← Chapters

ရှင်းလင်း ပြတ်သားစွာ မျဉ်းခွဲခြင်း

Vol. 17 Ch. 249

ရှင်းလင်း ပြတ်သားစွာ မျဉ်းခွဲခြင်း

Vol. 17 Ch. 249

~ရှောင်မိသားစု၏ အကြီးအကဲချုပ် (ဝါ)မဟာအကြီးအကဲ ဖြစ်သော 'ရှောင်ယွမ်ရှန်း'သည် စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သည့်အလျောက် ဖုန်းဝူချန်၏ သန်မာပြီး လွှမ်းမိုးနိုင်သော ဝိညာဉ်စွမ်းအားကို သတိပြုမိရန်မှာ သူ့အဖို့ မခက်ခဲလှပေ။

'ဒီလူငယ်လေးက တကယ်ပဲ စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်ပဲ။'

'ဒီလူငယ်ရဲ့ ဆေးပညာ ပါရမီက အလွန်အမင်း မြင့်မားပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအားကလည်း တုနှိုင်းမရလောက်အောင် အစွမ်းထက်လှတယ်။'

'တကယ် တကယ် မယုံနိုင်စရာပဲ။'

ထိုသို့ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သိမြင်နိုင်သောကြောင့်ပင် ရှောင်ယွမ်ရှန်းတစ်ယောက် ဤမျှ တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။

နတ်ဘုရား ဆေးလုံး သခင်ကြီး၊ ဟဲထျန်းရှုံးနှင့် အခြား ရှိနေသော ဆေးပညာရှင်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် တုန်လှုပ်သွားသော မျက်နှာထားများ ဖြစ်သွားကြ၏။ သူတို့အားလုံးသည် ဖုန်းဝူချန်၏ အဆင့်အတန်းမှာ စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ကြောင်း အသိအမှတ် ပြုလိုက်ကြရသည်။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦး၏ အဆင့်သို့ ရောက်ရှိခြင်းသည် သူ၏ ထူးကဲလှသော ဆေးပညာ ပါရမီအတွက် သက်သေပင် ဖြစ်တော့သည်။

"အဲ့ဒီလူငယ်လေးက စတုတ္ထအဆင့် ဆေးပညာရှင် ဟုတ်လား"

နတ်ဘုရား ဆေးလုံး သခင်ကြီး၏ အံ့အားတသင့် ကြွေးကြော်သံကို ကြားလိုက်ရသောအခါ အဓိက အင်အားစု အသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများမှာ အလွန်တရာ အံ့ဩသွားကြသည်။

"သူက သူက စတုတ္ထအဆင့် ဆေးပညာရှင်။ ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ကျန်းမိသားစုမှ ကျန်းပုဖန်မှာ ရှိနေသူများအားလုံးထဲတွင် အတုန်လှုပ်ဆုံး ဖြစ်သွား၏။ ဖုန်းဝူချန်သည် စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်နေသေးသည်ကို သူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။

ထျန်းဖုန်းမြို့၏ ပါရမီရှင်များထဲမှ တစ်ဦးအဖြစ် ချီးကျူးခံရသော ကျန်းပုဖန်သည် ထျန်းဖုန်းမြို့၌ ဖုန်းဝူချန် သူ့အား ပြောကြားခဲ့သော မောက်မာသည့် စကားလုံးများကို ပြန်လည် ကြားယောင်မိလိုက်သည်။ ချက်ချင်းပင် သူ၏ ဂုဏ်ယူဝံ့ကြွားမှုနှင့် ဂုဏ်သိက္ခာများအားလုံးကို ရက်စက်စွာ နင်းချေခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။

အသက်အရွယ် ငယ်ရွယ်သည်။ အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့် ရှိရုံသာမက ပါရမီထူးချွန်သော ဆေးပညာရှင်တစ်ဦးလည်း ဖြစ်သေးသည်။ ဤသို့သော အံ့ဩဖွယ် အောင်မြင်မှုများကြောင့် ကျန်းပုဖန်ခမျာ ဖုန်းဝူချန်နှင့် နာမည်ပင် အတူတကွ တွဲဖော်ပြခံရရန် မဖြစ်နိုင်တော့ပေ။

"ပုဖန်။ မင်း သူ့ကို သိလို့လား"

ကျန်းမိသားစု၏ အကြီးအကဲက မေးမြန်းလိုက်သည်။

ကျန်းပုဖန်က ခေါင်းခါလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

"ကျွန်တော် သူ့ကို မသိပါဘူး။ သူက ဟဲမော့ကို ကျွန်တော့်လက်ထဲကနေ သတ်သွားတဲ့လူပါဗျ"

"ဘာ။ ဟဲမော့ကို သတ်သွားတာ သူ ဟုတ်လား"

ကျန်းမိသားစုမှ ရာထူးကြီး စီနီယာ အဖွဲ့ဝင်များ၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။

"ဟုတ်တယ်။ သူ့အစွမ်းက သိပ်ကြောက်ဖို့ကောင်းတယ်။ ကျွန်တော်တို့ တိုက်ကွက် တစ်ကွက်ပဲ အပြန်အလှန် ယှဉ်ကြည့်ခဲ့ရပေမဲ့ သူက သူ့ရဲ့ အစစ်အမှန်ယွမ်ကိုတောင် ထုတ်မသုံးခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ အမြန်နှုန်းက ကျွန်တော်တောင် လိုက်မမီနိုင်ခဲ့ဘူး။ ဒီလူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ထျန်းယွမ်ဘုံမှာ ရှိနေမှာ သေချာပါတယ်"

ကျန်းပုဖန်က မျက်မှောင်ကို ပို၍ပို၍ ကြုတ်လိုက်ရင်း တွေးတောလေလေ ပို၍ သတိထားမိလေလေ ဖြစ်လာသည်။

ကျန်းပုဖန်သည် သတိထားနေမိသော်လည်း သူ၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ဒေါသထွက်နေခဲ့၏။

ဖုန်းဝူချန် လူသတ်ခဲ့သည့် သတင်းသည် ကျိုကျိုး တစ်ခွင်လုံးနီးပါး ပျံ့နှံ့သွားခဲ့ရာ ၎င်းမှာ သူ၏ မျက်နှာကို အကြီးအကျယ် ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။

တစ်ခဏမျှပင် ခြံဝင်းအတွင်းရှိ လူတိုင်း၏ တုန်လှုပ်နေသည့် အကြည့်များသည် ဖုန်းဝူချန်ထံသို့ စုပြုံ ကျရောက်သွားတော့၏။

'ဒီလူငယ်လေးရဲ့ နောက်ခံက ဘာများလဲ။ ရှောင်ချင်းချင်းနဲ့ရော သူက ဘယ်လို ပတ်သက်နေတာလဲ။ သူက စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်တဲ့လား။'

လူအများသည် နားမလည်နိုင် ဖြစ်နေကြသလို စူးစမ်းလိုစိတ်လည်း ပြင်းပြနေကြသည်။ ဤ ပါရမီရှင် ဆေးပညာရှင် လူငယ်လေးမှာ အမှန်တကယ် မည်သူမည်ဝါ ဖြစ်သည်ကို အလွန် သိရှိလိုနေကြသည်။

"ဂိုဏ်းချုပ်။ အဲ့ဒီလူငယ်လေးက ဖုန်းဝူချန်ပဲ"

ဟွမ်ဖူထျန်းပါးက တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ဩော်။ သူက ယန်ဟော်အင်ပါယာရဲ့ စစ်သူကြီးချုပ် 'အတွေးဖြင့် ပုံဖော်ခြင်း' လုပ်နိုင်တဲ့ ပဉ္စမအဆင့် လက်နက်သန့်စင်သူ ဖုန်းဝူချန် ဆိုတာလား"

ရှီဝမ်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်ပြီး သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။

ဟွမ်ဖူယွင်ကျုံး၏ မျက်ဝန်းများတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားပြီး လေးနက်သော အသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"သူ ၊ သူ ဟုတ်ပါတယ်။ သူ အခု ထျန်းယွမ်ဘုံကို ရောက်နေပြီ။ သူ့အစွမ်းက အရမ်း ကြောက်ဖို့ ကောင်းပြီး သူ့နည်းလမ်းတွေကလည်း ရက်စက်လွန်းတယ်။ ဟွမ်ဖူမိသားစု သူ့လက်ချက်နဲ့ ပျက်စီးခဲ့ရတာ"

ရှီဝမ်ဂိုဏ်းချုပ်သည်လည်း ကြောင်ငေးငိုင်တွေစွာ ရေရွတ်လိုက်မိသည်။

"အသက် ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေး တစ်ယောက်က 'အတွေးဖြင့် ပုံဖော်ခြင်း' လုပ်နိုင်တဲ့ ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက် ဖြစ်နိုင်လိမ့်မယ်လို့ ငါ ဘယ်လိုမှ မယုံနိုင်ဘူး။ ပြီးတော့ တစ်ချိန်တည်းမှာ စတုတ္ထ အဆင့် ဆေးပညာရှင်။ ဒါ့အပြင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ထျန်းယွမ်ဘုံကိုတောင် ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့ပြီ"

သူ တွေးလေလေ ပို၍ တုန်လှုပ်လေလေ ဖြစ်လာပြီး ဤအဖြစ်မှန်ကို ယုံကြည်ရန် အလွန် ခက်ခဲနေတော့သည်။

ရှောင်ထျန်းချန်၏ တုန်လှုပ်နေသော မျက်နှာမှ အမူအရာများ တဖြည်းဖြည်း ပြေလျော့လာသည်ကို၎င်း၊ ရှောင်မိသားစု အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ညိုမှောင်နေသော မျက်နှာထားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို၎င်း မြင်တွေ့လိုက်ရသောအခါ ဟွမ်ဖူထျန်းပါး တစ်ယောက် မျက်မှောင် ကြုတ်လိုက်မိ၏။

'ဖုန်းမိသားစုနဲ့ ရှောင်မိသားစုရဲ့ ဆက်ဆံရေးက ကြည့်ရတာ။'

ဟွမ်ဖူမိသားစု၊ ရှောင်မိသားစုနှင့် ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကို ယခုမှ သိရှိလိုက်ရသူများမှအပ ကျန်ရှိနေသော သူများသည် ဖုန်းဝူချန် အကြောင်းကို ဘာတစ်ခုမျှ မသိရှိကြပေ။

သူတို့သည် ဖုန်းဝူချန်၏ ကျော်ကြားလှသော နာမည်ဆိုးကို ကြားဖူးကောင်း ကြားဖူးမည် ဖြစ်ပြီး သူနှင့် ပတ်သက်သည့် အကြောင်းအရာ အချို့ကိုလည်း သိရှိကောင်း သိရှိကြမည် ဖြစ်သည်။ သို့သော် သူတို့သည် ဖုန်းဝူချန်အား လူကိုယ်တိုင် တွေ့မြင်ဖူးကြခြင်း မရှိပေ။

တစ်ဖက်တွင် ၊ နတ်ဘုရား ဆေးလုံး သခင်ကြီးသည် မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်လိုက်ပြီး ဖုန်းဝူချန်အား စူးရှစွာ စိုက်ကြည့်နေ၏။ ထူးကဲသော စွမ်းအားရှင် တစ်ဦးကို ရင်ဆိုင်နေရသည့်အလားပင်။

'လူငယ်လေး။ လှပတဲ့ မိန်းမပျိုလေး။ ယောက်ျား တစ်ယောက် မိန်းမနှစ်ယောက်။ ဒါ ၊ဟဲမော့ကို သတ်သွားတဲ့ လူတွေ ဖြစ်နိုင်မလား။'

ကျိုကျိုးတွင် ဟဲမော့အား သတ်ရဲသူမှာ များများစားစား မရှိဘဲ သူတို့၏ ရှေ့မှ လူသုံးဦးမှာ ဟဲမော့အား သတ်ဖြတ်သွားသူများ၏ ဖော်ပြချက်နှင့် ကိုက်ညီနေသည်။

နတ်ဘုရား ဆေးလုံး သခင်ကြီးသာမက ဟဲထျန်းရှုံးနှင့် အခြား ရှိနေသူများစွာတို့လည်း ထိုသို့ တွေးဆနေကြလေသည်။

သို့သော် လုံးဝ သေချာမှု မရှိဘဲနှင့်တော့ သူတို့ ကောက်ချက်ချရန် မဝံ့ရဲကြပေ။ အထူးသဖြင့် ရှောင်ချင်းချင်းသည် ရှောင်မိသားစုမှ ဖြစ်နေသည့်အတွက် အတိုင်းအတာတစ်ခုအထိ သူတို့သည် ရှောင်မိသားစုအား မျက်နှာသာ ပေးကြရပေမည်။

အခြေအနေကို သတိပြုမိနေသော ဖုန်းဝူချန်သည် နတ်ဘုရား ဆေးလုံး သခင်ကြီးအား သာမန်လူ တစ်ယောက်ကို ကြည့်သကဲ့သို့ တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် သူ၏ အကြည့်များကို ပြန်လည် ရွှေ့ပြောင်းသွား၏။

'ဒီမှာ ရှိနေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေထဲမှာ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့သူ သိပ် မရှိပါဘူး။'

ထိုနေရာတွင် ရှိနေသည့် အစွမ်းထက် ပုဂ္ဂိုလ်များစွာထဲတွင် ဖုန်းဝူချန်အား ခြိမ်းခြောက်နိုင်သူမှာ များများစားစား မရှိပေ။ ထျန်းယွမ်ဘုံ ပဉ္စမအလွှာနှင့် ဆဌမအလွှာတွင် ရှိနေသော စစ်သည်တော်များမှ လွဲ၍ ဖုန်းဝူချန်သည် အခြားသူများကို ထည့်မတွက်ပါချေ။

ပဉ္စမအဆင့် ဆေးပညာရှင်များကိုပင် ဖုန်းဝူချန်က အလေးအနက် ထားခြင်း မရှိပေ။

ထိုနေရာတွင် ပဉ္စမအဆင့် ဆေးပညာရှင် သုံးဦး၊ စတုတ္ထအဆင့် ဆေးပညာရှင် အချို့ ရှိနေပြီး ဖုန်းဝူချန်သည် တတိယ သို့မဟုတ် ဒုတိယအဆင့်သာ ရှိသော ကျန်လူများကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

ထိုနေရာတွင် လက်နက်သန့်စင်သူများလည်း အတော်များများ ရှိနေသော်လည်း အသန်မာဆုံးမှာ စတုတ္ထအဆင့် လက်နက်သန့်စင်ခြင်း အဆင့်တွင်သာ ရှိနေ၏။

ဖုန်းဝူချန်အတွက်မူ ဤဆေးပညာရှင်များနှင့် လက်နက်သန့်စင်သူများ တစ်ဦးတစ်ယောက်မျှ သူ့အား ခြိမ်းခြောက်နိုင်စွမ်း မရှိကြပေ။

သူတို့၏ ကလေးကစားစရာကဲ့သို့သော အရည်အချင်းများက နတ်ဆိုးနဂါးနတ်ဘုရား၏ လက်နက်သန့်စင်ခြင်း၊ ဆေးပညာတို့နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

"မိသားစုခေါင်းဆောင်။ စိတ်မဆိုးပါနဲ့တော့။ ရှောင်မိသားစုက ကျိုကျိုးမှာ ပိုပြီး အင်အားကြီးမားလာဖို့ဆိုရင် ဖုန်းဝူချန်အပေါ်မှာပဲ မူတည်နေတုန်းပါ"

ရှောင်ယွမ်ရှန်းက တိုးညှင်းစွာ သတိပေးလိုက်သည်။

ဤစကားကို ကြားသောအခါ ရှောင်ထျန်းချန်၏ တုန်လှုပ်နေသော မျက်နှာမှာ နောက်ဆုံးတွင် သက်သာရာရမှု အရိပ်အယောင် တစ်ခု ထင်ဟပ်လာသည်။ ရှောင်မိသားစု အဆင့်မြင့် ပုဂ္ဂိုလ်များ၏ ညိုမှောင်နေသော မျက်နှာထားများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြ၏။

ရှောင်ထျန်းချန်၏ ခမ်းနားသော မွေးနေ့ပွဲသည် ကျိုကျိုးမှ အင်အားစု အကြီးအငယ် အသီးသီးအပြင် အစွမ်းထက် ပုဂ္ဂိုလ်များစွာကိုပါ စုစည်းထားသည်။ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ၏ ရှေ့မှောက်တွင် ရှောင်မိသားစုအား မျက်နှာပျက်စေရန် သူ မည်သို့ ခွင့်ပြုနိုင်မည်နည်း။

ရှောင်ထျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ လေသံမှာ ပိုမို နူးညံ့သွားသည်။

"ချင်းချင်း။ မင်း အဖေ့မွေးနေ့ကို ဂုဏ်ပြုဖို့ ယန်ဟော်အင်ပါယာကနေ ပြန်လာတာ ရှားရှားပါးပါးပဲ။ မင်းရဲ့ စေတနာကို အသိအမှတ် ပြုပါတယ်"

ထို့နောက် ရှောင်ချင်းချင်းက ဆက်လက် ပြောလာသည်။

"အဖေ။ သမီး၊ အဖေ့မွေးနေ့ကို ဂုဏ်ပြုဖို့ ပြန်လာတာအပြင် နောက်ထပ် ကိစ္စတစ်ခုလည်း ရှိပါသေးတယ်"

ရှောင်ထျန်းချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။ သူ သူမ ဘာပြောချင်သည်ကို ခန့်မှန်းမိသွားပုံ ရ၏။

ထို့နောက် သူက "ဘာကိစ္စပဲ ဖြစ်ဖြစ် နောက်မှ ပြောကြတာပေါ့"

ဟု တုံ့ပြန်လိုက်သည်။

"ချင်းချင်း။ ဒီနေ့က မိသားစုခေါင်းဆောင်ရဲ့ ခမ်းနားတဲ့ မွေးနေ့ပွဲလေ။ ဧည့်သည်တွေကို လစ်လျူရှုလို့ မဖြစ်ဘူး။ ဘာကိစ္စပဲ ရှိရှိ ပွဲတော်ပြီးတဲ့အထိ စောင့်လို့ ရပါတယ်"

ရှောင်ယွမ်ရှန်းက ကြင်နာစွာ ပြုံးလျက် ဝင်ပြောလိုက်ခြင်းပါ။

ရှောင်ချင်းချင်းက "ကျွန်မ ပြောပြီးတာနဲ့ ချက်ချင်း ပြန်မှာပါ" ဟု အလျင်အမြန် ပြန်ပြောလိုက်သည်။

"အဖေ့ရဲ့ ခမ်းနားတဲ့ ပွဲတော်ကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး။ အကြီးအကဲ ၊ အဘိုးတို့အားလုံးလည်း စိတ်အနှောင့်အယှက် မဖြစ်ကြပါနဲ့"

"ချင်းချင်း"

အစ်ကို ဖြစ်သူ ရှောင်ချင်းရှန်က ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ကြံလိုက်စဉ်မှာပင် ရှောင်ထျန်းချန်က သူ့အား တားဆီးလိုက်သည်။

သူ၏ အကြည့်ကို ရှောင်ချင်းချင်းထံ စူးစိုက်လိုက်ရင်း ရှောင်ထျန်းချန်က ဆိုသည်။

"ဆက်ပြောလေ"

"အဖေ။ ဆယ့်ရှစ်နှစ် ကြာခဲ့ပါပြီ။ အစ်ကို သမီးဆီ လာရှာတုန်းက သမီး အရမ်း ပျော်ခဲ့တယ်။ အဖေ စိတ်ပြေသွားပြီလို့ ထင်ခဲ့မိတာ"

"ဒါပေမဲ့ နောက်ပိုင်းကျမှ သမီး ဘယ်လောက်တောင် အဖြူထည်ဆန်ခဲ့လဲ ဆိုတာ သိလိုက်ရတယ်"

"တကယ်တော့ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လုံးလုံး သမီး တစ်ယောက်တည်းကပဲ မျှော်လင့်တကြီး စောင့်မျှော်နေခဲ့မိတာပါ"

"ဆယ့်ရှစ်နှစ်ဆိုတာ သိပ်ကို ကြာလွန်းပါတယ်။ ရှောင်မိသားစုအပေါ် ထားရှိတဲ့ သမီးရဲ့ သံယောဇဉ်တွေလည်း မှေးမှိန်ကုန်ပါပြီ"

"အစ်ကို သမီးဆီ ဒုတိယအကြိမ် လာရှာတဲ့အခါ သမီး တကယ် နားလည်သွားခဲ့တယ်။ ရှောင်မိသားစုအတွက် သမီးက ဘာမှ အရေးမပါဘူး ဆိုတာ။ အသုံးဝင်တဲ့ အခါမှသာ တန်ဖိုး ရှိတာ"

"အဖေ။ အဖေ့ရဲ့ အသက် ခုနစ်ဆယ်ပြည့် မွေးနေ့ကို သမီးတစ်ယောက် အနေနဲ့ လာရောက် ဂါရဝ ပြုခွင့်ရတဲ့အတွက် သမီးရဲ့ တာဝန် ကျေ ပါ ပြီ"

ရှောင်ချင်းချင်းက သူ၏ ဝမ်းနည်းပူဆွေးမှုကို မြိုသိပ်ထားရင်း မျက်ရည် နှစ်ကြောင်း စီးကျလာလျက် ဆိုလိုက်သည်။

ရှောင်ချင်းချင်း၏ စကားများကို ကြားရသောအခါ ရှောင်ထျန်းချန်နှင့် ရှောင်မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ အလွန်အမင်း မကျေမနပ် ဖြစ်သွားကြသည်။ ရှောင်ချင်းချင်းသည် ရှောင်မိသားစုနှင့် ရှင်းလင်း ပြတ်သားစွာ မျဉ်းခွဲလိုက်ခြင်း ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။

"ဟူး"

မဟာအကြီးအကဲ ရှောင်ယွမ်ရှန်းက အကြံအိုက်စွာ သက်ပြင်းချလိုက်သည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာမည်ကို သူ ကြိုတင် တွက်ဆထားပြီး ဖြစ်၏။

အကယ်၍သာ ရှောင်ထျန်းချန်သည် ထိုစဉ်က ဤမျှ ရက်စက်ခဲ့ခြင်း မရှိပါလျှင် ဤအခြေအနေသို့ ဆိုက်ရောက်လာမည် မဟုတ်ပေ။

ဝမ်းနည်းစရာ ကောင်းသည်မှာ အရာအားလုံးသည် နောက်ကျသွားခဲ့လေပြီ။ ရှောင်မိသားစုသည် ဖုန်းဝူချန်၏ အောင်မြင်မှုများကို မြင်တွေ့ပြီးမှသာ ဆက်ဆံရေး ပြေငြိမ်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ရာ အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ရှောင်ချင်းချင်းသည် ရှောင်ထျန်းချန်အား ဒူးထောက်၍ ဦးချလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ပြတ်သားစွာ ကြေညာလိုက်သည်။

"ဒီနေ့ ဒီအချိန်ကစပြီး ကျွန်မ ရှောင်ချင်းချင်းက ရှောင်မိသားစုဝင် တစ်ယောက် မဟုတ်တော့ပါဘူး"

"ရှောင်မိသားစုက ဖုန်းမိသားစုနဲ့ ဘာ မှ ပတ်သက် ဆက်နွှယ် ခြင်း မရှိ တော့ ပါ ဘူး"

ရှောင်ချင်းချင်း၏ ဆုံးဖြတ်ချက်မှာ အလွန် ပြတ်သားလှပြီး တုံ့ဆိုင်းမှု အလျဉ်းမရှိပေ။ ရှောင်မိသားစု၏ နှလုံးသား မရှိမှုက သူမအား အကြီးအကျယ် စိတ်ပျက်အားငယ်စေခဲ့သည်။

ရှောင်ချင်းချင်းထံတွင် သူမ၏ ကိုယ်ပိုင်မိသားစု ရှိနေခဲ့ပြီ ဖြစ်ရာ ရှောင်မိသားစုသည် သူမအတွက် အရေးမပါတော့ပေ။

ယခု အရေးကြီးသည်မှာ ဖုန်းမိသားစုပင် ဖြစ်သည်။ ဖုန်းဝူချန်၏ မိခင်တစ်ယောက်အနေဖြင့် သူမသည် ခံစားချက်မဲ့သော ရှောင်မိသားစုအား ဖုန်းဝူချန်ကို နက်ရှိုင်းသော ချောက်ကမ်းပါးသို့ ဆွဲချသွားခွင့် ပြုမည်မဟုတ်သလို ရှောင်မိသားစုက ဖုန်းဝူချန်အား အသုံးချသွားခွင့်ကိုလည်း ခွင့်ပြုမည်မဟုတ်ပေ။

ဤသည်မှာ ရှောင်ချင်းချင်း လိုချင်ခဲ့သော ရလဒ် မဟုတ်သော်လည်း ယခုအခါ မည်သည့်အရာကိုမျှ ပြောင်းလဲ၍ မရတော့ပေ။

"ဒီနေ့ ဒီအချိန်ကစပြီး ကျွန်မ ရှောင်ချင်းချင်းက ရှောင်မိသားစုထဲကို ခြေတစ်လှမ်းမှ နင်းတော့မှာ မဟုတ်ပါဘူး။"

ရှောင်ချင်းချင်းသည် ထိုသို့ပြောပြီးနောက် ချာခနဲ လှည့်ထွက်သွားလေသည်။

အစမှအဆုံးထိ ဖုန်းဝူချန်အကြောင်းကို ရှောင်မိသားစုအား တစ်ခွန်းတစ်လေမျှ ပြောသွားခြင်း မရှိခဲ့ပေ။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့လည်း စကားတစ်ခွန်းမှ မဆိုခဲ့ကြ။ ဤသည်မှာ ရှောင်ချင်းချင်းနှင့် ရှောင်မိသားစုအကြားမှ ကိစ္စဖြစ်ပြီး ဖုန်းဝူချန်သည် ဝင်ရောက်စွက်ဖက်ရန် ဘယ်သောအခါကမျှ ရည်ရွယ်ခဲ့ခြင်း မရှိပေ။

ထို့နောက် သူတို့သည် လူတိုင်း၏ တုန်လှုပ်အံ့ဩပြီး နားမလည်နိုင်သော အကြည့်များအကြားမှ ရှောင်မိသားစုထံမှ ထွက်ခွာသွားကြလေသည်။

ရှောင်မိသားစုမှာမူ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက်ကာ ကျန်ရစ်ခဲ့သည်။

ရှောင်ထျန်းချန်၏ မျက်နှာမှာ အလွန်အမင်း လေးနက်တင်းမာနေ၏။

ဖုန်းဝူချန်အား အသုံးချ၍ ရှောင်မိသားစုကို အင်အားကြီးမားလာစေရန် သူတို့၏ ရည်ရွယ်ချက်မှာ လုံးဝ ပျက်ပြားသွားခဲ့လေပြီ။

ရှောင်ချင်းချင်းသည် ရှောင်မိသားစုအား အခွင့်အရေး အနည်းငယ်မျှပင် ပေးသွားခြင်း မရှိခဲ့ပေ။

'ငါ သံသယဝင်တဲ့အတိုင်းပဲ။'

ဟွမ်ဖူထျန်းပါး၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ နှလုံးသားမှာ လုံးဝ အေးချမ်းသွားတော့သည်။

ရှောင်မိသားစု၏ ကျောထောက်နောက်ခံ မရှိဘဲ ဟွမ်ဖူထျန်းပါးနှင့် သူ၏အဖွဲ့သည် ဖုန်းဝူချန်အား ကြောက်ရွံ့နေမည် မဟုတ်ပေ။ အထူးသဖြင့် ရှီဝမ်ဂိုဏ်း၏ အင်အားမှာ ရှောင်မိသားစု၏ အင်အားထက် မနိမ့်ကျသောကြောင့်တည်း။

"မွေးနေ့ပွဲကို ဆက်ကျင်းပကြစို့။"

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရှောင်ထျန်းချန်က စကားဆိုလိုက်သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်သွားသည့်အလား ထင်ရသော်လည်း သူ၏ မျက်လုံးအိုကြီးများထဲတွင် မမြင်ရသလောက်နီးပါး သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

လူအုပ်ကြီးသည် ဘာဖြစ်နေသည်ကို မသိကြသော်လည်း ဤအခိုက်အတန့်တွင် သူတို့ မမေးမြန်းသင့်ကြောင်း သိနေကြသည်။ အကြောင်းမူကား ၎င်းသည် ရှောင်မိသားစု၏ ကိစ္စဖြစ်နေသောကြောင့်တည်း။

အခြားသူ၏ အရှက်ကွဲဖွယ် အကြောင်းအရာကို မည်သူက မေးဖို့ ရဲပါမည်နည်း။

ဖုန်းဝူချန်နှင့် အခြားနှစ်ဦး ထွက်ခွာသွားပြီးနောက် ကျန်းပုဖန်က နတ်ဘုရား ဆေးလုံး သခင်ကြီးအား တိုးတိုးလေး ကပ်ပြောလိုက်သည်။

"နတ်ဘုရား ဆေးလုံး သခင်ကြီးခင်ဗျာ။ ဟဲမော့ကို သတ်သွားတာ အခုက ကောင်လေးပါပဲ။"

"ဘာ၊ သူလား။"

နတ်ဘုရား ဆေးလုံး သခင်ကြီးသည် ခေတ္တမျှ ကြောင်အ သွားပြီးနောက် ဒေါသတကြီး အော်လိုက်သည်။

"မင်း ဘာလို့ အစောကြီးက မပြောတာလဲ။"

"နတ်ဘုရား ဆေးလုံး သခင်ကြီးလည်း သိတဲ့အတိုင်းပဲ။ ကျန်းမိသားစုရဲ့ အင်အားက ရှောင်မိသားစုထက် အများကြီး နိမ့်ပါတယ်။ ရှောင်မိသားစု အကြီးအကဲရဲ့ ခမ်းနားတဲ့ မွေးနေ့ပွဲမှာ ကျွန်တော်တို့ ဘယ်လိုလုပ် စော်ကားရဲမှာလဲ။"

ကျန်းပုဖန်က အားကိုးရာမဲ့သော မချိပြုံးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

ဟဲထျန်းရှုံး၏ မျက်နှာမှာ ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားပြီး သူ၏ မျက်ဝန်းများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လင်းလက်လာကာ အံကြိတ်လျက် ဆိုလိုက်သည်။

"ငါ သူ့ကို ဘယ်တော့မှ မကြေဘူး။ လူလွှတ်ပြီး အဲ့ဒီကောင်လေးကို ချက်ချင်း စောင့်ကြည့်ထား။"

—----

‘ဒါဆို အဲ့ဒီ လူငယ်လေးက ဖုန်းဝူချန်ပေါ့။ သူ တော်တော် နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ။ သူ့ကို လျှော့တွက်လို့ မဖြစ်ဘူး။ ဖုန်းကျိန့်ရှုံးကို ပြန်ခေါ်လာတာ မှန်ကန်တဲ့ လုပ်ရပ်ပဲ ဖြစ်မယ်။’

ထိုသို့ တွေးတောကာ ကျန့်လင်တောင်ကြား၏ တောင်ကြားသခင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ကျန့်လင်တောင်ကြားမှ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးထံသို့ လှမ်းကြည့်လျက် မသိမသာ အချက်ပြလိုက်ရာ ထိုအဖွဲ့ဝင်က ခေါင်းညိတ်ပြပြီး ထွက်ခွာသွားတော့သည်။

နန်းကုန်းမျိုးနွယ်နှင့် ဖုန်းလန်ဂိုဏ်းတည်းဟူသော အင်အားစုကြီးနှစ်ခုမှ အဆင့်မြင့်ပုဂ္ဂိုလ်များသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ပေါ်သော်လည်း တည်ငြိမ်စွာပင် နေထိုင်လိုက်ကြသည်။

---

ရှောင်မိသားစုမှ ထွက်ခွာလာပြီးနောက် ရှောင်ချင်းချင်းသည် အလွန် ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

"မေမေ။ မေမေ့ ဆုံးဖြတ်ချက်အပေါ် နောင်တရနေလား။"

ဖုန်းဝူချန်က မေးလိုက်သည်။

ဤစကားကို ကြားသောအခါ ရှောင်ချင်းချင်းက ခေါင်းခါလိုက်ပြီး ပြုံးလျက် ဆိုသည်။

"ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်၊ မေမေ့ နှလုံးသားထဲက နှစ်ပေါင်းများစွာ လေးလံနေတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ပျောက်ကွယ်သွားသလိုပဲ။ ဒါ မေမေ လိုချင်ခဲ့တဲ့ ရလဒ် မဟုတ်ပေမယ့်။ မေမေ နောင်တမရပါဘူး။"

"နှလုံးသား မရှိတဲ့ ရှောင်မိသားစုနဲ့ ယှဉ်ရင်။ မေမေက ဖုန်းမိသားစုကို ပိုဂရုစိုက်တယ်။ ဘာလို့လဲဆိုတော့ မေမေ့မှာ သားရှိနေလို့လေ။"

"ရှောင်မိသားစု ကိစ္စ ပြီးသွားပြီဆိုတော့။ မင်းအဖေကိစ္စပဲ ကျန်တော့တယ်။"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်များလည်း အေးချမ်းသွားတော့သည်။

လင်ရှောင်ရှောင်၏ မျက်နှာထားမှာ လေးနက်နေပြီး သူမက ဝင်ပြောလိုက်သည်။

"အစ်ကိုကြီးဖုန်း။ အဓိက အင်အားစုတွေက ဟဲမော့ကို သတ်သွားတာ အစ်ကိုကြီးပဲဆိုတာ တွက်ဆမိကြမှာပဲ လေ။ အဲ့ဒီ နတ်ဘုရား ဆေးလုံး သခင်ကြီးက ဒီအတိုင်း လွယ်လွယ် လက်လျှော့မှာ မဟုတ်ဘူး နော်။"

"ပြီးတော့ ရှောင်ရှောင် ..ဟွမ်ဖူထျန်းပါးတို့ကိုလည်း တွေ့လိုက်တယ်။ တကယ်ပဲ၊ ဟွမ်ဖူမိသားစုက နောက်ကွယ်က ကျားကန်ပေးမယ့်သူ ရှာတွေ့သွားပြီ။ ကြည့်ရတာ ရှီဝမ်ဂိုဏ်းပဲ ထင်ပါရဲ့၊ သူတို့ အရှိန်အဝါတွေက အရမ်း ဆိုးညစ်တယ်..။"

ထိုအခါ၊ ဖုန်းဝူချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

"ဟွန့်၊ ဟွမ်ဖူမိသားစုရဲ့ အကြွေးကို အစောဖြစ်ဖြစ် အနှောင်းဖြစ်ဖြစ် တစ်နေ့ကျရင် ပြန်ဆပ်ရမှာပဲဟာ။"

"မင်း အစ်ကိုကြီး ကျိုကျိုးကို ခြေချရဲခဲ့ကတည်းက သူတို့ကို ဘယ်လိုလုပ် ကြောက်နေမှာလဲကွ။”

All Chapters