အပိုင်း (၄၈၀)
Vol. 33 Ch. 480
ထိုအချိန်မှာပဲ နာကျည်းမှုက ဝင်လာပြီး ပြောလိုက်၏။ “အားလုံးရဲ့ ရှေ့မှာ မှန်တွေရှိတယ်။ တစ်ယောက်ချင်းစီ ကိုယ့်ရဲ့ပုံစံကို ကိုယ်ကြည့်ကြ”
ဤလူအားလုံးက ခေါင်းကို မော့ကာ ကြည့်လိုက်၏။ ချက်ချင်းပဲ ရှေ့သို့ မှန်များရောက်ရှိလာခဲ့၏။ မှန်က သူတို့၏ တစ်ရပ်ထက်ပင် ကျော်သည်။ တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် အားလုံးသော သူတို့က ကြောင်အသွားခဲ့သည်။
သူတို့၏ ယခင်တုန်းက ရုပ်ဆိုးပြီး တွန့်လိမ်ကောက်လျက်ရှိနေသည့် ခန္ဓာကိုယ်များက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
ယခင်က မသန်မစွမ်းဖြစ်နေသည့် ခန္ဓာကိုယ်များက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
အားလုံးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ အားလုံး၏ ခန္ဓာကိုယ်များက ပုံမှန်အဖြစ်သို့ ပြန်လည်ပြောင်းလဲ သွားခဲ့၏။ သူတို့အားလုံး၏ ခန္ဓာကိုယ်များက သာမန်လူသားတစ်ယောက်ထက်ပင် ပိုမိုကာ မတ်လျက် ရှိနေသေး၏။ လှံတံတစ်ခုကဲ့သို့ပင်။
မျက်နှာများကလည်း ပြောင်းလဲသွားခဲ့၏။ ယခင်တုန်းက အားလုံးသောသူတို့၏ မျက်နှာများက အနည်းနှင့် အများဆိုသလို ရုပ်ဆိုးအကျည်းတန်လွန်း၏။ ယခုအရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။
ချက်ချင်းပဲ သူတို့ဆယ်ယောက်လုံးက မျက်ရည်များ စီးကျလာခဲ့၏။ ပထမဦးဆုံးအနေဖြင့် မည်သို့မှ မထိန်းချုပ်နိုင်ခဲ့တော့ချေ။ ထို့ကြောင့် စတင်ကာ ငိုယိုမိကြ၏။ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သူတို့ ကောင်းကောင်း မှတ်မိသည့် အချိန်မှာစ၍ သူတို့၏ ခန္ဓာကိုယ်များက ပုံမှန် မဟုတ်ခဲ့ချေ။ တဖြည်းဖြည်း ထိုခန္ဓာကိုယ်များက ပုံမှန်မဟုတ်သည်ထက် ပိုမိုကာ ဆိုးရွားလာခဲ့ကြသည်။
အဆုံးသတ်မှာတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ကြ၏။ သူတို့၏ ဘဝက ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သူတို့အားလုံးက အလုံးစုံ သုံးမရသည့် မသန်စွမ်းများ ဖြစ်ခဲ့၏။ ဘဝတွင် မျှော်လင့်ချက်က အရေးကြီးမားလွန်း၏။ မျှော်လင့်ချက် မရှိသည်ဆိုပါက အသက်ရှင်ရပ်တည်ဖို့ မလွယ်ကူချေ။
ထို့ကြောင့်ပင်လျှင် သူတို့က အချိန်တော်တော်များများ မြေပေါ်တွင် လှဲလျောင်းပြီး တောင်းစားခြင်းကိုသာ ပြုလုပ်ကြ၏။ ထို့အတူ စိတ်အပန်းဖြေနိုင်ရန်အတွက် တောင်စဉ်ရေမရ လျှောက်ကာ ကြွားဝါခြင်းမျိုး ကိုသာ ပြုလုပ်ခဲ့ကြ၏။ သူတို့က အစစ်အမှန်တရားနှင့် ယှဉ်တွဲနေထိုင်ခြင်း မရှိခဲ့ကြချေ။ ယခုအချိန်မှာတော့ ဘဝသစ်တစ်ခုကို စကာ ရရှိခဲ့ပြီ ဖြစ်၏။
နာကျည်းမှုက ပြောလိုက်သည်။ “အင်း.. အခုအချိန်ကနေ စပြီးတော့ မင်းတို့အားလုံးက ဘဝသစ်တစ်ခုကို ရရှိပြီ။ ဒီနေ့ကစပြီး သူတောင်းစားတွေ မဟုတ်တော့ဘူး။ မသန်စွမ်းတွေ မဟုတ်တော့ဘူး။ ပဉ္စမမင်းသားအောက်မှာ ရှိနေတဲ့ ပညာရှိအရာရှိတွေ ဖြစ်သွားကြပြီ။
ဒီတော့ လက်ရှိအခြေအနေကို အမြဲတမ်း မှတ်ထားဖို့ မျှော်လင့်မိတယ်။ ကိုယ့်ကို ဘဝသစ်ပေးခဲ့တာ ဘယ်သူလဲ ဆိုတာကို အမြဲတမ်း မှတ်သားသင့်တယ်။ ဒီနေ့ကစပြီး သစ္စာဖောက်ရဲတဲ့ ဘယ်သူမဆို ကောင်းကင်ကို သစ္စာဖောက်ခြင်း ဖြစ်လိမ့်မယ်။ ပျင်းရိလေးကန်ရဲတဲ့လူ ဘယ်သူမဆို ကောင်းကင်ကို ပုန်ကန်ခြင်း ဖြစ်လိမ့်မယ်။ လောဘကြီးလွန်းတဲ့ ဘယ်သူမဆို လောကကို ဖျက်ဆီးခြင်းဖြစ်လိမ့်မယ်”
ထိုအချိန်မှာပဲ ရှမ့်လန်နှင့် နင်ကျန်းတို့က အထဲသို့ လျှောက်ဝင်လာခဲ့၏။
နာကျည်းမှုက အေးစက်စက် ပြောလိုက်သည်။ “အရင်တုန်းက မင်းတို့ရဲ့ ခန္ဓာကိုယ်တွေက မကောင်းဘူး။ ဒီတော့ ဒူးထောက်လို့ မရဘူး။ အခု မင်းတို့ အရှင့်သားကို မြင်ရပြီ။ ဘာလို့ ဒူးမထောက်သေးတာလဲ”
ပြီးနောက် သူကိုယ်တိုင်ပင် ဒူးတစ်ဖက်ထောက်ချလိုက်၏။ “ဂါရဝပြုပါတယ် အရှင့်သား... ဂါရဝပြုပါတယ် ရှမ့်”
သူတောင်းစား ဆယ်ယောက်တို့ကလည်း ပြိုင်တူဆိုသလို ဒူးထောက်ထိုင်ချလိုက်၏။ “ဂါရဝပြုပါတယ် အရှင့်သား။ ဂါရဝပြုပါတယ် သခင်လေးရှမ့်”
ရှမ့်လန်က ထိုဆယ်ယောက်တို့ကို သေသေချာချာ ကြည့်ရှု၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရင်တုန်းက ခင်ဗျားတို့အားလုံးတို့က သူတောင်းစားတွေပဲ။ အကုန်လုံးက အသုံးမကျတဲ့လူတွေ။ ပြီးတော့ ခင်ဗျားတို့ဆီမှာ နာမည် မရှိဘူး။
ဒီနေ့ကစပြီး ခင်ဗျားတို့အားလုံးက အရှင်မင်းသား နင်ကျန်းရဲ့ လက်အောက်မှာ အလုပ်လုပ်ရမယ့် အရာရှိ အရာခံတွေ ဖြစ်သွားခဲ့ကြပြီ။ ခင်ဗျားတို့က အရှိတွေ ဖြစ်ပြီ။ ဒီတော့ ခင်ဗျားတို့အားလုံးအနေနဲ့ လူဆန်တဲ့ ဂုဏ်သိက္ခာတရားတော့ ရှိရမယ်။ ခင်ဗျားတို့ကို နာမည် ဆုလာဘ် ပေးရမယ်။
အရူးလန်က ခင်ဗျားတို့ရဲ့ အစ်ကိုကြီးပဲ။ ဒီတော့ သူ့ရဲ့မျိုးရိုးနာမည် လန်ကို ခင်ဗျားတို့ လိုက်ရမယ်။ ဒီတော့ ခင်ဗျားက လန်တစ်၊ လန်နှစ်၊ လန်သုံး ပြီးတော့ လန်တစ်ဆယ်အထိ ရောက်သွားမှာပေါ့”
နင်ကျန်းက မည်သို့မှ မနေနိုင်ဘဲ ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ နာမည်ပေးခြင်းက ဤမျှလောက် လွယ်ကူ နေလေသည်လား။ ထိုအရာက ခွေးများ၊ ကြောင်များကို နာမည်ပေးသည်ထက်ပင် ပိုမိုကာ လွယ်ကူလွန်းလျက် ရှိနေ၏။
နာမည်ပေးခြင်းဆိုသည်မှာ မှတ်မိရန် အဓိကပင်။ ထို့အပြင် ဤကဲ့သို့ တစ်စုတစ်စည်းတည်း နာမည်ပေးထားသောကြောင့် တစ်ဖွဲ့တည်းအဖြစ် ခံယူနိုင်၏။ ထို့ကြောင့် သူတို့အားလုံးက တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ သစ္စာဖောက်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ကျုပ် တခြားဘာတစ်ခုကိုမှ ပြောမနေတော့ဘူး။ နှစ်ဆယ့်ကိုးရက်အတွင်း အထူးစာမေးပွဲက ကျင်းပလိမ့်မယ်။ ခင်ဗျားတို့ အောင်မြင်သွားပြီဆိုရင် ကောင်းကင်ကို လှမ်းတက်နိုင်လိမ့်မယ်။ အရှင်မင်းသားနင်ကျန်းကလည်း နန်းပလ္လင်ကို တိုက်ခိုက်ဖို့ လုံလောက်တဲ့စွမ်းဆောင်ရည် ရှိတယ်လို့ တရားဝင် ကြေညာနိုင်ပြီ။
ခင်ဗျားတို့သာ ရှုံးနိမ့်ပြီဆိုရင် အရှင်မင်းကြီးက ခင်ဗျားတို့အားလုံးကို သတ်ပစ်လိမ့်မယ်။ အရှင့်သား နင်ကျန်းရဲ့ နန်းပလ္လင် ဆက်ခံမယ်ဆိုတဲ့ ကိစ္စရပ်က ဟာသတစ်ခု ဖြစ်သွားလိမ့်မယ်။ ကျုပ်ကလည်း ခြေထောက်နှစ်ဖက် ကြားထဲ အမြီးလိပ်ပြီး ရွှမ်ဝူမြို့ကို ပြန်ပြေးရလိမ့်မယ်။ ဒီတော့ ဒီလိုကိစ္စရပ်တွေ မဖြစ်ဖို့ မျှော်လင့်မိတယ်။
ဒီနေ့ကစပြီး ကျုပ်တို့အားလုံးက သေအတူရှင်အတူပဲ။ ကျုပ်တို့အားလုံး အတူတူနေထိုင်ရမယ်။ အတူတူ ခံစားရမယ်။ အတူတူကောင်းချီးရမယ်။ ထောင်စုမှူးကျိုး... ကျန်တဲ့ကိစ္စအားလုံးက ခင်ဗျားကိစ္စပဲ”
နာကျည်းမှုက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ။ အားလုံးပဲ အဝတ်အစားတွေကို ဝတ်၊ အပြင်ကို ထွက်ပြီး စားကြမယ်။ တစ်နာရီအတွင်း လေ့ကျင့်မှု စတင်မယ်။ စစ်တပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကို လေးခုအဖြစ် ခွဲခြားထားခဲ့မယ်။ ဒါက အလေးမမယ်၊ မြားပစ်မယ်၊ မြင်းစီးမယ် ပြီးတော့ မြင်းပေါ်ကနေ တိုက်ခိုက်မယ်။
ပြီးတော့ သိုင်းပညာစာမေးပွဲ ယှဉ်ပြိုင်ဖို့ တခြားသူတွေက ဆယ်နှစ်ကျော် လေ့ကျင့်ပြီးသွားပြီ။ ဒါပေမဲ့ မင်းတို့အားလုံးက ခုမှစပြီး လေ့ကျင့်ရတယ်။ ပြီးတော့ နှစ်ဆယ့်ရှစ်ရက်ပဲ အချိန်ရတယ်။ နှစ်ဆယ့်ရှစ်ရက်ပဲ အချိန်ရတယ်ဆိုတော့ ဒီအရာကို ပြည့်ပြည့်စုံစုံ လုပ်ရမယ်။ အရှင့်မင်းသားရဲ့ ဂုဏ်သိက္ခာ၊ သခင်လေးရှမ့်ရဲ့ဂုဏ်သိက္ခာ တိုးတက်အောင် မင်းတို့ လုပ်ရမယ်။ ဒါကိုမှ ပြည့်စုံအောင် မပြုလုပ်နိုင်ဘူးဆိုရင် အားလုံးသေရလိမ့်မယ်။ မတ်တပ်ရပ် ... သွားကြမယ်”
ပြီးနောက် သူတောင်းစားဆယ်ယောက်တို့က ရူးရူးမူးမူး စတင်ကာ လေ့ကျင့်ကြတော့၏။ သူတို့က သူတောင်းစားများ မဟုတ်တော့ချေ။ ထို့ကြောင့် လန်ညီအစ်ကိုများ၊ လန်မျိုးဆက်များဟု ခေါ်ဆိုရမှာ ဖြစ်၏။ လန်မိသားစု၏ ပါရမီရှင်များ ဖြစ်၏။
နာကျည်းမှုက ထိုသူဆယ်ယောက်တို့ကို တစ်ယောက်တည်း လေ့ကျင့်ပေးသည်။
တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီရှိ၏။ ဆယ့်ရှစ်နာရီ လေ့ကျင့်ခဲ့၏။ စားခြင်း၊ သောက်ခြင်း၊ အိပ်ခြင်း၊ ထိုအရာအားလုံးအတွက် ခြောက်နာရီသာလျှင် အချိန်ယူ၏။ တကယ့်ကို ငရဲခန်းကဲ့သို့ လေ့ကျင့်ခြင်း ဖြစ်၏။ လေ့ကျင့်မှု၏ ရလဒ်မှာတော့ ရှမ့်လန်က ဆက်လက်ကာ မကြည့်ရဲတော့သောကြောင့် မျက်နှာလွှဲရ၏။ သို့ပေမည့် ဆိုးဝါးလွန်းသည်ဟု ပြောဆို၍ မရနိုင်ချေ။
ရှမ့်လန်ကဲ့သို့ ရက်စက်လွန်းသော လူတစ်ယောက်ပင်လျှင် ထိုသူများ၏ လေ့ကျင့်မှုကို မကြည့်နိုင်တော့ချေ။ ကြည့်ရှုရသည်မှာ သံဝေဂ ရစရာပင်။ ဤလောကကြီးထဲတွင် သိုင်းပညာက မမျှတချေ။ မြင့်မားသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်သည့်လူများသည် လုပ်ချင်တာကို လုပ်နိုင်ကြ၏။ တကယ့်ကို ကြောက်ရွံ့ဖွယ်ရာပင် ဖြစ်၏။
သိုင်းပညာစာမေးပွဲ၏ ပထမဦးဆုံးသော အပိုင်းက အလေးမခြင်း ဖြစ်၏။ ဤလူဆယ်ယောက်တို့က လေ့ကျင့်စရာပင် မလိုချေ။
ရှမ့်လန်တစ်ယောက် ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်ကို အသုံးပြုပြီး သူတို့၏ သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ခဲ့ပြီးနောက် သူတို့က မယုံကြည်နိုင်လောက်စရာ အားအင်အဆင့်ကို ပိုင်ဆိုင်နေခဲ့ကြပြီ ဖြစ်၏။ သူတို့အနေနှင့် ထိုကဲ့သို့ အလေးမခြင်းကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်စွမ်းရှိနေ၏။ ထိုအရာကို ဆယ့်ငါးမိနစ်ပင် လေ့ကျင့်ခဲ့ခြင်း မရှိချေ။ လွယ်လွယ်ကူကူ အောင်မြင်သွားခဲ့၏။
ပြီးနောက် မြားပစ်ခြင်းပင် ဖြစ်၏။ ရှမ့်လန်၏ အမြင်အရဆိုလျှင် မြားပစ်ခြင်း ဆိုသည်မှာ သွေးမျိုးဆက်နှင့် အနည်းငယ်သာလျှင် သက်ဆိုင်၏။ မြားပစ်ခြင်းကလည်း အားအင်၊ တည်ငြိမ်မှု၊ မျက်လုံးအမြင်နှင့် စိတ်ဓာတ်ခွန်အားပေါ်တွင် မူတည်သည်။
ဟုတ်ပေ၏။ ခေတ်သစ်မြားပစ်သမားများသည် ထိုကဲ့သို့သော အခြေအနေမျိုးပေါ် မူတည်ပြီး လေ့ကျင့်ကြ၏။ သို့ပေမည့် ဤလူများအတွက်တော့ ထိုအခြေအနေများ မလိုပေ။ အရာအားလုံးကို သွေးမျိုးဆက်ကြောင့် လွယ်လွယ်ကူကူ ပြုလုပ်နေနိုင်၏။
စစ်တပ်၏ စံချိန်စံညွှန်းအရ ဖန်တီးပြုလုပ်ထားခဲ့သည့် လေးများက ကျောက်လေးများ ဖြစ်၏။ သာမန်လူများအနေဖြင့် ထိုကဲ့သို့သော လေးကို မြှောက်ကိုင်ဖို့ပင် ခက်ခဲလွန်း၏။ တိကျအောင် ပစ်ခတ်ဖို့ ဆိုသည်မှာ ပိုမိုကာ ခက်ခဲ၏။
နာကျည်းမှုက အလွန်လေးလံသည့် ပေါင်နှစ်ရာနီးပါးခန့်ရှိသော လေးများကို ဖန်တီးထားခဲ့၏။ သူက ထိုလေးများနှင့် လန်ညီနောင်တို့ကို လေ့ကျင့်စေခဲ့သည်။
လန်ညီအစ်ကိုတို့မှာမူ ထိုကဲ့သို့ လေးလံသည့် လေးများကိုဆွဲကာ ပစ်ခတ်ရသော်လည်း အားအင်စိုက်ထုတ်မှု ကင်းမဲ့စွာ ပြုလုပ်လျက်ရှိနေ၏။ သူတို့က မတ်မတ်ရပ်လျက်ရှိနေ၏။ အားထုတ်သုံးခဲ့သည့် ပုံပင်မပေါ်ချေ။ လေးကြိုးများကို ဆက်တိုက်ပစ်ခတ်နေသောကြောင့် လေးများပင် ထိခိုက်မည်ကို စိုးရိမ်ရ၏။
သို့ပေမည့် ကိစ္စမရှိချေ။ ကောင်းကင်တာအိုအဖွဲ့အစည်း ရှိနေ၏။ တကယ့်ကို အားကောင်းပြီး ကြီးမားလွန်းသည့် ကျောက်လေးကြီးများကို ဖန်တီးထားခဲ့၏။ ထိုအရာအားလုံးသည် လန်ညီအစ်ကိုများ လေ့ကျင့်ရန် အဆင်သင့် ဖြစ်နေ၏။ လူတစ်ယောက်ကို ဆယ်ခုလောက် ပျက်စီးအောင် ပြုလုပ်မည်ဆိုလျှင်တောင်မှ ပြဿနာမရှိချေ။ များပြားလွန်းသည့် လေးများကို ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သောကြောင့်ပင်။
သာမန်သွေးမျိုးဆက် လူများအနေနှင့် တစ်နေ့လျှင် မြားတစ်ရာလောက်ကိုသာ ပစ်ခတ်လေ့ကျင့်နိုင်စွမ်း ရှိနေ၏။ ထိုအရာက အားအင်စိုက်ထုတ်မှုကို အလွန်တရာ ကုန်ခမ်းသည့်အပြင် စိတ်ကို အသုံးပြုမှုကလည်း အားကုန်လွန်းသောကြောင့် ဖြစ်သည်။
သို့ပေမည့် လက်ရှိ လန်ညီအစ်ကိုများမှာတော့ မြားပေါင်းငါးရာကျော်တို့ကို ပစ်ခတ်ခဲ့ပြီးသား ဖြစ်၏။ နေ့တစ်ဝက်လောက်အတွင်း ပစ်ခတ်ခဲ့ခြင်းလည်း ဖြစ်၏။ ဤအရေအတွက်က ကောင်းကင်က ငြင်းပယ်ရ လောက်အောင် ကြောက်ရွံ့စရာ ကောင်းလွန်းလှ၏။ သာမန်လူတစ်ယောက်သည်သာ ထိုကဲ့သို့သော ပြင်းပြင်းထန်ထန် လေ့ကျင့်သည်ဆိုပါက အရိုးများအားလုံးက တွန့်လိမ်ပြီး ကျိုးကာနာကျင်မှာ သေချာ၏။ သို့ပေမည့် ထိုသူတို့အတွက်တော့ အပျင်းပြေ ဆော့ကစားနေသကဲ့သို့ပင်။
လန်ညီနောင်တို့မှာတော့ ညဘက် တစ်ညလောက် ဆေးရည်များ စိမ်ခဲ့ပြီးနောက် အင်ပြည့်အားပြည့်နှင့် နောက်တစ်ရက်အတွက် အဆင်သင့် ဖြစ်လို့နေခဲ့၏။ ခန္ဓာကိုယ်နှင့် မရီဒန်ထဲတွင် အဆုံးမဲ့သည့် စွမ်းအင်များနှင့် ပြည့်နှက်နေပုံပေါ်၏။ မနက်ခင်း မြားပစ်လေ့ကျင့်ပြီး နေ့လည်ခင်းမှာတော့ မြင်းစီးလေ့ကျင့်၏။ မြားပစ်ခြင်းက သူတို့အတွက် အနည်းငယ် ခက်ခဲ၏။ မြင်းစီးခြင်းဆိုသည်မှာတော့ သူတို့အတွက် အားစိုက်ထုတ်မှု ကင်းသလောက်ပင်။
သွေးမျိုးဆက် အသက်ဝင်သွားပြီးနောက် သူတို့က လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး အားကောင်းသည့် ခြေတံလက်တံများကို ပိုင်ဆိုင်၏။ ထို့အပြင် အမြင်လည်း စူးရှကြ၏။ အလွန်လည်း လျင်မြန်ကြ၏။ မြင်းနှင့်သူတို့က တစ်သားတည်းကျကဲ့သို့ပင် ခံစားနေကြ၏။ နှစ်ရက်၊ သုံးရက် အတွင်းမှာပဲ ဤလူများက မြင်းပေါ်တွင် လွတ်လွတ်လပ်လပ် ရွေ့လျားသွားနိုင်သည် သာမကချေ၊ မြင်းထက်ပင် ပိုမို လွတ်လွတ်လပ်လပ် သွားနိုင်သေး၏။
သူတို့က မြင်း၏အောက်မှ စီးနင်းခြင်း၊ မြင်း၏အပေါ်မှ စီးနင်းခြင်း၊ မြင်း၏ဘေး၌ စီးနင်းခြင်း၊ ထိုကဲ့သို့သော အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိနေ၏။ မြင်းစီးခြင်းကလည်း သွေးမျိုးဆက် ပါရမီအပေါ်တွင် မူတည်နေပြန် ပြီလား။
လေးရက်မြောက်နေ့မှာတော့ သူတို့က မြင်းစီးရင်း ခြေထောက်နှင့် မြားပစ်ခြင်းကိုလည်း ပြုလုပ်နိုင်၏။ မြားများကို လွယ်လွယ်ကူကူ ပစ်ခတ်နိုင်ခဲ့၏။ တကယ့်ကို အံ့အားသင့်စရာပင်။
ဆယ်ရက်မြောက်နေ့မှာတော့ ဤလူအားလုံးတို့၏ မြားပစ်စွမ်းရည်က တကယ့်ကို ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့၏။ နာကျည်းမှုက လေ့ကျင့်မှုအချိန်ကို အနည်းငယ် လျှော့ချခဲ့၏။ သူက အတွင်းအား လေ့ကျင့်မှုကို စတင်ကာ ဖြန့်ဖြူးပေးခဲ့၏။
ဟုတ်ပေ၏။ ထိုအတွင်းအားလေ့ကျင့်မှုဆိုသည်မှာ စိတ်နှလုံးတစ်ခုလုံး ရေကဲ့သို့ ကြည်လင်ရှင်းလင်းရန်ပင် ဖြစ်၏။ ဤလျှို့ဝှက်သည့် နည်းစနစ်တစ်ခုကို လေ့ကျင့်ခဲ့ပြီးနောက်မှာတော့ ဤလူများ၏ မြားပစ်စွမ်းရည်က တမဟုတ်ခြင်း ပိုမိုကာ တိုးတက်လာခဲ့သည်။
ဝူလဲ့၏အမိန့်ပေးမှုအောက်တွင် ရှိနေသည့် စစ်သည်တော်ဆယ်ယောက်နှင့် ကျင်းကလန်မှ စစ်သည်တော်အားလုံးက ကြောင်အလျက်ရှိနေ၏။
ရှမ့်ဆယ့်သုံးသည် သူ့ကိုယ်သူ ထပ်မံကာ သံသယဝင်လျက် ရှိနေပြန်သည်။ ‘ငါ သိုင်းပညာကို ဆက်ပြီး လေ့ကျင့်ရမှာလား။ လောကကြီးက ဘာဖြစ်လို့ ဒီလောက်ကြီး တရားမျှတမှု မရှိရတာလဲ။ သွေးမျိုးဆက်ပါရမီနဲ့ဆိုရင် လုပ်ချင်ရာကို လုပ်နိုင်ကြတာလား။ ခင်ဗျားတို့ ပါရမီရှင်တွေက ကျုပ်တို့ ဘယ်လောက်ကြိုးစားကြိုးစား လိုက်မီနိုင်မယ့်လူမျိုးတွေ မဟုတ်တော့ဘူး။ ကြောက်စရာကောင်းတဲ့ လူတွေပဲ’
အရူးကြီးကလည်း သူ့၏ဘဝကို အစောကြီးတုန်းက သံသယဖြစ်စေခဲ့ပြီးသား ဖြစ်၏။ ယခုပါရမီရှင် ဆယ်ယောက် ထပ်မံပေါ်ပေါက်လာခဲ့၏။ ထိုသူတို့က အရူးကြီးနှင့် နှိုင်းယှဉ်၍မရသော်လည်း သာမန်လူများနှင့် နှိုင်းယှဉ်ပါက တကယ့်ကို လက်လှမ်းမမီနိုင်သည့် လူမျိုးများပင်။
သာမန်လူများသည် ထိုသူတို့နှင့် နှိုင်းယှဉ်ပါက လိပ်၏ကျောကုန်းပေါ်သို့တက်ကာ ပြေးနေခြင်းနှင့်ပင် ဆင်တူ၏။ သို့ပေမည့် ပါရမီရှင်များမှာတော့ သေးငယ်သည့် မြည်းလေးတစ်ကောင်ကို စီးပြီး သွားနေရုံသာလျှင် ရှိ၏။
ဤလူအဖွဲ့မှာတော့ ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်း၏။ လီတစ်ထောင်မြင်းပေါ် တက်ကာ ပြေးနေသကဲ့သို့ပင်။
အရူးကြီးက တကယ့်ကို ထူးခြားလွန်းသည့် လူတစ်ယောက်ဟု အားလုံးသောသူတို့ သိရှိပြီး ဖြစ်၏။ သူက ဂဠုန်စီးကာ ပြေးနေခြင်းပင်။
‘ခင်ဗျားတို့လို ပါရမီရှင်တွေကြောင့် သာမန်လူတွေက အသက်မရှုနိုင်တော့ဘူး။’
ပဉ္စမမင်းသားနင်ကျန်းကလည်း ကြောင်အလျက်ရှိနေ၏။ လောကကြီးတွင် ဤသို့ များပြားသည့် ပါရမီရှင်များ ရှိနေသည်လား။
“အင်း... တိုးတက်မှုကတော့ ကြောက်စရာပဲ”
ဆယ်နှစ်ကျော် လေ့ကျင့်ရမည့် မြားပစ်ခြင်းလုပ်ငန်းစဉ်အားလုံးက တစ်နေ့ထက်တစ်နေ့ ပိုမိုကာ တိုးတက်ပြီး သိသိသာသာပင် တိုးတက်လာခဲ့၏။ မူလအားဖြင့် တစ်လအတွင်း သိုင်းပညာစာမေးပွဲကို ဝင်ရောက် ဖြေဆိုခြင်းမှာ လေပေါ်တွင် အရုပ်ရေးသကဲ့သို့ပင် ဖြစ်မည်ဟု နင်ကျန်းက ထင်မှတ်ခဲ့၏။
နန်းမြို့တော်တွင် ရှိနေသည့် သိုင်းပညာစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့်လူများက အားကောင်းသည့် လူများ၊ လက်ရွေးစင် ထိပ်တန်းလူများပင် ဖြစ်၏။ သို့ပေမည့် ထိုသူများက လန်ညီနောင်တို့နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ချေ။
သိုင်းပညာစာမေးပွဲတွင် ယှဉ်ပြိုင်ရမည့် ဘာသာရပ်လေးခုကို တစ်လအတွင်း လေ့ကျင့်ခဲ့၏။ မူလအားဖြင့် ထိုအရာက ကောင်းကင်ပေါ်သို့ တွယ်တက်သည်ထက်ပင် ခက်ခဲလှ၏။ ပြုလုပ်နိုင်မည့်အရာမျိုး မဟုတ်ချေ။ သို့ပေမည့် ကြည့်ရသည်မှာ အချိန်ဆိုသည်မှာ လုံလောက်သည်ထက်ပင် ပိုလျက်ရှိနေသည်။
ပြီးနောက် နင်ကျန်းက စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချမိ၏။ ‘ဘယ်လိုဖြစ်ပြီး ငါနင်ကျန်းက ဒီပါရမီရှင် ဆယ့်တစ်ယောက်တို့ရဲ့ သစ္စာတရားကို ခံယူဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်လာတာလဲ’
ဤလူဆယ့်တစ်ယောက်တို့က ဆယ်နှစ်ကျော်ကြာ လောကအနှံ့ လှည့်လည်သွားလာခဲ့သည့် လူများ ဖြစ်၏။ သို့ပေမည့် မည်သူကမှ ထိုသူတို့ကို သတိမပြုမိခဲ့ချေ။ ရှမ့်လန်မှာတော့ ထိုသူတို့ကို ချက်ချင်း သိရှိခဲ့၏။ တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ရှမ့်လန်က ပိုမိုကာ အံ့အားသင့်စရာကောင်းကြောင်း သိရှိနိုင်သည်။
ဆိုရိုးစကားတစ်ခုရှိ၏။ လီတစ်ထောင်မြင်း တည်ရှိခြင်းက သာမန်သာ ဖြစ်၏။ သို့ပေမည့် လီတစ်ထောင်မြင်းကို ရှာဖွေတွေ့ရှိနိုင်ခြင်းဆိုသည်မှာတော့ တကယ့်ကို ခက်ခဲသည့် အရာမျိုးပင်။ ထို့အပြင် ရှမ့်လန်က ထိုသူတို့၏ သွေးမျိုးဆက်စွမ်းအင်ကို အသက်သွင်းပေးခဲ့၏။ ထိုအရာက ကောင်းကင်ကို ငြင်းပယ်သည်ထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။
‘ဘယ်လိုဖြစ်ပြီးတော့ ငါ နင်ကျန်းက ရှမ့်လန်၏ အကူအညီကို ရယူဖို့အတွက် ထိုက်တန်ခဲ့တာလဲ’
သူ၏ စိတ်ထဲမှာတော့ အကူအညီမဲ့မှုကို ခံစားနေရသည်။
.............