စုလောရွှယ်၏ သရုပ်မှန်
Vol. 1 Ch. 176
တော်ဝင်မြို့တော်သည် အလွန်တရာ ကြီးကျယ်၍ ခမ်းနားလှပပေသည်။ ကျန်းရီ မြို့ထဲသို့ ဝင်လာစဉ်က အိပ်ပျော်လုမတတ် ဖြစ်နေခဲ့သောကြောင့် ထိုအမြင်များ မရှိခဲ့ပေ။ လက်ရှိတွင် သူသည် ရထားလုံးတစ်ခုအတွင်း စုလောရွှယ်နှင့် အတူ ထိုင်နေခဲ့၍ ပြတင်းပေါက် အပြင်ဘက်မှ သန့်ရှင်းကျယ်ဝန်းသော လမ်းများ၊ အစီအစဉ်တကျရှိနေသော အိမ်များနှင့် လမ်းဘေးမှ မိုးမခပင်များ၏ အရိပ်များကို ငေးကြည့်လျက် ရှိသည်။ သူသည် ဘေးရှိ အလှလေးထံမှလာသော မွှေးရနံ့ သင်းသင်းကိုလည်း ခံစားရင်း အဝေးတွင် ကျန်ခဲ့သော အိမ်များမှ မှိန်ဖျော့ဖျော့ အလင်းရောင်လေးများ ကိုလည်း ကြည့်သည့်အခါ ကြည့်သည်။
ကျောင်းအုပ်ချီသည် စုလောရွှယ်အား အောင်မြင်စွာ ဖိတ်ကြားနိုင်ခဲ့သည်။ သူတို့သည် ရထားလုံးပေါ်တက်၍ နန်းတော်ထံ တစ်ဖန် ထွက်ခွာလာခဲ့ကြသည်။ သို့သော် နန်းတော်သည် မြောက်ဘက်ခြမ်းတွင် ရှိ၍ အိမ်ရှေ့စံ၏ အိမ်တော်သည် အရှေ့ဘက်တွင်ရှိသောကြောင့် သူတို့သည် ဆန့်ကျင်ဘက် လမ်းကို ဆက်သွားရလေသည်။
ရထားလုံးသည် ဟမ်လောင်က စီစဉ်ပေးလိုက်ခြင်း ဖြစ်ပြီး အလွန် ခမ်းနား၍ သက်သောင့်သက်သာ ရှိလေသည်။ ရထားလုံးထဲတွင် အကောင်းစား လက်ဖက်ခြောက်များ၊ သစ်သီးများ ရှိနေသော်လည်း ဝိုင်နှင့် အသားတစ်ခုမှ မရှိခြင်းမှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ မကြာခင်တွင် ကျန်းရီသည် သူ့အကြည့်များကို ရထားလုံး၏ ပြတင်းပေါက်တွင် မေးတင်ထားသော စုလောရွှယ်ထံ ရွှေ့လိုက်သည်။
သူမ၏ မျက်နှာသည် ဖြူဖျော့နေကာ မှိတ်ထားသော မျက်ခွံများလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပြီး လက်များက ဝတ်စုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်အား သူတွေ့နေရသည်။ ကျန်းရီသည် သံသယရှိစွာ မေးလိုက်သည်။
"စုလောရွှယ် ... ဒါက စားသောက်ပွဲ အခမ်းအနားလေး တစ်ခုကို တက်တာပဲ မဟုတ်ဘူးလား ... ဘာလို့ ဒီလောက်တောင် တုန်လှုပ်နေတာလဲ"
စုလောရွှယ်၏ မျက်ခွံများ လှုပ်ရှားသွားခဲ့သည်။ သူမသည် မျက်လုံးများ ဖွင့်လာပါသော်လည်း ကျန်းရီအားမကြည့်ဘဲ တိတ်ဆိတ်စွာသာ ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေခဲ့သည်။ ကျန်းရီသည် သူမအား ဆက်မမေးတော့ပေ။ သူသည် စုလောရွှယ်၏ ပုံမှန်မဟုတ်သော အမူအရာများကြောင့် အတော်လေး စိတ်ပူနေခဲ့သည်။
"ကျန်းရီ"
တစ်ခဏမျှ ကြာသွားပြီးနောက် စုလောရွှယ်သည် စကား စပြောလာခဲ့သည်။
"ငါတို့တွေ အိမ်ရှေ့စံရဲ့ အိမ်တော်ကို ရောက်သွားတဲ့ အချိန်ကျရင် ဘာတွေပဲဖြစ်လာလာ မင်း စိတ်ရှည်ရှည်နဲ့ သည်းခံရမယ် ... မင်းက ရှန်ဝူနိုင်ငံသား တစ်ယောက်ပဲလေ ... အထဲက အင်အားကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ရန်စမိလိုက်မယ် ဆိုရင် မင်းရဲ့ လမ်းမှာ အတားအဆီးတွေ ဖြစ်လာလိမ့်မယ် "
"ခြီ"
ကျန်းရီသည် ရယ်မောလိုက်ပြီး ဘာမှမဟုတ်သည်အလား စကားဆိုလာခဲ့သည်။
"ကျွန်တော်ဆန့်ကျင်မိတဲ့ လူအရေအတွက်က ပြတ်လပ်သွားတယ် ဆိုတာ ရှိလို့လား ... စိတ်မပူပါနဲ့ ... ကျွန်တော်က မြင်မြင်သမျှ လူတိုင်းကို လိုက်ကိုက်တတ်တဲ့ ခွေးရူးတစ်ကောင်မှ မဟုတ်တာ ... သူတို့ ကျွန်တော့်ကို ရန်လာမရှာသရွေ့ ကျွန်တော်လည်း သူတို့ကို ဘာမှမလုပ်ဘူး"
"အမ်း"
စုလောရွှယ်သည် ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့သလို ဆက်လည်း အိပ်မနေတော့ပေ။ သူမ၏ လှပသော မျက်လုံးတစ်စုံသည် စိုးရိမ်မှုများသာ ဖုံးလွှမ်းနေခဲ့ပြီး ပြတင်းပေါက် အပြင်ဘက်သို့ မကြာခဏ လှည့်ကြည့်နေခဲ့သည်။
ယင်းလုံအိမ်တော်သည် တော်ဝင်မြို့တော်၏ အလယ်တွင် တည်ရှိရာ အိမ်ရှေ့စံ၏ အိမ်တော်နှင့် သိပ်မဝေးပေ။ ရထားလုံးသည် ခမ်းနားလှသော ထိုနေရာသို့ ရောက်ရန် တစ်နာရီခန့်သာ ကြာမြင့်ခဲ့သည်။ ကျန်းရီသည် ရထားလုံးပေါ်မှ ဆင်းကာ မြင့်မားလှသော တံတိုင်းကြီးများ၊ ကျောက်သားခြင်္သေ့ ရုပ်တုကြီးများနှင့် အနီရောင် ခြယ်မှုန်းထားသော တံခါးမုခ်ဝကြီး တို့အား မော့ကြည့်လိုက်သည်။ သူသည် အိမ်ရှေ့စံ၏ အိမ်တော် အတွင်းဘက် မည်မျှ ခမ်းနား လှပကြောင်း သိရှိရန် လာရောက်ခြင်း မဟုတ်ရာ သက်ပြင်းသာချလိုက်သည်။
ဟမ်လောင်သည် ကိစ္စရပ်များကို စေ့စေ့စပ်စပ် ကိုင်တွယ်တတ်ရာ သူတို့ ထွက်လာစဉ်တည်းက တစ်ယောက်ယောက်အား အိမ်ရှေ့စံအိမ်တော်မှ အစေခံများကို ကြိုတင် အကြောင်းကြာ းခိုင်းထားလေသည်။ အိမ်တော်မုခ်ဝတွင် တော်ဝင်စစ်တပ်၏ သင်္ကေတ အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားသော တပ်မှူးတစ်ယောက်က ဆီးကြိုလို့နေသည်။ သူသည် ချမ်ဂိုဏ်း၏ ရထားလုံးကို မြင်လိုက်သည်နှင့် လမ်းလျှောက်လာကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေ ပေးလိုက်သည်။
"မိန်းကလေးစုနဲ့ သခင်လေးကျန်းတို့ များလား ခင်ဗျာ"
သူတို့နှစ်ယောက် ခေါင်းညိတ်ပြသည်ကို မြင်လျှင် တပ်မှူးသည် အိမ်တော်ထဲသို့ ချက်ချင်း လိုက်ပို့လေသည်။
လမ်းတွင် ကျန်းရီသည် ငေးမော မှင်သက်နေရလေသည်။ တံတိုင်း အတွင်းဘက်တွင် ဥယျာဉ်လေး တစ်ခုနှင့် ရေကန်ငယ်လေး တစ်ခု ရှိနေခဲ့ပြီး ရေအလယ်တွင် နန်းတော် အငယ်စားလေ းပမာ အိမ်တော်တစ်ခု တည်ရှိနေလေသည်။ ကျန်းရီသည် လမ်းတစ်လျှောက်တွင် မြင်မြင်သမျှကို တိတ်တဆိတ် အံ့အားသင့်နေခဲ့သည်။ တစ်ဖက်တွင် ပုဝါစကို မျက်နှာတွင် ဖုံးအုပ်ထားသော စုလောရွှယ်သည် တည်ငြိမ်နေခဲ့ပြီး ကျော့ရှင်းစွာ လမ်းလျှောက်နေခဲ့သည်။ သူမသည် မြင်ကွင်းအား တစ်ကြိမ်လေးမှ ချီးကျူးဟန်တောင် မပြပေ။
အစေခံ နှစ်ယောက်သည် သူတို့နှင့်အတူ လိုက်ပါလာ၍ ဆယ့်ငါးမိနစ်ခန့် ကြာသော် သူတို့သည် နန်းတော်ငယ်၏ အရှေ့ ရောက်ရှိသွားခဲ့ကြသည်။ ထိုတပ်မှူးသည် ဖိတ်ခေါ်ဟန်ဖြင့် လက်ပြ၍ စုလောရွှယ်နှင့် ကျန်းရီ ဝင်သွားသောအခါ ကြေငြာလိုက်သည်။
"မိန်းကလေးစုနဲ့ သခင်လေးကျန်း ရောက်လာပါတယ်"
မျက်လုံးပေါင်း များစွာတို့ ကျရောက်လာခဲ့ပြီး မျက်လုံးအများစုသည် စုလောရွှယ်ကို မြင်သောအခါ တောက်ပသွားကြသည်။ သို့သော် ကျန်းရီအား သူတို့ မြင်လိုက်သော အခါတွင်မူ စိတ်ရှုပ်ထွေးဟန်များ ပေါ်လာကြလေသည်။
ဒီနန်းတော်က ခမ်းနားလိုက်တာ …
ကျန်းရီသည် အထဲသို့ ရောက်သောအခါ စိတ်ထဲမှ ချီးကျူးနေခဲ့သည်။ နေရာသည် ပေနှစ်ထောင်ခန့် အချင်းဝက်ရှိမည်ဖြစ်ပြီး တံခါးမကြီး၏ ဆန့်ကျင်ဘက်ခြမ်းတွင် ခရမ်းရောင်ရွှေဖြင့် လုပ်ထားသော စားပွဲကြီး ရှိနေလေသည်။ စားပွဲနောက်တွင် နန်းတွင်းဝတ်စုံ တစ်ခုကို ဝတ်ဆင်ထားသည့် ချောမောခန့်ညားသော လူငယ်တစ်ဦး ထိုင်နေလေသည်။
ခရမ်းရောင်ရွှေဖြင့် လုပ်ထားသော စားပွဲကြီး၏ ဘေးနှစ်ဖက်တွင် ရွှေရောင် လေးထောင့် စားပွဲငယ်များ စီတန်းလျက်ရှိနေပြီး ရွှေရောင်စားပွဲများ နောက်တွင် အလားတူပုံစံဖြင့် အနက်ရောင်စားပွဲများ တည်ရှိနေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် စားပွဲပေါင်း တစ်ရာကျော် ရှိ၍ ထိုင်နေသော လူအပေါင်းမှာလည်း တစ်ရာကျော်ကြောင်း သိနိုင်လေသည်။
အဆောက်အဦထဲတွင်လည်း တံခါးငယ်လေးများစွာ ရှိ၍ အစေခံ မိန်းကလေးများသည် ဝင်လိုက်ထွက်လိုက်နှင့် ဧည့်သည်များအား စားကောင်းသောက်ဖွယ်များ တည်ခင်းပေးနေလေသည်။ စားပွဲတိုင်း၏ ဘေးတွင် အစေခံမိန်းကလေး တစ်ယောက်စီက ဒူးထောက်၍ စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးနေသည်။ ခန်းမတစ်ခုလုံးအား အဖြူရောင် ကောဇောကြီးများ ခင်းထား၍ နံရံများတွင် ညလင်းကျောက်မြတ်များ စီချယ်ထားရာ တစ်လက်လက်တောက်ပနေလေသည်။ နံရံများ၏ ထောင့်တိုင်းတွင်လည်း စန္ဒကူးနံ့သာများ ထွန်းညှိထား၍ နေရာတစ်ခုလုံးမှာ သင်းပျံ့မွှေးကြိုင်၍ ခမ်းနားနေလေသည်။
"အိမ်ရှေ့စံမင်းသား"
ကျန်းရီ၏ မျက်လုံးများသည် ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားသော စားပွဲနောက်တွင် ထိုင်နေသည့် နန်းတွင်းအဝတ်အစားနှင့် လူရွယ်အပေါ် ကျရောက်သွားခဲ့သည်။ သူ့စိတ်သည် လှုပ်ရှားလာခဲ့သည်။ သူငယ်စဉ်က အကြီးမားဆုံးဆန္ဒမှာ မြို့စားကျီထျန်းအား မြင်ဖူးရန် ဖြစ်လေသည်။ ရှန်ဝူနိုင်ငံတော်၏ အိမ်ရှေ့စံအား မျက်မြင်တွေ့ခွင့်ရမည်ဟု သူတစ်ခါမှ မမျှော်လင့်ခဲ့ပေ။
ယခုမူ သူ့စိတ်နေစိတ်ထားမှာလည်း လွန်စွာ ကွာခြားသွားခဲ့လေပြီ။ မကြာခင်တွင် သူသည် အကြည့်လွှဲလိုက်ပြီး ခန်းမတွင်းရှိ လူများအား ဝေ့ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာများစွာကို တွေ့လိုက်ရလေသည်။ ဘယ်ဘက်ခြမ်းရှိ ရွှေရောင်စားပွဲများတွင် သာမန်ထက် ထူးကဲသော သခင်လေးများ ဖြစ်ကြသည့် ကျန်းစွန်းဝူကျိ၊ ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နှင့် သခင်လေးအနည်းငယ်တို့ ထိုင်နေကြလေသည်။ ထိုသခင်လေးများသည် လုံဂိုဏ်း၊ ယင်းဂိုဏ်းနှင့် ထိုက်ရှစ်ဂိုဏ်းတို့မှ ပထမ သခင်လေးများ ဖြစ်ကြဟန်တူလေသည်။ မဟုတ်လျှင် သူတို့သည် ရှေ့ဆုံးတန်းတွင် ထိုင်ရန် အခွင့်အရေး ရှိမည် မဟုတ်ပေ။ ဒုတိယတန်းတွင် လုံရှန်း၊ ယင်းရှာနှင့် အခြားသူများ ထိုင်နေသည်ကိုလည်း ကျန်းရီ တွေ့လိုက်ရသည်။
ကျန်းရီသည် ကျန်းစွန်းဝူကျိကို မြင်လိုက်သောအခါ အသက်မပါစွာ ပြုံးလိုက်သည်။ သူ၏ ဤထမင်းတစ်နပ်သည် ကောင်းမွန်သော ထမင်းတစ်နပ် မဖြစ်နိုင်လောက်တော့ပေ။
သူညာဘက်ခြမ်းသို့ ကြည့်လိုက်သောအခါ ပထမဆုံးခုံတွင် ထိုင်နေသည်မှာ နန်းတွင်းဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အိမ်ရှေ့စံ၏ ဝတ်စုံတွင် အစင်းကိုးခုပါ၍ ထိုလူငယ်၏ ဝတ်စုံတွင် အစင်းရှစ်ခု ပါရှိလေသည်။ ယခုမူ ထိုလူငယ်သည် ကျန်းရီအား အေးစက်စက် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ လူငယ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများကို အတိုင်းသား မြင်နိုင်လေသည်။
ဒုတိယမြောက်ခုံတွင် ထိုင်နေသူမှာ သုံးရောင်စပ် ဝတ်စုံနှင့် ကျောက်စိမ်းသရဖူကို ဆင်မြန်းထားသော အလှလေးတစ်ယောက် ဖြစ်လေသည်။ သူမသည် ပုဝါတစ်စဖြင့်ပါ မျက်နှာအား ဖုံးကွယ်ထားလေသည်။ သူမတွင် ရှိသော အရှိန်အဝါ၊ အငွေ့အသက်တို့အရ သူမ၏ အလှမှာ စုလောရွှယ်အောက် နိမ့်ကျခြင်း မရှိနိုင်ပေ။ သူမသည် မင်းသမီးတစ်ပါး ဖြစ်ပေလိမ့်မည်။ တတိယမြောက်ခုံတွင် ယွင်ဖေး၊ ထို့နောက် ရှန်းယင်၊ အန်းနီနှင့် ရင်းနှီးသော မျက်နှာများအား အစဉ်အတိုင်း တွေ့နိုင်လေသည်။
"တော်ဝင်မြို့တော်မှာရှိတဲ့ သခင်လေး၊ သခင်မလေးတွေ အကုန်လုံး ဒီမှာမဟုတ်လား ... ဒီလို အခမ်းအနားကြီးမျိုး"
ကျန်းရီသည် တိတ်တဆိတ် အံ့အားသင့်နေခဲ့သော်လည်း ရွှေချမ်လော့အား မမြင်မိသောအခါ သံသယ ဝင်လာခဲ့သည်။ သူမသည်လည်း တော်ဝင်မြို့တော်သို့ ရောက်ရှိနေသည်ဟု ချမ်ဝမ်ကွမ် ပြောခဲ့သည် မဟုတ်ပါလား ... ကြယ်တံခွန်ကျွန်းကို ပြန်သွားတာများလား
"ဟား..ဟား ... ဟား"
ကျန်းရီ တွေးတောနေချိန်တွင် အိမ်ရှေ့စံ ရှားဝူဟွေ့သည် မတ်တပ်ထရပ်လိုက်သည်။ သူသည် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ပြီး သူတို့အား ကြိုဆိုရန် ကိုယ်တိုင်လျှောက်လှမ်းလာခဲ့သည်။ သူ့မျက်လုံးများသည် စုလောရွှယ်ထံ ကျရောက်နေခဲ့ပြီး အပြစ်တင်ဟန်နှင့် ပြောလာခဲ့သည်။
"လောရွှယ် ... မင်းက တကယ်မာနကြီးတာပဲ ... ဟမ် ... ဝူဟွေ့က မင်းကို သုံးကြိမ်တိုင်တိုင် ဖိတ်ကြားခဲ့ပေမယ့် ကျောင်းအုပ်ချီကို ဒုက္ခပေးလိုက်မှဘဲ မင်းက လာချင်စိတ်ရှိတော့တယ် ... ဝူဟွေ့အပေါ် မကျေနပ်တာများ ရှိနေလား"
"လောရွှယ်"
ကျန်းရီတွင် မကျေမချမ်း အမူအရာများ ဖြစ်ပေါ်လာခဲ့သော်လည်း ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်နှင့် ကျန်လူများသည် ဆွံ့အနေခဲ့ကြသည်။ ရှားဝူဟွေ့သည် သူမအား အမှန်တကယ် ရင်းရင်းနှီးနှီး ပြောလိုက်သည်လား ... သူတို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား … စုလောရွှယ်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင်သာ တစ်ချိန်လုံး ရှိနေခဲ့၍ ရှားဝူဟွေ့သည် မိုးပြာနဂါး သင်တန်းကျောင်းတွင်သာ ရှိနေခဲ့သည်။ ဘယ်လိုလုပ်ပြီး သူတို့နှစ်ယောက် သိသွားကြတာလဲ
စုလောရွှယ်သည် ခေါင်းညိတ်လိုက်ပြီး အသာအယာ ပြောလိုက်သည်။
"အရှင့်သား ... လောရွှယ်က ခရီး ပန်းလာတာကြောင့် နေမကောင်း ဖြစ်နေလို့ပါ ... တခြား ရည်ရွယ်ချက် မရှိပါဘူး"
"အမ်"
ကျန်းရီနှင့် ကျန်လူများ ထပ်မံ ဆွံ့အ သွားကြသည်။ ဤကဲ့သို့သော အဆင့်အတန်းနှင့် လူအား မျက်နှာချင်းဆိုင် နေရပါသော်လည်း စုလောရွှယ်တွင် မည်သည့် အမူအရာမှ ရှိမနေခဲ့ပေ။
"ဟားဟား ... ဒါဆို ဝူဟွေ့ အမှားပါပဲ ... တောင်းပန်ပါတယ် ... မင်းဒီကို ရောက်လာမှတော့ ဘာလို့ ခဏလောက် မထိုင်တာလဲ"
ရှားဝူဟွေ့သည် ယောက်ျားပီသ ခန့်ညား၍ တော်ဝင်မျိုးနွယ်များတွင်သာ ရှိသော အငွေ့အသက်တို့ ရစ်သိုင်း နေလေသည်။ သူ၏ ကျားမျက်လုံးများသည် တစ်ချိန်ထက် တစ်ချိန် ပိုမိုစူးရှသော အရောင်အဝါများ ထုတ်လွှတ်လျက် ရှိသည်။
စုလောရွှယ်နှင့် ခဏ စကား ပြောပြီးနောက် သူသည် လူတိုင်းကို ကြည့်လိုက်ကာ ရှင်းပြလိုက်သည်။
"ဒီမှာရှိတဲ့ လူတိုင်း မသိကြသေးဘူးလို့ ကျွန်တော်ထင်တယ် ... လောရွှယ်က ရှားနိုင်ငံတော်ရဲ့ နဝမမြောက် မင်းသမီးလေးပါ ... ဝူဟွေ့ရဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်း ဆိုလည်း ဟုတ်တယ် ... လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ရှားနိုင်ငံတော်ရဲ့ အရှင်နဲ့ ဖခမည်းတော်တို့ ကတိကဝတ်ပြုပြီး စေ့စပ်ပေးထားခဲ့တာ ... ဒီနေ့က ဝူဟွေ့နဲ့ မင်းသမီးလောရွှယ် တွေ့ကြတဲ့ ပထမဆုံး အကြိမ်ပါဘဲ"
"ဝိုး"
ခန်းမထဲတွင် ဆူဆူညံညံ ဖြစ်သွားခဲ့သည်။ ကျန်းရီသည် နွေခေါင်ခေါင်တွင် မိုးကြိုး ပစ်ချ ခံလိုက်ရ သကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး သူ့မျက်နှာသည် နှင်းကဲ့သို့ ဖြူဖျော့သွားလေသည်။
*****