတောင်းစား ၁၀ ယောက်တို့၏ ခန္ဓာကိုယ်များက တဖြည်းဖြည်းနှင့် မတ်လာခဲ့၏။ သွေးကြောများကလည်း တဖြည်းဖြည်းနှင့် ဖောင်းပွလာခဲ့ပြီး အချိန်မရွေး ပေါက်ကွဲတော့လုမတတ်ပင်။
“အား ... အား”
အကန့်အသတ်မဲ့သည့် နာကျင်မှုကို ခံစားရ၏။
“ဘန်း၊ ဘန်း၊ ဘန်း”
ပြီးနောက် တစ်ယောက်ချင်းစီကို ချုပ်နှောင်ထားသည့် ကြိုးများက ပြေလျော့သွားခဲ့၏။ အောင်မြင်မည်လား၊ အလောင်း ၁၀ခုကို ရရှိမည်လားလည်း မသိချေ။ သို့မဟုတ် ကျွမ်းကျင်လွန်းသည့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတို့ကို မြင်ရမည်လားတော့ မသိချေ။
အရာအားလုံးက ထူးဆန်းလို့နေ၏။ မထင်မှတ်ထားသည့် ကံကြမ္မာ အလှည့်အပြောင်းက အားလုံးသောသူတို့ကို တုန်လှုပ်စေနိုင်မည်လားဆိုသည်မှာ ကံတရားပေါ်တွင်သာ မူတည်၏။
……
သူတောင်းစား ဆယ်ယောက်လုံးက ဤနှစ်ရက်နှင့် နှစ်ညအတွင်း၌ သူတို့၏ အသက်တစ်ဝက်လောက်အတွင်း ကြုံခဲ့ရသည့် ဒုက္ခသုက္ခများထက် ပိုမိုကာ ကြီးမားသည့် ခံစားချက်မျိုးကို ရရှိ၏။ နေ့စဉ်နေတိုင်း နှိပ်စက်ခံထားရ သကဲ့သို့ပင် နာကျင်မှုမျိုးကို ရရှိ၏။ မိနစ်တိုင်း၊ စက္ကန့်တိုင်းက သူတို့ကို ငရဲခန်းတစ်ခုအား ကျော်ဖြတ်နေသကဲ့သို့ပင်။
သူတို့အနေနှင့် အဆုံးမဲ့ နာကျင်မှုမျိုးကို ခံစားနေရ၏။ အရိုးထဲမှပင် နာကျင်မှုများက ထွက်ပေါ်လျက်ရှိနေပြီး သွေးကြောများ၊ ခန္ဓာကိုယ်၏ အတွင်းစွမ်းအင်များ ... အရာအားလုံးကို ခုခံနိုင်စွမ်း မရှိသလို ဖိနှိပ်နိုင်စွမ်းလည်း မရှိကြချေ။ သူတို့၏ ဝိညာဉ်များက ကောင်းကင်ဘုံဆီသို့ လွင့်တက်သွားသကဲ့သို့ပင်။
အရာအားလုံးတို့က နာကျင်မှုနှင့်သာ ပြည့်နှက်လျက်ရှိနေ၏။ သူတို့က ချက်ချင်းပဲ သေဆုံးချင်၏။ သို့မဟုတ် သတိလစ် မေ့မြောချင်၏။ သို့ပေမည့် သူတို့က သေဆုံးသွားခြင်း မရှိသလို သတိလစ် မေ့မြောသွားခြင်းလည်း မရှိချေ။ နာကျင်မှုက မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ပင် သူတို့၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဟုန်ပြင်းပြင်းနှင့် ထွက်ပေါ်နေ၏။
ရှမ့်လန်က တစ်ခါမှ မမြင်ခဲ့ဖူးသည့် မြင်ကွင်းကို မြင်နေရ၏။ အားလုံးသောအရာများက ခေတ်သစ်သိပ္ပံပညာ၊ ခေတ်သစ်ဆေးပညာနှင့် တွက်ချက်၍ ရနိုင်သည့် အရာမျိုး မဟုတ်တော့ချေ။ တွန့်လိမ်ကောက်ကွေးနေပြီး မသန်စွမ်းဖြစ်နေသည့် သူတောင်းစားအားလုံးတို့၏ ခန္ဓာကိုယ်များက မတ်လာခဲ့၏။ လက်များကလည်း ဖြောင့်တန်းလာခဲ့၏။ ကုန်းလျက်ရှိနေသည့် ခန္ဓာကိုယ်များ၊ ကွေးလျက်ရှိနေသည့် ခန္ဓာကိုယ်များက သာမန်လူများကဲ့သို့ ပြောင်းလဲလာခဲ့သည်။
ရှမ့်လန်အနေနှင့် အံ့ချီးနပန်း ဖြစ်လို့နေ၏။ ရှမ့်လန်သည် ဤနေရာထဲတွင် တစ်နာရီကျော်နေပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူများ၏ အော်ဟစ်သံက ဝမ်းနည်းဖွယ်ရာ ဖြစ်နေသောကြောင့်ပင်။ ထိုသူအားလုံးတို့က နှစ်ရက်နှင့် နှစ်ညတိတိ ထိုကဲ့သို့ပင် အော်ဟစ်လျက် ရှိနေ၏။
ရှမ့်လန်တစ်ယောက် ထိုသူတောင်းစား ဆယ်ယောက်တို့၏ သွေးမျိုးဆက်များကို ပြောင်းလဲနေသည့် အချိန်မှာတော့ အရူးလန်သည် ပထမဦးဆုံးအကြိမ်အဖြစ် ရှမ့်နုကို စနောက်ခြင်း မရှိခဲ့ချေ။ ထိုအစား ဗုဒ္ဓကျမ်းစာတစ်ခုကို ကောက်ယူပြီး သေသေချာချာ ဖတ်ရှုနေခဲ့၏။ ဤလူ၏ မျက်နှာပေါ်တွင် ရှိနေသည့် နိမ့်ကျသည့် အမူအရာများအားလုံးက ပျောက်ကွယ်သွားခဲ့ပြီး အကြည့်များက အလွန်အမင်း အာရုံစူးစိုက် ထားရပုံပေါ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အရူးလန်... ခင်ဗျားကိုကြည့်ရတာ အဲဒီမြင်ကွင်းကို မကြည့်ချင်လို့ပဲ ဖြစ်ပုံရတယ်”
အရူးလန်က ပြောလိုက်သည်။ “ဘယ်လိုလုပ် ကြည့်ရက်မှာလဲ”
သူ့အနေနှင့် ဤမြင်ကွင်းကို တကယ်ပဲ မကြည့်ရက်ချေ။ သူက ဤလူများကို တွေ့ရရန် ဆယ်နှစ်ကျော် လိုက်လံရှာဖွေပြီး စုဆောင်းထားရခြင်းဖြစ်သည်။ သို့ပေမည့် ထိုသူတို့ကို ရှာဖွေပြီးနောက် သူဘာလုပ်ရမှန်း မသိချေ။
နှလုံးသားထဲတွင်တော့ သူက ထိုလူများကို ဖုံးကွယ်ထားရန် တွေးတောခဲ့၏။ သို့ပေမည့် မည်မျှကြာအောင် ဖုံးကွယ်ထားနိုင်မည်နည်း။ တစ်စုံတစ်ယောက်က သူတို့ကို ရှာတွေ့ခဲ့သည်။
ကောင်းကင်၏ အလှည့်အပြောင်းများကို ကြုံဆုံခဲ့ပြီးနောက် သူက ငယ်ရွယ်သည့် လူတစ်ယောက် မဟုတ်တော့ချေ။ သူ၏နှလုံးသားတစ်ခုလုံးတွင်လည်း ဘာလုပ်ရမှန်း မသိသည့် ခံစားချက်များနှင့်သာ ပြည့်နှက်နေခဲ့၏။ သူ၏ လူများကို ကာကွယ်ပေးချင်၏။ ဤနန်းမြို့တော်ဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် နေစရာနေရာတစ်ခုကို ရှာဖွေကာ သူ့၏ ညီအစ်ကိုများနှင့်အတူ နေထိုင်ရန် ကြိုးစားခဲ့၏။ သို့ပေမည့် သူက ဤကဲ့သို့ လူရှေ့သူရှေ့သို့ ပီပီပြင်ပြင် ထွက်လာရန် စိတ်ကူးစိတ်သန်းကို တစ်ခါကလေးမှ မတွေးတော ထားခဲ့ဖူးချေ။
ရှမ့်လန်က ပြောလိုက်၏။ “ငယ်ရွယ်တဲ့အချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားမှတ်မိသေးလား”
အရူးလန်က ပြောလိုက်၏။ “ကျုပ်တို့အနေနဲ့ ငယ်ရွယ်တဲ့အချိန်တုန်းက ဘာမှတ်ဉာဏ်တွေမှ မရှိတော့ဘူး။ တောင်ပေါ်မှာ ကြီးပြင်းလာခဲ့ပြီး လွတ်လပ်တဲ့ဘဝနဲ့ နေထိုင်ခဲ့တာပဲ သိတယ်”
“လွတ်လပ်တဲ့ဘဝ ဟုတ်လား” ရှမ့်လန်က မေးမြန်းလိုက်သည်။
အရူးလန်က ပြောလိုက်၏။ “သိပ်မှန်တာပေါ့။ ဒါက လွတ်လပ်တဲ့ဘဝဖြစ်ပြီး ပျော်စရာကောင်းတယ်။ ဟုတ်တယ်။ ကျုပ်က လေ့လာသင်ကြားခဲ့တယ်။ ဒါပေမဲ့ လေ့လာသင်ကြားခြင်းဆိုတာ ကစားခြင်းပဲ။ ကစားခြင်း ဆိုတာကလည်း လေ့လာသင်ကြားခြင်းပဲ”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ခင်ဗျားရဲ့မိဘတွေကရော”
အရူးလန်က ပြောလိုက်သည် ”ကျုပ်တို့ရဲ့ မိဘတွေကလည်း တောင်ပေါ်မှာပဲ။ တချို့က စာဖတ်တာကို သင်တယ်။ တချို့ကတော့ သိုင်းပညာကို သင်တယ်။ တချို့ကတော့ အဝတ်အစား ဘယ်လိုချုပ်တယ်ကို သင်တယ်။ တချို့က ဘယ်လိုချက်ပြုတ်ရတယ်ကို သင်ပြီး တချို့ကတော့ ဘယ်လိုစိုက်ပျိုးရမယ်ကို သင်တယ်”
ရှမ့်လန်က မည်သို့မှ မနေနိုင်ချေ။ ကြောင်အသွားခဲ့လေ၏။ ကြည့်ရှုရသည်မှာ တကယ်ကို တော်ဝင်ဆန်သည့် တည်နေရာတစ်ခုကဲ့သို့ပင်။ ရှမ်ဗဲလားကဲ့သို့သော နေရာမျိုးမှ ရောက်ရှိလာခဲ့လေသည်လား။
ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ရော”
အရူးလန်က ပြောလိုက်သည်။ “ပြီးတော့ တစ်စုံတစ်ခု ဖြစ်ပွားခဲ့တာပေါ့။ ဧကရာဇ်မင်းက ကျုပ်တို့ကို လာဖမ်းတယ်။ ပြီးတော့ ကျုပ်တို့ ထွက်ပြေးခဲ့ကြတယ်။ ကျုပ်တို့က အရှေ့ဘက်လောကဆီ ထွက်ပြေးခဲ့ကြတယ်။ ကျုပ်တို့က ပင်လယ်ပြင်ကို ထွက်သွားဖို့ ကြိုးစားခဲ့ကြတယ်။ လီရာအနည်းငယ်လောက် ပြေးပြီးတော့ ကျုပ်တို့က အကြိမ်ပေါင်းများစွာ လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရတယ်”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ခင်ဗျားတို့နောက်ကို ဘယ်သူတွေလိုက်တာလဲ”
အရူးလန်က ပြောလိုက်သည် “ကျုပ်လည်းမသိဘူး။ ဒါပေမဲ့ ထိပ်တန်း သိုင်းပညာရှင်တွေချည်းပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ရော”
အရူးလန်က ပြောလိုက်သည်။ “ကျုပ်တို့ကို ကာကွယ်ဖို့အတွက် ကျုပ်တို့ရဲ့ မိဘတွေက ရန်သူနဲ့ တိုက်ခိုက်ခဲ့ရတယ်။ ဦးလေးမျက်ကန်းက ကျုပ်တို့ကို ခေါ်ဆောင်ပြီး ပြေးခဲ့တာပေါ့။ လမ်းတစ်လျှောက်လုံးမှာ ကျုပ်တို့က နောက်က လိုက်လံတိုက်ခိုက်ခြင်းကို ခံရတယ်။ ပြီးတော့ တည်နေရာအနှံ့ကို ခွဲပြီး ပြေးခဲ့ရတယ်။ ရှုပ်ထွေးနေခဲ့တာပဲ။ ကျုပ်တို့ စစ်ဘေးရှောင်တွေ အကုန်လုံးက အိမ်ခြေရာမဲ့ ဖြစ်ကုန်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ကွဲသွားခဲ့ကြတယ်”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျားက သူတို့ကို ရှာဖွေဖို့ ဆယ်နှစ်ကျော်လောက် အချိန်ယူခဲ့တာပေါ့”
အရူးလန်က ပြောလိုက်သည်။ “အင်း... သူတို့က လူ ၃၀ ကျော်လောက် ရှိတယ်။ ကျုပ် ဆယ်ယောက်တည်းကိုပဲ ရှာဖွေနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကို ရှာမတွေ့သေးဘူး”
ရှမ့်လန်က မေးမြန်းလိုက်၏။ “အဲဒီအချိန်တုန်းက ခင်ဗျားက အကြီးဆုံးလား”
အရူးလန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး။ အစ်ကိုလန်ဖုန်က အကြီးဆုံးပဲ။ ပြီးတော့ သူက အဲအချိန်တုန်းက ဆယ့်သုံးနှစ် ကျော်နေပြီ။ ပြီးတော့ အစ်မလန်မီလည်း ရှိသေးတယ်။ သူတို့ နှစ်ယောက်လုံး ပျောက်ကွယ်သွားခဲ့တယ်။ အဲတော့ ကျုပ်က အကြီးဆုံး ဖြစ်လာခဲ့တာပေါ့။ ဒီညီငယ်လေးတွေကို ကာကွယ်ဖို့ တာဝန်တွေ ကျုပ်ဆီ ရောက်လာခဲ့တယ်”
ရှမ့်လန်က မျက်လုံးကို မှိတ်ကာ တွေးလိုက်၏။ “နာကျည်းမှုနဲ့ လန်ပေါင်တို့က ထူးချွန်တဲ့သွေးမျိုးဆက်နဲ့ မွေးဖွားလာခဲ့တဲ့ စစ်ဘေးရှောင်တွေပဲ။ သူကကော ခင်ဗျားတို့ရဲ့ ညီအစ်ကိုပဲလား”
အရူးလန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် အရူးကြီးကရော”
“ပိုတောင်မဟုတ်သေးဘူး” အရူးလန်က ပြောလိုက်သည်။
ရှမ့်လန်၏ သိုင်းပညာမျိုးဆက်နှင့် ပတ်သက်၍ သုတေသနပြုမှုက တကယ့်ကို လေးနက်လာခဲ့၏။ သူ ပိုမိုသိရှိလာလေ ပိုမိုကာ တုန်လှုပ်လေ ဖြစ်၏။ အရူးကြီးနှင့် ချောင်ယောင်းအာတို့၏ ရွှေရောင်သွေးမျိုးဆက် ဆိုသည်မှာ တကယ့်ကို ပြိုင်ဘက်ကင်းသည့် အရာတစ်ခုဖြစ်ပြီး နှိုင်းယှဉ်၍ မရနိုင်အောင် ထူးခြား၏။
နာကျည်းမှုနှင့် နတ်မိမယ်ရွှယ်ရင်တို့မှာတော့ ပါရမီရှင်များသာ ဖြစ်၏။ သူတို့အနေနှင့် အရူးကြီးနှင့် ချောင်ယောင်းအာကို လိုက်မီရန် အလွန့်အလွန် ဝေးကွာသည့် အခြေအနေမျိုးတွင် ရှိနေသေး၏။ အရူးကြီးနှင့် ချောင်ယောင်းအာတို့၏ သွေးမျိုးဆက်က အဆင့်အတန်း မြင့်မားလွန်းပြီး သက်ရှိ သတ္တဝါပေါင်းများစွာကို မိုးပေါ်က ကြည့်ရှုနိုင်သည့် အရာမျိုးပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ဒီဆယ်ယောက်လုံးက ခင်ဗျားရဲ့ ညီငယ်လေးတွေပေါ့ ဟုတ်လား”
အရူးလန်က ခေါင်းညိတ်လိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် သူတို့ အောင်မြင်သွားမှာကို ခင်ဗျား မမြင်ချင်ဘူးလား”
အရူးလန်က ပြောလိုက်၏။ “ဒါက အရမ်းကို အန္တရာယ်များတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ဒီသွေးမျိုးဆက်ထဲမှာ ရှိနေတဲ့ အန္တရာယ်တွေအကုန်လုံး ပျောက်ကွယ် သွားပြီဆိုတာနဲ့ လန်ပေါင်၊ ကျိုးရိချမ်တို့လို လုံလုံခြုံခြုံ ဖြစ်သွားလိမ့်မယ်။ ခင်ဗျား စိတ်ချထား။ ပြီးတော့ ခင်ဗျားတို့ရဲ့ ဘဝခရီးကြီးကို ခေါင်းမော့ပြီး လျှောက်လှမ်းလို့ရတယ်”
ပြီးတော့ ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ ရှမ့်နုကလည်း ခင်ဗျားတို့ထဲက တစ်ယောက်ပဲလား”
အရူးလန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ပါဘူး”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘာလို့သူ့ကို ခဏခဏသွားပြီး စူးစိုက်ကြည့်နေရတာလဲ”
အရူးလန်က ပြောလိုက်၏။ “အင်း.. ကျုပ်တို့က ငယ်ရွယ်စဉ်တုန်းက အိပ်ခြေရာမဲ့ ဖြစ်ခဲ့တယ်။ နေရာအနှံ့ကို လှည့်လည်လျှောက်သွားခဲ့တယ်။ ကျုပ်ဆီမှာ မျိုးနွယ်တူတွေကို ရှာဖွေချင်စိတ် အမြဲရှိနေတယ်။ ရှမ့်နုကလည်း ကျုပ်တို့လိုပဲ ဆိုးရွားတဲ့ အတိတ်ကို ရရှိခဲ့တယ်။ အဲတော့ ကျုပ်တို့ချင်း နှလုံးသားချင်း နီးစပ်တယ်လို့ ခံစားရတယ်”
ထိုအချိန်မှာပဲ ရှမ့်နုက ဒေါသတကြီးနှင့် ပြေးဝင်လာခဲ့၏။ အရူးလန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “သခင်လေး... ဒီလူ ကျွန်မရေချိုးတာကို လာချောင်းနေတယ်”
အရူးလန်က ပြောလိုက်သည်။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ မိန်းကလေးရှမ့်နု.. ကျုပ် ခင်ဗျားရေချိုးတာကို ချောင်းနေတာ မဟုတ်ဘူး။ အင်း... ခင်ဗျားဒီနေ့ ဘယ်လိုပုံစံရှိလဲ၊ နောက်ရက် တစ်ရက်ချင်းစီတိုင်းမှာ ခင်ဗျားဘယ်လိုပုံစံ ပြောင်းလဲသွားမလဲ၊ ပိုပြီး လှလာမလား၊ သုတေသနလုပ်ချင်စိတ်နဲ့ ကျုပ်ကြည့်နေတာပါ”
တကယ်ပင် အရူးလန်က စကားကို မည်ကဲ့သို့ ပြောရမည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ စကားလုံး တစ်ခုချင်းစီတိုင်းက တကယ့်ကို ချိုသာ၏။ သို့ပေမည့် အသုံးမဝင်ချေ။
တခြားသော စကားများ မဆိုချေ။ ရှမ့်နုက ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး အရူးလန်ကို ပါးပိတ်ရိုက်ချ၏။ ပြီးနောက် ဝါးတုတ်တစ်ခုကို ယူဆောင်ကာဖြင့် အရူးလန်၏ ပေါင်ခွကြားကို ထိုးနှက်လိုက်ပြန်၏။
“အား... အား... အား...” အရူးလန်က ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်သည်။
ရှမ့်လန်က ထိုအရာကို ကြည့်ရှုရင်း ကြက်သီးမွေးညှင်းများပင် ထမိ၏။ ချက်ချင်းပဲ အနောက်ခပ်လှမ်းလှမ်းကို ဆုတ်လိုက်၏။ သူ့အနေနှင့် ဤအန္တရာယ်ကို ရှောင်ရှားမှ ဖြစ်ပေလိမ့်မည်။
ရှမ့်နုက တကယ့်ကို တိကျသေချာသူ တစ်ယောက်ဖြစ်၏။ အရူးလန်တစ်ယောက် ဆိုးဆိုးဝါးဝါး နာကျင်နေသည်ကို မြင်သည့်အချိန်မှာသာ စိတ်အေးသက်သာရသလို ပြန်လည်ကာ လှည့်ထွက်သွားခဲ့၏။
အရူးလန်၏ ညီအစ်ကိုဆယ်ယောက်တို့သည် ငရဲခန်းကဲ့သို့ ဆိုးဝါးသည့် နှိပ်စက်မှုမျိုးကို ခံစားနေရ၏။ အရူးလန်ကလည်း ထိုသူတို့နှင့်အတူ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများကို မျှဝေခံစားချင်သည့်ပုံပင်။
............
နှစ်ရက်နှင့် နှစ်ညတိတိ ကုန်လွန်သွားခဲ့၏။ မြေအောက်ခန်းထဲတွင် ရှိနေသည့် အော်ဟစ်သံများက နောက်ဆုံး၌ အဆုံးသတ်သွားခဲ့၏။ သူတောင်းစားဆယ်ယောက်တို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွား၏။
ဝူလဲ့က အမျိုးသမီးစစ်သည် တစ်ဒါဇင်ကျော်တို့နှင့်အတူ အထဲသို့ လျှောက်ဝင်လာခဲ့ပြီး အားလုံးသော သူတို့၏ ခန္ဓာကိုယ်ကို သန့်ရှင်းပေး၏။ ပြီးနောက် ဆီများကို လိမ်းပေးခဲ့ကြပြီး ပါးစပ်ထဲသို့ ရေနှင့် စွတ်ပြုတ်များကို လောင်းထည့်သည်။
ထိုကဲ့သို့ပင် ဤသူများအားလုံးက ဆက်လက် အိပ်နေကြ၏။
နာရီငါးဆယ်နီးပါးခန့် အိပ်စက်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် နိုးထလာခဲ့၏။ မျက်လုံးကို ဖွင့်လိုက်ချင်းချင်းမှာပဲ သူတို့က ဘယ်တော့မှ မခံစားရဖူးသည့် ခံစားမှုများကို ရရှိနေ၏။ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ လေများ တဟူးဟူး တိုက်ခတ်လျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးက လေပေါ်တွင် လွင့်လျက် ရှိနေသကဲ့သို့ပင်။
အားကောင်းလွန်းသည့် ခံစားချက်များက ခန္ဓာကိုယ်တစ်ခုလုံး၌ ပြည့်နှက်လျက်ရှိနေ၏။ အလွန်တရာ အားကောင်းသွားသည့် ခံစားချက်မျိုးပင်။
ထို့အပြင် လွတ်လပ်မှု၏ ခံစားချက်ကို အပြည့်အဝ ရရှိနေခဲ့ကြ၏။ သူတို့က အားနှင့် ထထိုင်၏။ ခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်သွားပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူတောင်းစားများက ချက်ချင်းပဲ ကြောင်အသွားခဲ့၏။ ယခင်တုန်းက သူတို့၏ ခန္ဓာကိုယ်များက ကွေးကောက်တွန့်လိမ်လျက် ရှိနေပြီး သူတို့က မသန်စွမ်းများပင် ဖြစ်၏။
မတ်တပ်ရပ်ဖို့ကို မဆိုနှင့် ထိုင်ဖို့ဆိုလျှင်တောင် ခက်ခက်ခဲခဲ ထိုင်ရ၏။ အချိန်အများစုက လှဲလျောင်းရင်းသာ အချိန်ကုန်၏။ လမ်းလျှောက်ဖို့ဆိုသည်မှာ သူတို့အတွက် တကယ့်ကို အဟန့်အတား တစ်ခုကဲ့သို့ပင်။ သူတို့က အားအင်မရှိသလို။ ခန္ဓာကိုယ်ကလည်း ဟန်ချက်ညီခြင်း မရှိချေ။ ထို့ကြောင့် နာကျင်မှုကို ခံစားရ၏။ ခန္ဓာကိုယ်တစ်ခုလုံးက ကီလိုဂရမ် ရာချီထက်ပင် ပိုမိုကာ လေးလံသလို ခံစားခဲ့ကြရ၏။ ခြေလှမ်းအနည်းငယ် လှမ်းမိသည်နှင့် သူတို့က ချော်လဲတတ်သည်။
ယခုအချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးက ပေါ့ပါးလျက် ရှိနေ၏။ ရုတ်တရက် ထကာ ပျံသန်းတော့မည် သကဲ့သို့ပင်။