← Chapters

အပိုင်း (၄၈၁)

Vol. 33 Ch. 481

အပိုင်း (၄၈၁)

Vol. 33 Ch. 481

“လောကကြီးက မမျှတဘူး။ အင်း... လောကကြီးက လုံးဝ မမျှတဘူး” ရှမ့်ဆယ့်သုံးက သက်ပြင်းချလိုက်၏။

အဘယ်ကြောင့်ဆိုသော် လန်ညီနောင် ပါရမီရှင်ဆယ်ယောက်တို့က မြားပစ်ရာ၌ သူ့ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူ့ကို ကျော်လွန်သွားသည်သာမကချေ။ ဝူလဲ့၏ လက်အောက်တွင် ရှိနေသည့် လူပေါင်းများစွာ တို့ကိုလည်း ကျော်လွန်သွားခဲ့၏။

“သာမန်လူတွေက အသက်တောင် ဆက်ပြီး မရှင်ချင်တော့ဘူး”

ဝူလဲ့က ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီးတော့ ကျွန်မတို့က ဒီပါရမီရှင်တွေကို ဆက်ပြီး စောင့်ကြည့်နေရတာလဲ။ သူတို့က တခြားသောသူတွေ လုံးဝ ယှဉ်လို့မရတဲ့လူတွေ ဖြစ်နေပြီ”

ရှမ့်ဆယ့်သုံးက မေးမြန်းလိုက်သည်။ “ဒါဆိုရင် ကျုပ်တို့ ဘယ်သူနဲ့ ယှဉ်ရမှာလဲ”

ဝူလဲ့က ပြောလိုက်၏။ “ရှင့်ရဲ့သခင်လေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရှင် ... ရှမ့်ဆယ့်သုံးကလည်း ထိပ်တန်းပါရမီရှင် တစ်ယောက်ပဲ။”

“ဟမ်” ရှမ့်ဆယ့်သုံး၏ စိတ်ထဲတွင် ထိုအရာကို အလုံးစုံ သဘောတူညီမိ၏။ သို့ပေမည့် သူ ခေါင်းမညိတ်ရဲချေ။

သခင်လေးက တကယ့်ကို အားနည်းလွန်းသည့် ကြက်ပေါက်စတစ်ကောင်ကဲ့သို့ပင်။ ဘာသိုင်းမှာလည်း မတတ်ချေ။ ငါးမိနစ်လောက် မြင်းထိုင် လေ့ကျင့်နေရုံပင် ညောင်းညာကိုက်ခဲလျက်ရှိပြီး ရှောင်ပင်းကို ခေါ်ကာ နှိပ်ခိုင်းသူ ဖြစ်၏။ သို့ပေမည့် သခင်လေးသည် လူအုပ်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ထဲမှာ လူများကို ရွေးထုတ်နိုင်ခဲ့၏။ အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ထိုသူအားလုံးက ထိပ်တန်းပညာရှင်များ ဖြစ်လို့နေသည်။

ဝူလဲ့က ပြောလိုက်၏။ “အင်း... ရှမ့်ရဲ့ပါရမီက တကယ့်ကို ဆိုးဝါးလွန်းတယ်။ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာနှင့် ပတ်သက်တဲ့ ပါရမီတွေအကုန်လုံးက သူ့ရဲ့ခေါင်းထဲ ရောက်သွားတာဖြစ်မယ်။ သူ့ရဲ့ခေါင်း၊ ဉာဏ်ပညာနဲ့ ရုပ်ချောမှု အားလုံးက သွားပြီး အားသာနေခဲ့တာပဲ”

ရှမ့်နုကလည်း ဘေးတစ်ဖက်ဆီမှ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မတို့ရဲ့ သခင်လေးက သိုင်းပညာနှင့် ပတ်သက်ရင် လောကမှာ အဆိုးရွားဆုံးဖြစ်တယ် ဆိုပေမဲ့ လောကထဲမှာ အချောဆုံးလူ တစ်ယောက်တော့ ဖြစ်သေးတယ်။ ဝူလဲ့.. လူပေါင်းများစွာကို မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ သခင်လေးလောက် ချောတဲ့လူကို မြင်ဖူးလား”

ဝူလဲ့က မည်သည့်စကားကိုမှ မဆိုချေ။

ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “အင်း.. ယွမ်မင်ကျယ်ကလည်း သခင်လေးထက် ချောတာပဲ”

ရှမ့်နုက ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ ယွမ်မင်ကျယ်က အဆင့်နိမ့်လွန်းတယ်”

ရှမ့်ဆယ့်သုံးက စိတ်ထဲမှာ ပြောလိုက်၏။ ‘ဒါပေမဲ့ သခင်လေးကလည်း အဆင့်နိမ့်တာပဲလေ’

ဟုတ်ပေ၏။ သူ့အနေနှင့် စိတ်ထဲမှာသာ ပြောနိုင်၏။ ပါးစပ်မှ စကားတစ်လုံးကိုပင် ထုတ်ကာ မပြောရဲချေ။ မဟုတ်ပါက ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။

ဝူလဲ့က မေးလိုက်သည်။ “ကျူးဟုန်ရွှဲ့ရော”

ရှမ့်နုက ပြောလိုက်၏။ “ကျူးဟုန်ရွှဲ့ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒါပေမဲ့ သူက သခင်လေးလောက် ချောလို့လား”

ဝူလဲ့က ခေါင်းညိတ်လိုက်၏။ ကျူးဟုန်ရွှဲ့က လောကကြီးထဲတွင် အချောဆုံးလူများထဲမှ တစ်ယောက် အမှန်ပင်ဖြစ်သည်။

ရုတ်တရက် ရှမ့်ဆယ့်သုံးက ပြောလိုက်၏။ “ရှမ့်နု.. အခုတစ်လော ဝိတ်ကျသွားသလိုပဲ”

ရှမ့်နု၏ မျက်နှာသွင်ပြင်က နီရဲသွား၏။ သူမက ခေါင်းကိုခါယမ်းပြီး ဒေါသတကြီး ပြောလိုက်သည်။ “မဟုတ်ဘူး။ မဟုတ်ဘူး။ ပေါက်ပန်းလေးဆယ်တွေ မပြောနဲ့”

ပြီးနောက် သူမက လျင်လျင်မြန်မြန် ထွက်ပြေးသွားခဲ့၏။

ရှမ့်ဆယ့်သုံးက ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့၏။ အဘယ်ကြောင့် ဝိတ်ကျသွားခဲ့သွားကြောင်း ဝန်ခံရန် စိတ်ဆန္ဒ မရှိရသနည်း။ သူမက ဝိတ်ကျသွားခဲ့သည်မှာ ရှင်းလင်း၏။ အနည်းဆုံး ပေါင်နှစ်ဆယ်လောက်ပင် ကျသွားခဲ့သည်။

...........

အချိန်က ရေကဲ့သို့ပင် မြန်ဆန်စွာ စီးဆင်းသွားခဲ့၏။ ဘာမှန်းမသိလိုက်ပါဘဲ ရက်နှစ်ဆယ်ကျော် ကုန်လွန် သွားခဲ့၏။ အထူးစာမေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နှစ်ရက်သာ ကျန်ရှိတော့၏။ သိုင်းပညာစာမေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ခြောက်ရက်သာ ကျန်ရှိ၏။

လန်ညီအစ်ကိုများ၏ ပြင်ဆင်မှုက မည်ကဲ့သို့ အခြေအနေရှိသနည်း။

အရူးလန်က ရှိရှိသမျှသော နိုင်ငံရေးစာပေများ၊ ကဗျာများအားလုံးကို မှတ်သားခဲ့ပြီးသား ဖြစ်၏။ ရှမ့်လန်က အစောကြီးတည်းက ထိုအရာများကို ကြိုတင်ပြင်ဆင်ပေးခဲ့ပြီးသား ဖြစ်၏။ ယခုနောက်ပြန် ပြန်ရွတ်ရမည် ဆိုလျှင်တောင် သူက ရွတ်နိုင်၏။

ထိုတင်သာမကသေးချေ။ နေ့စဉ်နေတိုင်းဆိုသလို နိုင်ငံရေးစာတမ်းဆယ်စောင်၊ ကဗျာနှစ်ဆယ်ကို ချရေးသေး၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ဤကဲ့သို့ အစွမ်းအစမျိုးက ထိပ်တန်းအဆင့်တွင် တည်ရှိသည်။

ရှမ့်လန်သည်သာ သူ၏ဦးနှောက်ထဲတွင် ရှိနေသည့် AI ကို အသုံးမပြုပါက အရူးလန်ကိုပင် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ အရူးလန်၏ နိုင်ငံရေးစာတမ်းများက ပိုမိုကာပင် အဆင့်အတန်းမြင့်မားလျက် ရှိနေပေလိမ့်မည်။ ထို့အပြင် အရူးလန်၏ အရေးအသားက ကောင်းမွန်လွန်းပြီး ဒုတိယအားဖြင့် အရှက်မဲ့စွာ ရေးသားနိုင်စွမ်း ရှိ၏။ သူက မှတ်မိသမျှ အရာအားလုံးဆီမှ ကောက်နုတ်ပြီး အကောင်းမွန်ဆုံး အရာများကို ရှာဖွေစုစည်းကာ ရေးသားနိုင်စွမ်းလည်း ရှိနေ၏။

သို့ပေမည့် အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် အရူးလန်၏ နိုင်ငံရေးရာစာတမ်းများက အသက်ဝိညာဉ်မရှိဘဲ အခွံကြီးသက်သက်သာ ရှိသည်။

အသက်ဝိညာဉ်ပါသည့် နိုင်ငံရေးစာတမ်းများကို ဖတ်ရှုရပါက မည်မျှကောင်းမွန်လိုက်သနည်း။ သို့သော်ငြား ထိုအရာကို ရှမ့်လန်က ပြုလုပ်နိုင်စွမ်း ရှိ၏။

နင်ကျန်းက ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့ဖူးပြီး ထိုအရာနှင့် ပတ်သက်၍ အတော်လေး ဗဟုသုတရှိ၏။ သူက အရူးလန်၏ နိုင်ငံရေးဆောင်းပါးများကို ဖတ်ရှုပြီး ပြောလိုက်သည်။ “အင်း... ဒီစာတမ်းဆယ်ခုကို ကျုပ်ဆက်တိုက် ဖတ်လိုက်တာ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသလို ခံရတယ်။ ဒါပေမဲ့ တစ်ခုတည်းကိုသာ ဖတ်မယ်ဆိုရင်တော့ အလုံးစုံကောင်းမွန်တဲ့ အရာတစ်ခုပဲ”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “သူက ထိပ်ဆုံးသုံးယောက်စာရင်းကို ဝင်နိုင်ပါ့မလား”

နင်ကျန်းက တစ်ခဏလောက် တွေးတောလိုက်၏။ “အင်း... နန်းတွင်းစာမေးပွဲရဲ့ ထိပ်တန်း နိုင်ငံရေးစာတမ်းတွေ အကုန်လုံးကို ကျုပ် ဖတ်ခဲ့ဖူးတယ်။ တစ်ယောက်ချင်းစီတိုင်းက အရူးလန်လောက် အံ့အားသင့်စရာ မကောင်းဘူး။”

အရူးလန်ရေးသားထားသည့် အရာများက အဘယ်သို့ မကောင်းမွန်ဘဲ နေမည်နည်း။ ရှိရှိသမျှ စာအုပ်ပေါင်း များစွာတို့မှ ကောင်းမွန်သည့်အရာများကို ထုတ်နှုတ်ကာ ရေးသားထားခဲ့သောကြောင့်ပင်။ ထိုနိုင်ငံရေး စာတမ်းအားလုံးက ပိုမိုကာ လက်တွေ့ဆန်ပြီး အစစ်အမှန် ဆန်လွန်းသည်။

အရူးလန်က သူ၏ရှိရှိသမျှ တတ်ကျွမ်းသည့် အရာများကို ထုတ်ဖော်ကာ ရေးသားထားခြင်း ဖြစ်၏။ ထိပ်ဆုံး ကိုးယောက်စာရင်းသို့ ကိုးဆယ်ရာခိုင်နှုန်း ဝင်ရောက်ရန် မသေချာဘူးဆိုလျှင်တောင် အနည်းဆုံး ခုနစ်ဆယ် ရာခိုင်နှုန်းခန့်တော့ သေချာ၏။ ထို့အပြင် ထိပ်ဆုံးသုံးယောက်စာရင်းကို မဝင်လျှင် အဆင်ပြေသည်ဟု ဘုရင်မင်းမြတ်က ပြောဆိုခဲ့သည် မဟုတ်ပါလား။

အရူးလန်၏ ကဗျာများကို ကြည့်ရှုရမည်ဆိုလျှင် ကျိန်းသေပေါက် ထိပ်ဆုံးသုံးယောက်စာရင်းသို့ ဝင်မှာသေချာ၏။ အံ့အားသင့်စရာ ကောင်းသည့် စာတမ်း၊ ကဗျာစာသား၊ ရေးသားထားခြင်းတို့က ထိပ်ဆုံးသုံးယောက် ထဲသို့ မဝင်ပါက ထူးဆန်းဖွယ်ရာ ဖြစ်ပေလိမ့်မည်။ အရူးလန်နှင့် ပတ်သက်၍ မည်သည့်ပြဿနာမှ မရှိချေ။

ထို့သို့ဆိုလျှင် လန်ညီနောင်ဆယ်ယောက်တို့က ပြဿနာရှိနေသည်လား။

“သခင်လေး.. အရူးလန်ကို စာမေးပွဲဖြေဖို့ နန်းမြို့တော်ဆီ ပြန်ခေါ်သွားတော့။ စာမေးပွဲက လေးရက်လောက် ကြာအုံးမှာလေ။ ကျုပ်တို့ နောက်ထပ်သုံးရက်ကြာရင် နန်းမြို့တော်မှာ တွေ့ကြမယ်။ ကျုပ်တို့ နောက်မှ လိုက်ခဲ့မယ်။”

ရှမ့်လန်က မေးမြန်းလိုက်၏။ “သူတို့က လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိသေးဘူးလား”

နာကျည်းမှုက မေးမြန်းလိုက်သည်။ “လုံလောက်တဲ့ စွမ်းဆောင်ရည်ဆိုတာ ဘာကိုဆိုလိုတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အောင်စာရင်းထဲပါရင် ရပြီလေ”

နာကျည်းမှုက ပြောလိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့သာ ထိပ်ဆုံးသုံးယောက်စာရင်းကို မဝင်ဘူး ဆိုရင် အားလုံးကို ရိုက်ချိုးပစ်မှာ။ ကျုပ်က လူတွေအကုန်လုံးကို အံ့အားသင့်အောင် ပြုလုပ်ချင်တာ။ သူတို့ရဲ့ ပါရမီကသာ သိုင်းပညာစာမေးပွဲမှာ ထိပ်ဆုံးအခြေအနေထိ ရောက်အောင် ပြုလုပ်နိုင်စွမ်းမရှိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ဖို့ပဲ သင့်တယ်”

ဤလူက တကယ့်ကို အံ့အားသင့်စရာကောင်း၏။ ပါရမီရှင်များကို လေ့ကျင့်ပေးပြီးနောက် သူက မောက်မာ ဝင့်ကြွားစွာ ပြောဆိုလျက် ရှိနေ၏။ နာကျည်းမှုက တစ်မိနစ်လောက်ကိုပင် အချိန်ဖြုန်းခြင်း မရှိချေ။ ပက်ပက်စက်စက် ဆိုသလိုပဲ လေ့ကျင့်ပေး၏။ လန်ပါရမီရှင်ဆယ်ယောက်တို့က မြင်းစီးရင်း မီတာတစ်ရာ အဝေးမှ ဖြတ်ပြေးသွားသည့် ကြွက်ဆယ်ကောင်ကိုပင် လှမ်းကာ မြားနှင့်ပစ်နိုင်၏။

“ပစ်စမ်း ပစ်စမ်း”

နာကျည်းမှုက အော်ဟစ်လိုက်သည်။ “အဲကြွက်ကိုမှ ထိအောင်မပစ်နိုင်ဘူး၊ လွတ်သွားပြီဆိုတာနဲ့ မင်းတို့ကို သေအောင်ရိုက်မယ်။ မင်းတို့အားလုံးက အမှိုက်ကောင်တွေလား။ တစ်လလောက် လေ့ကျင့်ခဲ့ပြီးပြီ။ ခြေလှမ်းတစ်ရာ့ငါးဆယ်မှာ ရှိနေတဲ့ ကြွက်ကိုတောင် ထိအောင်မပစ်နိုင်ဘူးဆိုရင် ဘာလုပ်ဖို့ လေ့ကျင့်နေ တော့မှာလဲ။ မင်းတို့နေရာမှာ ငါသာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်တယ်။ လောကကြီးထဲမှာ ဘယ်လို မျက်နှာမျိုးနဲ့ ဆက်ပြီး အသက်ရှင်နေမှာလဲ”

ထိုသူများထဲမှ သုံးယောက်က ကြွက်ကိုထိအောင် မပစ်နိုင်ခဲ့ချေ။ လွတ်မြောက်သွားခဲ့သည်။

နာကျည်းမှုက ရှေ့ဆီသို့ လှမ်းတက်၏။ လက်ထဲတွင် ရှိနေသည့် ကြာပွတ်က မြန်မြန်ဆန်ဆန် လှုပ်ရှားသွားခဲ့၏။ “ကျက်သရေတုံးကောင်၊ အမှိုက်ကောင်တွေ... လွန်ခဲ့တဲ့ လဝက်တုန်းက အိပ်ရင်းလမ်းလျှောက်နေခဲ့ကြတာလား။ မင်းတို့ရဲ့ ဘေးနားမှာ ရေကန်ကြီးရှိတယ်။ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေကြစမ်း”

ပြောပြီးနောက် နာကျည်းမှုက ထိုသူသုံးယောက်ကို ဖမ်းဆွဲပြီး ရေကန်ထဲသို့ ကန်ချခဲ့၏။ ပြီးနောက် ထိုသူသုံးယောက်တို့ကို မိနစ်အနည်းငယ်လောက် ရေထဲတွင် နှစ်ထားခဲ့၏။ အပေါ်သို့ တက်လာပါက ခေါင်းကို ပြန်ဖိသည်။ “စိတ်ကိုတည်ငြိမ်အောင်ထား။ စိတ်ကိုတည်ငြိမ်အောင်ထား။ အမှိုက်ကောင်တွေ... အမှိုက်ကောင်တွေ”

ရှမ့်လန်နှင့် တခြားသောသူများအားလုံးတို့က ကြက်သီးမွေးညှင်းများပင် ထသွားခဲ့၏။

ရှမ့်နုက ပြောလိုက်သည်။ “အစ်မဝူလဲ့... ထောင်စုမှူး နာကျည်းမှုရဲ့ လေ့ကျင့်မှုတွေက ကြောက်စရာကြီးပဲ။ သူ့ကိုသာ လေ့ကျင့်ခိုင်းရင် ကျွန်မတို့ နောက်လိုက်တွေ သေသွားတာကြာပြီ”

ဝူလဲ့က ပြောလိုက်၏။ “အင်း.. လေ့ကျင့်သင်ကြားပေးမှုဆိုတာ လူပေါ်မှာ မူတည်တယ်။ ဒီလူတွေက ပါရမီရှင်တွေလေ။ ဒါကြောင့် ထောင်မှူးနာကျည်းမှုက ဒီလူတွေရဲ့ ပါရမီကို အဆုံးစွန်ထိရောက်အောင် ဆွဲတင်နေခဲ့တာပဲ”

ပြီးနောက် ဝူလဲ့က ဆက်လက်ကာ ပြောလိုက်သည်။ “ရက်အနည်းငယ်အတွင်းကျင်းပမယ့် သိုင်းပညာ စာမေးပွဲက တစ်လောကလုံးကို တုန်လှုပ်စေလိမ့်မယ်။”

..............

နောက်တစ်ရက်မှာပဲ ရှမ့်လန်က အရူးလန်နှင့်အတူ ထွက်ခွာသွားခဲ့၏။ အထူးစာမေးပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် နန်းမြို့တော်ဆီသို့ ပြန်သွားခြင်းပင်။

ဘုရင်မင်းမြတ်၊ မိဖုရားကြီး၊ အိမ်ရှေ့စံ၊ တတိယမင်းသားနှင့် အားလုံးသောသူတို့က နန်းမြို့တော်တွင် ရှိနေ၏။

‘စောင့်ကြည့်လိုက်.. ကျုပ် ရှမ့်လန်က အားလုံးသောသူတွေကို ကံကြမ္မာအလှည့်အပြောင်းဖြစ်အောင် လုပ်ပြမယ်။ ခင်ဗျားတို့ မျက်လုံးတွေ ပြူးထွက်သွားတဲ့ အခြေအနေထိ ရောက်အောင် စောင့်နေလိုက်။ နန်းမြို့တော်ထဲမှာ ရှိတဲ့လူတွေအကုန်လုံးက အရူးဖြစ်ရမယ်။

မှတ်ထား... ကျုပ်ရှမ့်လန်သာ အောင်မြင်သွားပြီး ဒီလူဆယ့်တစ်ယောက်သာ အထူးစာမေးပွဲကို အောင်မြင် သွားခဲ့ပြီဆိုရင် ခင်ဗျားတို့အားလုံး ချေးဆယ်ပိဿာ စားရမယ်။ ကျုပ် ချေးတွေ သိမ်းထားခဲ့တယ်။ ခင်ဗျားတို့သာ မစားဘူးဆိုရင် ကျုပ်ကိုယ်တိုင် ခွံ့ကျွေးမယ်။’

…..

ကျန်းချုံးက နန်းမြို့တော်ထဲသို့ ဝင်ရောက်လာခဲ့၏။ ဤအရာက သာမန်လူများအတွက် ကြီးမားသည့် ကိစ္စကြီးတော့ မဟုတ်ချေ။ သို့ပေမည့် နန်းတွင်းမူးမတ်များအတွက်တော့ ကြီးမားလွန်းသည့် ကိစ္စရပ်ကြီး တစ်ခုဖြစ်၏။

ရှမ့်လန် နန်းမြို့တော်ဆီ ပြန်လာသည့် အခြေအနေနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကျန်းချုံး ရောက်ရှိလာမှုက တကယ့်ကို အောင်ပွဲကြီး တစ်ခုကဲ့သို့ပင်။ အိမ်ရှေ့စံမင်းသား ကိုယ်တော်တိုင်ပင် ဗာမေလီယန်ဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့ပြီး ကျန်းချုံးကို ကြိုဆို၏။ ကျန်းချုံးက ဟိတ်ကြီးဟန်ကြီးနှင့် ရောက်ရှိလာခဲ့ခြင်း မဟုတ်ချေ။ သူ့၌ နောက်လိုက်နောက်ပါ သက်တော်စောင့်တစ်ယောက်သာလျှင်ပါသည်။

အိမ်ရှေ့စံမင်းသား နင်ယီက ကိုယ်တိုင်ကိုယ်ကျ ဝိုင်ခွက်ကို မြောက်ပေးပြီး ကျန်းချုံးကို ကမ်းပေး၏။ “ဒီဝိုင်က ခင်ဗျားအတွက်ပါပဲ ဆရာကျန်း”

ကျန်းချုံးက ဒူးထောက်ထိုင်ကာဖြင့် ထိုအရာကို လက်ခံရယူ၏။ အခြားသောသူများသာ ဆိုပါက ဝိုင်ခွက်ကို ရရှိသည်ဆိုသည်နှင့် တကယ်ပင် မျက်ရည်လည်ရွှဲနှင့် ကျေးဇူးတင်စကားကို ပြောဆိုမှာ ဖြစ်၏။ သို့ပေမည့် ကျန်းချုံးကတော့ ထိုကဲ့သို့သောအရာကို မပြုလုပ်ချေ။ ဝိုင်ခွက်ကို လှမ်းယူပြီး တစ်ခါတည်းမော့သောက်လိုက်သည်။

အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “အလုပ်ကြိုးစားခဲ့တယ် ... ဆရာကျန်း”

ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ် မဝင့်ရဲပါဘူး”

အိမ်ရှေ့စံမင်းသားက ကျေနပ်စွာ ပြော၏။ “ဆရာကျန်း... ကျုပ်နဲ့အတူ နန်းမြို့တော်ထဲကို လိုက်ခဲ့တော့။ အရှင်မင်းကြီးက ခင်ဗျားနဲ့ တွေ့ဖို့ စိတ်အားထက်သန်နေတယ်။”

ပြီးနောက် အိမ်ရှေ့စံမင်းသားက ရှေ့မှဦးဆောင်ရင်း ကျန်းချုံးက အနောက်မှ လိုက်ပါသွားခဲ့သည်။ ဗာမေလီယန်ဂိတ်တံခါး၏ ရိပ်သာလမ်းကို လှမ်းလျှောက်လျက် ရှိနေတုန်းမှာပဲ အိမ်ရှေ့စံမင်းသားက ကျန်းချုံးကို သူ၏ ရထားလုံးထဲသို့ ဝင်ရောက်ရန် နွေးထွေးပျူငှာစွာ ဖိတ်ခေါ်၏။

ကျန်းချုံးက သူ၏ အကန့်အသတ်ကို မကျော်လွန်ခဲ့ချေ။ ထို့ကြောင့် သူက ရိုးရှင်းစွာပင် သူ့ရထားလုံးထဲသို့သာ ပြန်ပြီး အိမ်ရှေ့စံမင်းသား၏ ရထားလုံးအနောက်မှ ငြိမ်ငြိမ်သက်သက် လိုက်ပါလာခဲ့၏။ ကျန်းချုံးအဖို့ ပထမဦးဆုံးအကြိမ်အဖြစ် ဗာမေလီယန်ရိပ်သာလမ်းကို လှမ်းလျှောက်ဖူးခြင်းပင်။

သူက ရှမ့်လန် မဟုတ်ချေ။ ရှမ့်လန်မှာတော့ စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုထားခဲ့ပြီး ဤနေရာတွင် လှမ်းလျှောက်ရခြင်းမှာ ဈေးထဲလမ်းပတ်လျှောက်ရခြင်းနှင့် ကွာခြားသည်ဟုပင် ခံစားသည့်လူ မဟုတ်ပေ။

ဤလမ်းသည် တကယ်ကို ထိပ်တန်းလူများသာ လှမ်းလျှောက်ဖူးသည့်နေရာဖြစ်ပြီး ကျန်းချုံး တစ်ခါမှ ဤလမ်း၌ လမ်းမလျှောက်ဖူးချေ။ ထို့ကြောင့် သေသေချာချာပင် ကြည့်ရှုနေမိ၏။ ဤတစ်ကြိမ်မှာတော့ ဘုရင်မင်းမြတ်၏ အမိန့်တော်ဖြစ်၏။ ဗာမေလီယန်ဂိတ်တံခါး၏ ရိပ်သာလမ်းဆီမှ နန်းမြို့တော်ထဲသို့ လှမ်းဝင်ရမည်ဟူသည့် အမိန့်ပင်။

နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းချုံးက ပထမဦးဆုံး မိန်းမစိုးများ၏ နောက်သို့လိုက်ပါပြီး ရေမိုးချိုး အဝတ်အစား လဲရ၏။ ပြီးနောက် ဘုရင်မင်းမြတ်၏ စာကြည့်ခန်းထဲသို့ သွားပြီး ဒူးထောက် ထိုင်လျက်ရှိ၏။

၂ နာရီခန့် ကြာပြီးနောက် ဘုရင်မင်းမြတ် ရောက်ရှိလာခဲ့သည်။

All Chapters