← Chapters

ဘိုးဘေးများ၏ စွမ်းအားကို စုပ်ယူခြင်း

Vol. 17 Ch. 244

ဘိုးဘေးများ၏ စွမ်းအားကို စုပ်ယူခြင်း

Vol. 17 Ch. 244

~မုရုန်ထျန်း၏ ပေါ်ပေါက်လာမှုသည် သွမ့်ထျန်းဟွမ်နှင့် အခြားသူများကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့၏။

" သေစမ်း။ နောက်တစ်ယောက် လာပြန်ပြီ။ ဒီကောင်က ပိုဆိုးမယ့်ပုံပဲ"

အထူးသဖြင့် ထိုက်ရွှီဂိုဏ်းတွင် အစွမ်းအထက်ဆုံးမှာ မုရုန်ထျန်းလီ မဟုတ်ဘဲ၊ ထျန်းယွမ်ဘုံ စတုတ္ထအလွှာသို့ ရောက်ရှိနေပြီဖြစ်သော ဤ မုရုန်ထျန်း ဖြစ်နေသည် ဆိုသည့်အချက်ပင်တည်း။

ဖုန်းဝူချန်က စစ်သည်များအား လှည့်၍ အမိန့်ပေးလိုက်သည်။

"ငါတို့ စစ်သားတွေရဲ့ အရိုးတွေကို သေချာ မြေမြှုပ်လိုက်ပါ"

ယဲ့ချန်းချုံးက လေးနက်သော မျက်နှာထားဖြင့် ရှေ့တိုးလာရင်း ဆို၏။

"စစ်သူကြီးချုပ်။ မုရုန်ထျန်းက မုရုန်ထျန်းလီအတွက် လက်စားချေဖို့ လာတာ သေချာတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက် ကြောက်ဖို့ကောင်းနေတာ။ သူ့ခွန်အားက စစ်သူကြီးချုပ်ထက်တောင် မလျော့လောက်ဘူး"

ဖုန်းဝူချန်က ထိုအချက်ကို ငြင်းဆန်မနေဘဲ ခေါင်းညိတ်လိုက်သည်။

"သူ့အစွမ်းက ကျွန်တော့်ထက် မနိမ့်တာတော့ အမှန်ပဲ။ အမှန်အတိုင်းပြောရရင် သူက ကျွန်တော့်ထက် အများကြီး ပိုသန်မာပါတယ်"

သွမ့်ထျန်းဟွမ်မှာ မုရုန်ထျန်း၏ လက်ချက်ဟု သံသယရှိနေသော်လည်း မျက်မှောင်ကြုတ်ကာ မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။

"ဒါပေမဲ့ စစ်သားတွေ အများကြီးရဲ့ အသားနဲ့ သွေးတွေကို သူ တကယ် စုပ်ယူနိုင်လို့လား"

"ကျင့်ကြံဖို့ သုံးတယ် ဆိုဦးတော့။ သူ့ခန္ဓာကိုယ်က အဲ့ဒါတွေ အားလုံးကို ခံနိုင်ရည် ရှိလို့လား"

‘အသားနဲ့ သွေးတွေကို စုပ်ယူပြီး ကျင့်ကြံတယ် ‘ဆိုသည့် အတွေးကပင် အနားရှိ စစ်သားများကို ကြောက်လန့်တကြား ဖြစ်သွားစေသည်။

"သောက်ကျိုးနဲ။ လူသားစားတာလား"

ဖုန်းဝူချန်က မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်လိုက်သည်။

"ကျွန်တော်လည်း မသိဘူး။ သူ့မှာ တစ်ခုခု ထူးဆန်းတဲ့ နည်းလမ်း ရှိနေမှာပေါ့"

"တော်သေးတာက သူက သေပြီးသား လူတွေကိုပဲ ပစ်မှတ်ထားသေးလို့"

"တကယ်လို့သာ သူက အရှင်တွေကိုပါ ပစ်မှတ်ထားလိုက်ရင် သူ့လက်ထဲမှာ လူဘယ်လောက်တောင် သေသွားမလဲ တွေးတောင် မတွေးရဲဘူး"

"ဒီလူကိုတော့ လုံးဝ အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး" ဟု ယန်ထျန်းရှန်က အဆိပ်အတောက်လူးထားသလို ခက်ထန်စွာ ဆိုလိုက်၏။

စစ်ထူကျန့်ထျန်းကလည်း ယန်ထျန်းရှန်၏ စကားကို ထောက်ခံလိုက်သည်။

"မုရုန်ထျန်းရဲ့ အစွမ်းက သိပ်ကြောက်ဖို့ ကောင်းတယ်။ အချိန်တိုင်း သတိထားရမယ်။ ပြီးတော့ သူ့ကို ရှင်းပစ်ဖို့ နည်းလမ်း ရှာမှ ဖြစ်မယ်"

‘ဒီလူက သန်မာတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ငါကရော လွယ်လွယ်နဲ့ အထင်သေးလို့ ရတဲ့လူ မဟုတ်ဘူးလေ’

ဖုန်းဝူချန်က တွေးတောရင်း ခေါင်းခါလိုက်သည်။

"မုရုန်ထျန်း ကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ကြရအောင်"

"ကျွန်တော့်မှာ ဒီထက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ သူ ကျွန်တော့်ကို လာမရှာသေးသရွေ့တော့ ကျွန်တော်လည်း သူ့အပေါ် အချိန်မဖြုန်းချင်ဘူး"

ထိုသို့ပြောရင်း သူ၏အကြည့်က သွမ့်ထျန်းဟွမ်ဘက်သို့ ရောက်သွားသည်။

"ဧကရာဇ်မင်း။ ခင်ဗျား ကျိုကျိုးအကြောင်း ဘယ်လောက် သိထားပါသလဲ"

‘အမ်၊ ဒီကောင်လေး ဘာလို့ ရုတ်တရက် ကျိုကျိုးအကြောင်း လာမေးနေတာလဲ"

သွမ့်ထျန်းဟွမ်က ဖုန်းဝူချန်ကို အံ့ဩတကြီး ကြည့်လိုက်သည်။

"ကျိုကျိုး"

"ကျိုကျိုးမှာ အဓိက အင်အားစု ငါးခု ရှိတယ်။ သူတို့ တစ်ဖွဲ့ချင်းစီရဲ့ အင်အားက ငါတို့ အင်ပါယာကြီး လေးခုလုံးကို ချေမှုန်းပစ်နိုင်လောက်အောင် ကြောက်ဖို့ကောင်းတယ်"

"အဲ့ဒီ အဖွဲ့တွေက ရှောင်မိသားစု၊ နန်းကုန်းမျိုးနွယ်၊ ကျန့်လင်တောင်ကြား၊ ရှီဝမ်ဂိုဏ်း နဲ့ ဖုန်းလန်ဂိုဏ်းတို့ပဲ"

"ကြားရတာတော့ ရှီဝမ်ဂိုဏ်းရဲ့ အစွမ်းက အကြောက်ဖို့အကောင်းဆုံးတဲ့"

ဖုန်းဝူချန်၏ မျက်ခုံးများ စုကျုံ့သွားသည်။

"ရှီဝမ်ဂိုဏ်း"

"ဒီနာမည်ကို ကြားလိုက်တာနဲ့ ငါ့ခေါင်းထဲမှာ ပထမဆုံး ပေါ်လာတာ ဟိုတစ်ယောက် မုရုန်ထျန်းပဲ"

ဆိုးညစ်သော အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေသော မုရုန်ထျန်းသည် ရှီဝမ်ဂိုဏ်းနှင့် ပတ်သက်နေရန် အလွန် အလားအလာ များလှသည်။

သွမ့်ထျန်းဟွမ်က စူးစမ်းသလို မေးလိုက်သည်။

"ဖုန်းဝူချန်။ မင်း ဘာလို့ ရုတ်တရက် ကျိုကျိုးကို စိတ်ဝင်စားလာရတာလဲ"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း ဖြေလိုက်သည်။

"ကျွန်တော့်အဖေရဲ့ သဲလွန်စကို ရလို့ပါ။ သူ ကျိုကျိုးက အင်အားစုတစ်ခုရဲ့ ဖမ်းဆီး ခံထားရပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းလဲ ဆိုတာတော့ ကျွန်တော် အတိအကျ မသိသေးဘူး"

ထိုအသိပေးချက်အား ကြားရတော့ သွမ့်ထျန်းဟွမ်၏ မျက်နှာထားမှာ ချက်ချင်း လေးနက်သွားသည်။ သူ၏ မျက်ခုံးတန်းများမှာ တင်းကြပ်စွာ တွန့်သွားပြီး တွေးဆသလို ဆိုလိုက်သည်။

"ကျိုကျိုးက အင်အားစု"

"ဒါဆို သူတို့လည်း ကိုးထပ် ချန်ခွန်း မျှော်စင်ကို လိုချင်နေကြတာ ဖြစ်နိုင်တယ်"

ယန်ထျန်းရှန်က ညိုးငယ်သော အသံဖြင့် အသိပေးလာသည်။ ကျိုကျိုးရှိ အင်အားစုများ၏ ချိန်ခွင်လျှာကို သူက ပို၍ ရင်းနှီးကျွမ်းဝင်သူ ဖြစ်၏။

"ဟုတ်တယ်။ သူတို့ ကိုးထပ် ချန်ခွန်း မျှော်စင်ကို လိုချင်နေကြတာပါ"

"ကျွန်တော်မျိုး ကျိုကျိုးကို လူလွှတ်ပြီး စုံစမ်းခိုင်းပြီးပါပြီ။ နောက် သုံးလေးရက်အတွင်းတော့ သတင်းတစ်ခုခု ကြားရလောက်ပါတယ်"

"ကျိုကျိုးက အင်အားစုတွေရဲ့ အစွမ်းက ကျွန်တော်မျိုးတို့ စိတ်ကူးနိုင်တာထက် အများကြီး ပိုတယ်"

"ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ကျွန်တော်မျိုးတို့ ကိုင်တွယ်နိုင်မယ့် အဖွဲ့မျိုး တစ်ဖွဲ့မှ မပါဘူး"

ပဉ္စမအဆင့် ဆေးပညာရှင် တစ်ယောက်အနေဖြင့် ယန်ထျန်းရှန်သည် ကျိုကျိုးတွင် တော်တော်လေး နာမည်ကြီးသူ ဖြစ်သည်။ ထိုနေရာမှ အဖွဲ့အစည်း အသီးသီးက သူ့ကို အတော်လေး လေးစားမှု ပေးကြ၏။

သို့သော် ထိုသို့ ဖြစ်နေပါလျက်နှင့် ကျိုကျိုးရှိ အင်အားစုများက ယန်ထျန်းရှန်ကို စိုးရိမ်ထိတ်လန့်စေတုန်းပင်။ ဤအချက်ကပင် ထိုအဖွဲ့အစည်းများ၏ အစွမ်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ဖော်ပြနေလေသည်။

သွမ့်ထျန်းဟွမ်၏ မျက်နှာထားမှာ အလွန်အမင်း လေးနက်နေပြီး အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ မှတ်ချက်ပြု

လိုက်လေသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ ဆွဲဆောင်မှုက သိပ်ကို ကြောက်ဖို့ ကောင်းလွန်းတယ်"

"တကယ်လို့ ကျိုကျိုးက အင်အားစုတွေ အားလုံး ဒီအကြောင်းကိုသာ သိသွားကြရင်။ နောက်ဆက်တွဲက ဘယ်လိုမှ တွေးလို့တောင် ရမှာ မဟုတ်ဘူးပဲ"

ကိုးထပ် ချန်ခွန်း မျှော်စင်၏ ပေါ်ပေါက်လာမှုက အင်ပါယာကြီး လေးခုနှင့် ၎င်းတို့၏ အဓိက အင်အားစုများအကြား အပြိုင်အဆိုင် လုယက်မှုများကို ဖြစ်စေခဲ့ပြီး ဖြစ်သည်။ ဧကရာဇ်များ ကိုယ်တိုင်ပင် ၎င်းကို လိုချင်တပ်မက်ခဲ့ကြပြီး နောက်ဆုံးတွင် စစ်ပွဲအဖြစ်သို့တိုင် ဦးတည်သွားခဲ့ရသည်။

ကိုးထပ် ချန်ခွန်း မျှော်စင် ရှိနေကြောင်းကိုသာ ကျိုကျိုးမှ အင်အားစုများ သိရှိသွားခဲ့ပါလျှင် သူတို့၏ တုံ့ပြန် လှုပ်ရှားမှုများက မည်မျှ ရူးသွပ်နေမည်ကို စဉ်းစားကြည့်ရုံမျှဖြင့် သိနိုင်လေသည်။

နတ်ဘုရားတောင်ကြား တည်ရှိနေခြင်းကို အင်ပါယာကြီး လေးခုက အမြဲတစေ လျှို့ဝှက်ထားခဲ့ကြရသည်။ မည်သည့် အင်ပါယာကမှ ထိုအကြောင်းကို ဖွင့်ဟရန် မဝံ့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ကပ်ဘေးကြီး တစ်ခု ဆိုက်ရောက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

ကျိုကျိုး၏ တည်ရှိမှုသည် အင်ပါယာကြီး လေးခု အနေဖြင့် ရင်ဆိုင်နိုင်စွမ်း ရှိသည့်အရာ မဟုတ်ပေ။

ဖုန်းဝူချန်က ခိုင်မာစွာ ဆိုလိုက်ပြီး သူ၏ မျက်ဝန်းများက ပြင်းထန်စွာ လင်းလက်သွားသည်။

"ဘာပဲဖြစ်ဖြစ်။ ကျွန်တော် ကျွန်တော့်အဖေကို ပြန်ကယ်ရမှ ဖြစ်မယ်"

သူ့အဖေကို ကယ်ဖို့ဆိုလျှင် ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပေးလိုက်ရလည်း သူ ဂရုမစိုက်ပေ။

ကျိုကျိုး၏ အင်အားက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေပါစေ။ ၎င်းက နဂါးလှောင်အိမ် သို့မဟုတ် ကျားသေတ္တာ ဖြစ်နေလျှင်ပင် ဖုန်းဝူချန်တစ်ယောက် အတင်း ဝင်ရောက်ရမည်သာ။ သူ ဖုန်းကျိန့်ရှုံးကို ပြန်ကယ်ရမည်။

ကယ်ရုံတင် မဟုတ်သေး။ အခွင့်အရေးသာ ရခဲ့လျှင် သူ့အဖေကို ဖမ်းသည့်လူတွေ..။ ထို အဖွဲ့အစည်း တစ်ခုလုံးကို သူ အမြစ်ဖြတ်ပစ်မည်။

ဤအင်အားစုသည် ဖုန်းမိသားစု၏ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့သည်။ သူက သူတို့ကို ဘယ်လို အလွတ်ပေးနိုင်မည်နည်း။

—-------

ယန်ဟော်မြို့မှ ထွက်ခွာပြီးနောက် ဖုန်းဝူချန်သည် ပြိုင်ဘက်ကင်းမြို့သို့ အမြန်ဆုံး ပြန်လာခဲ့သည်။

ဤအချိန်တွင် ချီဟွမ်နှင့် ဝူချင်းတို့သည် ကျိုကျိုးသို့ သွားရာ လမ်းခရီးပေါ်တွင် ရောက်နေကြလေပြီ။

တိုက်ပွဲကြီးကား ခုမှ ပြီးဆုံးခါစ၊ ထိုက်ရွှီဂိုဏ်းလည်း ခုမှ ပျက်စီးသွားခါစ၊ အခြေအနေများ ခုမှ တည်ငြိမ်စ ပြုရုံ ရှိသေးသည်။

သို့သော် ပိုမို ခြိမ်းခြောက်လေသော ရန်သူသစ် တစ်ယောက် ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်ချေပြီ။

---

ထိုက်ရွှီဂိုဏ်း၌၊

မုရုန်ထျန်းသည် မျက်စိတစ်မှိတ်အတွင်း ပေါ်ပေါက်လာခဲ့၏။ သူ၏ မသက်မသာ ဖြစ်ဖွယ်နှင့် ဆိုးညစ်သော အရှိန်အဝါများက တာဝန်ခံ အကြီးအကဲကို လျင်မြန်စွာ သတိထားမိစေခဲ့သည်။

တာဝန်ခံ အကြီးအကဲက အနားသို့ အပြေးအလွှား ရောက်လာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။

"ဂိုဏ်းချုပ်လေး။ အခြေအနေ ဘယ်လိုရှိပါသလဲ"

"ဖုန်းဝူချန်ကို တွေ့ခဲ့ရလား"

"အင်း၊ ဖုန်းဝူချန်က တကယ်ပဲ သန်မာတယ်"

"သူ့မျက်လုံးတွေက အထူးသဖြင့် ကြောက်ဖို့ကောင်းတယ်။ ဘာကိုမှ ကြောက်ရွံ့ခြင်း မရှိတဲ့ မျက်လုံးမျိုး"

"ဒီလူ မရိုးရှင်းဘူး။ မုရုန်ထျန်းလီ သူ့လက်ထဲမှာ သေတာ မဆန်းပါဘူး"

မုရုန်ထျန်းထံမှ ဖုန်းဝူချန်အပေါ် ဤမျှ မြင့်မားသော သုံးသပ်ချက်ကို ကြားလိုက်ရသဖြင့် တာဝန်ခံ အကြီးအကဲက မေးလိုက်သည်။

"ဒါဆို ဂိုဏ်းချုပ်လေး။ သူ့ကို သတ်ဖို့ ယုံကြည်ချက် ရှိရဲ့လား"

ထိုအခါ၊ မုရုန်ထျန်းက အေးစက်စွာ ပြုံးလိုက်သည်။ သူ၏ ကိုယ်ပိုင် ခွန်အား အပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေပြီး ဖုန်းဝူချန်ကို အနည်းငယ် အထင်သေးနေသည့်ဟန်ပင် ပေါက်နေ၏။

"သူက ကျွန်တော့်ပြိုင်ဘက် မဟုတ်ပါဘူး"

"သူ့ကို သတ်ဖို့က ဘာများ ခက်ခဲနေလို့လဲ"

"ဒါပေမဲ့ အခု ကျွန်တော့်မှာ ဒီထက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ ဒါကြောင့် သူ့ကို နောက်ထပ် ခဏလောက် အသက်ရှင်ခွင့် ပေးထားလိုက်ဦးမယ်"

ဒီစကားကို ကြားမှ တာဝန်ခံ အကြီးအကဲက စိတ်သက်သာရာရစွာ ပြုံးနိုင်တော့သည်။

“ဒါဆို ကောင်းတာပေါ့။ ကောင်းတာပေါ့”

ထို့နောက်မှ သူ အသိပြန်ဝင်လာပြီး ထပ်မေးလိုက်သည်။

"ဒါနဲ့ ဂိုဏ်းချုပ်လေး။ ဘာ အရေးကြီး ကိစ္စများ ရှိလို့လဲဗျ"

မုရုန်ထျန်းက နားလည်ရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး

"တာဝန်ခံ အကြီးအကဲ။ ကျွန်တော့်ကို ထိုက်ရွှီ ဝိညာဉ်ကျောက်တုံး သွားယူပေးပါ"

တာဝန်ခံ အကြီးအကဲ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

"ထိုက်ရွှီ ဝိညာဉ်ကျောက်တုံး"

"ဂိုဏ်းချုပ်လေး။ ခင်ဗျား ထိုက်ရွှီ အတားအဆီးကို ဖွင့်မလို့လား"

"မ ..မဖြစ်ဘူးလေ။ အဲ့ဒါ လုံးဝ လုပ်လို့ မဖြစ်ဘူး"

"ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေကို အနှောင့်အယှက် ပေးလို့ မဖြစ်ဘူး"

မုရုန်ထျန်း၏ အသံက ပို၍ အေးစက်သွားသည်။

"မုရုန်ထျန်းလီ သေပြီ"

"အခု ထိုက်ရွှီဂိုဏ်းမှာ ကျုပ် ပြောသမျှ အတည်ပဲ"

"သွား။ ထိုက်ရွှီ ဝိညာဉ်ကျောက်တုံးကို အခု သွားယူ"

ထို ဆိုးညစ်သော အရှိန်အဝါကြောင့် တာဝန်ခံ အကြီးအကဲမှာ ကြောက်လန့်တကြား တုန်ယင်သွားပြီး အလွန်အမင်း ထိတ်လန့်သွားလေသည်။

မုရုန်ထျန်းသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သူ ပြန်ပေါ်လာသောအခါ ထိုက်ရွှီဂိုဏ်း၏ နောက်ကျောတောင်ကုန်းပေါ်ရှိ ရှေးဟောင်း နန်းတော်တစ်ခု၏ ဂိတ်တံခါးရှေ့သို့ ရောက်ရှိနေလေပြီ။

သူ၏ ရှေ့မှ ရှေးဟောင်း နန်းတော်ကြီးသည် နှစ်ကာလများ၏ အိုဟောင်းမှုများဖြင့် ပြည့်နှက်နေ၏။ ၎င်း မည်မျှ ကြာအောင် ရပ်တည်ခဲ့သည်ကို မည်သူမျှ မသိနိုင်တော့ပေ။

ထိုနန်းတော်ကြီးပေါ်တွင် 'ထိုက်ရွှီ ဗိမာန်' ဟူသော စာလုံးကြီးများကို ရေးထွင်းထားသည်။

ထိုက်ရွှီဗိမာန်သည် ထိုက်ရွှီဂိုဏ်း၏ ဆက်ခံခဲ့သော ဂိုဏ်းချုပ်များ၏ ဝိညာဉ် ကမ္ဗည်းပြားများကို ထားရှိရာ နေရာ ဖြစ်၏။ ၎င်းသည် ထိုက်ရွှီဂိုဏ်း၏ အထွတ်အမြတ် နေရာတစ်ခု ဖြစ်ပြီး ဂိုဏ်းချုပ်မှလွဲ၍ မည်သူ့ကိုမှ ဝင်ခွင့်မပြုပေ။ ထို့ပြင် အစွမ်းထက်သော အကာအကွယ်လွှာ တစ်ခုဖြင့်လည်း ကာကွယ်ထားသည်။

မကြာမီပင် တာဝန်ခံ အကြီးအကဲသည် တုန်တုန်ယင်ယင်ဖြင့် ထိုက်ရွှီ ဝိညာဉ်ကျောက်တုံးကို မုရုန်ထျန်းထံသို့ လာရောက် ပေးအပ်လေသည်။

ထိုက်ရွှီ ဝိညာဉ်ကျောက်တုံးသည် မှိန်သော အပြာရောင် အလင်းတန်းများကို ထုတ်လွှတ်နေပြီး ၎င်းသည် ထိုက်ရွှီ အကာအကွယ်လွှာကို ဖွင့်ရန် အထူး အသုံးပြုရသော ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်၏။

“ဝှစ်”

မုရုန်ထျန်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုက်ရွှီ ဝိညာဉ်ကျောက်တုံးသည် လွင့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ထိုက်ရွှီဗိမာန်၏ မျက်နှာပြင်ပေါ်ရှိ အကာအကွယ်လွှာထဲသို့ ဝင်ရောက်သွားသည်။ အပြာရောင် အလင်းတန်းများ လှိုင်းထသွားပြီး အကာအကွယ်လွှာတွင် အပေါက် တစ်ခု ပွင့်သွားတော့၏။

မုရုန်ထျန်းက ညွှန်ကြားလိုက်ရင်း သူ၏ ပုံရိပ်သည် အကာအကွယ်လွှာကို ဖြတ်ကျော်ကာ ထိုက်ရွှီဗိမာန်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

"ကျွန်တော့်ကို အပြင်က စောင့်နေ။ ကျွန်တော် တစ်ယောက်တည်း ဝင်သွားမယ်"

တာဝန်ခံ အကြီးအကဲမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း သူ့ကို တားဆီးဖို့ သတ္တိမရှိခဲ့ပေ။

"ဂိုဏ်းချုပ်လေး။ ဘာ ဘာတွေ လုပ်မလို့လဲ"

မုရုန်ထျန်းတစ်ယောက် ထိုက်ရွှီဗိမာန်ထဲသို့ ဝင်ရောက်သွားသည်နှင့် မျက်နှာပြင်ပေါ်ရှိ အကာအကွယ်လွှာမှာ တစ်ဖန် ပြန်လည် ပိတ်သွားလေသည်။

“ရွှတ်”

မုရုန်ထျန်းသည် ထိုက်ရွှီဗိမာန်၏ အတွင်းဘက်သို့ ရောက်ရှိသွားသည်။

ထိုက်ရွှီဗိမာန်၏ နတ်ဘုရား ပလ္လင်များပေါ်တွင် ဝိညာဉ် ကမ္ဗည်းပြား ဆယ်ချီ၍ တည်ရှိနေသည်။ ၎င်းတို့ အားလုံးသည် ထိုက်ရွှီဂိုဏ်း၏ ယခင် ဂိုဏ်းချုပ်ဟောင်းများ၏ ကမ္ဗည်းပြားများ ဖြစ်ကြ၏။

သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံး တစ်ခု ဖြစ်ပေါ်လာသည်။

"ကျိုကျိုးကို စိုးမိုးဖို့။ ငါတို့ ဘိုးဘေးတွေရဲ့ စွမ်းအားက မရှိမဖြစ် လိုအပ်တယ်"

မုရုန်ထျန်းက ဝိညာဉ် ကမ္ဗည်းပြားများကို ကြည့်ရင်း ဖြောင့်မတ်သော ဒေါသဖြင့် ဆိုလိုက်သည်။

"ဘိုးဘေးတို့။ ထိုက်ရွှီဂိုဏ်းက ပျက်စီးခြင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ"

"ထိုက်ရွှီဂိုဏ်း တိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားတာကို ခင်ဗျားတို့ မကြည့်ရက်ဘူး ဆိုရင်။ ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို ကျွန်တော့်ကို ပေးသနားတော်မူပါ"

"ကျွန်တော် ထိုက်ရွှီဂိုဏ်းကို ကာကွယ် စောင့်ရှောက်ပါ့မယ်"

မုရုန်ထျန်း၏ စကားသံ ဆုံးသည်နှင့် ထို ဝိညာဉ် ကမ္ဗည်းပြား ဆယ်ချီတို့ထံမှ ရောင်စုံ အလင်းတန်းများ ရုတ်တရက် ထုတ်လွှတ်လာပြီး ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားလှသော စွမ်းအားများ လေထုထဲသို့ ပို့လွှတ်လာတော့သည်။

ထို အစွမ်းထက်သော စွမ်းအားကို ခံစားမိပြီး အကြီးအကျယ် ဝမ်းမြောက်သွားကာ မုရုန်ထျန်းသည် သူ၏ လက်များကို စိတ်အားထက်သန်စွာ ဆန့်တန်းလိုက်ပြီး သူ၏ အစစ်အမှန်ယွမ်ကို နှိုးဆော်ကာ သူ၏ ဘိုးဘေးများ၏ စွမ်းအားကို ရူးသွပ်မတတ် စတင် စုပ်ယူလိုက်တော့သည်။

"ဟားဟား"

"ဒီစွမ်းအားတွေက ထျန်းယွမ်ဘုံ ပထမအလွှာ လောက်ပဲ ရှိပေမဲ့။ ငါ ဒါတွေ အားလုံးကို စုပ်ယူပြီး သန့်စင် လိုက်နိုင်ရင်။ ထျန်းယွမ်ဘုံ ပဉ္စမအလွှာကို တက်လှမ်းဖို့ လုံလောက်သွားပြီ"

"အဲ့ဒီအချိန်ကျရင် ကျိုကျိုးကို စိုးမိုးဖို့ဆိုတာ လက်တစ်ကမ်း အလိုပဲ"

မုရုန်ထျန်း၏ နှလုံးသားထဲတွင် ရူးသွပ်မတတ် စိတ်လှုပ်ရှားနေမိသည်။

မုရုန်ထျန်း ဤတစ်ကြိမ် ပြန်လာခြင်း၏ ရည်ရွယ်ချက်မှာ ထိုက်ရွှီဂိုဏ်း အတွက် မဟုတ်ပေ။ သူ၏ ကိုယ်ပိုင် အတ္တအတွက်သာ။ ထိုက်ရွှီဂိုဏ်းရှိ သူ၏ ဘိုးဘေးများ၏ သွေးသား အနှစ်သာရ စွမ်းအားများ အတွက်သာ ဖြစ်လေသည်။

မိနစ်အနည်းငယ်မျှ အတွင်းမှာပင် မုရုန်ထျန်းသည် ဝိညာဉ် ကမ္ဗည်းပြား ဆယ်ချီတို့ထံမှ စွမ်းအားများ အားလုံးကို စုပ်ယူလိုက်လေသည်။

“ဟွန့်”

မောက်မာသော ရယ်သံတစ်ခုနှင့်အတူ မုရုန်ထျန်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထို ဝိညာဉ် ကမ္ဗည်းပြား ဆယ်ချီတို့မှာ မှုန်မှုန်မွှားမွှား ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မုရုန်ထျန်းက မထီမဲ့မြင် အေးစက်စွာ ရယ်မောလိုက်သည်။

"ဖုန်းဝူချန် တစ်ယောက်တည်းက ထိုက်ရွှီဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ခဲ့တာ"

"ဒီလောက် အားနည်းတဲ့ အဖွဲ့အစည်းကို ဘယ်သူက ကာကွယ် စောင့်ရှောက်ချင်မှာလဲ"

"ရယ်စရာ"

"ဒါ့အပြင် ငါက ထိုက်ရွှီဂိုဏ်းက လူ မဟုတ်တော့ဘူး"

"ဒါပေမဲ့ ခင်ဗျားတို့ရဲ့ စွမ်းအားတွေ အတွက်တော့ ကျေးဇူးတင်ရမှာပေါ့လေ"

"ငါ ဖုန်းဝူချန်ကို သတ်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ထိုက်ရွှီဂိုဏ်း အတွက် လက်စားချေပေးတဲ့ အနေနဲ့ပေါ့"

ဖုန်းဝူချန်အကြောင်း တွေးမိလိုက်သည်နှင့် မုရုန်ထျန်းသည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို အလိုအလျောက် တွေးမိသွား၏။

သူ ကိုးထပ် ချန်ခွန်း မျှော်စင်၏ စွမ်းအားကို တစ်ခါမျှ မကြုံတွေ့ဖူးသေး။ သို့သော် တာဝန်ခံ အကြီးအကဲက ၎င်းအကြောင်းကို ဤမျှ ထူးဆန်းစွာ ပြောဆိုနေသည်ကို ကြားရပြီးနောက် သူ ၎င်းကို အလွန် စမ်းသပ်ကြည့်ချင်နေမိသည်။

မုရုန်ထျန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး လောဘ အရိပ်အယောင်များ ထွက်ပေါ်လာကာ အေးစက်စွာ ပြုံးလိုက်သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်"

"ဖုန်းဝူချန်က ဒီလောက် အစွမ်းထက်တဲ့ တစ်ပိုင်း'အင်မော်တယ်'လက်နက် ကို ပိုင်ဆိုင်ထားမှတော့"

"ငါ ကိုယ်တိုင် ယူထားလိုက်တာ ပိုကောင်းပါတယ်။ အန္တရာယ်ကင်းတာပေါ့"

ကိုးထပ် ချန်ခွန်း မျှော်စင်သာ သူ၏ လက်ထဲတွင် ရှိနေမည် ဆိုပါက၊ သူ ပိုမို သန်မာသော ရန်သူများနှင့် ရင်ဆိုင်ရလျှင်ပင် မျှော်စင်၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိနှိပ်မှု စွမ်းအားက မုရုန်ထျန်းအား မည်သူမျှ အနိုင်မယူနိုင်သူ ဖြစ်ကြောင်း သေချာစေလိမ့်မည်။

မုရုန်ထျန်းသည် နန်းတော်ထဲမှ ပြန်ထွက်လာပြီး ထိုက်ရွှီ ဝိညာဉ်ကျောက်တုံးကို တာဝန်ခံ အကြီးအကဲထံ ပြန်ပေးလိုက်ကာ ပြုံးလျက် ဆိုလိုက်သည်။

"ကျွန်တော် ဘိုးဘေးတွေကို အရိုအသေ ပေးပြီးပါပြီ"

"တာဝန်ခံ အကြီးအကဲ။ ဝိညာဉ်ကျောက်တုံးကို သေချာ ဂရုစိုက် သိမ်းထားလိုက်ပါ"

"ကျွန်တော် သွားတော့မယ်"

သူ စကားဆုံးသည်နှင့် တာဝန်ခံ အကြီးအကဲ မည်သို့မျှ တုံ့ပြန်စကား ဆိုခွင့် မရခင်မှာပင် မုရုန်ထျန်းသည် ပျောက်ကွယ်သွားလေသည်။

တာဝန်ခံ အကြီးအကဲမှာ သံသယများဖြင့် ပြည့်နှက်သွားပြီး ခဏအကြာတွင် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားဟန်ဖြင့် သူ၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားတော့သည်။

"ဂိုဏ်းချုပ်လေးဆီက ထွက်ပေါ်လာတဲ့ စွမ်းအားတွေက ဘာ ဘာကြီးလဲ"

ကြောက်လန့်တကြား တုန်ယင်လျက် တာဝန်ခံ အကြီးအကဲက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

"မ မ ဖြစ်နိုင်ဘူး"

"ဒါဘိုးဘေးတွေရဲ့ အနှစ်သာရ သွေးစွမ်းအားတွေ အားလုံး.."

"ဂိုဏ်းချုပ်လေး စုပ်ယူသွားတာ မဟုတ်လား"

ကြီးမားလှသော အနှစ်သာရ သွေးစွမ်းအား ဒါဇင်ပေါင်းများစွာကို စုပ်ယူပြီးနောက်။ မုရုန်ထျန်း၏ ကျင့်ကြံခြင်းအဆင့်သည် ထျန်းယွမ်ဘုံ စတုတ္ထအလွှာတွင် ရှိနေသော်လည်း ၎င်းကို ခံနိုင်ရည်ရှိရန် အနည်းငယ် ခက်ခဲနေလေသည်။ သူ ၎င်းတို့ကို သန့်စင် စုပ်ယူရန် လုံခြုံသော နေရာတစ်ခု ရှာဖွေရန် လိုအပ်နေသည်။

မုရုန်ထျန်းက ကြွားဝါလိုက်သည်။ သူသည် ဤလောကရှိ ပါရမီရှင်များကို အလေးအနက် ထားခြင်း လုံးဝ မရှိပေ။

"'နတ်ဆိုး လော့' သိုင်းကျမ်းက ငါနဲ့ တကယ်ပဲ လိုက်ဖက်လွန်းတယ်"

"ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်နဲ့"

"ဘာ နံပါတ်တစ် ပါရမီရှင် ဟုတ်လား။ ဟက်။ ငါ့မျက်စိထဲမှာ ပြောတောင် မပြောပလောက်ဘူး"

All Chapters