တိုက်ကွက် တစ်ကွက်
Vol. 17 Ch. 252
~ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ၎င်း၏ အစွမ်းသတ္တိမှာ ကောင်းကင်ဘုံကိုပင် လွှမ်းမိုးသွားတော့သည်။
တစ်ခဏအတွင်းမှာပင် ပေမင်ခုံ၏ အရှိန်အဝါသည် ဖုန်းဝူချန်၏ အရှိန်အဝါကို ကျော်လွန်သွားခဲ့လေ၏။
ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှုအောက်တွင် ရှိနေပါလျက်နှင့် ပေမင်ခုံ၏ စွမ်းအားမှာ မြင့်မားနေဆဲ ဖြစ်သည်။ သူသည် ကျိုကျိုးကောင်းကင်၏ ဂုဏ်ယူဝံ့ကြွားဖွယ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရသည်နှင့် ထိုက်တန်လှပေသည်။
ယခု ပေါက်ကွဲထွက်လာသော အင်အားမှာ သူ၏ စစ်မှန်သော စွမ်းအားပင် ဖြစ်သည်။
"ဖုန်းဝူချန်။ ကြောက်ပြီး ခြေထောက်တွေ မခွေသွားစေနဲ့ဦး"
ပေမင်ခုံက အေးစက်စွာ ကြွေးကြော်လိုက်ပြီး သူ၏ ကိုယ်ပိုင် ခွန်အား အပေါ် ယုံကြည်မှုများ ပြည့်နှက်နေသည်။
ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်းဝူချန်၏ မျက်နှာမှာ ပို၍ လေးနက်သွားသည်။ ပေမင်ခုံသည် မုရုန်ထျန်းလီထက် များစွာ ပိုမို ကြမ်းကြုတ်လှ၏။ ဖုန်းဝူချန် သူ့အား လျှော့တွက်ရန် မဝံ့ရဲပေ။
ပေမင်ခုံ၏ အရှိန်အဝါ တက်လာခြင်း ရပ်တန့်သွားသောအခါ သူ၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးတစ်ခု ပျံ့နှံ့သွားပြီး ဖုန်းဝူချန်အား အမြင့်မှနေ၍ ငုံ့ကြည့်လိုက်သည်။
"မင်းအတွက် ကံဆိုးတာက ငါလည်း အစွမ်းကုန် မထုတ်သုံးရသေးဘူး"
ဖုန်းဝူချန်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။
ဤစကားကို ကြားသောအခါ ပေမင်ခုံ၏ မောက်မာသော အပြုံးမှာ အနည်းငယ် တွန့်ကွေးသွားပြီး သူ၏ မျက်နှာမှာ ညိုမှောင်သွား၏။
'ဖုန်းဝူချန် သူ့အစွမ်းအကုန် မထုတ်ရသေးဘူး။ ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။'
ကျန့်လင်တောင်ကြားမှ တပည့်များမှာ ကြောင်ငေးသွားကြသည်။
ထျန်းယွမ်ဘုံ တတိယအလွှာမှ တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ခြင်းက တစ်ကဏ္ဍ။ ပေမင်ခုံအား ဒဏ်ရာရရှိစေခြင်းက တစ်ကဏ္ဍ။ သို့သော် ယခု သူက သူ၏ အစွမ်းအကုန်ကိုပင် မထုတ်သုံးရသေးဟု ဆိုနေပြန်သည်။
'ဖုန်းဝူချန်က လိမ်ပြီး ကြွားဝါနေတာများ လား။'
ဟုတ်ပါသည်။
ဖုန်းဝူချန်မှာ ကြွားဝါရန် မလိုအပ်ပေ။
"ဝုန်း...ဝုန်း"
သူ၏ သွေးမျိုးဆက် စွမ်းအား အလုံးစုံကို နှိုးဆော်လိုက်သည်နှင့် ပို၍ လွှမ်းမိုးနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ တိုးထွက်လာသော သွေး'ချီ'များမှာ ပိုမို သန်မာလာပြီး နီစွေးသော သွေးရောင် အလင်းတန်းများက ဟင်းလင်းပြင်ကို ဖုံးလွှမ်းသွားကာ လေဟာနယ်ကြီး
တစ်ခုလုံးအား သွေးနီရောင် ဆိုးစေသည်။
၎င်းမှာ ခဏတာမျှသာ ဖြစ်သော်လည်း ဖုန်းဝူချန်၏ ရုန်းကြွလာသော အရှိန်အဝါသည် ပေမင်ခုံ၏ အရှိန်အဝါကို လျင်မြန်စွာ အမီလိုက်လာခဲ့သည်။
"ထျန်းယွမ်ဘုံ ပထမအလွှာက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းကို ပိုင်ဆိုင်နိုင်ရတာလဲ"
ပေမင်ခုံသည် ဖုန်းဝူချန်အား အနည်းငယ် ကြောင်ငေးလျက် ကြည့်လိုက်မိသည်။
"မိစ္ဆာ။ ဖုန်းဝူချန်က မိစ္ဆာ ပဲ"
"သိပ် ကြောက်ဖို့ကောင်းတာပဲ"
"သူ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ"
ကျန့်လင်တောင်ကြားမှ တပည့်များနှင့် တာဝန်ခံ အကြီးအကဲများမှာ တုန်လှုပ်စွာ ကြည့်ရှုနေကြပြီး သွေးပျက်မတတ် ကြောက်ရွံ့နေကြသည်။
သူတို့သည် ပါရမီရှင်များစွာကို တွေ့မြင်ဖူးခဲ့သော်လည်း ဖုန်းဝူချန်ကဲ့သို့ မိစ္ဆာဆန်သော ပါရမီရှင်မျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ပေ။
သူတို့အတွက်မူ ဖုန်းဝူချန်သည် အကန့်အသတ်မရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့်အလား ထင်ရပြီး မည်သည့်အခါမျှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်သော ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦး ဖြစ်နေသည်။
'အချိန် သိပ် မကျန် တော့ ဘူး။ ငါ သူ့ကို အမြန် အနိုင် ယူ ပြီး အဖေ့ ကို ကယ် မှ ဖြစ် မယ်။'
ဖုန်းဝူချန်က စိတ်ထဲမှ တွေးလိုက်သည်။ ပေမင်ခုံ၏ ပေါ်ထွက်လာမှုသည် သူ့အား အချိန်အတော်ကြာ နှောင့်နှေးစေခဲ့ပြီး ဖြစ်သည်။
ကျန့်လင်တောင်ကြား၏ အဆင့်မြင့် ပုဂ္ဂိုလ်များ မရှိခိုက် ယခုသည် ဖုန်းကျိန့်ရှုံးအား ကယ်တင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ သူတို့သာ ပြန်ရောက်လာခဲ့လျှင် ဖုန်းဝူချန်ထံတွင် မျှော်လင့်ချက် မရှိတော့ဘဲ ကိုးထပ် ချန်ခွန်း မျှော်စင်နှင့် အတင်းအကျပ် လဲလှယ်ရတော့မည် ဖြစ်သည်။
သို့သော် ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို လက်လွှတ်ရန် ဆန္ဒမရှိပေ။ သူသည် ဖုန်းကျိန့်ရှုံးအား ကယ်တင်ရန် ရည်ရွယ်ထားသလို ကိုးထပ် ချန်ခွန်း မျှော်စင်ကိုလည်း ဆက်လက် ထိန်းသိမ်းထားလို၏။ တစ်ခုမှ လက်လွှတ်၍ မဖြစ်ပေ။
"မင်းမှာ တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်း ရှိ၊ မရှိ ငါ တကယ် သိချင် သေး တယ်"
ပေမင်ခုံက ဒေါသတကြီး ကြိမ်းဝါးလိုက်ပြီး သူ၏ ခြေထောက်များက လေဟာနယ်ကို နင်းလိုက်သည်။ ကြောက်မက်ဖွယ် အမြန်နှုန်းတစ်ခုက သူ၏ မူလနေရာတွင် လေပွေတစ်ခုကို ချန်ထားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
" မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ။ လွတ်လပ်သော ကောင်းကင် ဖောက်ခွဲခြင်း လက်ဝါး"
ပေမင်ခုံက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ဝါးတွင် အသက်ရှူ မှားလောက်ဖွယ် စွမ်းအားများ ပြည့်နှက်သွားကာ ဖုန်းဝူချန်ထံသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ထိုကြောက်မက်ဖွယ် လက်ဝါးလေလှိုင်းတွင် တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို လှန်ပစ်နိုင်သည့် စွမ်းအားများ ပါဝင်နေသည့်အလား ထင်ရ၏။
"ဘုန်း"
"ဝေါ့"
သို့သော် ပေမင်ခုံ သူ၏ လက်ဝါးကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပေမင်ခုံသည် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အကြောင်းရင်းမသိဘဲ နောက်သို့ လွင့်စင်ထွက်သွားတော့သည်။
သူ၏ သိုင်းပညာကိုပင် မထုတ်ဖော်နိုင်သေးခင်မှာပင် သူ လွင့်စင်သွားခဲ့ရပြီ ဖြစ်သည်။
"ဘုရား၊ ဘုရား"
ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော ကျန့်လင်တောင်ကြားမှ တပည့်များမှာ ကြောက်လန့်တကြား အသက်ရှူ မှားသွားကြပြီး မည်သို့ ဖြစ်ပျက်သွားသည်ကို လုံးဝ နားမလည်နိုင် ဖြစ်သွားကြသည်။
အမြန်နှုန်း။
လုံးဝကို ကြောက်စရာ ကောင်းသော အမြန်နှုန်း။
မမျှော်လင့်ထားသော တိုက်ခိုက်မှုများက ပြိုင်ဘက်အား ခုခံကာကွယ်ရန် အခွင့်အရေး တစ်စက်မျှ မပေးခဲ့ပေ။
ပေမင်ခုံ သူ၏ သိုင်းပညာကို ထုတ်ဖော်လိုက်သည့် တစ်ခဏတာ အခိုက်အတန့်လေးမှာပင် ဖုန်းဝူချန်သည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ တရကြမ်း လှုပ်ရှားလိုက်၏။
၎င်းက ပေမင်ခုံအား လုံးဝ အကာအကွယ်မဲ့သွားစေခဲ့၏။
ဖုန်းဝူချန်၏ လက်သီးချက်မှာ အစွမ်းကုန် ထိုးနှက်လိုက်ခြင်း ဖြစ်ရာ လုံးဝ အသင့်မဖြစ်သေးသော ပေမင်ခုံအား ပြင်းထန်စွာ ဒဏ်ရာရရှိသွားစေသည်။ မသေလျှင်တောင်မှ အနည်းဆုံးတော့ အလွန်အမင်း နာကျင်သွားစေသည်။
ပေမင်ခုံ၏ မျက်နှာတွင် သရဲတစ်ကောင်ကို တွေ့လိုက်ရသည့်အလား ပြာနှမ်းနေသည်။ ဖုန်းဝူချန်၏ တိုက်ခိုက်မှုအတွင်း ဘာဖြစ်သွားခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
'သူ့ အမြန်နှုန်းက ဘာ ဖြစ်နေတာလဲ။'
ပေမင်ခုံက စိတ်ထဲမှ ထိတ်လန့်တကြား တွေးလိုက်မိသည်။ ဖုန်းဝူချန်၏ တိုက်ခိုက်မှုမှာ သူ အာရုံခံလိုက်နိုင် သည်ထက်ပင် မြန်ဆန်လွန်းနေသည်။
"မင်း ဘာကို ကြည့်နေတာလဲ"
ဖုန်းဝူချန်၏ အေးစက်သော အသံသည် ပေမင်ခုံ၏ နောက်ကျောဘက်မှ ထူးဆန်းစွာ ထွက်ပေါ်လာသည်။
"ဘာ"
ပေမင်ခုံ၏ မျက်နှာမှာ နောက်တစ်ကြိမ် သိသိသာသာ ပြောင်းလဲသွားပြီး သတိပေး ခေါင်းလောင်းသံများကြောင့် တုန်လှုပ်သွား၏။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အမြန်နှုန်းက ပေမင်ခုံအား လုံးဝ လွှမ်းမိုးသွားခဲ့လေပြီ။ ပေမင်ခုံသည် သူ၏ ခေါင်းကို ကြောက်လန့်တကြား လှည့်လိုက်ပြီး တစ်လက်မချင်း နောက်သို့ ကြည့်လိုက်သည်။
"ဘုန်း"
"ဝေါ့"
တစ်ဖန် ဖုန်းဝူချန်၏ အစွမ်းထက် လက်သီးချက်က ပြင်းထန်စွာ ထိုးနှက်လိုက်ပြန်ရာ ပေမင်ခုံသည် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ မီတာ ရာပေါင်းများစွာ ဝေးကွာသော နေရာသို့ လွင့်စင်သွားပြန်သည်။
"နတ်သတ် ဝိညာဉ်ဖြတ် လက်ညှိုး"
ဖုန်းဝူချန်က လွင့်စင်သွားသော ပေမင်ခုံအား လက်ညှိုး တစ်ချောင်း ညွှန်ပြလိုက်ကာ သူ၏ နောက်ဆုံး အမိန့်ကို ကြွေးကြော်လိုက်သည်။
"ဝှစ်"
"ဒုန်း ဒုန်း ဒုန်း"
လက်မောင်းတစ်လုံးစာ တုတ်သော သွေးနီရောင် အလင်းတိုင်ကြီးတစ်ခု ဖြစ်တည်လာပြီး ကောင်းကင်နှင့် မြေကြီးကို ထွင်းဖောက်သွားနိုင်သည့် အရှိန်အဟုန်ဖြင့် ပေမင်ခုံထံသို့ တိုးဝင်သွားသည်။ သူ၏ နောက်သို့ လွင့်စင်နေသော အခြေအနေတွင် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။
ချက်ချင်းပင် ထိမှန်သွားပြီး မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် စွမ်းအားများက ပေမင်ခုံအား ထပ်မံ လွင့်စင်သွားစေပြီး သူ၏ ဒဏ်ရာများမှာ ပိုမို ဆိုးရွားသွားတော့သည်။
"တောင်ကြား သခင်လေး"
တာဝန်ခံ အကြီးအကဲနှင့် တပည့်များစွာတို့ ထိတ်ထိတ်ပျာပျာ အော်ဟစ်လိုက်ကြသည်။
"တာဝန်ခံ အကြီးအကဲ။ မြန်မြန် တစ်ခုခု စဉ်းစားပါဦး။ တောင်ကြား သခင်လေးက ဖုန်းဝူချန်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး"
"တောင်ကြားသခင်နဲ့ အကြီးအကဲတွေ ဘယ်တော့ ပြန်လာမှာလဲ။ သူတို့ အမြန် ပြန် မလာ ရင် တောင်ကြား သခင်လေး သေ တော့ မယ်"
တပည့်များမှာ အလွန်အမင်း ထိတ်လန့်နေကြပြီး အားလုံးမှာ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။ သူတို့ ကြည့်လေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်သော်လည်း ဘာတစ်ခုမှ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။
တာဝန်ခံ အကြီးအကဲ ကိုယ်တိုင်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်။ သူ ဘာများ လုပ်နိုင်ဦးမည်နည်း။ ကျန့်လင်တောင်ကြားမှ အဆင့်မြင့် အဖွဲ့ဝင်များမှာလည်း ပြန်မလာကြသေး။ အကြီးအကဲက သူတို့ကို ပြန်ပေါ်လာအောင် လုပ်နိုင်စွမ်း ရှိပါမည်လော။
---
သူ၏ ထျန်းယွမ်ဘုံ ပထမအလွှာရှိ အစွမ်းကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးနောက် ဖုန်းဝူချန်၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သဘာဝအတိုင်း သိသိသာသာ တိုးမြင့်လာခဲ့သည်။ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ တိုက်ခိုက်မှုများမှာ အလွန်တရာ ခြိမ်းခြောက်လှ၏။
ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ခိုက်မှု နှစ်ချက်နှင့် မြေကမ္ဘာ အဆင့် သိုင်းပညာ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ပေမင်ခုံသည် ဤအခိုက်အတန့်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ ခမ်းနားလှသော ဝတ်စုံမှာလည်း ယခုအခါ စုတ်ပြဲနေလေပြီ။
ပေမင်ခုံသည် အသက်ကို မနည်း ရှူသွင်းနေရပြီး သူ၏ ကြမ်းကြုတ်သော အကြည့်များက ဖုန်းဝူချန်ထံတွင် စူးစိုက်နေသည်။ ကျိုကျိုးကောင်းကင်၏ ဂုဏ်ယူဝံ့ကြွားဖွယ် မျိုးဆက်သစ်များထဲမှ တစ်ဦးအနေဖြင့် သူသည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ဤမျှ သနားစရာ ကောင်းသော အခြေအနေသို့ ဆိုက်ရောက်သွားလိမ့်မည်ဟု တစ်ခါမျှ မတွေးတောမိခဲ့ပါ။
အမှန်တကယ်တွင် အဓိက အကြောင်းရင်းမှာ ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှု စွမ်းအားကြောင့် ဖြစ်သည်။ အကယ်၍သာ ထိုအရာသာ မရှိခဲ့ပါလျှင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်ဖွယ် ရှိသူမှာ ဖုန်းဝူချန် ဖြစ်သွားနိုင်လေသည်။
"ဝှစ်"
ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် ချက်ချင်း လင်းလက်သွားပြီး အပေါ်သို့ တက်လာသည်။ သူ၏ အေးစက်သော အကြည့်များက ပေမင်ခုံထံတွင် စူးစိုက်နေ၏။
"မင်းအဖေက မင်းကို ငါ့ကို ရင်ဆိုင်ဖို့ နေခဲ့ခိုင်းတယ်ဆိုရင်တော့..သူ မှားသွားပြီ။"
"ဖုန်းဝူချန်။ ငါ့ကို အထင်မသေးနဲ့။ ကိုးထပ် ချန်ခွန်း မျှော်စင်သာ မရှိရင် မင်း ငါ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး။"
ပေမင်ခုံက ဒေါသတကြီးနှင့် ကြမ်းကြုတ်သော လေသံဖြင့် ကြိမ်းဝါးလိုက်၏။
"ငါ့အဖေကို လွှတ်ပေး။ ဒါဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးချင် ပေးမယ်။"
ဖုန်းဝူချန်သည် အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူ့ထံမှ ထုတ်လွှတ်နေသော အရိုးထဲထိ စိမ့်ဝင်အောင် အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများသည် လူတိုင်းအား ကြက်သီးမွှေးညှင်း ထောင်ထစေတော့သည်။
တာဝန်ခံ အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ဖုန်းဝူချန်။ မင်း တောင်ကြားသခင်လေးကို သတ်ရဲ သတ်ကြည့်စမ်း။ ငါ မင်းအဖေကို အရင် သတ်ပစ်မယ်။”
"ဝှစ်"
"ရွှတ်"
ဖုန်းဝူချန်က အဝေးမှနေ၍ လက်ညှိုး ထိုးလိုက်ရာ ကြောက်မက်ဖွယ် သွေးနီရောင် စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။ ၎င်းက လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး တာဝန်ခံ အကြီးအကဲ၏ နှလုံးသားကို ချက်ချင်း ထွင်းဖောက် ဝင်ရောက်သွားလေသည်။
တာဝန်ခံ အကြီးအကဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေ၏။
တစ်ချက်တည်းဖြင့် သေဆုံးခြင်း။
ဒါက တစ်ချက်တည်းဖြင့် သေဆုံးခြင်းပင်။
ရက်စက်လှသည်။ အလွန်အမင်း ရက်စက်လှသည်။ သဘောထား မတိုက်ဆိုင်သည်နှင့် ချက်ချင်း သတ်ဖြတ်ပစ်သည်။
ဖုန်းကျိန့်ရှုံးသည် ဖုန်းဝူချန်အတွက် မထိရဲသော နယ်နိမိတ် ဖြစ်၏။
ယခု အခိုက်အတန့်တွင် ဖုန်းဝူချန်အား လုံးဝ လာရောက် မဆွသင့်ပေ။
သို့မဟုတ်ပါက တစ်ခုတည်းသော အဆုံးသတ်မှာ မရဏလမ်းသာ ဖြစ်သည်။
"တာဝန်ခံ အကြီးအကဲ"
တပည့်များမှာ တုန်လှုပ်မှု၊ ဒေါသထွက်မှုများဖြင့် အော်ဟစ်လိုက်ကြသည်။
"မင်း ငါတို့ ကျန့်လင်တောင်ကြား ရဲ့ တာဝန်ခံ အကြီးအကဲ ကို သတ်ရဲတယ် ဟုတ်လား။ အား”
ပေမင်ခုံသည် ကြမ်းကြုတ်သော ဒေါသများဖြင့် ပေါက်ကွဲထွက်သွားပြီး လက်သီးများကို တင်းတင်း ဆုပ်ထားလိုက်သည်။ ထို့နောက် ကောင်းကင်သို့ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်၏။
ပြင်းထန်ပြီး ကြမ်းတမ်းသော စွမ်းအားများ အရှိန်ပြင်းစွာ တိုးထွက်လာပြီး ရူးသွပ်မတတ် ပေါက်ကွဲထွက်လာသည်။ ပေမင်ခုံသည် သူ၏ ကိုယ်ပိုင် သက်စောင့်စွမ်းအင်ကို စတေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ပြင်းထန်သော ဒဏ်ရာများကြောင့် အားနည်းသော အခြေအနေသို့ ရောက်ရှိနေသော်လည်း သူ၏ အမြင့်ဆုံး စွမ်းအားသို့ ပြန်လည် ရောက်ရှိသွားသည်။
တိုးထွက်လာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော 'ချီ' စွမ်းအား လှိုင်းလုံးများက ဖုန်းဝူချန်အား လွင့်စင်သွားစေသည်။
'သက်စောင့်စွမ်းအင်ကို စတေးတာ။'
ဖုန်းဝူချန်က မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်လိုက်သည်။
"ဖုန်းဝူချန်။ မင်းအသက်ကို ငါ ယူမယ်"
ပေမင်ခုံက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သက်စောင့်စွမ်းအင်ကို စတေးလိုက်သည့် စွမ်းအားများ ထုတ်လွှတ်လိုက်ပြီး သူ၏ အသက်ကို လောင်းကြေး
ထပ်လိုက်လေပြီ။
ထိုအချိန်မှာပင် ပေမင်ခုံသည် အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်တစ်ခု ဖြစ်သော ကျောက်စိမ်းဆွဲသီးကိုလည်း နှိုးဆော်လိုက်ရာ အရှိန်အဝါမှာ တစ်ဖန် တိုးမြင့်တက်လာပြန်သည်။
"မြေကမ္ဘာ အဆင့်နိမ့် သိုင်းပညာ။ ကွပ်မျက်သူ၏ ဓား"
ပေမင်ခုံက သူ၏ လက်များကို ပူးယှက်လိုက်ပြီး သည်းထန်သော စွမ်းအင်များကို ခေါင်းပေါ်တွင် စုစည်းလိုက်သည်။
ပေ နှစ်ဆယ်ကျော် ကြီးမားသော ဧရာမ စွမ်းအင်ဓားကြီးတစ်လက် သူ၏ အပေါ်တွင် ဖြစ်တည်လာပြီး အသက်ရှူ မှားလောက်ဖွယ် အားလှိုင်းများ ထုတ်လွှတ်နေ၏။
"ဝှစ်"
"ဝုန်း...ဝုန်း"
ပေမင်ခုံက ရူးသွပ်နေသော စွမ်းအင်ဓားကြီးကို အားကုန် ဝှေ့ယမ်းလိုက်သည်။ ထိုအရှိန်အဟုန်မှာ မြေကြီးကို တုန်ခါသွားစေပြီး ဟင်းလင်းပြင်ကို တုန်ခါစေကာ မျက်စိဖြင့် မြင်နိုင်သော လှိုင်းလုံးများကိုပင် ဖြစ်ပေါ်စေသည်။
မြေကမ္ဘာ အဆင့် သိုင်းပညာ။ စွမ်းအားမှာ လွှမ်းမိုးနိုင်လွန်းလှသည်။
"ဒါ မင်းရဲ့ အသန်မာဆုံး သိုင်းပညာ လား။ အားနည်းလွန်းတယ်"
ဖုန်းဝူချန်က အေးစက်စွာ ရှုတ်ချလိုက်သည်။ ပေမင်ခုံ၏ မြေကမ္ဘာ အဆင့် အနိမ့်စား သိုင်းပညာကို သူက လုံးဝ အထင်ကြီးခြင်း မရှိပေ။
ထိုအခိုက်အတန့်၌၊ ဖုန်းဝူချန်က သူ၏ ညာလက်ကို ဆန့်တန်းလိုက်ရာ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် လေထုထဲမှ ပေါ်ထွက်လာသည်။ သူ၏ အစွမ်းရှိသမျှဖြင့် ၎င်းကို နှိုးဆော်လိုက်ပြီး သွေးမျိုးဆက် စွမ်းအားများကို ထည့်သွင်းလိုက်သည်။ ဓားသည် လွှမ်းမိုးနိုင်သော အရှိန်အဝါကို ထုတ်လွှတ်လာပြီး ကိုယ်ထည်၌၊ သွေးရောင် အလင်းတန်းများ ရစ်ဝဲနေ၏။
"ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ။ ဝိညာဉ်ချေမှုန်း နတ်ငို သရဲအော်သံ"
ဖုန်းဝူချန်က ပေါက်ကွဲထွက်မတတ် မာန်သွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် သွေးရောင် အလင်းများဖြင့် ဝေဝါးသွားပြီး သူ၏ အရှိန်အဝါမှာ ရူးသွပ်မတတ် တိုးမြင့်လာသည်။ ကြီးမားလှသော ဓားရည်အရှိန်အဝါသည် ကောင်းကင်ထက်သို့ တိုးတက်သွားပြီး ကောင်းကင်ဘုံကိုပင် ထိုးဖောက်သွားသည့်အလား၊ နဝမကောင်းကင်မှ စစ်နတ်ဘုရား တစ်ပါးအလား ထင်ရသည်။
"ဒါ ဒါ ဘယ် လို ဓား သိုင်း ပညာ မျိုး လဲ"
ဓား၏ အရှိန်အဝါမှ ကြောက်မက်ဖွယ်ရာနှင့် လွှမ်းမိုးနိုင်စွမ်းကို ခံစားမိသောအခါ ပေမင်ခုံ၏ မျက်နှာတွင် တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများ တစ်ဖန် ပြန်လည် ထင်ဟပ်လာသည်။
"ဝှစ်"
"ဝုန်း...ဝုန်း"
အထွတ်အထိပ် နဂါးနတ်ဘုရားဓားက အောက်သို့ လွှဲခုတ်လိုက်ရာ သွေးရောင် အလင်းတန်းများနှင့်အတူ ကြီးမားလှသော သွေးနီရောင် ဓားအရှိန်အဝါကြီး တစ်ခု ကောင်းကင်ကို ဆုတ်ဖြဲ ထွက်ခွာသွားသည်။ ကြောက်မက်ဖွယ် အရှိန်အဟုန်မှာ ဟင်းလင်းပြင်ကိုပင် စုတ်ဖြဲပစ်နိုင်သည့်အလား ထင်ရ၏။
"အစ်ကိုကြီးဖုန်း တကယ်ပဲ ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာရဲ့ ပထမဆုံးတိုက်ကွက်ကို ဆုပ်ကိုင် နိုင် ခဲ့ ပြီ"
လင်ရှောင်ရှောင်က စိတ်လှုပ်ရှားစွာ ရယ်မောရင်း ပြောလိုက်သည်။
ဟုတ်ပါသည်။
ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ၏ ပထမဆုံး လှုပ်ရှားမှု။
ဖုန်းဝူချန်က ၎င်းကို လုံးဝ ကျွမ်းကျင် ပိုင်နိုင်သွားခဲ့လေပြီ။
စစ်မှန်သော ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ။
ပထမဆုံး အကွက်၏ စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်လိုက်ခြင်း။
"ချန်အာရဲ့ ဓားသိုင်းပညာက ဘယ်တုန်း က ဒီလောက်ကြောက်ဖို့ ကောင်းသွား တာလဲ"
ရှောင်ချင်းချင်းက သူ၏ မျက်နှာတွင် တုန်လှုပ်မှုများ အပြည့်ဖြင့် ထုတ်ဖော်ပြောလိုက်၏။ သူမ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။
ဖုန်းဝူချန်နှင့် မုရုန်ထျန်းလီတို့၏ တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် တစ်လမျှသာ ကြာမြင့်သေးသည်။
ရှောင်ချင်းချင်းသည် သားဖြစ်သူ ပို၍ သန်မာလာပြန်သည်ဟု ခံစားလိုက်ရပြီး တစ်စုံတစ်ရာ ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ ခံစားနေရ၏။
“ချွင်”
မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးနီရောင် ဓားအရှိန်အဝါသည် စွမ်းအင်ဓားကြီးနှင့် ထိပ်တိုက် ဝင်တိုက်မိသွားသည်။ နားကွဲမတတ် ပေါက်ကွဲသံကြီးမှာ အနီးအနားရှိ တောင်တန်းများတစ်လျှောက် ပဲ့တင်ထပ်သွား၏။
ထို့နောက် ကြည့်ရှုနေသူများ၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ပေမင်ခုံသည် ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး စွမ်းအင်ဓားကြီးမှာ ချက်ချင်း ကြေမွ ပျက်စီးသွားကာ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
"မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး"
ပေမင်ခုံသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ မျက်လုံးများမှာ တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားသည်။ ကြီးမားလှသော သွေးရောင် ဓားအရှိန်အဝါကြီး သူ၏ထံသို့ ပစ်ခတ်လာနေသည်ကို သူ စိုက်ကြည့်နေမိပြီး စူးရှတောက်ပသော အလင်းရောင်များက သူ၏ မျက်လုံးများကို ဖုံးလွှမ်းသွား၏။
ကျန့်လင်တောင်ကြားမှ တပည့်များမှာ သွေးပျက်မတတ် ကြောက်ရွံ့နေကြပြီး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာမှာ သူတို့၏ နှလုံးသားများထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားတော့သည်။
"ဒုန်း ဒုန်း ဒုန်း"
"ဝုန်း...ဝုန်း"
လွှမ်းမိုးနိုင်ပြီး တိုးထွက်လာသော ဓားအရှိန်အဝါသည် ပေမင်ခုံအား ရက်စက်စွာ ထိမှန်သွားပြီး ပြင်းထန် ကြမ်းတမ်းသော အားလှိုင်း အကြွင်းအကျန်များက သူ့အား ဝါးမျိုသွားသည်။ သူ၏ ကံကြမ္မာကို မည်သူမျှ မသိနိုင်တော့ပေ။
ဖျက်ဆီးခြင်း စွမ်းအင်များ အောက်သို့ တိုက်ခတ်လာပြီး ဖိနှိပ်သည့် စွမ်းအားများကြောင့် တပည့်များအားလုံး မြေပြင်ပေါ်သို့ ပြားပြားဝပ် လဲကျသွားကြရသည်။
ကျန့်လင်တောင်ကြား နန်းတော်ကြီးမှာ တုန်ခါနေပြီး အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်သည့်အလား ခြိမ်းခြောက်နေတော့သည်။
ဖုန်းဝူချန်၏ ဓားချက်။
၎င်းက အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေခဲ့၏။
နတ်များနှင့် တစ္ဆေများပင် ငိုကြွေးသွားစေရမည့် နတ်ဘုရားတမျှ စွမ်းရည်များကို ပိုင်ဆိုင်ထားပေတော့သည်။