← Chapters

တုန်လှုပ်ခြောက်ခြားသွားသော ကျိုကျိုး

Vol. 17 Ch. 254

တုန်လှုပ်ခြောက်ခြားသွားသော ကျိုကျိုး

Vol. 17 Ch. 254

~"ဒါ ၊ ဒါက အကာအကွယ်လွှာ တစ်ခုပဲ"

ကျန့်လင်တောင်ကြားသည် သင်္ချိုင်းကုန်း တစ်ခုပမာ တိတ်ဆိတ်သွား၏။ ၎င်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် မရေမတွက်နိုင်သော တပည့်များမှာ လင်ရှောင်ရှောင်အား ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် အကာအကွယ်လွှာကြီးကို ကြည့်ရင်း အံ့အားသင့်နေကြ၏။

"ကျန့်လင်တောင်ကြားက ငါ့အဖေကို ဖမ်းပြီး ခြေထောက်တစ်ဖက် ချိုးခဲ့တယ်။ ဒီအကြွေးကို ငါ ဖုန်းဝူချန် မှတ်ထားမယ်။ တစ်နေ့ မင်းတို့ ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရလိမ့်မယ်”

ဟု ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

သူ၏ မျက်နှာတွင် ခံစားချက် တစ်စိုးတစ်စိမျှ မရှိပေ။

ပေမင်ခုံ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်သည် တဖြည်းဖြည်း တင်းကြပ်လာသည်။

"ဖုန်းဝူချန် ရပ်လိုက်”

ပေမင် ဘိုးဘေးကြီးက ထိတ်လန့်တကြား ဟိန်းဟောက်လိုက်သည်။ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများက ရူးသွပ်မတတ် ပျံ့နှံ့သွား၏။

ဖုန်းဝူချန်က ကောက်ကျစ်သော အပြုံးဖြင့် ဆိုလိုက်သည်။

"သူက သတိလစ်နေပြီ။ နာကျင်တာကို ခံစားရမှာ မဟုတ်တော့ဘူး"

ထို့နောက် သူသည် ပြင်းထန်စွာ ညှစ်ချလိုက်တော့သည်။

ထိုသို့သော အင်အားဖြင့် ပေမင်ခုံ၏ လည်ချောင်းရိုးမှာ ဖုန်းဝူချန်၏ လက်ထဲတွင် ရက်စက်စွာ ကြေမွသွား၏။

ဖုန်းဝူချန်သည် ပေမင်ခုံအား အမှန်တကယ် သတ်ဖြတ်လိုက်လေပြီ။

ကျန့်လင်တောင်ကြားမှ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် ပေမင် ဘိုးဘေးကြီးတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး ခဏတာမျှ မယုံကြည်နိုင်ဘဲ ငြိမ်သက်သွားကြသည်။

"သခင်လေး ပေမင်ခုံ အသတ်ခံလိုက်ရပြီ"

တပည့်များမှာ ကြောင်ငေးသွားကြပြီး အလွန်အမင်း ကြောက်ရွံ့မှုများဖြင့် လွှမ်းခြုံသွား၏။

"ခုံအာ၊ ငါ့မြေး"

ပေမင် ဘိုးဘေးကြီးသည် တုန်ယင်သွားပြီး သူ၏ အကြည့်များမှာ ပြုတ်ကျသွားသော ပေမင်ခုံအား ကြည့်ရင်း ရူးသွပ်မှု၊ ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

လည်ချောင်းရိုး ကြေမွသွားသည်နှင့် ပေမင်ခုံသည် နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွား၏။

သူတို့ မယုံကြည်နိုင်ကြပေ။ ဖုန်းဝူချန်သည် ကျန့်လင်တောင်ကြားကို စိန်ခေါ်ရန် သတ္တိရှိရုံသာမက ကျန့်လင်တောင်ကြားမှ ပေမင်ခုံအား သတ်ဖြတ်ရန်ပင် ဝံ့ရဲခဲ့သည်။

"ဝုန်း...ဝုန်း"

ကောင်းကင်သို့ ထိမတတ်သော ဒေါသများ ပေမင် ဘိုးဘေးကြီးထံမှ ထုတ်လွှတ်လာသည်။ သူ၏ မထိန်းချုပ်နိုင်တော့သော စွမ်းအား၏ ပြင်းထန်မှုသည် ကျန့်လင်တောင်ကြား၏ နန်းတော် မြေပြင်အား တုန်ခါသွားစေသော လေပွေကြီးတစ်ခုကို ဖန်တီးလိုက်၏။

မြေကြီးသည် ငလျင်လှုပ်ခတ်လိုက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွား၏။

ခြိမ်းခြောက်နိုင်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ပေမင် ဘိုးဘေးကြီး မျက်ဝန်းများမှာ သွေးနီရောင် အလင်းတန်းများ ဖြတ်ပြေးသွားကာ သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကြမ်းတမ်းမှုများဖြင့် ရှုံ့မဲ့သွားသည်။

ပေမင် ဘိုးဘေးကြီးသည် အကျိုးအကြောင်း မဆင်ခြင်နိုင်လောက်အောင်ပင် ဒေါသထွက်သွားလေပြီ။

"ဖုန်းဝူချန်"

ပေမင် ဘိုးဘေးကြီးက ကောင်းကင်သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ ကြွေးကြော်သံသည် ကျန့်လင်တောင်ကြားတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများမှာ ရေလွှမ်းမိုးသကဲ့သို့ ပေါက်ကွဲထွက်လာပြီး မုန်တိုင်းသဖွယ် ပျံ့နှံ့သွား၏။

"တောင်ကြားသခင်"

အဆင့်မြင့် အရာရှိများနှင့် တပည့်များမှာ ထိတ်လန့်သွားကြပြီး ပေမင် ဘိုးဘေးကြီးထံမှ ကြောက်မက်ဖွယ် ဒေါသတရားကြောင့် တုန်လှုပ်နေကြသည်။

ဖုန်းဝူချန်က ကြောက်မက်ဖွယ် အပြုံးဖြင့် ဆိုလိုက်သည်။ သူ၏ လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ရာ ပေမင်ခုံ၏ ခန္ဓာကိုယ်သည် အောက်သို့ ပြုတ်ကျသွား၏။

"မကြာခင်မှာပဲ ငါ့ကို စော်ကားတဲ့ အကျိုးဆက်ကို မင်းတို့ သိစေရမယ်။ နောက်တစ်ခါ ငါတို့ ပြန်တွေ့တဲ့အချိန်က မင်းတို့ ကျန့်လင်တောင်ကြား ပျက်သုဉ်းမယ့်နေ့ပဲ"

"ဒီတောင်ကြားသခင်က မင်းကို အမှုန့်ချေပစ်မယ်"

ပေမင် ဘိုးဘေးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ဘုန်း"

ပေမင် ဘိုးဘေးကြီးသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးနှင့်အတူ ကောင်းကင်သို့ ပစ်တက်သွား၏။ သူ၏ ပြင်းထန်သည့် စွမ်းအားသည် ကျယ်ပြန့်သော ရင်ပြင်ကြီးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး နန်းတော် အဆောင်တစ်ခုပြီး တစ်ခုမှာလည်း တုန်ခါလျက် ပြိုကျ ပျက်စီးသွားသည်။

ပေမင် ဘိုးဘေးကြီး ကောင်းကင်သို့ တက်သွားစဉ် သူ၏ အမြန်နှုန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

"မင်းတို့ ကျန့်လင်တောင်ကြားကို ခဏလောက် အသက်ပိုရှင်ခွင့် ပေးလိုက်ဦးမယ်။ ဒီခဏတာ အနားယူချိန်လေးကို ပျော်မွေ့လိုက်ဦးပေါ့"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

"ဝှစ်"

သူ၏ စကားဆုံးသည်နှင့် ဖုန်းဝူချန်သည် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

"ဘုန်း"

ဖုန်းဝူချန် ပျောက်ကွယ်သွားသည့် တစ်ခဏမှာပင် ပေမင် ဘိုးဘေးကြီးက လက်သီးတစ်လုံး ထိုးလိုက်ရာ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဒေါသထွက်နေသော လှိုင်းလုံးများသဖွယ် တိုးဝင်သွား၏။

ကံမကောင်းစွာပင် သူ တစ်စက္ကန့်၏ တစ်ဝက်မျှ နောက်ကျသွားခဲ့ချေသည်။

ဖုန်းဝူချန်က လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ဖြစ်သည်။

ပေမင် ဘိုးဘေးကြီးသည် သူ၏ ဒေါသအရှိန်ဖြင့် ထျန်းယွမ်ဘုံ ဆဌမအလွှာနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကိုးထပ် ချန်ခွန်း မျှော်စင် ရှိနေလျှင်ပင် ဖုန်းဝူချန်သည် သူ့အား ရင်ဆိုင်ရန် အခွင့်အရေး မရှိပေ။

ဤသို့သော အစွမ်းထက် ရန်သူမျိုးကို ဖုန်းဝူချန် မပြေးဘဲ နေလျှင် အရူးသာ ဖြစ်ပေလိမ့်မည်။

"အား"

ပေမင် ဘိုးဘေးကြီးက ကောင်းကင်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ နှလုံးသားထဲမှ ပြင်းထန်သော ဒေါသများကို လွှတ်ထုတ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားနှင့် သတ်ဖြတ်လိုစိတ်များမှာ ရူးသွပ်မတတ် ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများကို တုန်ခါသွားစေသည်။

ထျန်းယွမ်ဘုံ ဆဌမအလွှာနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

ပေမင်ခုံသည် ကျန့်လင်တောင်ကြား၏ အဓိက ပါရမီရှင် ဖြစ်သလို ပေမင် ဘိုးဘေးကြီး အချစ်ရဆုံး မြေးလည်း ဖြစ်သည်။ ယခု သူ ဖုန်းဝူချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရရာ ပေမင် ဘိုးဘေးကြီးက ဤအဖြစ်ကို မည်သို့ သည်းခံနိုင်မည်နည်း။

"ငါ့မြေး"

ပေမင် ဘိုးဘေးကြီးသည် သူ၏ ဒေါသကို ခေတ္တရပ်တန့်လိုက်ပြီး လျင်မြန်စွာ အောက်သို့ ပျံဆင်းသွားကာ ပြုတ်ကျလာသော ပေမင်ခုံအား သူ၏ လက်များဖြင့် ပွေ့ချီထားလိုက်သည်။ သူ၏ ဝမ်းနည်းပူဆွေးမှုမှာ အလွန် နက်ရှိုင်းလှ၏။

ပေမင်ခုံသည် အသက်ရှုသံ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပြီး အသက်ရှင်သန်မှု လက္ခဏာ တစ်စုံတစ်ရာမျှ မရှိတော့ပေ။

"ဖုန်းဝူချန်။ မင်း သေမှ ကျန့်လင်တောင်ကြားက နားခိုမယ်"

ပေမင် ဘိုးဘေးကြီးက တစ်ဖန် ဟိန်းဟောက်လိုက်ပြန်သည်။ ဝမ်းနည်းပူဆွေးမှု မျက်ရည်များမှာ သူ၏ မျက်လုံးအိုကြီးများမှ စီးကျလာ၏။

"အမိန့် ထုတ်လိုက်။ ဖုန်းဝူချန်ကို လိုက်ရှာကြ။ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ။ မြေကြီးကို သုံးပေတူးပြီး ရှာရရင်တောင်မှ ရှာ။ ဖုန်းဝူချန်ကို ငါ့ဆီ ရှာခေါ်ခဲ့"

တတိယ အကြီးအကဲက ဒေါသတကြီး အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ကျန့်လင်တောင်ကြား၏ အကြီးဆုံး တပည့်က ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ပြီး တောင်ကြားမှ တပည့်များအားလုံးနှင့်အတူ ချက်ချင်း ထွက်ခွာသွားတော့သည်။

ကျန့်လင်တောင်ကြားမှ အဆင့်မြင့် လူကြီးများလည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှား ထွက်ခွာသွားကြသည်။

ယခုအခါ နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။

ကျန့်လင်တောင်ကြားနှင့် ဖုန်းဝူချန်တို့မှာ ကမ္ဘာမကြေ ရန်သူများ ဖြစ်သွားကြလေပြီ။ ကျန့်လင်တောင်ကြား၏ အဆုံးသတ် သို့မဟုတ် ဖုန်းဝူချန်၏ သေဆုံးခြင်းသာ ဖြစ်ရမည်။

---

နာရီဝက်ခန့် ကြာသောအခါ ဖုန်းဝူချန်နှင့် သူ၏ အဖော်များသည် ကျန့်လင်တောင်ကြားမှ အလွန် ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ကြပြီး ယခုအခါ တောင်တန်းများထဲမှ နက်ရှိုင်းသော တောင်ကြားတစ်ခုတွင် ရှိနေကြသည်။

လင်ရှောင်ရှောင် ပေးအပ်သော ကုသဆေးလုံးကို သောက်သုံးပြီးနောက် ဖုန်းကျိန့်ရှုံး၏ ဒဏ်ရာများမှာ သိသိသာသာ လျင်မြန်စွာ ပျောက်ကင်းလာခဲ့သော်လည်း ထိုဆေးလုံးက ကျိုးသွားသော ခြေထောက်ကိုတော့ ပြန်လည် ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

"ချန်အာ။ အဖေ့ရဲ့ ခြေထောက် အခြေအနေ ဘယ်လိုလဲ"

ရှောင်ချင်းချင်းက အလွန် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"သူတို့ အရမ်း ရက်စက်လွန်းတယ်။ ဦးလေးဖုန်းရဲ့ ခြေထောက်က ကျွန်မ စိုးရိမ်တာကတော့"

လင်ရှောင်ရှောင်က ရှောင်ချင်းချင်း ထိုသတင်းကို ခံနိုင်ရည် ရှိမည် မဟုတ်သည်ကို စိုးရိမ်သဖြင့် တိုးညှင်းစွာ ဆိုလိုက်သည်။

ဖုန်းကျိန့်ရှုံး၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ပြုံးလျက် ဆိုလိုက်သည်။

"အသက်ရှင်လျက်နဲ့ လွတ်မြောက်လာနိုင်တာတောင် ကံကောင်းလှပြီ။ ခြေထောက်တစ်ဖက်လောက်ကတော့ ဘာများ အရေးစိုက်စရာ ရှိလို့လဲ"

"စိတ်မပူပါနဲ့။ အဖေက အထွတ်အထိပ် ခန္ဓာကို ကျင့်ကြံထားတာပဲ။ ခြေထောက်က ပြတ်သွားတာမှ မဟုတ်တာ။ ကျိုးသွားတဲ့ အရိုးက ဖြည်းဖြည်းချင်း ပြန်ဆက်သွားမှာပါ"

ဖုန်းဝူချန်က ပြုံးလျက် ဆိုလိုက်သည်။ စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် ဖုန်းဝူချန်လည်း စိတ်သက်သာရာ ရသွား၏။

"ချန်အာ။ မင်း တကယ်ပြောနေတာလား"

ဖုန်းကျိန့်ရှုံးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ကျွန်တော် တကယ် ပြောနေတာပေါ့"

ဖုန်းဝူချန်က လေးနက်စွာ တုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ အချိန်တော့ တော်တော် ယူရလိမ့်မယ်။ အပြည့်အဝ ပြန်ကောင်းဖို့ ခြောက်လလောက် ကြာနိုင်တယ်"

"ဒါဆို တော်သေးတာပေါ့။ ပြန်ကောင်းနိုင်သရွေ့တော့ ခြောက်လဖြစ်ဖြစ် တစ်နှစ်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး"

ဖုန်းကျိန့်ရှုံးက ကြီးစွာသော ဝမ်းမြောက်မှုဖြင့် ကြွေးကြော်လိုက်သည်။ သူ၏ ခြေထောက်မှာ လုံးဝ အသုံးမဝင်တော့မည်ကို သူ ယခင်က စိုးရိမ်နေခဲ့သည်။

"ဘာမှမဖြစ်တာ ကောင်းတာပဲ။ ဘာမှမဖြစ်တာ ကောင်းတာပဲ"

ရှောင်ချင်းချင်းက နောက်ဆုံးတွင်မှ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

"ဒါနဲ့ ချင်းချင်း။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လိုလုပ် ဒီလောက် မြန်မြန် တိုးတက်လာရတာလဲ။ မင်းတောင် ယွမ်တန်ဘုံ ပဉ္စမအလွှာကို ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့ပြီ"

ဖုန်းကျိန့်ရှုံးက အလွန် တုန်လှုပ်စွာဖြင့် စူးစမ်း မေးမြန်းလိုက်သည်။

" ရှင် အဖမ်းခံလိုက်ရပြီးတဲ့နောက်မှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်။ ကျွန်မတို့ ပြန်ရောက်မှ အားလုံးကို ဖြည်းဖြည်းချင်း ပြောပြပါ့မယ်"

ရှောင်ချင်းချင်းက ပြုံးလျက် ဆိုလိုက်ရာ သူ၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် လင်းလက်သွားသည်။

" အော်။ ကြည့်ရတာ အများကြီး ဖြစ်ပျက်ခဲ့ပုံပဲ။ ချန်အာနဲ့ ရှောင်ရှောင်တောင် ထျန်းယွမ်ဘုံကို တက်လှမ်းနိုင်ခဲ့ကြပြီ။ ငါ့ရဲ့ ဖုန်းမိသားစုက နောက်ဆုံးတော့ ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့ပြီပဲ။ အင်ပါယာနဲ့တောင် ယှဉ်ပြိုင်နိုင်လောက်အောင် သန်မာနေပြီ။ ဘယ်နိုင်ငံက ဘယ်အဓိက အင်အားစုကမှ ဖုန်းမိသားစုကို ထပ်ပြီး လာ မွှေနှောက်ရဲတော့မှာ မဟုတ်ဘူး"

ဖုန်းကျိန့်ရှုံးက ပျော်ရွှင်စွာ ဆိုလိုက်ပြီး သူ၏ မျက်နှာမှာ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော်ငြားလည်း ဖုန်းကျိန့်ရှုံး မသိခဲ့သည်မှာ ဖုန်းဝူချန်သည် ယခုအခါ အင်ပါယာကြီး လေးခုအကြားတွင် အင်အား အကြီးမားဆုံး တည်ရှိမှု ဖြစ်နေပြီး ကြောက်မက်ဖွယ် မုရုန်ထျန်းလီကိုပင် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်ကိုပင်။

"ဦးလေးဖုန်း။ နိုင်ငံတွေရဲ့ အဓိက အင်အားစုတွေ အားလုံး အစ်ကိုကြီးဖုန်း ချေမှုန်းပစ်လိုက်ပါပြီရှင့်"

လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောရင်း ဆိုလိုက်သည်။

"ဘာ။ အားလုံးကို ချေမှုန်းပစ်လိုက်တာလား"

ဖုန်းကျိန့်ရှုံး၏ မျက်နှာသွင်ပြင်မှာ သိသိသာသာ ပြောင်းလဲသွားပြီး ချွေးအေးများ စို့ထွက်လာကာ ဖုန်းဝူချန်ထံသို့ တုန်လှုပ်စွာ လှည့်ကြည့်လိုက်သည်။

လင်ရှောင်ရှောင်က ပြုံးလျက် ဆိုသည်။

"ဟုတ်ပါတယ်။ အစွမ်းထက်တဲ့ ထိုက်ရွှီဂိုဏ်း အပါအဝင်ပေါ့"

ဖုန်းကျိန့်ရှုံးမှာ အလွန် အံ့အားသင့်သွားသဖြင့် စကားပင် မဆိုနိုင်တော့ပေ။

'ချန်အာက ဘယ်လောက်တောင် အစွမ်းထက်လာခဲ့ပြီလဲ။ နိုင်ငံအသီးသီးက အဓိက အင်အားစုတွေ အားလုံးကို သူ ချေမှုန်းပစ်ခဲ့တယ်လို့ ယုံကြည်ဖို့ ခက်လိုက်တာ။'

'ငါ မသိတာတွေ ဘာတွေ အများကြီး ကျန်သေးလဲ။'

ဖုန်းကျိန့်ရှုံးသည် ထုတ်ဖော် မပြောသေးသော ပို၍ တုန်လှုပ်ဖွယ်ရာ အရာများ ရှိနေသေးသည်ဟု ခံစားလိုက်ရ၏။

ဖုန်းကျိန့်ရှုံး၏ အံ့အားသင့်နေသော အမူအရာကို မြင်တွေ့ရသောအခါ ရှောင်ချင်းချင်းသည် စကားတစ်ခွန်းမှ မဆိုဘဲ ပြုံးနေလိုက်သည်။

"ရှောင်ရှောင်။ မင်း ဖေဖေ‌နဲ့ မေမေကို အင်ပါယာဆီ အရင် ပြန်ခေါ်သွားလိုက်ပါ"

ဖုန်းဝူချန်က လေးနက်စွာ မှာကြားလိုက်သည်။

"အစ်ကိုကြီးဖုန်းက ကျွန်မတို့နဲ့ အတူတူ ပြန်မလိုက်ဘူးလား"

"လောလောဆယ်တော့ မလိုက်သေးဘူး။ ငါ ကျန့်လင်တောင်ကြားက တောင်ကြားသခင်လေးကို သတ်ခဲ့တယ်။ သူတို့ ဒီအတိုင်း လက်လျှော့မှာ မဟုတ်ဘူး။ ငါတို့ အားလုံး အတူတူ ပြန်သွားရင် ကျန့်လင်တောင်ကြားက အင်ပါယာကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်။ အဲ့ဒီအခါကျရင် အင်ပါယာနဲ့ ဖုန်းမိသားစုကို ဒုက္ခ ပေးတာနဲ့ မတူဘူးလား။ သူတို့ကို အာရုံလွှဲဖို့ ဒီမှာ နေခဲ့ရမယ်လေ"

ထိုသို့၊ ဖုန်းဝူချန်က လေးနက်စွာ ရှင်းပြလိုက်သည်။

"ဘာ။ မင်း အဲ့ဒီ တောင်ကြားသခင်လေးကို သတ်လိုက်တယ် ဟုတ်လား"

ရှောင်ချင်းချင်းမှာ အကြီးအကျယ် တုန်လှုပ်သွားပြီး သူ၏ နှလုံးသားမှာ ခုန်ထွက်မတတ် ဖြစ်သွားကာ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာသည်။

"ကျန့်လင်တောင်ကြားက အရမ်း ကြောက်ဖို့ကောင်းတာ။ ဒုက္ခတော့ ရောက်ကုန်ပါပြီ"

"ချန်အာ။ ဒါ အရမ်း စိတ်လိုက်မာန်ပါ နိုင်လွန်းတယ်။ ကျန့်လင်တောင်ကြားရဲ့ အင်အားက သိပ်ကို ကြောက်ဖို့ကောင်းတယ်။ ကျိုကျိုးက ထိပ်ဆုံး အင်အားစု ငါးခုထဲက တစ်ခုလေ။ ထျန်းယွင်ဂိုဏ်းထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။ သူတို့ကို သွားစော်ကားမိမှတော့ အင်ပါယာတောင်မှ ဝင်စွက်ဖက်ရဲမှာ မဟုတ်ဘူး"

ဖုန်းကျိန့်ရှုံးက ထိတ်လန့်တကြား ဆိုလိုက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေသည်။

"အဖေ စိတ်ချပါ။ ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်။ အဖေတို့အားလုံး ပြန်သွားပြီး ဒဏ်ရာကိုပဲ အာရုံစိုက် ကုသနေပါ"

ဖုန်းဝူချန်က ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။

"ချန်အာ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"

ရှောင်ချင်းချင်းက မှာကြားလိုက်သည်။

လင်ရှောင်ရှောင်သည် အကြီးအကဲ နှစ်ဦးအား အင်ပါယာဆီသို့ လျင်မြန်စွာ ပြန်လည် ခေါ်ဆောင်သွားသည်။ လင်ရှောင်ရှောင် လိုက်ပါ အစောင့်အရှောက် ပေးသွားသဖြင့် ဖုန်းဝူချန် အလွန် စိတ်ချလက်ချ ဖြစ်မိသည်။

ဤသို့ဖြင့် ကျန့်လင်တောင်ကြားမှ အဆင့်မြင့် အဖွဲ့ဝင်များစွာနှင့် တပည့် အမြောက်အမြားမှာ စတင် လှုပ်ရှားလာကြပြီး ကျိုကျိုးတစ်ခွင်လုံးရှိ အင်အားစု အသီးသီး၏ အာရုံစိုက်မှုနှင့် တွေးဆမှုများကို ဖမ်းစားလိုက်သည်။

ကျန့်လင်တောင်ကြားက ဤမျှ ကြီးမားသော အတိုင်းအတာဖြင့် လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေသည် ဖြစ်ရာ မည်သို့သော အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။

ကျန့်လင်တောင်ကြားမှ တပည့် နှစ်သောင်း နီးပါးသည် ကျိုကျိုးတစ်ခွင်လုံးသို့ တပ်ဖြန့်ထားကြပြီး ဖုန်းဝူချန်၏ သဲလွန်စကို ကော်ဇောခင်း၍ ရှာဖွေ သကဲ့သို့ ရှာဖွေနေကြသည်။

မကြာမီပင် ကျန့်လင်တောင်ကြား၏ တောင်ကြားသခင်လေး ပေမင်ခုံ အသတ်ခံလိုက်ရသည့် သတင်းသည် ကျိုကျိုးတစ်ခွင်လုံးရှိ အင်အားစု အကြီးအငယ်များအားလုံးထံ ပျံ့နှံ့သွားတော့သည်။

ပေမင်ခုံ၏ သေဆုံးမှုသည် ကျိုကျိုးအား တုန်လှုပ်ခြောက်ခြား သွားစေခဲ့၏။

ပေမင်ခုံသည် ကျန့်လင်တောင်ကြား၏ တောင်ကြားသခင်လေး အဖြစ်၊ ကျိုကျိုးကောင်းကင်၏ ဂုဏ်ယူဝံ့ကြွားဖွယ် မျိုးဆက်သစ်တစ်ဦး အဖြစ် ထျန်းယွမ်ဘုံ စတုတ္ထအလွှာနှင့် နှိုင်းယှဉ်နိုင်သော အစွမ်း ရှိခဲ့သည်။ သူ့အား ဝံ့ရဲစွာ ထိပါးနိုင်သူ အလွန် ရှားပါးလှသည်။

ကျိုကျိုးရှိ အင်အားစုကြီးများ၏ ခေါင်းဆောင်များပင်လျှင် သူ့အား ဤမျှ အလွယ်တကူ သတ်ဖြတ်ရန် မဝံ့ရဲကြပေ။

ဤမျှ အစွမ်းထက်သော ပါရမီရှင်တစ်ဦးကို မည်သူက သတ်ဖြတ်သွားနိုင်ခဲ့ပါသနည်း။ ထို့ပြင် မည်သူက ဤမျှ သတ္တိရှိနေပါသနည်း။

ရှောင်မိသားစု အကြီးအကဲသည် သူ၏ အသက် ခုနစ်ဆယ်ပြည့် မွေးနေ့ပွဲတော်ကို ကျင်းပပြီးစီးခါစမှာပင် ကျိုကျိုး၌ ဤမျှ ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ အဓိက အင်အားစုကြီးများ အားလုံးသည် ပေမင်ခုံအား မည်သူ သတ်ဖြတ်သွားနိုင်သည်ကို စူးစမ်း သိရှိလိုနေကြသည်။

ကျန့်လင်တောင်ကြားမှလွဲ၍ ဖြစ်နိုင်ခြေအားဖြင့် ရှောင်မိသားစုသာ မည်သူ ဖြစ်နိုင်မည်ကို တွက်ဆမိနိုင်ပေမည်။

ဟဲမော့ အသတ်ခံရမှုနှင့်အတူ ရှောင်မိသားစုသည် ဖုန်းဝူချန်အား သတ်ဖြတ်သူ ဖြစ်နိုင်သည်ဟု သံသယ ဝင်ခဲ့ပြီး ဖြစ်သည်။ ယခု နောက်တစ်နေ့မှာပင် ပေမင်ခုံပါ အသတ်ခံလိုက်ရပြန်သည်။ ဖုန်းဝူချန်တွင် တာဝန်ရှိသည်ဟု ရှောင်မိသားစု အနေဖြင့် တွက်ဆရန် မခက်ခဲတော့ပေ။

ဖုန်းဝူချန်မှလွဲ၍ ရှောင်မိသားစုသည် ကျိုကျိုးတွင် ပေမင်ခုံအား သတ်ဖြတ်ရဲလောက်အောင် သတ္တိရှိသူ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေးတောမိကြပေ။

ရှောင်မိသားစု၏ ခန်းမဆောင်ကြီး အတွင်းတွင် သူ့အား သတ်ဖြတ်ခဲ့သူမှာ ဖုန်းဝူချန် ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။

'ဖုန်းဝူချန်က ပေမင်ခုံကို သတ်ရဲလောက်တဲ့ သတ္တိ တကယ် ရှိနေတာလား။'

"ပေမင်ခုံက ထျန်းယွမ်ဘုံ တတိယအလွှာ အဆင့်မှာ ရှိနေတာ။ သူ့အစွမ်းက စတုတ္ထအလွှာနဲ့ ယှဉ်နိုင်တယ်။ ဖုန်းဝူချန်မှာ သူ့ကို သတ်နိုင်လောက်တဲ့ အစွမ်းမျိုး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး"

အကြီးအကဲ တစ်ဦးက တုန်လှုပ်စွာ ကြွေးကြော်လိုက်ပြီး သူ၏ စကားသံများမှာ တုန်ယင်နေသော်လည်း ဆိုလိုက်သည်။

"ဖုန်းဝူချန်ကလွဲရင် ဘယ်သူကမှ ပေမင်ခုံကို သတ်ရဲမှာ မဟုတ်ဘူး"ဟု ရှောင်ယွမ်ရှန်းက လေးနက်စွာ ဆိုသည်။

"တကယ်လို့ သူ့လက်ချက်သာ ဆိုရင် ဒီကလေး သိပ်ကို ကြောက်စရာ ကောင်းလွန်းနေပြီ"

ရှောင်ရန်က ထိတ်လန့်တကြား ဆိုလိုက်သည်။ ဖုန်းဝူချန်ထံတွင် ဤမျှ ကြောက်မက်ဖွယ် အစွမ်း ရှိနေသည်ကို သူ ယုံကြည်ရန် ခက်ခဲနေသည်။

"မဖြစ်နိုင်ဘူး။ ဖုန်းဝူချန်မှာ ဒီလောက် သန်မာတဲ့ အစွမ်း ပိုင်ဆိုင်ထားနိုင်စရာ အကြောင်းမရှိဘူး"

ရှောင်ယွင်က ယုံကြည်မှု အပြည့်ဖြင့် ဆိုလိုက်သည်။ သူသည်လည်း ဖုန်းဝူချန် ဤမျှ လွှမ်းမိုးနိုင်လောက်အောင် သန်မာနိုင်သည်ကို မယုံကြည်နိုင် ဖြစ်နေသည်။

"ဖုန်းဝူချန်က ထိုက်ရွှီဂိုဏ်းကို ချေမှုန်းနိုင်ပြီး မုရုန်ထျန်းလီကို သတ်နိုင်ခဲ့တာက သူ့အစွမ်း လုံးဝ မနည်းဘူး ဆိုတာကို ပြနေတယ်။ ကိုးထပ် ချန်ခွန်း မျှော်စင် ရှိနေတာကိုလည်း ထည့်တွက်ရဦးမယ်"

ရှောင်ထျန်းချန်က လေးနက်စွာ ဆိုလိုက်ပြီး ဖုန်းဝူချန်အပေါ် အနည်းငယ် စိုးရိမ်ထိတ်လန့်မှု ခံစားနေရသည်။

သူသည် ဤပါရမီရှင် မြေးအား အသိအမှတ် မပြုခဲ့မိသည့်အတွက် နောင်တရနေမိသည်မှာ အမှန်ပင်။

"ဖုန်းဝူချန်က ပေမင်ခုံကို သတ်လိုက်တော့ ကျန့်လင်တောင်ကြားနဲ့ ကမ္ဘာမကြေ ဖြစိသွားပြီ။ ဘိုးဘေးကြီး ပေမင်က ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။ ဖုန်းဝူချန်ရဲ့ အသက် အန္တရာယ် ရှိနိုင်တယ်"

ရှောင်ယွမ်ရှန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

ထိုအခါ၊ ရှောင်ထျန်းချန်က

"သူက ငါတို့ ရှောင်မိသားစုအတွက် အသုံးမဝင်နိုင်မှတော့ ဖုန်းဝူချန်ရဲ့ ကံကြမ္မာက ငါတို့နဲ့ ဘာဆိုင်တော့လို့လဲ"

ဟု အဆိပ်ပြင်းစွာ ပြန်ပြောလိုက်လေသည်။

All Chapters