ဖုန်းကျိန့်ရှုံး ရဲ့ သတင်း
Vol. 17 Ch. 242
~ထိုနေ့ ညနေခင်းမှာပဲ ယန်ဟော်အင်ပါယာတစ်ခွင်လုံးကို လှုပ်ခတ်သွားစေမည့် ထူးဆန်းထွေလာ သတင်းတစ်ခု စတင် ပျံ့နှံ့လာခဲ့လေသည်။
ဇာတ်လမ်းက ယန်ဟော်မြို့ကနေ စသည်ပင်။
လွန်ခဲ့သည့် သုံးရက်ကမှ သွေးချောင်းစီး တိုက်ပွဲကြီး ပြီးထားတာမို့ နှစ်နိုင်ငံပေါင်း သေဆုံးခဲ့သော စစ်သားအလောင်းတွေက သောင်းနှင့် ချီပြီး ရှိနေခဲ့၏။
တိုက်ပွဲပြီးကတည်းက အလောင်းတွေကို အဆက်မပြတ် ရှင်းလင်းနေရသော်ငြား လူဦးရေက သိပ်များလွန်းတော့ အချိန်ယူနေရဆဲ ဖြစ်သည်။
သို့သော်၊ သည်မနက်မိုးလင်းတော့
ရှင်းလင်း၍ မပြီးသေးသော စစ်သားအလောင်းတွေ အကုန်လုံး၊ အကုန်လုံး၊.. အရိုးစုတွေချည်း ဖြစ်ကုန်တော့သည်။
"ဒါ.. ဒါ ဘယ်လိုဖြစ်ရတာလဲ"
တစ်ညတည်းနှင့် အလောင်းတွေပေါ်က အသားတွေအားလုံးဟာ ဘယ်ရောက်သွားမှန်း မသိဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့၏။
ဒါတင် ဘယ်ကမလဲ။ စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်ပြီးသား အလောင်းတွေကို ပြန်တူးကြည့်တော့လည်း အတူတူပင်။ အရိုးပုံကြီးတွေသာ ကျန်တော့သည်။
"သ သရဲ သရဲခြောက်တာ။ သေချာပြီ"
ဒီလို ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော အလောင်းရှင်သည့် စစ်သားတွေခမျာ သွေးပျက်မတတ် ကြောက်လန့်သွားကြသည်ပင်။
တစ်ညတည်းနှင့် အလောင်း သောင်းချီက အရိုးစုတွေ ဖြစ်သွားသည်တဲ့။
"သွားပြီ။ ဒါ ဘယ်လို သတ္တဝါဆန်း ဝင်စားသွားတာလဲ"
ဘယ်သူမှ ဘာဖြစ်သွားမှန်း မသိကြတော့။
ဒီလို ထူးဆန်းထိတ်လန့်စရာ သတင်းကို ကြားကြားချင်းပဲ စစ်သားတွေက ဧကရာဇ်မြို့တော်ကို အမြန်ဆုံး သတင်းပို့လိုက်ကြသည်။
ဧကရာဇ်မင်း သွမ့်ထျန်းဟွမ်နှင့် နန်းတွင်း အရာရှိကြီးတွေလည်း ဒီသတင်းကို ကြားရော ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ သူတို့တစ်သက်မှာ ဒီလို ထူးဆန်းထွေလာကြီးမျိုး တစ်ခါမှ မကြားဖူးဘူး မဟုတ်ပါလော။
"တောက်။ စစ်နိုင်လို့တောင် မပျော်ရသေးဘူး။ ဒါက ဘာ အရှုပ်ထုတ် လာပြန်တာလဲ"
အင်ပါယာကြီးက သွေးထွက်သံယို စစ်ပွဲကြီးတစ်ခု ပြီးခါစ။ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေနှင့် ရှုပ်ထွေးနေသော ကိစ္စတွေက တစ်ပုံတစ်ပင်ကြီး။ အခု ဒီထူးဆန်းသည့် ကိစ္စက အပေါ်က ထပ်ပိလာပြန်ပြီ။
ဘယ်လောက်ပဲ ရှုပ်နေ၊ ရှုပ်နေ ၊ ဒီကိစ္စက ပိုအရေးကြီးသည်။ သွမ့်ထျန်းဟွမ်နှင့် နန်းတွင်းအကြံပေး ယန်ထျန်းရှန်တို့လည်း တခြားကိစ္စတွေ အသာထားပြီး ယန်ဟော်မြို့ကို ချက်ချင်း ထွက်လာခဲ့ကြရတော့၏။
နောက်တစ်နေ့ မနက်မှာတော့ ဒီသတင်းကို ကြားသိရသော ဟွမ်ယန် တစ်ယောက် ပြိုင်ဘက်ကင်းမြို့က ဖုန်းမိသားစုဆီ အပြေးအလွှား ရောက်လာခဲ့တော့သည်။
သို့သော်၊ ထိုနေ့မှာပဲ ဖုန်းမိသားစုမှာလည်း မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည် တစ်ယောက် ရှိနေလေရဲ့။
ဒီဧည့်သည်က တခြားလူ မဟုတ်ပေ။ အရင်တစ်ခါက ဖုန်းမိသားစု အစောင့်တစ်ယောက်လို လာပြီး ဟန်ဆောင်သွားသည့် ထိုလူပင်။
"ကျွန်တော့်နာမည် ဟဲမော့ ပါ။ စစ်သူကြီးချုပ်ကို နှုတ်ဆက်ပါတယ် ခင်ဗျာ"
ခန်းမဆောင်ထဲ ဝင်လာသော လူတစ်ယောက်က ဖုန်းဝူချန်ကို ယဉ်ကျေးသလိုလို၊ ဘာလိုလိုနှင့် နှုတ်ဆက်လိုက်သည်။
ဖုန်းဝူချန်က ထိုလူကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း မေးလိုက်၏။
"မင်းက ဘယ်သူလဲ။ ဒီကို ဘာလာလုပ်တာလဲ"
"မင်း မင်း"
ဖုန်းဝူချန် စကားတောင် မဆုံးသေး၊ ဖုန်းချန်ယန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
"ဒီကောင်စုတ်၊ ငါ့မျက်စိထဲကကို မထွက်ဘူး"
သူက ဟဲမော့ကို လက်ညှိုးထိုးပြီး ဒေါသတကြီး အော်လိုက်လေသည်။
" တကယ်ပဲ မင်းဖြစ်နေတာပဲ"
"ဟော။ အကြီးအကဲက မှတ်ဉာဏ် တော်တော်ကောင်းတာပဲ။ ကျွန်တော့်ကို မှတ်မိသေးတယ်ပေါ့လေ"
ဟဲမော့က အံ့ဩသွားသလို ပြုံးလိုက်ပေမယ့် သူ့မျက်နှာမှာ ကြောက်သည့် အရိပ်အယောင် တစ်စက်မှ မတွေ့ရပေ။
"ဝူချန် ဒီကောင်ပဲ"
ဖုန်းချန်ယန်က ဒေါသနှင့် တုန်ယင်ရင်း အော်ပြောလိုက်သည်။
"အရင်တစ်ခါက ငါတို့ မိသားစု အစောင့်လို ဟန်ဆောင်သွားတဲ့ ကောင်။ မိသားစု ခေါင်းဆောင်ကို ဖမ်းသွားတာ ဒီကောင့် လက်ချက်ပဲ ဖြစ်ရမယ်။ သူ့ကို သူ့ကို လုံးဝ အလွတ်မပေးနဲ့"
"ဘာပြောတယ်ဗျ"
"ဒါ မိသားစုခေါင်းဆောင်ကို ဖမ်းသွားတဲ့ကောင် ဟုတ်လား"
ဖုန်းမိသားစုဝင်တွေ အားလုံး၏ မျက်နှာတွေက ချက်ချင်း အရောင်ပြောင်းသွားကြသည်။
"ချန်အာ သူ့ကို သူ့ကို မိအောင်ဖမ်းထား။ လုံးဝ လွတ်မသွားစေနဲ့"
ရှောင်ချင်းချင်းကလည်း ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ဖုန်းဝူချန် မျက်နှာက တစ်ခဏအတွင်း ရေခဲတုံးလို အေးစက်သွား၏။
မျက်စိတစ်မှိတ်အတွင်းမှာ
“ရှပ်”
သူက ဟဲမော့၏ ရှေ့တည့်တည့်ကို ရောက်နေပြီ။ အထွတ်အထိပ် နဂါးနတ်ဘုရားဓားက ဟဲမော့၏ လည်ပင်းပေါ် တင်လျက်သား။
"သူ့ကို မလွတ်စေနဲ့"
လျိုချင်းယန်ကလည်း ဒေါသတကြီး အော်ရင်း မြောင်ချင်းချင်နှင့်အတူ ဟဲမော့၏ နောက်ဘက်က ထွက်ပေါက်ကို သွားပိတ်ထားလိုက်သည်။
"ငါ့အဖေ ဘယ်မှာလဲ"
ဖုန်းဝူချန်၏ အသံက အေးစက်နေပြီး စကားလုံးတိုင်းမှာ သတ်ဖြတ်လိုသော အရှိန်အဝါတွေ အပြည့်ပင်။
‘ဟက် သတ်လေ။ မင်းသတ်ရဲလို့လား။ မင်းအဖေက ငါ့လက်ထဲမှာ။ မင်းအဖေကို သတ်လိုက်တာနဲ့ အတူတူပဲ။ သတ်လိုက်။ မင်းက ငါ့ကို မသတ်ရဲပါဘူး’
ဟဲမော့က စိတ်ထဲက တွေးလိုက်ပေမယ့် အပြင်မှာတော့ တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဟား ၊စစ်သူကြီးချုပ်က တကယ်ပဲ ရက်စက်ပြီး သွေးအေးတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ထျန်းယွမ်ဘုံ ပထမအလွှာနဲ့ တတိယအလွှာကို သတ်နိုင်တဲ့ ခင်ဗျားရဲ့ စွမ်းအားက တကယ်ပဲ ကြောက်ဖို့ကောင်းတာ အမှန်ပဲ"
"မင်း၊ မင်း"
ဖုန်းချန်ယန်က ဒေါသကြောင့် စကားတောင် ဆက်မပြောနိုင်တော့။
"မိသားစုခေါင်းဆောင် ဘယ်မှာလဲဆိုတာ ချက်ချင်း မပြောရင် မင်း ဒီနေ့ ဒီနေရာကနေ အရှင်ထွက်သွားဖို့ မစဉ်းစားနဲ့"
ဘယ်လောက်ကြာပြီနည်း။ ဖုန်းမိသားစုက ဒီသတင်းကို ဘယ်လောက်တောင် စောင့်ခဲ့ရသနည်း။
ဖုန်းဝူချန်က ဟဲမော့ကို အေးစက်စက် စိုက်ကြည့်ရင်း မေးလိုက်သည်။
"မင်း ဒီနေရာကို ဒီလောက် သတ္တိကောင်းကောင်းနဲ့ ရောက်လာတာ ဒါ ငါ့အဖေ အသက်ရှင်နေသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ"
"ငါ့ရှေ့မှာ ဒီလောက် တည်ငြိမ်နေနိုင်တာ မင်းမှာ ယုံကြည်ချက် ရှိနေလို့ပဲ။ အနည်းဆုံးတော့ ဒီနေရာမှာ သေမှာမဟုတ်ဘူးလို့ ယုံကြည်ထားလို့ မဟုတ်လား"
"အင်ပါယာရဲ့ ပထမဆုံး ပါရမီရှင် စစ်သူကြီးချုပ်က တကယ်ပဲ ထက်မြက်ပါပေတယ်"
ဟဲမော့က ပြုံးရင်း ခေါင်းညိတ်ပြသည်။
"ဟင်"
"ဒါဆို မိသားစုခေါင်းဆောင်"
"တကယ် အသက်ရှင်နေသေးတာလား"
ရှောင်ချင်းချင်း အပါအဝင် ဖုန်းမိသားစုဝင်တွေအားလုံး ဒီစကားကို ကြားတော့ ချက်ချင်း ဝမ်းသာသွားကြသည်။
"မြန်မြန်ပြော ကျိန့်ရှုံး ဘယ်မှာလဲ"
ရှောင်ချင်းချင်းက ဒေါသသံနှင့် အမိန့်ပေးလိုက်သည်။
"အာ ၊ ဖုန်းကတော်ကလည်း ဘာလို့ ဒီလောက် လောနေတာလဲ"
ဟဲမော့က ကြောက်သည့် ပုံ လုံးဝမပြပေ။
“ရွှတ်”
အထွတ်အထိပ် နဂါးနတ်ဘုရားဓားက ဟဲမော့၏ လည်ပင်းကို အနည်းငယ် ပွတ်တိုက်သွားသည်။ သွေးတစ်စ ထွက်လာ၏။
‘သ သေစမ်း။ ဒီကောင် တကယ် တကယ် လုပ်’
ဟဲမော့၏ မျက်နှာ မသိမသာ ပျက်သွားသည်။
"ငါ့ရဲ့ စိတ်ရှည်မှုကို လာမစမ်းနဲ့"
ဖုန်းဝူချန်၏ အသံက ပိုပြီး အေးစက်သွား၏။
"မင်း ငါ့ကို တကယ် မသတ်ရဲဘူးလို့ ထင်နေတာလား"
"ငါ့အဖေ ဘယ်မှာလဲ ချက်ချင်းပြော။ မဟုတ်ရင် မင်းကို သတ်ပစ်ဖို့ တစ်စက္ကန့်တောင် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး"
"ငါ မင်းကို သတ်လိုက်ရင် မင်းတို့ရဲ့ နောက်ကွယ်က အဖွဲ့အစည်းက နောက်တစ်ယောက်ကို ငါ့ဆီ ထပ်လွှတ်ရုံပဲ မဟုတ်လား။ ပြောကြည့်စမ်း"
ဖုန်းဝူချန်၏ ကြောက်စရာကောင်းသော အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်ကို တိုက်ရိုက် ခံစားမိလိုက်ရတော့ ဟဲမော့တစ်ယောက် ကျောပြင်မှာ ချွေးအေးတွေ စို့တက်လာသည်။
‘သွားပြီ။ ဒီကောင် တကယ်သတ်မယ့်ပုံပဲ။ ဆ၊ ဆရာကယ်ပါ’
"ကျွန် ကျွန်တော့် ဆရာက စစ်သူကြီးချုပ်ကို တွေ့ချင်လို့ပါ"
သူ့သခင်က တွေ့ဆုံချင်သည်ဟု ပြောမလို့ပင်၊ သို့သော်၊
"ငါ မေးတာ ငါ့အဖေ ဘယ်မှာလဲလို့"
ဖုန်းဝူချန်က ဓားကို အနည်းငယ် ပိုဖိလိုက်ပြန်သည်။
"ကျို..ကျိုကျိုးမှာပါ"
ဟဲမော့ တစ်ယောက် ကြောက်လန့်တကြား အော်ပြောလိုက်မိတော့သည်။
"တိုက်ကြီးပေါ်က ကျိုကျိုး ဟုတ်လား။ ဟား၊ တကယ်ပဲ မင်းတို့ လက်ချက်ကိုး"
ဖုန်းချန်ယန်က မျက်မှောင်ကြုတ်ရင်း ဆိုသည်။
"ကျိုကျိုးက အင်ပါယာနဲ့ သိပ်မဝေးဘူး။ တိုက်ကြီးရဲ့ အနောက်ဘက် အစွန်ဆုံးမှာ ရှိတာ။ ဒါကြောင့် ဒါကြောင့် ငါတို့ မိသားစုခေါင်းဆောင်ကို ဘယ်လိုရှာရှာ မတွေ့တာကိုး"
"ကျိုကျိုး"
ဖုန်းဝူချန် မျက်မှောင်ကြုတ်သွားသည်။
"ရှောင်မိသားစု။ ဟုတ်တယ် ရှောင်မိသားစုက ကျိုကျိုးမှာ နေတာ။ ဟွမ်ဖူထျန်းရဲ့ ကိစ္စကိုတောင် သူတို့ သိနေသေးတာ"
"ဒါဆို ဟွမ်ဖူထျန်းပါးတို့ တစ်သိုက်လည်း ကျိုကျိုးမှာပဲ ပုန်းနေတာ ဖြစ်ရမယ်"
"ငါ့အဖေကို ဘာကိစ္စအတွက် ဖမ်းသွားတာလဲ"
"ကိုးထပ် ချန်ခွန်း မျှော်စင် အတွက်ပဲ"
ဟဲမော့က ဒီတစ်ခါတော့ ဝေ့ဝိုက်မနေတော့ဘဲ တည့်တည့် ဖြေလိုက်သည်။
‘ နောက်ဆုံးတော့ ဒီမျှော်စင်ကြောင့်ပဲ’
ဖုန်းဝူချန် စိတ်ထဲက တွေးလိုက်သည်။
‘ဟုတ်တောင် ဟုတ်သေးရဲ့ ဒီလောက် တန်ခိုးကြီးတဲ့ ပစ္စည်းမျိုး ငါ့လက်ထဲ ရှိနေတာ ဘယ်သူက မျက်စိမကျဘဲ နေမလဲ’
တစ်ပိုင်း'အင်မော်တယ်'လက်နက် တစ်ခု။ တခြားသူရဲ့ 'အစစ်အမှန်ယွမ်' ကိုပါ ဖိနှိပ်နိုင်တဲ့ စွမ်းအား။ ဒါမျိုးကို ဘယ်ပညာရှင်က မက်မောမှာ မဟုတ်လို့လဲ။
ထိုစဉ်၊ ဖုန်းချန်ယန်က ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
"ဆိုးညစ်လိုက်တဲ့ လူတွေ။ မိသားစုခေါင်းဆောင်ကို ဓားစာခံလုပ်ပြီး ဝူချန်ဆီက မျှော်စင်ကို လုယူချင်နေတာ"
"မင်းတို့ သတ္တိတွေ တော်တော်ကောင်းနေပါလား။ အစ်ကိုဖုန်းရဲ့ မျှော်စင်ကို လာမျက်စိကျရဲတယ်။ သေချင်နေကြပြီ ထင်တယ်"
လျိုချင်းယန်ကလည်း ဒေါသထွက်ထွက်နှင့် အော်လိုက်၏။
"သေချင်တယ် ဟုတ်လား။ ဟက်"
ဟဲမော့က အခြေအနေ နည်းနည်း ပြန်ငြိမ်သွားတော့ လှောင်ရယ် ရယ်လိုက်သည်။
"ငါ့နောက်က ဘယ်လို အင်အားစုက ကျားကန်ပေးထားလဲ မင်းတို့ သိလို့လား။ အင်ပါယာကြီး လေးခုက ဧကရာဇ်တွေ သူတို့တောင် ဒီမျှော်စင်ကို လိုချင်နေတာ။ ငါတို့ဆရာကသာ တကယ် လိုချင်လို့ အတင်း လုမယ်ဆိုရင် အဲ့ဒီ အင်ပါယာလေးခုက ဘာမို့လို့လဲ။ ငါတို့ဆရာက လူမသိ သူမသိ ဆောင်ရွက်ချင်လို့သာ"
"တော်ပြီ"
ဖုန်းဝူချန်က သူ့စကားကို ဖြတ်လိုက်သည်။
"မင်း ပြန်တော့။ မင်းတို့ဆရာကို သွားပြောလိုက် ကျိုကျိုးကို ငါ လာခဲ့မယ် လို့"
"ငါ့အဖေ့ဆီက ဆံပင်တစ်ချောင်းတောင်မှ ထိခိုက်လို့ မရဘူး။ မဟုတ်ရင် မင်းတို့ရဲ့ နောက်ကွယ်က ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အကုန်လုံးကို ပိပြားသွားအောင် ချေမှုန်းပစ်မယ်"
"စစ်သူကြီးချုပ် စိတ်ချပါ။ မိသားစုခေါင်းဆောင်က အကောင်းကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ဆရာက မျှော်စင်ကိုပဲ လိုချင်တာပါ။ မိသားစုခေါင်းဆောင်ကို နည်းနည်းလေးတောင် အထိအခိုက် မခံပါဘူး"
ဟဲမော့က ပြုံးရင်း ပြန်ဖြေလေသည်။
"ထွက်သွား"
"ကျွန်တော် သွားပါပြီ"
ဟဲမော့လည်း ချက်ချင်း လှည့်ထွက်သွားတော့သည်။
ဟဲမော့ ထွက်သွားတာနှင့်၊ သူက မေးတော့၏။
"မေမေ ကျိုကျိုးကို မေမေ ပိုသိတယ်။ ဘယ်အင်အားစု ဖြစ်နိုင်မယ် ထင်လဲ"
ထိုအခါ ရှောင်ချင်းချင်းက ခေါင်းခါလိုက်ပြီး
"ကျိုကျိုးမှာ အဓိက အင်အားစု ငါးခု ရှိတယ်။ ရှောင်မိသားစုကို ဖယ်လိုက်ရင် ကျန်တဲ့ လေးခုထဲက တစ်ခုခုပဲ။ ဘယ်သူမှန်းတော့ မေမေလည်း မသိဘူး သားရယ်"
"ဝူချန် ၊ သူ့နာမည် 'ဟဲမော့' ဆိုတာ သိထားမှတော့ စုံစမ်းရတာ မခက်တော့ပါဘူး။ ကျိုကျိုးကို ရောက်ရင် အလိုလို သိရမှာပါ"
ဖုန်းချန်ယန်က ဝင်ပြောလိုက်သည်။
"ချင်းယန် အခု ချက်ချင်း ကောင်းကင်ဗိမာန်ကို သွား။ ရွှယ်ဖုန်းနဲ့ ချီဟွမ်ကို ကျိုကျိုးကို အခု ချက်ချင်း သွားပြီး စုံစမ်းခိုင်းလိုက်ပါ"
"ကောင်းပြီ အစ်ကိုဖုန်း။ ကျွန်တော် အခုပဲ သွားလိုက်မယ်"
လျိုချင်းယန်လည်း လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း သိုင်းကွက်ကို သုံးပြီး ကောင်းကင်ဗိမာန်ဆီ အမြန်ဆုံး ထွက်ခွာသွားတော့သည်။
လျိုချင်းယန်တစ်ယောက် ကောင်းကင်ဗိမာန်ကို ထွက်သွားသည်နှင့် သူ့နောက်မှာပဲ ဟွမ်ယန် တစ်ယောက် အပြေးအလွှား ရောက်လာ၏။
"စစ်သူကြီးချုပ်"
ဟွမ်ယန်၏ မျက်နှာမှာ သရဲသဘက် တွေ့လာသည့်အတိုင်း ဖြူဖျော့နေသည်။
"ဟွမ်ယန်.. ခင်ဗျား ဘာဖြစ်လာတာလဲ"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"ထူးဆန်းတာ..ထူးဆန်းတာတွေ ဖြစ်ကုန်ပြီ ခင်ဗျာ"
"မနေ့က ယန်ဟော်မြို့မှာ သေသွားတဲ့ စစ်သားအလောင်းတွေ တစ်ညတည်းနဲ့ အရိုးစုတွေ ဖြစ်ကုန်ပြီ။ ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိဘူး။ ဧကရာဇ်မင်းကြီးနဲ့ နန်းတွင်းအကြံပေးတို့တောင် မနေ့ကတည်းက ယန်ဟော်မြို့ကို အမြန် သွားကြည့်ကြပြီ"
"ဟင်။ တစ်ညတည်းနဲ့ အရိုးစုတွေ ဖြစ်ကုန်တယ် ဟုတ်လား"
ဒီသတင်းကို ကြားတော့ ဖုန်းမိသားစုဝင်တွေ အားလုံး တုန်လှုပ်သွားကြသည်။
"သောင်းချီ။ တစ်ညတည်းနဲ့ အရိုးစုတွေ။ ဒါ ဘယ်လိုဖြစ်ရတာလဲ"
ဖုန်းဝူချန်တောင် ဒီသတင်းကို ကြားပြီး ကြက်သီးထသွားသည်။
သေဆုံးသည့် စစ်သားတွေက သောင်းနှင့် ချီနေသည်လေ။
"အရိုးစုတွေ တွေ့တဲ့ အချိန်မှာ တခြား ထူးဆန်းတာတွေရော မတွေ့မိဘူးလား"
ဟွမ်ယန်က ခေါင်းခါလိုက်ပြီး
"ကျွန်တော်လည်း မသိသေးဘူး ခင်ဗျာ။ ဒီမနက်မှ ဒီသတင်းကို ကြားတာနဲ့ စစ်သူကြီးချုပ်ဆီ ချက်ချင်း လာသတင်းပို့တာပါ"
"ကောင်းပြီလေ၊ သွားကြည့်ကြတာပေါ့"
ဖုန်းဝူချန် ခေါင်းညိတ်လိုက်၏။
သူတို့ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင်
ဖုန်းဝူချန်က အေးစက်စက် သတ်ဖြတ်လိုသည့် အရှိန်အဝါ တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
"ဒီ ..ဒီအရှိန်အဝါက"
သူ့မျက်နှာ ချက်ချင်း ပြောင်းသွား၏။
"ဘယ်သူ ဘယ်သူလဲ"
"ထျန်းယွမ်ဘုံ"
ဖုန်းချန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီအရှိန်အဝါက မုရုန်ထျန်းလီထက်တောင်"
ဟွမ်ယန်က တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
"သွားပြီ နောက်တစ်ကောင် လာပြန်ပြီ။ ယန်ဟော်အင်ပါယာမှာ စစ်သူကြီးချုပ်ထက် ကြောက်စရာကောင်းတဲ့ လူ ရှိသေးလို့လား"
“ဝှစ်”
ဖုန်းမိသားစု ခြံဝင်းအပေါ်က ကောင်းကင်မှာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အဖြူရောင် ပိုးသားဝတ်စုံ ဝတ်ဆင်ထားသော ချောမောသည့် လူငယ် တစ်ယောက်။
သူ့ဆီကနေ လွှမ်းမိုးနိုင်သော အရှိန်အဝါတွေ ထွက်ပေါ်နေသည်။
ထိုလူငယ်ကလည်း ဖုန်းဝူချန်ကို ပြန်ကြည့်နေ၏။ သူ့မျက်နှာပေါ်မှာ မထီတရီ အပြုံးတစ်ခု ရှိနေသည်။
"ထျန်းယွမ်ဘုံ စတုတ္ထအလွှာ"
ဖုန်းဝူချန် မျက်မှောင်ကြုတ်သွားသည်။
‘ဒီလူ ဘယ်လူလဲ’
‘ဒါပေမဲ့ သူ့အရှိန်အဝါကြီးက ဘာကြီးလဲ။ အမုန်းတရားတွေနဲ့..။ အေးစက်စက်။ ဒီလူ သာမန်လူ မဟုတ်ဘူး’
"ချန်အာ ၊သား..သတိထား။ သူ့အရှိန်အဝါက အရမ်း ထူးဆန်းနေတယ် "
ရှောင်ချင်းချင်းကလည်း အသံတိုးတိုးနှင့် သတိပေးလိုက်သည်။
"လာတဲ့ဧည့်သည်ကတော့ သဘောကောင်းမဲ့ပုံ မပေါ်ဘူး။ ဘယ်သူ ဘယ်ဝါမှန်းလည်း မသိဘူး"
ဖုန်းချန်ယန်ကလည်း လေးနက်သော မျက်နှာထားနှင့် ဆိုလိုက်လေသည်။