အပိုင်း (၄၈၂)
Vol. 33 Ch. 482
ဘုရင်မင်းမြတ်က စာကြည့်ခန်းထဲသို့ ဒေါသတကြီး ဝင်ရောက်လာပြီး ဆောင့်ကြွားကြွားနှင့် ထိုင်ချ၏။ ရေနွေးခွက်ကို အသာကောက်ယူပြီးနောက် စားပွဲခုံပေါ်သို့ ပြန်ပြန်၏။
ဟုတ်ပေ၏။ သူက ကျန်းချုံးကို ဒေါသထွက်နေခြင်း မဟုတ်ချေ။ မနက်ဖြန် အထူးစာမေးပွဲ ဖြစ်၏။ ယနေ့အချိန်တွင် အင်ပါယာအမှုထမ်းအားလုံးတို့က ရှမ့်လန်နှင့် ပတ်သက်၍ အရူးကဲ့သို့ပင် သူ့ကို တိုင်တန်းလျက် ရှိနေ၏။ ထိုသူတို့အားလုံး၏ စိတ်ထဲတွင် သူ ဘုရင်မင်းမြတ်ကို လှောင်ပြောင်လျက် ရှိနေ၏။ နှစ် ၁၀၀ အတွင်း တစ်ခါမှ မဖြစ်ဖူးသည့် အဖြစ်အပျက်များကဲ့သို့ပင် သူ့ကို ပြောဆိုနေခဲ့သည်။
ဆိုလိုသည်မှာ သူ နင်ယွမ်ရှန်းက တကယ့်ကို ညံ့ဖျင်းလွန်းသည့် အုပ်စိုးသူတစ်ယောက် ဖြစ်နေသည်လား။ သူတော်စင်များကိုပင်လျှင် နှိမ့်ချဆက်ဆံပြီး အထင်အမြင်သေးသလို ပြုမူဆောင်ရွက်ခဲ့သည်ဟု အားလုံးသော သူတို့က ကောလာဟလ ဖြန့်လျက်ရှိ၏။
အချက်အလက်အားဖြင့် ထိုပညာရှိဆိုသူအားလုံးတို့က ရှမ့်လန်၏ လက်အောက်တွင်ရှိသည့် သူတောင်းစား ၁၁ ယောက်ကို တစ်စစီ ဆွဲဆုတ်ပစ်ချင်၏။ ထို့အပြင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် အရည်အချင်းမရှိဟု ဆိုကာ အထူးတရားရုံး၏ အကျဉ်းထောင်ထဲသို့ ပေးပို့စေချင်ကြသည်။
ပြောရမည်ဆိုလျှင် သူတို့က ရှမ့်လန်ကိုပင် သူတော်စင်ဘုရားကျောင်း၏ရှေ့တွင် ဒူးထောက်ပြီး ခွင့်လွှတ်ပေး ပါရန် တောင်းဆိုစေချင်၏။ ပြီးနောက် ရှမ့်လန်ကို အထူးတရားရုံးသို့ ပေးပို့စေချင်၏။
အမှုထမ်းအားလုံးသည် ရှမ့်လန်ကို အပြစ်ခံစေခြင်းသာ မဟုတ်ပေ။ ဘုရင်မင်းမြတ်ကိုပင်လျှင် အမှားအယွင်း ပြုလုပ်မိပါသည်ဟု ပြန်လည် တောင်းပန်ချင်စိတ်ရှိသည့်ပုံပင်။
နင်ယွမ်ရှန်းက ထိုအမှုထမ်းအားလုံးကို အပြစ်ပေးချင်စိတ်ရှိ၏။ သို့ပေမည့် အထူးစာမေးပွဲက စတင်တော့ပေမည်။ သူက ပြဿနာမရှာရန် ထိန်းသိမ်းထားခဲ့၏။ ပိုမို၍ အရေးကြီးမားသည်မှာ ဤတစ်ကြိမ်၌ သူ တကယ် မှားယွင်းသည့်အရာကို ပြုလုပ်မိ၏။ ထို့ကြောင့် အပြစ်ရှိသလို ခံစားနေမိ၏။
ပြောရမည်ဆိုလျှင် ချောင်ပြည်နယ်နှင့် ဆွေးနွေးမှုများအားလုံးကလည်း လိပ်ခဲတည်းလည်း ဖြစ်လို့နေခဲ့၏။ နင်ယွမ်ရှန်းကို ကြည့်ရသည်မှာ စိတ်ထဲတွင် ကြီးမားသည့် ဒေါသတရားများ တည်ရှိနေပြီး ထိုအရာကို ဖွင့်ထုတ်၍ မရသလို ဖြစ်နေသည်။
“ကျန်းချုံးရောက်လာပြီလား။ ခင်ဗျား တကယ်ကို အလုပ်ကြိုးစားခဲ့တာပဲ”
ကျန်းချုံးက ဦးတိုက်ကာ ပြောလိုက်၏။ “ကျုပ် မခံယူရဲပါဘူး”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ပိုင်ရီခရိုင်က အခြေအနေ ဘယ်လိုရှိလဲ”
ကျန်းချုံးက ပြော၏။ “အရမ်းကို ကောင်းပါတယ်”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားခဲ့၏။ ကျန်းချုံးက တကယ်ကို စကားနည်းသည့် လူတစ်ယောက်ဖြစ်၏။ အရမ်းကောင်းပါသည်ဟု ပြောဆိုလျှင် တကယ့်ကို ရှားရှားပါးပါး အရမ်းကိုကောင်းသည့် အရာမျိုးသာ ဖြစ်ပေလိမ့်မည်။
ပြောရမည်ဆိုလျှင် ပိုင်ရီခရိုင်၏ အခြေအနေတစ်ခုလုံးကလည်း အတော်ကောင်းမွန်၏။ ရှမ့်လန်က လူဆိုး တစ်ယောက်ဖြစ်သော်လည်း ကျန်းချုံးမှာတော့ သူတော်စင်တစ်ယောက်ကဲ့သို့ပင်။ သူတို့နှစ်ယောက်က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပိုင်ရီခရိုင်အတွင်းမှ ကျောက်ရောဂါ ဘေးအန္တရာယ် တစ်ခုလုံးကို ဖြေရှင်းပစ်ခဲ့၏။
သေဆုံးမှုနှုန်းကို အနည်းဆုံးအခြေအနေထိ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့၏။ ပိုင်ရီခရိုင်တစ်ခုလုံးကို စည်းခတ်ခဲ့ပြီး အခြားသို့ ပြန့်နှံ့သွားမည်ကိုလည်း ကြိုးစားတားဆီးခဲ့၏။ ကျန်းချုံးက ပိုင်ရီခရိုင်ထဲတွင် ရှိနေပြီး သူက တကယ့်ကို ထိုနေရာ၏ ဗုဒ္ဓတစ်ပါးကဲ့သို့ပင်။
ပိုင်ရီခရိုင်မှ လူအားလုံးသည် သူတို့၏ခရိုင်က ရွှဲ့ပြည်နယ်၏ပိုင်ဆိုင်မှုဖြစ်ကြောင်း အလုံးစုံသော ခံစားချက်များကို ပြန်လည်ရရှိလာခဲ့ကြ၏။ ထိုတင်သာမကသေးချေ။ တိုက်ပွဲအနည်းငယ်သို့ တိုက်ခိုက်ခဲ့ပြီးနောက် မျက်စိသုံးလုံး မိစ္ဆာ၏ လက်ကျန်ဓားပြအဖွဲ့ကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့ပြီ ဖြစ်သည်။
အနောက်တိုင်းဒေသမှ သိုင်းကျင့်ကြံသူအားလုံးကလည်း ရှမ့်လန်၏ သတ်ဖြတ်ခြင်းကို ခံရ၏။ ထို့အပြင် အကျင့်ပျက် ခြစားသည့် စုမိသားစု၏ သစ္စာခံအားလုံးကိုလည်း ရှမ့်လန်က သတ်ဖြတ်ခဲ့ပြန်၏။
ယခုအချိန်မှာတော့ ပိုင်ရီခရိုင်တစ်ခုလုံးက သန့်စင်လျက်ရှိနေပြီး ညအချိန် တံခါးမပိတ်ဘဲ အိပ်လျှင်ပင် ဝင်ခိုးသူ မရှိပေ။ လမ်းပေါ်မှာကျနေသည့် ပစ္စည်းကိုပင် မည်သူကမှ ကောက်ယူကြခြင်း မရှိချေ။ ထိုမျှအထိ ကိုယ်ကျင့်တရား ကောင်းမွန်သွားခဲ့သည်။
ကျန်းချုံးက ပြောလိုက်၏။ “သခင်လေးရှမ့်လန်က အကောင်းဆုံး ပြုလုပ်ပေးခဲ့တယ်။ သူသာ မပါဘူးဆိုရင် ပိုင်ရီခရိုင်တစ်ခုလုံးက ဒီလိုမျိုး သန့်ရှင်းစင်ကြယ်နေမှာ မဟုတ်ဘူး”
ဘုရင်မင်းမြတ်က လှောင်ပြောင်သလို ပြောလိုက်သည်။ “အင်း.. သူက ဓားကိုင်ပြီး ရှိသမျှ အကျင့်ပျက် ခြစားတဲ့လူတွေ အကုန်လုံးကို သတ်ဖြတ်ပစ်ခဲ့တာလေ။ ဘယ်လိုလုပ်ပြီးတော့ မသန့်ရှင်းဘဲ နေမှာလဲ”
ပြီးနောက် ဘုရင်မင်းမြတ်က ရေနွေးခွက်တစ်ခုကို ကောက်ယူကာ ပြောလိုက်၏။ “ချောင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းမှုက ဒုက္ခများနေတယ်။ ထင်မှတ်ထားတာထက် ပိုပြီးတော့ ပြဿနာများနေတယ်။ သူတို့က အရင်တုန်းက ကတိပေးထားခဲ့တယ်။ ဒါပေမဲ့ အခု ကတိစကားကို မတည်တော့ပြန်ဘူး။ ချောင်ဘုရင်က မတောင်းပန်ဘူး။ လျော်ကြေးမပေးတဲ့အပြင် သိမ်းပိုက်ထားတဲ့ ခံတပ်တွေကိုတောင် ပြန်ပေးချင်စိတ် မပေါ်ဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “ဒီကိစ္စက တောင်ပိုင်းနိုင်ငံရဲ့ မင်သားကျင်းနဲ့လည်း ပတ်သက်နေမယ်ထင်တယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “တောင်ပိုင်းနိုင်ငံစစ်ပွဲက အခြေအနေ မကောင်းဘူးလား”
ကျန်းချုံးက ပြောသည်။ “မင်းသားကျင်းရဲ့ ရည်မှန်းချက်က သေးငယ်တဲ့အရာ မဟုတ်ဘူး။ အရှင်မင်းကြီး... ကျေးဇူးပြုပြီး အစီအစဉ်တွေကို ကြိုပြီး ချမှတ်ထားပါ”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အပိုတွေ ပြောမနေနဲ့။ ပြောစရာရှိတာ ပြောတော့”
ကျန်းချုံးက ပြောလိုက်သည်။ “တောင်ပိုင်းနိုင်ငံကို စစ်သည်တွေ ပိုစေလွှတ်ဖို့ လိုအပ်မယ်လို့ ကျုပ်ထင်တယ်”
ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်လိုက်၏။ ယခု တောင်ပိုင်းနိုင်ငံ၌ တိုက်ပွဲစစ်မျက်နှာပြင်တွင် စစ်သည်ပေါင်း ၄ သောင်းမှ ၅ သောင်းရှိ ရောက်ရှိနေပြီးသားဖြစ်၏။ ယခုထပ်မံကာ စစ်သည်များကို ပေးပို့ရန် လိုအပ်နေသည်လား။
ထို့အပြင် ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့က မဟာမိတ်ဖွဲ့ထားခဲ့၏။ မဟာမိတ်ဆိုသည်မှာ အတုဖြစ်သည် ဆိုလျှင်တောင်မှ ဝူပြည်နယ်က တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် တောင်ပိုင်းနိုင်ငံနှင့် တိုက်ခိုက်သည့် တည်နေရာဆီသို့ စစ်သည်ပေါင်း နှစ်သောင်းကျော် ထပ်မံပို့ဆောင်ခြင်းဆိုသည်မှာ ပြဿနာ တစ်ခုတော့ မဟုတ်ချေ။
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဒါဆိုရင် စစ်သည်ဘယ်လောက်လောက်ပို့ဖို့ လိုအပ်မယ်လို့ ထင်လဲ”
ကျန်းချုံးက ခဏလောက် တွေးတောလိုက်သည်။ “အင်း.. အနည်းဆုံး တစ်သိန်းခွဲလောက်ပေါ့”
ထိုအချိန်မှာပင် ဘုရင်မင်းမြတ်က ထိတ်လန့်တကြားဖြင့် ထခုန်လုမတတ် ဖြစ်သွား၏။ ကျန်းချုံး ရူးသွပ် နေလေပြီလား။
“တစ်သိန်းခွဲ ဟုတ်လား”
ဝူနှင့်ချောင်ပြည်နယ်တို့ကြား စစ်ပွဲတွင် စစ်သည်ပေါင်း နှစ်သိန်းနီးပါးသာလျှင် အသုံးပြုခဲ့၏။ ဤအရာက နိုင်ငံနှစ်ခုပေါင်း အရေအတွက် ဖြစ်၏။ တောင်ပိုင်းနိုင်ငံကဲ့သို့ သေးငယ်သည့် နိုင်ငံတစ်ခုကို တိုက်ခိုက်ရန် ဤမျှ များပြားသည့် စစ်သည်အင်အား တစ်သိန်းငါးသောင်းကို ပေးပို့ရန် တကယ်တမ်း လိုအပ်နေလေသည်လား။
ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ်တို့ တောင်ဘက်ပိုင်းမှာ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်က မင်းသားကျင်းရဲ့ တပ်တစ်ခုတည်း မဟုတ်ဘူး။ တောင်ပိုင်းသဲကန္တာရ လူရိုင်းမျိုးနွယ်တွေလည်း ပါဝင်တယ်။ ဒီတော့ အရာအားလုံးကို ကျုပ်တို့က ရှင်းပစ်ပြီး တစ်ခါတည်း သုတ်သင်ပစ်မှ ဖြစ်လိမ့်မယ်။ စစ်သည် တစ်သိန်းခွဲဆိုတာ နည်းတောင်နည်းနေ ပါသေးတယ်”
ဘုရင်မင်းမြတ်က မည်သည့်စကားကိုမှ မဆိုဘဲ မျက်မှောင်ကုတ်လျက်ရှိနေ၏။ သူက အလုံးစုံသော အခြေအနေ အားလုံးကို သိရှိ၏။ သူ့အနေနှင့် ကြီးမားသည့်တိုက်ပွဲကြီးတစ်ခုကို မတိုက်ခိုက်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ ပိုက်ဆံမရှိသောကြောင့်ပင်။
ယင်ယွမ်အဖွဲ့အစည်းဆီမှ ချေးငှားထားခဲ့သည့်အရာများက မည်မျှ များပြားသနည်း။ သူ မသိရှိချေ။ တကယ်ကို များပြားသည့် ပမာဏပင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ယင်ယွမ်အဖွဲ့အစည်းက ဝူပြည်နယ်နှင့် ပူးပေါင်းပြီး လေ့ကျိုးကျွန်းစုကို တိုက်ခိုက်ကြောင်း သိရှိသည်ဆိုလျှင်တောင်မှ ဘုရင်မင်းမြတ်က မသိချင်ယောင် ဆောင်ထားရ၏။ ထိုအကြွေးများကြောင့်ပင်။
အရေးကြောင်းအခြေအနေမျိုးကို ရင်ဆိုင်ရန်အတွက် သူက ယင်ယွမ်အဖွဲ့အစည်းဆီမှ ရွှေဒင်္ဂါး နှစ်သန်းကျော်ကို ချေးငှားခဲ့ရ၏။ ထိုအရာကို မသုံးခဲ့ရသေးချေ။ သို့ပေမည့် ကျန်းချုံး အဆိုအရဆိုလျှင် စစ်သည်ပေါင်း တစ်သိန်းခွဲတို့ကို တောင်ပိုင်းနိုင်ငံ၏ စစ်မြေပြင်သို့ စေလွှတ်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပိုက်ဆံမည်မျှ ကုန်ကျမည်နည်း။ နတ်ဘုရားများသာ သိရှိပေလိမ့်မည်။
ဘုရင်မင်းမြတ်က ချက်ချင်းပဲ စကားလမ်းကြောင်း လွှဲလိုက်၏။ “အင်း... ကျန်းရှစ်စီရင်စုထဲမှာ ခင်ဗျား ကောင်းကောင်း အလုပ်လုပ်ခဲ့တယ်။ ပြီးတော့ ခင်ဗျားက ပိုင်ရီခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးပဲ။ လျန်ယုံနင် သေသွားခဲ့ပြီဆိုတော့ ဒီနှစ်လအတွင်းမှာ ခင်ဗျားက ကျန်းရှစ်စီရင်စုတစ်ခုလုံးရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အလုပ်တွေကို လုပ်ခဲ့ရတယ်။”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားက ခင်ဗျားကို ကျန်းရှစ်စီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် အသိအမှတ်ပြုဖို့ အာမခံ ပေးထားတယ်။ ခင်ဗျား ဘယ်လိုထင်လဲ”
ဤအရာက အနည်းနှင့်အများတော့ ဆုံးဖြတ်ခဲ့ပြီးသားဖြစ်၏။ ကျန်းချုံးက လူမြင်ကွင်းတွင် ထင်မှတ် ထားသည်ထက် ပိုမိုကာ လုပ်ဆောင်နိုင်စွမ်းရှိခဲ့၏။ ကျန်းရှစ်စီရင်စု ပြည်နယ်အုပ်ချုပ်ရေးမှုး ရာထူးအတွက် ဤလောကကြီးထဲတွင် ကျန်းချုံးထက် ပိုမိုကာ သင့်တော်သည့်သူပင် ရှိလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် ကျန်းချုံး နန်းမြို့တော်သို့ ဝင်လာပြီးချိန်၌ သာမန်လူများက သိပ်ဂရုမစိုက်သော်လည်း မင်းမှုထမ်းများအားလုံးက ဂရုစိုက်ခဲ့ခြင်း ဖြစ်၏။ ကြီးမားသည့် လူတစ်ယောက် ဖြစ်တည်လားတော့မည်ဆိုလျှင် သေးငယ်သည့် လူများက မြှောက်ထိုးပင့်ကော် ပြုလုပ်ရမည် မဟုတ်ပါလား။ ယခု ကျန်းချုံး၏ မြင့်တက်မှုကို မည်သူကမှ တားဆီးနိုင်လိမ့်မည်မဟုတ်ချေ။
စုနန်၏ ပုန်ကန်မည့် စစ်တပ်ကြီးကို သုတ်သင်ရှင်းလင်းပစ်ခြင်းအားဖြင့် ပထမဦးဆုံး ကောင်းကျိုးပြုခဲ့သည့်လူက ရှမ့်လန်ဖြစ်၏။ သို့ပေမည့် ဤရှမ့်လန်က အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့၏။ သူက ဘာတစ်ခုကိုမှ ဂရုစိုက်တတ်သည့် လူတစ်ယောက် မဟုတ်ချေ။ လူများကို ထိခိုက်နာကျင်အောင် ပြုလုပ်တတ်သည့် မိစ္ဆာသတ္တဝါတစ်ကောင်ကဲ့သို့ပင် အားလုံးသောသူတို့ကို ထင်မှတ်စေခဲ့၏။
ထို့အပြင် နိုင်ငံရေးရာ ကိစ္စရပ်များနှင့် ပတ်သက်လျှင် သူ့၌ စွမ်းဆောင်ရည် မရှိသကဲ့သို့ပင်။ ထို့အပြင် သူ့၌ စိတ်ရှည်သည်းခံမှုကလည်း မရှိချေ။ ထို့ကြောင့် အရာအားလုံးသော ကောင်းချီးတို့က ကျန်းချုံးဆီသို့ ကျဆင်းလာခဲ့ခြင်းပင်။
ယခု အိမ်ရှေ့စံမင်းသားနှင့် ကျူးကလန်တို့၏ ပထမဦးဆုံး အသိအမှတ်ပြုမှုက ကျန်းချုံးပင် ဖြစ်၏။ ကျန်းရှစ်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ယန်ကျိုးစီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးလောက် ကောင်းမွန်ခြင်း မရှိသော်လည်း ရွှဲ့ပြည်နယ်ထဲတွင်တော့ အဆင့်လေး ရာထူးရာခံနှင့် အရာရှိကြီးများထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။
နှစ်အနည်းငယ်ကြာပြီး နန်းမြို့တော်ဆီသို့ ပြန်လာသည်ဆိုပါက ကျိန်းသေပေါက် ညီလာခံအဖွဲ့ဝင်ပင် ဖြစ်လာနိုင်ပြီး ဌာနတစ်ခုခု၏ ဝန်ကြီးပင် ဖြစ်လာနိုင်၏။ အနာဂတ်၌ ညီလာခံထဲသို့ ရောက်ရှိလာနိုင်သည့် လူဟူ၍ အားလုံးက ကြိုတင်သိရှိထားပြီးသားဖြစ်၏။
ကျူးကျွင်းက ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပြီး ကျန်းချုံးကတော့ အနည်းဆုံး တတိယဝန်ကြီးချုပ် ဖြစ်လာနိုင်၏။ ဤဟာက အနာဂတ်တွင် ကြီးမားသည့် ရာထူးရာခံနှင့် ဖြစ်တည်လာမည့် လူများပင်။ သို့ပေမည့် အရာကိစ္စများက ခန့်မှန်းရန် လွယ်ကူလှသည် မဟုတ်ချေ။ အရာအားလုံးက ကံကြမ္မာအပေါ်တွင် မူတည်နေသောကြောင့်ပင်။
လွန်ခဲ့သည့် လအနည်းငယ်တုန်းက ကျန်းချုံးက အထူးတရားရုံး၏ အကျဉ်းထောင်ထဲတွင် သေဆုံးရမည့် လူပင်။ သူ့၌ မည်သည့်နောက်ခံမှ မရှိချေ။ ကျိန်းသေပေါက် သေဆုံးရမည့် အခြေအနေမျိုးပင်။ အဆုံးသတ်မှာတော့ အသက်ရှင်ရပ်တည်နိုင်ရုံသာမက ကြီးမားသည့် အနာဂတ်တစ်ခုကိုပင် ပိုင်ဆိုင်ခဲ့၏။
ထို့ကြောင့် လူပေါင်းများစွာ ခံစားချက်အပြည့်နှင့် သက်ပြင်းချရုံမှလွဲ၍ တခြား ဘာလုပ်နိုင်မည်နည်း။
ကျန်းချုံးက အိမ်သို့ ပြန်မရောက်သေးသော်လည်း သူ၏ အိမ်တစ်ခုလုံးက လူပေါင်းများစွာတို့နှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်၏။ အရာရှိအရာခံ တစ်ရာကျော်တို့က တံခါးဝတွင် ပိတ်လျက်ရှိနေပြီး သူ့ကို ချီးကျူး ဂုဏ်ပြုသည့် လက်ဆောင်များကိုပင် လာရောက်ကာ ပေးထားကြသည်။
ဘုရင်မင်းမြတ်၏ စကားကို ကြားရတော့ ကျန်းချုံးက ချက်ချင်းပဲ ဦးညွှတ်ကာ ပြောလိုက်၏။ “အင်း.. ကျန်းရှစ်စီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာက အရေးကြီးတဲ့နေရာပါပဲ။ ကျုပ်အနေနဲ့ အရည်အချင်း ပြည့်မီမယ်လို့ မထင်ပါဘူး”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ကျန်းချုံး.. ကျုပ်ကို ဘာပြောစေချင်တာလဲ။”
ကျန်းချုံးက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ “အရှင်မင်းကြီးကသာ ကျုပ်ကို သွားစေချင်တယ်ဆိုရင် ကျုပ် ကျိန်းသေပေါက် လိုက်နာရပါလိမ့်မယ်။ ဒါပေမဲ့ အရှင်မင်းကြီးသာ စိတ်မရှိဘူးဆိုရင် ကျုပ်က ကျန်းရှစ်စီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကို မလိုချင်ပါဘူး”
ဘုရင်မင်းမြတ်က ကြောင်အသွားခဲ့၏။ သူ၏ အထင်အမြင်ဆိုလျှင် ကျန်းချုံးက လိုက်နာတတ်သည့် လူတစ်ယောက်ဖြစ်၏။ ကျန်းရှစ်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုသည်မှာ အဆင့်လေး အရာရှိကြီး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
အဆင့်လေး အရာရှိကြီးလေးယောက်ထဲမှ နင်ချီက မင်းသားတစ်ပါး ဖြစ်၏။ ထို့ကြောင့် သူ့ကို ထည့်တွက်ရန် မလိုအပ်ချေ။ ထို့ကြောင့် ကျန်းချုံးသာ ထိုနေရာဆီသို့ ရောက်ရှိသွားပါက ရွှဲ့ပြည်နယ်တွင် ကြီးမားလွန်းသည့် အရာရှိကြီး သုံးယောက်ထဲမှ တစ်ယောက်အဖြစ် ဖြစ်လာပေလိမ့်မည်။
သို့ပေမည့် တကယ်တမ်း ငြင်းပယ်နေလေသည်လား။
ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်လိုက်၏။ “ဘာကြောင့်လဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ် ရှမ့်နဲ့ ရန်သူတွေ မဖြစ်ချင်ပါဘူး”
ဘုရင်မင်းမြတ်က အံ့အားသင့်သွား၏။ ထိုကဲ့သို့ အကြောင်းအရင်းကြောင့်လား။ သူ့အနေနှင့် ကျန်းချုံး ငြင်းပယ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ အိမ်ရှေ့စံမင်းသားက ကျန်းချုံးကို အာမခံခဲ့၏။ ကျန်းချုံးက ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးရာထူးကို သဘောတူညီလိုက်သည်ဆိုသည်နှင့် အိမ်ရှေ့စံမင်းသား၏ သစ္စာခံနောက်လိုက် ဖြစ်သွားပေမည်။ ထိုသို့ဆိုလျှင် ကျန်းရှစ်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးအနေနှင့် အိမ်ရှေ့စံမင်းသား၏ ထိန်းချုပ်မှုကို ခံရပေလိမ့်မည်။
ကျန်းရှစ်စီရင်စု၏ မြောက်ဘက်ပိုင်းတွင် ကျုံးယောင်၏ စစ်တပ်ကြီး တည်ရှိ၏။ ထိုသူက တတိယမင်းသား၏ နောက်လိုက်ပင်ဖြစ်၏။ ဟန်ချက်ညီအောင် စီစဉ်ထားသည်ဆိုလျှင်တောင်မှ ကျန်းရှစ်စီရင်စု၏ ပြည်နယ် အုပ်ချုပ်ရေးမှူးဆိုသည်မှာ အိမ်ရှေ့စံမင်းသား လက်ခုပ်ထဲမှရေပင်။
ဘုရင်မင်းမြတ်က နှာခေါင်းရှုံ့လိုက်၏။ “ရှမ့်လန်က ပေါက်ကရလေးဆယ်တွေ လျှောက်လုပ်နေတာ။ သူက နင်ကျန်းကို နန်းပလ္လင်ဆက်ခံဖို့ ကူညီနေတာနဲ့တင် မအားဘူး။ ခင်ဗျား သူ့နဲ့ရန်သူ ဖြစ်ချင်တယ်ဆိုရင်တောင်မှ အခွင့်အရေးရမှာ မဟုတ်ဘူး”
ကျန်းချုံး၏ နဖူးက မြေကြီးကို ထိသွားခဲ့၏။ သူက မည်သည့်စကားကိုမှ မဆိုချေ။
အရှင်မင်းမြတ်က ပြောလိုက်၏။ “အင်း... မုန်လာဥတိုင်းမှာလည်း သူ့အထွာနဲ့သူ ရှိနေတာပဲလေ။ ခင်ဗျားက ကျန်းရှစ်စီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကို မလိုချင်ဘူးဆိုတော့ ခင်ဗျားနဲ့ထိုက်တန်တဲ့ တခြားရာထူး မရှိဘူး”
“ဟုတ်ကဲ့ပါ” ကျန်းချုံးက ပြောလိုက်သည်။
ဘုရင်မင်းမြတ်က လက်ကိုယမ်းခါလိုက်၏။ “ဒါဆို အိမ်ကို အရင်သွားတော့။ ခင်ဗျားကို လူတွေအများကြီး စောင့်နေမှာတောင် စိုးရတယ်”
ဤအရာ လှောင်ပြောင်ခြင်းဖြစ်နေ၏။ ကျန်းချုံး၏ အိမ်တွင် လူပေါင်းများစွာနှင့် ပြည့်နှက်နေသည်ဟု သတိပေးလိုက်ခြင်းပင်။
ကျန်းချုံးက ဦးတိုက်လိုက်၏။ “ကျုပ် သွားလိုက်ပါအုံးမယ်”
ပြီးနောက် သူက စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ လူတွေကြားထဲမှ ကံကြမ္မာတရားကို အတင်းတွန်းအားပေး၍ မဖြစ်နိုင်ချေ။ သူ ကျန်းချုံးက ကြီးမားသည့်ကောင်းကျိုးကို ပြုလုပ်ခဲ့၏။ ဘုရင်မင်းမြတ်က သူ့ကို အထင်အမြင်ကြီးသည် ဆိုလျှင်တောင်မှ သူက အခွင့်အရေးယူ၍ မဖြစ်ပေ။
ထို့အပြင် ကျန်းချုံးက အရာအားလုံးကို ဂရုစိုက်တတ်သူတစ်ယောက် မဟုတ်ချေ။ ဘုရင်မင်းမြတ်နှင့် ခပ်ဝေးဝေး နေထိုင်ရန် မျှော်လင့်ထား၏။ ရှမ့်လန်ကဲ့သို့ ဘုရင်မင်းမြတ်နှင့် ရောရောထွေးထွေး နေထိုင်ရန် သူက မတတ်နိုင်ခဲ့ချေ။ ထို့အပြင် ထိုအရာကို သူ သင်ယူ၍လည်း မဖြစ်နိုင်ချေ။ ရှမ့်လန် တစ်ယောက်တည်းသာ တတ်မြောက်သည့် အကြောင်းအရာပင်။
နန်းတော်ဆီမှ ထွက်ခွာသွားပြီးနောက် ကျေးကျွန်အိုကြီးက မေးလိုက်၏။ “သခင်ကြီး အိမ်ကိုပဲ သွားမှာလား”
ကျန်းချုံးက လူများပြည့်နှက်လျက်ရှိနေမည့် အိမ်ကို မြင်ယောင်ပြီးနောက် ချက်ချင်းပဲ စိုးရွံ့သွားသည်။
“အိမ်မပြန်ဘူး။ မင်းသားနင်ကျန်းရဲ့ အိမ်ကို သွားကြရအောင်” ကျန်းချုံးက ပြောလိုက်၏။
ကျေးကျွန်အိုကြီးက ကြောင်သွားခဲ့သည်။ “ဆရာကြီး... ဒါက အိမ်ရှေ့စံမင်းသားကို အပြစ်ပြုသလို ဖြစ်ပါလိမ့်မယ်”
ကျန်းချုံးက ပြောလိုက်၏။ “ဆုံးဖြတ်ချက်ချပြီးပြီ ဆိုမှတော့ ဘာကိုကြောက်နေရတော့မှာလဲ။”
ကျေးကျွန်အိုကြီးက ပြောလိုက်သည်။ “သခင်လေးရှမ့်က ပြန်မရောက်သေးဘူး”
ကျန်းချုံးက ပြောလိုက်၏။ “ဒါဆိုလည်း အိမ်မှာ စောင့်ကြတာပေါ့။ သူ့ဆီမှာ စာအုပ်ကောင်း တော်တော်များများ ရှိတယ်လို့ ကြားခဲ့တယ်။ စာဖတ်ပြီး အေးအေးဆေးဆေး စောင့်မယ်။”