← Chapters

ကြောက်မက်ဖွယ် မြင်ကွင်း

Vol. 17 Ch. 243

ကြောက်မက်ဖွယ် မြင်ကွင်း

Vol. 17 Ch. 243

~အဖြူရောင် ဝတ်စုံနှင့် လူငယ်ဟာ ဖုန်းမိသားစု ခြံဝင်းထဲကို ညင်သာစွာ ဆင်းသက်လာခဲ့သည်။

ဖုန်းမိသားစုဝင်တွေ အားလုံးက သူ့ဆီကနေ ထုတ်လွှတ်နေသည့် ထူးဆန်းသော အရှိန်အဝါကို ခံစားမိနေကြပြီး လူတိုင်းကို အလွန် မသက်မသာ ဖြစ်စေလေသည်။

ထိုအရှိန်အဝါက၊ ဖုန်းဝူချန် ပြောခဲ့သလိုပင် အလွန် ဆိုးညစ်ပြီး၊ အမုန်းတရားတွေ၊ အေးစက်စက် အရှိန်အဝါတွေနှင့် ပြည့်နှက်နေ၏။

"ဒီကောင်လေးက ဘယ်သူလဲ။ တစ်ခါမှ မမြင်ဖူးပါလား"

ဖုန်းဝူချန်တို့အားလုံး သူ့ကို အကြာကြီး စိုက်ကြည့်နေမိကြသော်လည်း ဒီလူကို တစ်ခါမှ မမြင်ဖူးတာတော့ သေချာသည်။ ထျန်းယွမ်ဘုံ စတုတ္ထအလွှာ အဆင့် စစ်သည်တော်တစ်ယောက်ကို သူတို့ မသိဘဲ နေစရာ အကြောင်းမရှိပါ။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နှင့် ဒီလောက် ကြောက်စရာကောင်းသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားတာ။ ဒီလူငယ်က သာမန်လူ တစ်ယောက်တော့ မဟုတ်နိုင်ပေ။

"မင်းက ဖုန်းဝူချန် ဆိုတာလား"

အဖြူရောင် ဝတ်စုံနှင့် လူငယ်က ဖုန်းဝူချန်ကို ကြည့်ရင်း ပြုံးကာ မေးလိုက်သည်။ သူ့အမူအရာမှာ မောက်မာမှု အရိပ်အယောင်တွေ ပါဝင်နေ၏။

‘ဒီလူ ငါ့ကို လာမေးနေပုံက’

ထိုလူငယ်၏ မောက်မာမှုက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ မွေးရာပါ ဗီဇတစ်ခုလိုပင်။ သူတစ်ပါးအပေါ် အထက်စီးက ကြည့်တတ်သည့် အရှိန်အဝါမျိုး။

‘ဒီလူ။ ဒီအဖြူရောင် ဝတ်စုံနဲ့ လူ။ သူ့ရဲ့ နောက်ခံ သမိုင်းကြောင်းက တော်ရုံတန်ရုံတော့ မဖြစ်နိုင်ဘူး။’

တွေးတောရင်း ဖုန်းဝူချန်က အေးစက်စက် ပြန်မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

"မုရုန်ထျန်း"

"မုရုန်ထျန်း"

ဖုန်းဝူချန် မျက်မှောင်ကြုတ်သွားသည်။

"မုရုန်။ မုရုန်"

ဖုန်းချန်ယန်က တုန်လှုပ်စွာ အော်မေးလိုက်၏။

" မင်းက မုရုန်ထျန်းလီရဲ့ သားလား"

ဖုန်းချန်ယန်က သေသေချာချာ ထပ်ကြည့်လိုက်တော့ မုရုန်ထျန်း၏ ရုပ်သွင်က မုရုန်ထျန်းလီနှင့် တော်တော်လေး ဆင်တူနေမှန်း သတိထားမိလိုက်သည်။

"ဘာ။ မုရုန်ထျန်းလီရဲ့ သား"

"ဒါ ဒါဆို အဖေအတွက် လက်စားလာချေတာလား"

ရှောင်ချင်းချင်းနှင့် တခြားလူတွေ အားလုံးလည်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။

သူတို့ သေချာ ကြည့်လေလေ သူတို့နှစ်ယောက်က ပိုတူလာလေလေ။

"သေစမ်း။ ဒီကောင်က ဟို သူခိုးအိုကြီး မုရုန်ထျန်းလီထက်တောင်"

ဟွမ်ယန် တစ်ယောက် အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

ထိုက်ရွှီဂိုဏ်းမှာ ဒီထက် ပိုကြောက်စရာကောင်းသည့် လူတစ်ယောက် ရှိနေသေးလိမ့်မည်ဟု ဘယ်သူက ထင်ထားမိမှာလဲ။

"တစ်စိတ်တစ်ပိုင်းတော့ ဟုတ်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ငါ သူ့ကို အဆက်ဖြတ်ခဲ့ပြီးပြီ"

မုရုန်ထျန်းက ဖြတ်ပြုံး ပြုံးရင်း ပြောသည်။

"ဘာ။ အဆက်ဖြတ်"

"ဒါ ဘယ်လို"

ဖုန်းဝူချန်တို့ တစ်ဖွဲ့လုံး နားမလည်နိုင်စွာဖြင့် ကြောင်တောင်တောင် ဖြစ်သွားကြသည်။

မုရုန်ထျန်းက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောသည်။

"ကျုပ် ဒီကိုလာတာ မုရုန်ထျန်းလီ အတွက် မဟုတ်ဘူး။ သူ သေတာ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ် လာတာ ထိုက်ရွှီဂိုဏ်း အတွက်"

"ထိုက်ရွှီဂိုဏ်းအတွက် လက်စားပြန်ချေချင်တာလား"

ဟွမ်ယန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"ကျုပ်က မုရုန်ထျန်းလီနဲ့ အဆက်ဖြတ်ခဲ့တာ မှန်ပေမဲ့။ ထိုက်ရွှီဂိုဏ်းက ညီအစ်ကိုတွေ အများကြီး သေသွားတာကိုတော့ ဒီအတိုင်း ကြည့်နေလို့ မရဘူး"

မုရုန်ထန်း၏ နှုတ်ခမ်းထောင့်တွင် ဝံ့ကြွားသော အရိပ်အယောင် တစ်ခု ထပ်မံ ပေါ်လာပြန်သည်။

ခေတ္တမျှ ရပ်တန့်ပြီးနောက် သူက ဖုန်းဝူချန်အား ဆက်ပြော၏။

"ဒါက ဒုတိယ အကြောင်းပြချက်ပဲ"

"ကျုပ် ကြားတယ်။ ဖုန်းဝူချန်က သိပ်ကို တော်တယ်ဆို။ ထျန်းယွမ်ဘုံ ပထမအလွှာနဲ့ တတိယအလွှာကို သတ်နိုင်တယ်ဆိုပဲ"

"ငါ တကယ် သိချင်နေတာ မင်း ဘယ်လောက် အစွမ်းထက်လဲ ဆိုတာပဲ။ အဲ့ဒါ ငါ့ရဲ့ တကယ့် ရည်ရွယ်ချက်ပဲ"

"ဟ။ ဒီကောင်။ လှည့်ပတ် ပြောမနေနဲ့။ နောက်ဆုံးတော့ လက်စားချေဖို့ လာတာပဲ မဟုတ်လား"

ပိုင်ယွင်ချီက ဒေါသတကြီး အော်လိုက်သည်။

"ခင်ဗျားတို့က အဲ့ဒီလို သဘောထားချင်လည်း ရပါတယ်"

မုရုန်ထျန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။

"ဝူချန် သတိထားနော်၊ ဒီလူရဲ့ အစွမ်းက…"

ဖုန်းချန်ယန်က ဖုန်းဝူချန်အား အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ မုရုန်ထျန်းက သူ့အား မုရုန်ထျန်းလီထက် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် ခံစားချက်မျိုးကို ပေးနေ၏။

"ဟုတ်၊ ကျွန်တော် သိပါတယ်"

ဖုန်းဝူချန် မျက်မှောင်ကြုတ်ရင်း ပြန်ပြောလ်ိုက်၏။ သူ မုရုန်ထျန်းကို လုံးဝ အထင်မသေးရဲပါ။

မုရုန်ထျန်း၏ အစွမ်းက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သူ့ထံမှ ထွက်ပေါ်နေသော ထူးဆန်းသည့် အရှိန်အဝါများကလည်း လူကို မသက်မသာ ဖြစ်စေသည်။ သူဟာ ဖုန်းဝူချန် ယခုအချိန်အထိ တွေ့ကြုံခဲ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံးနှင့် အန္တရာယ် အရှိဆုံး ပြိုင်ဘက်ပင် ဖြစ်၏။

‘ဒီလူ့ အစွမ်းနဲ့ဆို အင်ပါယာကြီး လေးခုလုံးကိုတောင် အပြားလိုက် ကြိတ်ပစ်လို့ ရလောက်တယ်’

ဖုန်းဝူချန် စိတ်ထဲက တွက်ဆလိုက်သည်။

‘ငါ့အစွမ်းက ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းနေပါစေ ဒီလူနဲ့တော့ ယှဉ်လို့ မဖြစ်သေးဘူး။ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ထုတ်သုံးပြီး ဖိနှိပ်ရင်တောင် နိုင်ပါ့မလား မသေချာဘူး’

"ဝှစ်.. ဝှစ်"

မုရုန်ထျန်းသည် ဖြည်းညှင်းစွာ ကောင်းကင်သို့ ပြန်တက်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် စွမ်းအားများ ထကြွလာသည်နှင့် ဟင်းလင်းပြင်နှင့် မြေကြီးတစ်ခုလုံး ချက်ချင်း တုန်ခါသွားတော့သည်။

ပြိုင်ဘက်ကင်းမြို့ကြီး တစ်ခုလုံး တုန်ခါနေသည့်အလားပင်။

မြို့သူမြို့သားများအားလုံး ကြောက်လန့်တကြား အော်ဟစ်နေကြလေပြီ။

အလွန်တရာ ပြင်းထန်သော ဖိအားကြီးက ဆူနာမီ လှိုင်းလုံးကြီးသဖွယ် ဖိနှိပ်လာသဖြင့် ဖုန်းမိသားစုဝင်များ

အားလုံး ခြေမခိုင်ဘဲ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။

ဒီလို ကြောက်မက်ဖွယ် ဖိအားကြီး ရှေ့မှာ ဖုန်းဝူချန်တောင်မှ စိတ်ဖိစီးမှု အနည်းငယ်ကို ခံစားလိုက်ရ၏။

"သေပြီ။ သူ့အစွမ်းက ဟို သူခိုးအိုကြီး မုရုန်ထျန်းလီထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းနေတာပဲ"

ဟွမ်ယန် တစ်ယောက် ကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။ သူ့ခန္ဓာကိုယ်ထဲမှာ အင်အား တစ်စက်မှ မရှိတော့သလို ခံစားနေရ၏။

မုရုန်ထျန်းလီနှင့် ရင်ဆိုင်တုန်းကတောင် ဒီလောက် ကြောက်စရာကောင်းသည့် ဖိအားမျိုး မခံစားခဲ့ရဖူးပါပေ။

"ဒါ ဒါ ထျန်းယွမ်ဘုံ စတုတ္ထအလွှာရဲ့ အစွမ်းလား"

ဖုန်းမိသားစုမှ အကြီးအကဲများအားလုံး ကြောက်လန့်တကြား အော်ဟစ်လိုက်မိကြသည်။

ဖုန်းဝူချန်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဤ ကြောက်မက်ဖွယ် ဖိအားကြီးကို ခံနိုင်ရည် မရှိကြ။

မုရုန်ထျန်းက ဖုန်းဝူချန်ကို ကြည့်ရင်း ခပ်ရေးရေး ပြုံးလိုက်သည်။

"ယန်ဟော်အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတဲ့အတိုင်းပဲ။ ငါ့ရဲ့ အရှိန်အဝါကို ခံနိုင်ရည် ရှိသေးတယ်။ မဆိုးဘူး မင်း အရည်အချင်း နည်းနည်းတော့ ရှိသားပဲ"

ထိုသို့ ပြောပြီးသည်နှင့် မုရုန်ထျန်းသည် သူ၏ အရှိန်အဝါကို ရုတ်တရက် ပြန်လည် ရုပ်သိမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူက လှောင်ပြုံး ပြုံးလိုက်ပြီး

"မင်းဆီမှာ တစ်ပိုင်း'အင်မော်တယ်'လက်နက် ကိုးထပ် ချန်ခွန်း မျှော်စင် ရှိတယ်လို့ ကြားတယ်"

"အဲ့ဒါကို ငါ မျက်မြင်ကိုယ်တွေ့ တွေ့ချင်သေးတယ်။ ဒါပေမဲ့ အခုတော့ အချိန်မရှိသေးဘူး"

"ငါ့မှာ ဒီထက် အရေးကြီးတဲ့ ကိစ္စ သွားလုပ်စရာ ရှိသေးတယ်။ ပြီးမှ မင်းဆီကို ငါ ပြန်လာခဲ့မယ်"

သူ၏ စကားသံ ဆုံးသည်နှင့် မုရုန်ထျန်း၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ သူ၏ အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။ ထိုနေရာတွင် သူ တစ်ခါမှ မရောက်ရှိခဲ့ဖူးသည့်နှယ်။

ကြောက်မက်ဖွယ် အရှိန်အဝါနှင့် ဖိအားများ ပျောက်ကွယ်သွားမှ ဖုန်းမိသားစုဝင်များအားလုံး အသက်၀၀ ပြန်ရှူနိုင်ကြတော့သည်။

" တော်သေးရဲ့။ လခွမ်း။ သေတော့မလို့ပဲ"

"မုရုန်ထျန်းလီ။ ဒီအဘိုးကြီးဆီမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သားတစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

ဖုန်းချန်ယန်က သူ၏ ဖြူဖျော့နေသော မျက်နှာဖြင့် တုန်လှုပ်စွာ ဆိုလိုက်၏။

"ဒီလူ။ သူ့အစွမ်းက တကယ်ပဲ ကြောက်ဖို့ ကောင်းတယ်။ သူ့အရှိန်အဝါကို ကြည့်ရတာ ထျန်းယွမ်ဘုံ ပဉ္စမအလွှာနဲ့တောင် ယှဉ်နိုင်လောက်တယ်"

ဖုန်းဝူချန်က လေးနက်စွာ ဆိုလိုက်သည်။

"ဘာ။ ပဉ္စမ အလွှာ"

ဟွမ်ယန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

"ချန်အာ ၊ သူက လက်စားချေဖို့ လာတာ ရှင်းနေပြီ"

ရှောင်ချင်းချင်းက စိတ်ထဲမှ မပြောပြတတ်သော ကြောက်လန့်မှုများဖြင့် ထပ်မံ သတိပေးလိုက်မိသည်။

"စစ်သူကြီးချုပ်။ သူ့အရှိန်အဝါကြီးက ဘာကြီးလဲဗျ။ ကျွန်တော် တစ်ခါမှ ဒီလို ထူးဆန်းတဲ့ အရှိန်အဝါမျိုး မခံစားဖူးဘူး"

ဟွမ်ယန်က အမြန် ဝင်မေးလိုက်သည်။

"အဲ့ဒါ ဆိုးညစ်တဲ့ အရှိန်အဝါပဲ"

ဖုန်းဝူချန်က လေးနက်စွာ ဖြေလိုက်သည်။

"သူ ကျင့်ကြံတဲ့ သိုင်းကျမ်းနဲ့ ဆိုင်တယ်။ ဒီလောကကြီးမှာ ဆိုးညစ်တဲ့ သိုင်းကျမ်းတွေ အများကြီး ရှိတယ်။ ပါရမီ မကောင်းတဲ့သူတွေတောင် တချို့သော နည်းလမ်းတွေ၊ လျှို့ဝှက်သိုင်းကွက်တွေနဲ့ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ရနိုင်ပါတယ်"

"ဆိုးညစ်တဲ့ အရှိန်အဝါ"

အားလုံး မိမိတို့၏ တံတွေးကို အသာ မျိုချလိုက်မိကြသည်။

"မုရုန်ထျန်းက အခုချိန်မှ ဒီမှာ လာပေါ်တာ။ သူလည်း ကိုးထပ် ချန်ခွန်း မျှော်စင်ကို လိုချင်လို့လား။ ဒါမှမဟုတ် မိသားစုခေါင်းဆောင် အဖမ်းခံရတာနဲ့ရော ပတ်သက်နေမလား"

ပိုင်ယွင်ချီက တွေးထင်မိသလို ပြောလိုက်သည်။

"ဖြစ်နိုင်တယ်"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး

"ဟွမ်ယန်။ ယန်ဟော်မြို့ကို အခု ချက်ချင်း သွားကြမယ်"

"ဟုတ်ကဲ့ စစ်သူကြီးချုပ်"

ဟွမ်ယန်လည်း သူ၏ ကြောက်လန့်မှုနှင့် မသက်မသာ ဖြစ်နေသော စိတ်များကို မျိုသိပ်လိုက်ပြီး ဖုန်းဝူချန်နောက်သို့ အမြန် လိုက်ပါသွားတော့သည်။

ယန်ဟော်မြို့မှာ ဖြစ်ပျက်ခဲ့သည့် ထိုထူးဆန်းသော အဖြစ်အပျက်က တကယ်ကို စဉ်းစား၍ မရအောင် ဖြစ်နေ၏။

စစ်သား အလောင်း သောင်းချီ တစ်ညတည်းနှင့် အရိုးစုတွေ ဖြစ်သွားသည်တဲ့။

ဒါ လုံးဝ လျစ်လျူရှုထား၍ မဖြစ်သော ကိစ္စပင်။

—--------------

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပြိုင်ဘက်ကင်းမြို့မှ နယ်စပ်မြို့ ဖြစ်သော ယန်ဟော်မြို့သို့ ခရီးမှာ နာရီဝက်ခန့်သာ ကြာမြင့်လေသည်။

စစ်သားများကို မြေမြှုပ်ထားရာ တောင်တန်းကြီးဆီသို့ ရောက်ရှိသွားသောအခါ၊

မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော အရိုးဖြူ အရိုးစု ပုံကြီးကို မြင်လိုက်ရလေပြီ။

သူတို့နှစ်ဦးလုံး အလိုလို အသက်ရှူမှားသွားပြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိကြသည်။

ကျဆုံးသွားသော စစ်သားများ၏ အလောင်းများကို ဤတောင်တန်းများဆီသို့ သယ်ဆောင်လာခဲ့ကြပြီး တစ်သုတ်ကို မြေမြှုပ်ပြီးခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသော မရှင်းလင်းရသေးသည့် အလောင်းများအားလုံး အရိုးစုများ ဖြစ်ကုန်ကြပြီ။

မြေမြှုပ်ထားပြီးသား စစ်သားများ၏ အလောင်းများပင် အရိုးစုများ ဖြစ်နေကြပြီ။

သုံးရက်…။ သုံးရက်တည်းနှင့် အလောင်းတွေက ဒီလောက် မြန်မြန် ဆွေးမြေ့သွားစရာ အကြောင်းမရှိ။ ထို့အပြင် အနံ့အသက်၊ အပုပ်နံ့ တစ်စက်မှတောင် မရနေချေ။

အရိုးဖြူတွေ နေရာအနှံ့ ပြန့်ကျဲနေပြီး တောင်တန်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။

ဒီလို ထိတ်လန့်စရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို ဖုန်းဝူချန် တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့ပါ။

ဒီမြင်ကွင်းကိုသာ သာမန်လူတွေ တွေ့လိုက်ရလျှင် သွေးပျက်ပြီး နေရာမှာတင် လဲကျသွား

နိုင်လောက်သည်။

"ဒီနေရာမှာ ဘာတွေ ဖြစ်သွားခဲ့ပါလိမ့်"

ဖုန်းဝူချန်က နားမလည်နိုင်စွာ ရေရွတ်လိုက်မိသည်။ သူတို့နှစ်ဦး သွမ့်ထျန်းဟွမ်တို့ အုပ်စုဘေးသို့ ဆင်းသက်လိုက်ကြ၏။

ထိုအခါ ၊

သွမ့်ထျန်းဟွမ်က လေးနက်စွာ ဆိုသည်။

"ဒီအရှင်လည်း ဘာမှ မသိဘူး။ ဘာသဲလွန်စမှ မရှိဘူး။ တောရိုင်း သားရဲတွေ လက်ချက်လို့ ထင်မိသေးတယ်။ ဒါပေမဲ့ သူတို့ ခြေရာလက်ရာ ဘာတစ်ခုမှ မတွေ့ဘူး။ ပြီးတော့ နတ်ဘုရားတောင်ကြားက သားရဲတွေက တောင်ကြားထဲကနေ တစ်ခါမှ ထွက်မလာဘူး"

"တစ်ယောက်ယောက် တစ်ခုခု မြင်လိုက်တာမျိုးရော မရှိဘူးလားဗျ"

"ကျွန်တော်တို့ အားလုံးကို မေးပြီးပြီ။ ဘယ်သူမှ ဘာမှ မမြင်လိုက်ဘူး။ နည်းနည်းလေးတောင် ထူးခြားတာမျိုး မဖြစ်ခဲ့ဘူးလေ" ဟု စစ်ထူကျန့်ထျန်းက ပြန်ဖြေလာ၏။

သူ့စကားအား ကြားရသော်၊ ဖုန်းဝူချန် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး အရိုးစု တစ်ခုဘေးသို့ လျှောက်သွားကာ ဆောင့်ကြောင့် ထိုင်ချပြီး သေချာ အနီးကပ် စစ်ဆေးကြည့်လိုက်သည်။

"အရိုးတွေက တော်တော် သန့်ရှင်းနေတယ်။ သွေးတစ်စက်မှတောင် မပေနေဘူး။ သွေးနံ့တောင် ပျောက်နေတယ်"

"စစ်သူကြီးချုပ် တစ်ခုခု တွေ့ရပြီလား"

ယဲ့ချန်းချုံးက မေးလိုက်၏။

ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး

"ပြောတော့ မပြောတတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ ဒါ လူတွေ လုပ်တာပဲ။ တောရိုင်း သားရဲတွေ လက်ချက် မဟုတ်ဘူး။ သားရဲတွေသာ ဆိုရင် ဒီအရိုးတွေတောင် ကျန်မှာ မဟုတ်ဘူး"

ဖုန်းဝူချန်က အရိုးစုများ၏ အလယ်ဗဟိုသို့ လျှောက်သွားရင်း မြေကြီးကို စစ်ဆေးကြည့်လိုက်၏။

"အလောင်းတွေ ဒီလောက်များတာ သွေးတွေက မြေကြီးထဲ စိမ့်ဝင်သွားရမှာ။ ဒါပေမဲ့ ဒီအရိုးစုတွေ အောက်က မြေကြီးမှာ သွေးစ တစ်စက်မှတောင် မရှိဘူး"

"ဟုတ်တယ်။ ဒီမှာ သွေးတစ်စက်မှ မရှိဘူး။ တခြား တပ်စခန်းတွေက စစ်သားတွေလည်း သွေးမရှိဘဲ အရိုးစုတွေ ဖြစ်ကုန်တာပါ။ အရမ်းကို ထူးဆန်းနေပါတယ်"

စစ်သားများအားလုံးက ထောက်ခံလိုက်ကြသည်။

"ငါ ယန်ဟော်မြို့ အပြင်ဘက်ကို ရောက်လာတုန်းက မြေကြီးပေါ်မှာ သွေးအစအနတောင် မတွေ့ခဲ့ဘူး"

သွမ့်ထျန်းဟွမ်က လေးနက်စွာ ဆိုသည်။

ယန်ဟော်မြို့ အပြင်ဘက်၊ စစ်တလင်းပြင်ကြီး၊ စစ်သားပေါင်း မရေမတွက်နိုင်အောင် သေဆုံးပြီး သွေးချောင်းစီးခဲ့သည့် နေရာ။

သွေးအစအနတောင် မရှိဘူး ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သော ကိစ္စပင်။

ထိုစဥ် ယဲ့ချန်းချုံးက သူ တွေးထင်မိသလို ပြောလိုက်သည်။

" စစ်ပွဲကြောင့် စစ်သားတွေ အများကြီး သေဆုံးပြီး သွေးနံ့တွေက နတ်ဘုရားတောင်ကြားထဲက ပုရွက်ဆိတ်ဖြူတွေကို ဆွဲဆောင်လိုက်တာ ဖြစ်နိုင်တယ်။ ပုရွက်ဆိတ်ဖြူတွေပဲ။ သူတို့ပဲ တစ်ညတည်းနဲ့ စစ်သားတွေရဲ့ အသားနဲ့ သွေးတွေကို ဒီလောက် ပြောင်စင်အောင် စားသွားနိုင်မှာလေ"

"ပုရွက်ဆိတ်ဖြူ"

နတ်ဘုရားတောင်ကြားထဲက ပုရွက်ဆိတ်ဖြူတွေ ဆိုသည့် အတွေးက လူတိုင်းကို မထိန်းချုပ်နိုင်အောင် တုန်လှုပ်သွားစေသည်။

ဖုန်းဝူချန်က ခေါင်းခါလိုက်၏။ သူ သေချာနေသည်။

"မဟုတ်ဘူး။ ပုရွက်ဆိတ်ဖြူတွေ လုံးဝ မဟုတ်ဘူး"

"နတ်ဘုရားတောင်ကြားက သားရဲတွေက အင်ပါယာထဲကို ဝင်လာရဲမှာ မဟုတ်ဘူး"

"တကယ်လို့ ပုရွက်ဆိတ်ဖြူတွေသာ ဆိုရင် မြေကြီးပေါ်က သွေးတွေ ပျောက်သွားတာကိုရော ဘယ်လို ရှင်းပြမှာလဲ"

ဖုန်းဝူချန် မတ်တပ်ရပ်လိုက်သည်။ သူ၏ မျက်နှာထားမှာ အလွန် လေးနက်နေ၏။

"စစ်သားတွေရဲ့ အသားနဲ့ သွေးတွေ လေထဲမှာ ပျောက်ကွယ်သွားတာ"

"မြေကြီးပေါ်က သွေးအစအနတွေ ပျောက်သွားတာ"

"ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်"

“ဘယ်လိုဖြစ်နိုင်ခြေလဲ”

လူအားလုံး၏ အကြည့်များ ဖုန်းဝူချန်ထံသို့ စုပြုံ ရောက်ရှိသွားသည်။

"သူတို့ရဲ့ အသားနဲ့ သွေးတွေကို တစ်ယောက်ယောက်က စုပ်ယူသွားတာ"

ဖုန်းဝူချန်က လေးနက်စွာ ဆိုလိုက်သည်။ ဤသည်မှာ နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များထဲမှ သူ ရရှိခဲ့သော ခန့်မှန်းချက် ဖြစ်၏။

ဒီယုတ္တိဗေဒကပဲ အားလုံးကို အဓိပ္ပာယ် ရှိစေသည်။

‘ဒါပေမဲ့ ၊ ဘယ်သူက ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလဲ။

စစ်သား အလောင်း သောင်းချီ။ တစ်ညတည်းနဲ့၊ ဘယ်စစ်သားကိုမှ သတိမထားမိစေဘဲလေ’

" စုပ်ယူသွားတယ်"

ဖုန်းဝူချန်၏ ခန့်မှန်းချက်ကို ကြားလိုက်ရသည့် သွမ့်ထျန်းဟွမ် တစ်ယောက် ချွေးအေးများပင် ပြန်လာသည်။

‘တကယ်လို့သာ တစ်ယောက်ယောက်က စုပ်ယူသွားခဲ့တာဆိုရင်..

အဲ့ဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ’

"ဒါ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား"

လွမ်ရှန်းတစ်ယောက် ကြောက်လန့်တကြား တုန်ယင်စွာဖြင့် ဆိုလိုက်သည်။

"တစ်ယောက်ယောက်က စုပ်ယူတယ် ဆိုရင်တောင် ဒီလောက် အများကြီးကို ဘယ်လို"

ထိုစဉ်၊ ဟွမ်ယန်က ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် အော်လိုက်သည်။

"စစ်သူကြီးချုပ်"

"ဒါ ဟိုလူများ ဖြစ်နေမလား"

မုရုန်ထျန်း။ ဆိုးညစ်သော အရှိန်အဝါများ ထုတ်လွှတ်နေသော ထိုလူ။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ သူပဲ ဖြစ်ဖို့ အခွင့်အလမ်း အရမ်းများတယ်"

" ဘယ်သူလဲ"

ယန်ထျန်းရှန်က မေးလိုက်သည်။

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး

"မုရုန်ထျန်းလီရဲ့ သား မုရုန်ထျန်း"

"မုရုန်ထျန်းလီရဲ့ သား"

ထိုအမည်အား ကြားလိုက်ရသောအခါ သွမ့်ထျန်းဟွမ်တို့ တစ်ဖွဲ့လုံး မျက်နှာများ ဖြူဖျော့ကာ အကြီးအကျယ် တုန်လှုပ်သွားကြပြန်သည်။

"ဟုတ်တယ်။ ဟုတ်တယ်။ သူပဲ"

ဟွမ်ယန်က ဝင်ပြောလိုက်သည်။

"သူ ဖုန်းမိသားစုကို ရောက်လာတုန်းက စစ်သူကြီးချုပ်ကို ရှာနေခဲ့တာလေ"

"သူ့ဆီက ဆိုးညစ်တဲ့ အရှိန်အဝါတွေ ထွက်နေတယ်။ အင်မတန် ကြောက်ဖို့ကောင်းတယ်"

"ပြီးတော့ သူ့ကျင့်ကြံခြင်းအဆင့်က ထျန်းယွမ်ဘုံ စတုတ္ထအလွှာတဲ့"

"ထျန်းယွမ်ဘုံ စတုတ္ထအလွှာ"

သွမ့်ထျန်းဟွမ်တို့ တစ်ဖွဲ့လုံး၏ မျက်နှာများမှာ သွေးစုပ်ခံလိုက်ရသလို ပို၍ပင် ဖြူဖျော့သွားကြပြီး မျက်နှာများပေါ်တွင် အတိအလင်း ကြောက်ရွံ့မှုများ ထင်ဟပ်နေတော့သည်။

All Chapters